မြွေပွေးကို ခေါင်းပုတ်ခြင်း
Vol. 9 Ch. 129
လက်ရှိ ထျန်းတော်ဝင် မိသားစု နန်းမတက်ရသေးစဉ်တွင် ဤတိုင်းပြည်သည် မကောင်းသည့်လူ တော်တော်များများ၏ ဒုက္ခပေးခြင်းအား ခံခဲ့ရသည် ဆိုသည်အား ကျောင်းကျန်း သိနေခဲ့သည်။
သူသည် အပေါ်ယံတွင် နာခံဟန်ပြကာ တကယ်တမ်းမှာ အညံ့မခံသည့် လူများအား အထူး မုန်းတီးလေသည်။ အကယ်၍ ထိုလူများသည် သူတို့၏ အာဏာအား အလွန်အကျွံ အသုံးပြုလာမည် ဆိုလျှင် ထျန်း တော်ဝင်မိသားစုသည် သနားညှာတာနေမည် မဟုတ်ချေ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် ဝမ်နင်မြို့၌ အလားတူ ကိစ္စမျိုး ဖြစ်ခဲ့ဖူးသည်အား ကျောင်းကျန်း ဝိုးတဝါး မှတ်မိနေသေးသည်။ ထိုအချိန်တွင် တရားဝင် မှတ်ပုံတင်ထားသည့် အောင်သွယ်တော် တစ်ယောက်သည် ထိုအချိန်တွင် နိုင်ငံတော် အကြံပေး ၏ နောက်လိုက်များနှင့် ပူးပေါင်းကာ တခြားသူများ၏ မွေးဇာတာများနှင့် ပတ်သက်သည့် ကောလာဟလများအား ဖြန့်ခဲ့၍ မိသားစု တော်တော်များများ ကွဲကွာခဲ့ရလေသည်။
ထို့အပြင် ထိုခေတ်မှ အထက်တန်းလွှာများသည် မွေးဇာတာ အယူအဆအား အထူး ယုံကြည်ကြလေသည်။ နောက်ပိုင်းမှသာ တာအိုဘုန်းကြီးများ၏ အဓိပ္ပာယ်မရှိသည်များ လျှောက်ပြောနေခြင်း ဖြစ်ကာ အောင်သွယ်တော်မှ ကြားဝင်စွက်ဖက်ခဲ့ခြင်းမှန်း အတည်ပြုနိုင်ခဲ့သော်လည်း သူတို့၏ ရင်ထဲတွင် နစ်ဝင်နေသည့် ဆူးများအား ဖယ်ရှားပစ်၍ မရနိုင်ခဲ့ပေ။
ထိုအချိန်တွင် ထျန်း တော်ဝင် မိသားစုသည် ဒေါသတကြီး ဖြစ်ကာ ချက်ချင်း အသေအချာ စုံစမ်းစစ်ဆေးခဲ့လေရာ မြေအောက် အင်အားစုကြီး တစ်ခုအား ဆွဲထုတ်နိုင်ခဲ့သည်။ မင်းမျိုးမင်းနွယ် မိသားစု တော်တော်များများသည်လည်း ပါဝင် ပတ်သက်နေခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ဥပဒေသစ် တစ်ခု ထပ်မံ၍ တိုးလာခဲ့သည်။ မွေးဇာတာ အချက်အလက်များအား မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြုပြင်ဖန်တီးသူ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးရမည် ဟူ၍ ဖြစ်သည်။
စကားမစပ် ထိုအချိန်တွင် ဧကရာဇ်မိသားစုသည်လည်း ထိခိုက် နစ်နာခဲ့ရသည်။ ထိုစဉ်တွင် မင်းသမီးတစ်ပါးမှ အမြွှာကလေး မွေးခဲ့သော်လည်း ကလေးတစ်ယောက်သည် မွေးပြီး သိပ်မကြာခင်မှာပင် သေဆုံးသွားခဲ့သည်ဟု ဆိုလေသည်။
ထိုအချိန်တွင် အောင်သွယ်တော်နှင့် တခြားသူများ၏ ကိစ္စသည် မပေါ်ပေါက်သေးချေ။ သူတို့သည် မင်းသမီး၏ မွေးဇာတာသည် အလွန်ပင် ကံဆိုးစေပြီး ကလေးကိုပါ သေစေလောက်သည် အထိ နိမိတ်မကောင်း ဟူ၍ သတင်းဖြန့်ခဲ့ကြလေရာ မင်းသမီးခမျာ ဝေဖန်ရှုတ်ချမှုများ အများအပြား ခံခဲ့ရလေသည်။ တစ်နှစ်ခန့် အိပ်ရာထဲ လဲနေပြီး နောက်မှာမူ သူမ ကွယ်လွန် သွားခဲ့ရတော့သည်။
မင်းသမီးသည် တစ်နှစ်ကြာမှ သေဆုံးသွားသည့် အတွက် ထိုခေတ်မှ လူတော်တော်များများသည် မင်းသမီး၏ ခန္ဓာကိုယ်သည် အလွန် အားနည်းလွန်းသည် ဟု ဆိုကာ ထပ်မံ၍ အပြစ်ဖို့ခဲ့ကြသည်။ လွန်ခဲ့သည့် တစ်နှစ်မှ ကောလာဟလများသည် သူမအား သေစေခဲ့သည် ဆိုသည်အား လသူတို့ မထင်မှတ်ထားခဲ့ကြပေ။
ထိုဖြစ်ရပ်၏ သက်ရောက်မှုသည် အလွန်ပင် ဆိုးရွားလွန်းခဲ့သည်။ နောက်ပိုင်းတွင် ဧကရီမိဖုရားကြီးသည်လည်း အမြွှာကလေး မွေးခဲ့သည်ဟု ကောလာဟလများ ထွက်ခဲ့သေးသော်လည်း တကယ်တမ်းတွင် မင်းသမီးလေး တစ်ပါးတည်းသာ ဖြစ်သည်ဟု နန်းတော် အတွင်းမှ သတင်းများ ထွက်ခဲ့ပြန်သေးသည်။
လူတော်တော်များများမှ တိတ်တဆိတ် ပြောကြသည်မှာ ဧကရီမိဖုရားကြီးသည် အသေလေး မွေးလာသည့် ကလေးအား တိတ်တဆိတ် ရှင်းပစ်လိုက်ခြင်း ဖြစ်မည် ဟု ဆိုကြသည်။ ဧကရီမိဖုရားကြီး၏ မွေးဇာတာသည် အလွန်ပင် နိမိတ်မကောင်း၍ အလယ်ပိုင်း နန်းဆောင်၏ အရှင်သခင်မ ဖြစ်ရန် မထိုက်တန် ဟု ဆိုကြပြန်သည်။
သေချာပေါက်ပင် ထိုကောလာဟလသည် သိပ်မပြန့်သွားခဲ့ချေ။ ဤသည်မှာလည်း ဧကရီမိဖုရားကြီးနှင့် ဧကရာဇ်မင်းမြတ်တို့သည် အချိန်အကြာကြီး ကတည်းမှ ဖိနှိပ်ချုပ်ချယ်ထားခဲ့၍ ဖြစ်သည်။ သို့ပေမယ့် ကွယ်ရာတွင် ပြောဆိုနေကြသည့် လူများ အများအပြား ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ကျောင်းကျန်းသည် အဖွားအိုဝမ် မှ ဤသို့ ပြောသည်အား ကြားလိုက်ရချိန်တွင် သူ၏ အမူအရာသည် ချက်ချင်း လေးနက်သွားခဲ့တော့သည်။ အရင် အချိန်မှ ဖြစ်ရပ်များနှင့် အလားတူ ဖြစ်ရပ်မျိုး ပြန်ဖြစ်လာခြင်း များလား မသိပါချေ။ မဖြစ်နိုင်ချေ။ အစကတည်းမှ လုံးဝ အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
"ဒေါ်လေးဝမ် အခုပြောတဲ့ စကားတွေက တကယ်ပဲလား"
ဤသည်မှာ အရေးကြီးသည့် ကိစ္စဖြစ်၍ ကျောင်းကျန်းမှာ ပို၍ သတိထားရမည် ဖြစ်သည်။ အဖွားအိုဝမ်မှ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
"ကျွန်မက သခင်ကြီးကို လိမ်ဖို့ အတွက်နဲ့တော့ ဒီလောက် ဝေးတဲ့နေရာကနေ လာခဲ့မှာ မဟုတ်ပါဘူး"
ကျောင်းကျန်းသည် မယုံနိုင်သေးချေ။။ အရင်အချိန်တွင် ဒေါ်လေးဝမ်သည် ဤမျှလောက် စိတ်ထက်သန်သည့် သူ ဟု သူ မထင်ခဲ့မိချေ။ မည်သည့် အတွက်ကြောင့် ယခုလို ကိစ္စလေး အတွက် ရုတ်တရက်ကြီး ဤမျှလောက် အဝေးကြီးအား ရောက်လာရလေသနည်။
"ဒေါ်လေးဝမ် ရိုးရိုးသားသား ပြောပါ ဒီကိစ္စက ခင်ဗျားတို့ ရွာကို ထိခိုက်နေပြီလား"
အဖွားအိုဝမ်မှ ပြောလိုက်သည်။
"သခင်ကြီးကို ကျွန်မတို့ ဖုံးမထားရဲပါဘူး တကယ်ပဲ ထိခိုက်နေပါပြီ အရင်တုန်းက ကျွန်မတို့ ရိက္ခာ လာထုတ်တုန်းက ကိုယ့်ကိုယ်ကိုယ် အောင်သွယ်တော်လို့ ခေါ်တဲ့ မိန်းမ တစ်ယောက်နဲ့ ပြဿနာတက်ခဲ့တာကို သခင်ကြီး မှတ်မိသေးလား မသိဘူး အဲဒီအောင်သွယ်တော်ကပဲ ကျွန်မတို့ နောက်မှာ လှည့်စားနေတာ ဖြစ်ရမယ် အဲဒါကြောင့် ကျွန်မတို့ ရွာသားတွေ အိမ်ထောင်ဖက် ရှာဖို့ အခက်အခဲ တွေ့နေကြရတာပါ ကျွန်မတို့ ရွာမှာ အောင်သွယ်တော် မရှိဘူး ကလေးတွေရဲ့ မင်္ဂလာကိစ္စ အတွက် အောင်သွယ်တော်တွေ ပါဝင်ပတ်သက်မှုကို ကျွန်မတို့ ရှောင်လွှဲလို့ မရပါဘူး"
ထိုနေရာ အရောက်တွင် အဖွားအိုဝမ်သည် ခဏတာ ရပ်လိုက်ပြီးနောက် အားယွီလေး၏ ကောလာဟလများ အကြောင်းအား သူ့ကို ပြောပြလိုက်တော့သည်။
ကျောင်းကျန်း သည် ဤသည်အား ကြားလိုက်ရချိန်တွင် အံ့ဩ တုန်လှုပ်သွားခဲ့ရသည်။ သူတို့သည် ကလေးလေး တစ်ယောက်ကိုပင် ချမ်းသာမပေးကြချေ။
သူမသည် လွန်စွာ ငယ်သေးပေသည်။ ထိုကလေးသည် ကံဆိုးမှုများ ယူဆောင်လာသည် ဟု ပြောလျှင် ထိုကလေးအား ထိခိုက်နစ်နာစေခြင်း မဟုတ်ပါလား။
ထို ချစ်စရာကောင်းသည့် ကောင်မလေးအား သူ မှတ်မိနေသေးသည်။ ထိုအချိန်တွင် ဘိုးဘေးလေးသည် အေးစက်သည့် ပုံပေါက်သည့်တိင် ထို ကောင်မလေး အပေါ် ထားသည့် သဘောထားမှာမူ အနည်းငယ် ကွာခြားနေခဲ့သည်။
နောက်ပိုင်းမှာ ဘိုးဘေးလေးသည် မက်မွန်ပန်းများ သွားကြည့်မည် ဟု ဆိုကာ အတင်း ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ ဖုန်းအန်းရွာအား သွားမည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ ဟူမိသားစုရွာအား ရောက်သွားပြီးချိန် ရောက်မှသာလျှင် ဟူမိသားစုရွာအား ရောက်နေသည် ဟု လူလွှတ်၍ စာပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကျောင်းကျန်းသည် အလွန်အမင်း အလုပ်ရှုပ်နေ၍ ဘိုးဘေးလေးအား သဘာဝကျကျပဲ သွားမခေါ်နိုင်ခဲ့ပေ။ ဟူမိသားစုရွာသည် ဆင်းရဲကာ နောက်ကျကျန်နေသဖြင့် ဇီဇာကြောင်လှသည့် ဘိုးဘေးလေးသည် ရက်အနည်းငယ်နေလျှင် ပြန်လာလောက်မည် ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက် အချိန် အကြာကြီး နေလိမ့်မည် ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထိုအရာ အားလုံးသည် ထိုကောင်မလေး ကျေးဇူးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ကျောင်းကျန်းမှ ခန့်မှန်းကြည့်လိုက် ပြန်သေးသည်။ ဘိုးဘေးလေးသည် ဟူမိသားစုရွာအား သွားချင်ခဲ့သည့် အကြောင်းရင်းသည် သူကိုယ်တိုင် ဘိုးဘေးလေးအား ထိုကောင်မလေး၏ နောက်ခံသမိုင်းကြောင်းအား ဖုံးကွယ်ပေးဖို့ရန် အကူအညီတောင်းခဲ့၍ ဖြစ်နိုင်ပေမည်။ သူသည် ထိုကောင်မလေးအား စုံစမ်းကြည့်ပြီး စိတ်ဝင်စားသွားခဲ့ကာ သူမ၏ ကစားဖော် လုပ်ချင်ခဲ့သည်များလား ဆိုသည်အား သူလည်း သေချာမသိပါချေ။
အစကတည်းမှ ကလေးများသည် ရိုးရှင်းသည့် စိတ်ထား ရှိကြခြင်း ဖြစ်သည်။ သူတို့ လုပ်ချင်တာ လုပ်တတ်ကြသည်။ ဘိုးဘေးလေးတွင်လည်း ထူးကဲသည့် ဉာဏ်ရည်ဉာဏ်သွေး ရှိနေလျှင်ပင် သူသည် ခြောက်နှစ်အရွယ် ကလေး တစ်ယောက်သာ ဖြစ်သေးသည်။
‘အို အခုဆိုရင် သူ အသက် ခုနစ်နှစ်ပြည့် မွေးနေ့ကိုတောင် ကျော်သွားလောက်ပြီ သူ ပို့လိုက်သည့် မွေးနေ့လက်ဆောင်ကလည်း ပြန်ရောက်လာခဲ့တယ်။သူ မွေးနေ့ မလုပ်ချင်လို့ ဖြစ်ပါလိမ့်မယ်’
"သခင်ကြီး ကျွန်မတို့ ကလေးကို သေချာ ပြုစု ပျိုးထောင်ပေးရမှာ မှန်ပေမယ့် ဒီကလေးလေးက ဘေးဒုက္ခပေါင်း အများကြီးကို ကြုံတွေ့ခဲ့ရပြီးပါပြီ အခုလည်း သူ့ကို ဒုက္ခပေးချင်တဲ့ လူတွေ ရှိနေသေးတယ် ကျွန်မတို့ ဝမ်မိသားစုမှာ အာဏာလည်း မရှိ ဘာဂုဏ်ပုဒ်မှလည်း မရှိပါဘူးရှင် လူကြီးတွေအနေနဲ့ ကလေးကို ကာကွယ်ချင်ရင်တောင်မှ အကူအညီမဲ့ နေရပါတယ် ကျွန်မတို့မှာ တကယ်ကို တခြား ရွေးချယ်စရာ မရှိလို့ လာပြီး အကူအညီတောင်းရတာပါ"
အဖွားအိုဝမ် သည် ထိုစကားများအား ပြောနေချိန်တွင် သူမ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ သိပ်မရှိဘဲ စာတမ်း တစ်ခုခုအား ဖတ်ပြနေသလိုမျိုးသာ ဖြစ်နေခဲ့သည်။ ထို့တိုင် အဖွားအိုဝမ်၏ လေသံမှာမူ ရိုးသားဖြူစင်လှပေသည်။ သူမ၏ ရည်ရွယ်ချက်များအား ဘယ်သူမှ သံသယဝင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သူမ၏ မြေးမလေးအား ကာကွယ်ချင်သည့် အဘွား တစ်ယောက်သာ ဖြစ်သည်။
"ညဉ့်နက်နေပြီ ခရိုင်ရုံးတော်က ဧည့်သည် ဆောင်တွေမှာပဲ တည်းခိုသွားလိုက်ပါ တခြားကိစ္စတွေကို ဖြေရှင်းဖို့ ကျွန်တော် လူတစ်ယောက် လွှတ်လိုက်ပါ့မယ် မနက်ဖြန်ကျမှ ရွာကို ပြန်ကြတာပေါ့"
ကျောင်းကျန်းမှ သူတို့အား နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် မျက်နှာလိုက်မှုမရှိဘဲ မျှမျှတတ ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်"
အဖွားအိုဝမ်မှ ကျေးဇူးဝင်ကြောင်း ပြောလိုက်သည်။
"သခင်ကြီးကျန်း ကိုင်တွယ်မယ်ဆိုတော့ ကျွန်မတို့ သဘာဝကျကျပဲ စိတ်အေးသွား ရပါပြီရှင် ဒီတစ်ညတော့ သခင်ကြီးကျန်းတို့ကို ဒုက္ခပေးရတော့မှာပဲ စကားမစပ် ကျွန်မရဲ့ ဒုတိယသားက မြည်းလှည်းပေါ်မှာ ကျန်ခဲ့သေးတယ်။သူ့ခြေထောက်တွေက အဆင်မပြေသေးလို့ သူ့ကိုပါ ရွှေ့ပေးလို့ရအောင် ကျွန်မတို့ကို အဲဒီခေါ်သွားပေးဖို့ လူတစ်ယောက်လောက် လွှတ်ပေးပါဦးနော်"
ကျောင်းကျန်းသည် လူတစ်ယောက်အား အလွယ်တကူ ခေါ်လိုက်ကာ အဖွားအိုဝမ်နှင့် တခြားသူများအား ဧည့်သည်ဆောင်ဆီ ခေါ်သွား ခိုင်းလိုက်တော့သည်။ ဝမ်ချွမ်းကွေ့ကိုလည်း ခေါ်လာခဲ့ကြသည်။
အခုချိန်မှာ ခရိုင်ရုံးတော်သည် နှိုင်းယှဉ်ကြည့်လျှင် တော်တော်လေး ရှင်းလင်းနေသည် ဖြစ်ရာ သူတို့အတွက် ဆက်တိုက်ရှိနေသည့် အခန်းသုံးခန်း စီစဉ်ပေးလိုက်တော့သည်။ အခန်းသုံးခန်းထဲတွင် အဖွားအိုဝမ်သည် တစ်ခန်းအား တစ်ယောက်တည်း ယူလိုက်သည်။
ကျန်သည့် အခန်းနှစ်ခန်းမှာမူ ဝမ်ချွမ်းမန်နှင့် တခြားသူများသည် အခန်းများ အများအပြား သုံးသည်မှာ သိပ်မသင့်တော်ဘူး ဟု ခံစားရသဖြင့် တစ်ခန်းသာ လိုအပ်သည် ဟု ကိုယ့်သဘောနှင့် ကိုယ် ပြောလိုက်ကြတော့သည်။ ညီအစ်ကို သုံးယောက်သည် ကုတင်ပေါ်မှာ ပူးကပ် အိပ်ရင်း ယနေ့ အဖွားအိုဝမ်၏ လုပ်ရပ်များ အကြောင်း စကားစမြည် ပြောကြကုန်သည်။
ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန်တို့သည် သဘော မပေါက်နိုင်ကြသော်လည်း ဝမ်ချွမ်းကွေ့ ကြားလိုက်ရသည့်အချိန်တွင် သူ၏ မျက်လုံးများ အတွင်းတွင် အားကျလေးစားမှုများ ပြည့်နှက်သွားခဲ့တော့သည်။
"အမေက ငါတို့ မိသားစုမှာ ဉာဏ်အကောင်းဆုံးလူလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ အမေ့စကား နားထောင်ရင် ဘယ်တော့မှ မှားမှာ မဟုတ်ဘူး"
သူတို့သာ အဘွားကျိုး သို့မဟုတ် ကောလာဟလ ဖြန့်သည့် အောင်သွယ်တော်မဆီ တိုက်ရိုက် သွားရှာမည် ဆိုလျှင် နောက်ဆုံးကျ လျစ်လျူရှုခံ ရရုံသာ အဖတ်တင်လိမ့်မည် ဖြစ်သည်။ သို့သော် အစိုးရမှ ဝင်ပါလာပြီဆိုလျှင်မူ ကွာခြားသွားပြီ ဖြစ်သည်။
ထို့အပြင် အဖွားအိုဝမ်သည် သူတို့ကို ကြီးမားသည့် ပြစ်မှုကြီးတစ်ခုနဲ့ပါ စွပ်စွဲလိုက်ခြင်း ဖြစ်သည်။ သူတို့သာ ဤပြစ်မှုနှင့် ပတ်သက်ပြီး အပြစ်ကင်းစင်ကြောင်း သက်သေ မပြနိုင်လျှင် အမှန်တကယ် ထောင်ကျသွားလိမ့်မည် ဖြစ်သည်။
မြွေပွေးအား ခေါင်းပုတ်မည် ဆိုလျှင် သူ့၏ အားနည်းချက်အား ချိန်ရပေမည်။ တစ်ချက်တည်းဖြင့် အသေရိုက်ရမည် ထိုသို့ မဟုတ်လျှင် အဆောတလျင် မလုပ်ခြင်းသာ ပိုကောင်းလိမ့်မည် ဖြစ်သည်။ ဝမ်ချွမ်းကွေ့မှ ပြောလိုက်သည်။
"ငါတို့က မိသားစု တစ်ခုဆိုတာ မင်းတို့ မှတ်ထားရမယ် အလုပ် လုပ်တဲ့နေရာမှာ သတ္တိနည်းနေမယ်ဆိုရင် တခြားသူတွေက ငါတို့ခေါင်းပေါ် တက်နင်းဖို့ အရမ်း လွယ်သွားလိမ့်မယ် ဒါပေမဲ့ ငါတို့ အနိုင်ကျင့်ခံရလို့ ပြန်ကလဲ့စားချေဖို့ပဲ တွေးနေမယ်ဆိုရင်လည်း ပြဿနာ ပြေလည်သွားမှာ မဟုတ်ဘဲ သူတို့က ငါတို့ကို ပိုပြီးတောင် မုန်းသွားဦးမယ်"
ဝမ်ချွမ်းဖူမှ ပိုပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
"ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ"
ဝမ်ချွမ်းကွေ့မှ ပြောလိုက်သည်။
"စာသင်ရမယ်"
ဝမ်ချွမ်းဖူနှင့် ဝမ်ချွမ်းမန် တို့ နှစ်ယောက် ကြောင်အသွားတော့သည်။
"ငါတို့ မိသားစု တကယ်ပဲ အနိုင်ကျင့် မခံချင်ဘူးဆိုရင် မြေကြီးပေါ် ဆင်းပြီး ရွှံ့ဗွက် အပုံကြီး တစ်ခုလို အောက်ခြေကျကျ နေလို့ရတယ် ငါတို့ အရင်ကလိုပဲ ရွှံ့ဗွက် အပုံကြီးကို ဘယ်သူကမှ အနိုင်ကျင့်ချင်စိတ် မရှိကြဘူး အဲဒီလိုမှ မဟုတ်ရင်တော့ အနိုင်ကျင့်တဲ့သူတွေ ထက် ပိုသာတဲ့ သူတွေ ဖြစ်အောင် လုပ်မှရမယ် ငါတို့ရဲ့ အဆင့်အတန်း မြင့်တက်လာတဲ့ အခါ အဲဒီ ယင်ကောင်လေးတွေက သဘာဝကျကျပဲ လာမရှုပ်ရဲတော့ဘူး"
ဝမ်ချွမ်းဖူမှ ခေါင်းအား တဆက်ဆက် ခါရမ်းလိုက်ပြန်သည်။
"ငါ မလုပ်နိုင်ဘူး မလုပ်နိုင်ဘူး။ ငယ်ငယ်တုန်းက အမေ ကဗျာတွေ အလွတ်ကျက်ခိုင်းတာ ငါ မှတ်မိသေးတယ် သုံးလေးရက်လောက် ကြာတာတောင် ငါ မကျက်နိုင်ခဲ့ဘူး ဒုတိယညီ မင်းကတော့ အသင်မြန်တယ် နောက်ပိုင်း လေးယောက်မြောက် ညီကလည်း မဆိုးပါဘူး ပြီးတော့ အားယွီလေးလည်း ရှိသေးတာပဲ"
ထိုနေရာ ရောက်ချိန်တွင် ဝမ်ချွမ်းဖူ ရုတ်တရက် စကားရပ်သွားခဲ့ကာ လူတိုင်းသည်လည်း နားလည်မှုဖြင့် စကားဆက် မပြောကြတော့ချေ။ မအိပ်ခင်လေးတွင် ဝမ်ချွမ်းမန် တွေးတောနေမိလေသည်။ သူ၏ သမီးလေးအား ကာကွယ်ဖို့ရန် အတွက် သူ အမှန်ပင် အရာရှိ တစ်ယောက် ဖြစ်လာဖို့ လိုအပ်နေပြီလား ဟူ၍ တွေးတောနေခဲ့ခြင်း ဖြစ်သည်။