သစ်သီးခြောက်တွေ ဘာလို့ မလုပ်တာလဲ။
Vol. 9 Ch. 130
နေ့လယ်ပိုင်း အရောက်တွင် အဖွားအိုဝမ်သည် သူမသားများအား ဝမ်ချွမ်းကွေ့ကို ဆေးခန်းတစ်ခုဆီ တွန်းသွားရန် ခိုင်းလိုက်လေသည်။ ဆေးခန်းမှ သမားတော်ကြီးသည် ဝမ်ချွမ်းကွေ့၏ ခြေထောက်များအး စစ်ဆေးကြည့်လိုက်သည်။
"မင်းတို့ ငါ့ကို လိမ်နေတာလား ဘယ်လိုပဲကြည့်ကြည့် ဒီခြေထောက်က အရင်က ကျိုးထားတဲ့ပုံ မပေါ်ပါဘူး ဒါပေမဲ့ နှစ်အနည်းငယ်လောက် သွက်ချာပါဒ လိုက်နေခဲ့တယ်လို့တော့ ဒီအမာရွတ်တွေကနေ တဆင့် ငါ ပြောနိုင်တယ်"
သမားတော်ကြီးသည် သူ့၏ ရှည်လျားသည့် မုတ်ဆိတ်မွေးအား ပွတ်သပ်လိုက်လေသည်။
"ဒါပေမဲ့ သွက်ချာပါဒ လိုက်ပြီးမှ ပြန်ထလာနိုင်တဲ့လူကိုတော့ အခုမှပဲ မြင်ဖူးတော့တယ် ဘယ်က ကျွမ်းကျင်တဲ့သူ ကုပေးခဲ့တာလဲ ဘာလို့ အဲဒီလူကိုပဲ တိုက်ရိုက် ဆက်မကုခိုင်းတာလဲ။"
"အဲဒီသမားတော်ကြီးကို ဆက်မကုခိုင်းချင်လို့ မဟုတ်ပါဘူး အဓိကကတော့ အဲဒီသမားတော်ကြီးက ခြေထောက်ကျိုးတာကို ကုပြီး ဖြည်းဖြည်းချင်း ပြန်ကောင်းလာအောင် လုပ်ဖို့လောက်ပဲ ကျွမ်းကျင်တာမို့လို့ပါ ကျန်တဲ့ဟာတွေကိုတော့ သူ သိပ်မသိဘူး"
သမားတော်ကြီးမှ နားလည်ကြောင်း ပြသလိုက်သည်။ လုပ်ငန်းတိုင်းတွင် သူ့ ကျွမ်းကျင်မှုနှင့် သူ ရှိကြခြင်း ဖြစ်သည်။ သူသည် ထို အဘွားကြီးအား သမားတော်ကြီးနှင့် မိတ်ဆက်ပေးဖို့ အမှန်ပင် အကူအညီ တောင်းချင်နေခြင်း ဖြစ်သည်။ သူတို့တွင် ယခုလို ကျွမ်းကျင်မှုမျိုး ရှိခဲ့လျှင် လူဘယ်နှယောက်များ ဒုက္ခသည် ဘဝမှနေ လွတ်မြောက်နိုင်မည်နည်း။
အရွယ်ရောက်ပြီးသည့် အမျိုးသား တစ်ယောက်၏ ခြေထောက် ကျိုးသွားခဲ့ပြီ ဆိုလျှင် ထို မိသားစု၏ တစ်ဝက်လောက်သည် ပြိုလဲသွားပြီ ဟု ဆိုလိုခြင်း ဖြစ်သည်။ သူသာ ထို နည်းပညာအား သင်ယူနိုင်ခဲ့လျှင် သို့တည်းမဟုတ် ကုသပေးသည့် သမားတော်ကြီးအား ဆေးခန်းထွက် ထိုင်ရန် ဆွဲဆောင်နိုင်ခဲ့လျှင် လူတော်တော်များများအား အကျိုးပြု နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် အဖွားအိုဝမ်သည် ဘယ်လိုနည်းနှင့်မှ ထုတ်မပြောခဲ့ချေ။။ သူမသည် သမားတော်ကြီး၏ သွားလာ လှုပ်ရှားမှုသည် ပုံမှန်မရှိ ဟုသာ ပြောခဲ့လေသည်။ ထိုအချိန်တွင် သူမသည် အမှတ်မထင် ဆုံခဲ့ခြင်း ဖြစ်ကာ သူနှင့် မတွေ့ခင်တွင် အိပ်မက်တစ်ခု မက်ခဲ့သည် ဟု ပြောလေသည်။
"အဲဒီအိပ်မက်ရဲ့ လမ်းညွှန်မှုသာ မပါရင် ကျွန်မ သမားတော်ကြီးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး အခုတော့ သူ ဘယ်ရောက်သွားလဲ ကျွန်မလည်း မသိတော့ဘူး"
ဟု အဖွားအိုဝမ်မှ ရိုးရိုးသားသား ပြောလိုက်လေသည်။ ဝမ်မိသားစု၏ သားသုံးယောက်သည် ခေါင်းငုံ့ထားခဲ့ကာ မညသည်ကိုမှ မကြားရသကဲ့သို့ ဟန်ဆောင်နေကြသည်။ အိမ်မှ သမားတော်ကြီးရွှယ်အား တွေးကြည့်လိုက်လျှင် သူ့၏ သွားလာလှုပ်ရှားမှုသည် အမှန်ပင် ပုံမှန်မရှိ ဟု ပြောခြင်းမှာ မလွန်လှပေ။
အဘဘယ်ကြောင့်ဆိုသော် တချို့အချိန်များတွင် သူသည် စတိုခန်းထဲတွင်သာ အိပ်နေတတ်ကာ တချို့အချိန်များ ဆိုလျှင် ထင်းပုံနား ပြေးသွားတတ်သေးသည်။ တစ်ခါတလေဆိုလျှင် ကြက်ခြံထဲ၌ တွေ့ရတတ်ပြီး တစ်ခါကဆိုလျှင် အိမ်သာထဲတွင် တိုက်ရိုက်ကြီး အိပ်ပျော်သွားခဲ့သေးသည်။
ထိုအချိန်တွင် ဝမ်ချွမ်းဖူ အိမ်သာသွားသည့် အချိန်နှင့် တိုက်ဆိုင်နေခဲ့ကာ သမားတော်ကြီးရွှယ် အထဲ၌ လှဲအိပ်နေသည်အား မနက်စောစောစီးစီး တွေ့လိုက်ရသဖြင့် လန့်ဖြတ်ပြီး အသက်ပင် ထွက်လုမတတ် ဖြစ်သွားခဲ့ရလေသည်။
သူတို့အမေသည် မည်သည့် အတွက် သမားတော်ကြီးရွှယ် ရှိနေသည်အား ဖုံးကွယ်ထားချင်မှန်း သူတို့ မသိသည့်တိုင် အမေ ဖြစ်သူ၏ စကား နားထောင်သည်မှာ မှန်တယ်ဆိုတာကိုမူ သူတို့ သိကြသေးသည်။ မည်သို့ပင် ဖြစ်စေ သူတို့သည်လည်း အများအပြား မကူညီနိုင်လျှင်ပင် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေရချေ။
ထိုသမားတော်ကြီးသည် အနည်းငယ် နှမြောတသ ဖြစ်သွားကြောင်း ပြသခဲ့သည့်တိုင် ဝတ္တရားကျေပွန်စွာဖြင့် ဝမ်ချွမ်းကွေ့ အတွက် အားဆေးတချို့ ရေးပေးခဲ့လေသည်။
သူတို့ ဝတ်ထားသည့် အဝတ်အစားများသည် ဖာထေးထားရသည်အား ကြည့်ကာ သမားတော်ကြီးသည် ကိုယ်ချင်းစာစိတ် ဝင်သွားခဲ့လေသည်။ ဆေးဖိုး အတွက် ကြေးပြား ဆယ်ပြားလောက်သာ တောင်းခဲ့လေသည်။ စျေးကြီးသည့် ဆေးများကိုမူ ဆေးစာထဲ မထည့်ပေးခဲ့ချေ။
ဆေးခန်းပြ ပြီးသည့်နောက် အဖွားအိုဝမ်သည် လုံကျိ ကုန်စုံဆိုင်အား သွားခဲ့လေသည်။ ကုန်စုံဆိုင်ပိုင်ရှင်သည် အဖွားအိုဝမ်အား မြင်သည်နှင့် သူမနှင့် ဈေးဆစ်ခဲ့ရသည့် အတွေ့အကြုံအား ချက်ချင်း ပြန်သတိရသွားလေသည်။ သူ၏ အသားများပင် နာလာသကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် ထိုအချိန်တွင် အချည်းနှီး ငွေမည်မျှ ရှုံးခဲ့ရလေသနည်း။
"စိတ်မပူပါနဲ့ ဒီနေ့ ငါ အလျင်လိုနေတယ် မင်းနဲ့ ဈေးမဆစ်တော့ပါဘူး စိတ်အေးအေးထားပြီး ဈေးနှုန်းကိုသာ ပြောပါ"
အဖွားအိုဝမ်မှ အလွန်ပင် ရိုးသားစွာ ပြောလိုက်လေသည်။ ထိုအခါမှ ဆိုင်ရှင်လုံသည် ချက်ချင်း စိတ်အေးသွားခဲ့လေသည်။ ဘေးမှ ဆိုင်အကူအား တွန်းဖယ်လိုက်ကာ အဖွားအိုဝမ်အား သူတို့ဆိုင်မှ ပစ္စည်းများ အကြောင်း ပျော်ပျော်ရွှင်ရွှင် မိတ်ဆက်ပေးလေတော့သည်။
အဖွားအိုဝမ်သည် အဝတ်အထည်များ ဝယ်ချင်နေဆဲ ဖြစ်သည်။ ဤတစ်ကြိမ်တွင် အရောင်ပါသည့် အဝတ်အထည်များ ပိုဝယ်လိုက်ကာ အစအနတချို့လည်း ဝယ်ခဲ့လေသည်။ ထိုအရာများ သုံးကာ ဖိနပ်များ ခေါင်းစည်းကြိုးများ လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထို့အပြင် သူမသည် အတော်လေး ခိုင်ခန့်လှသည့် အထည်တစ်ခု ကိုလည်း တွေ့ထားလေသည်။ ထိုအရာအား သုံးပြီး အားယွီလေး အတွက် အိတ်နောက်ထပ် နှစ်လုံးလောက် ချုပ်ပေး၍ ရနိုင်သည်။
အားယွီလေးသည် မည်သူ့အကျင့်အား အတုခိုးထားသည်မှန်း မသိသော်လည်း အမြဲလိုလုိ စုဆောင်းရသည်အား သဘောကျပေသည်။ သူမ၏ အိတ်ငယ်လေး နှစ်လုံးသည် တစ်နှစ်ပတ်လုံး ဖောင်းကားနေတတ်ကာ အများစုသည် သစ်သီးများဖြင့် ပြည့်နေတတ်လေသည်။ အဖိုးအိုဝမ် လုပ်ပေးထားသည့် ခြင်းတောင်းလေးသည်လည်း တစ်နှစ်ပတ်လုံး လှပသည့် တောပန်းလေးများ အမြဲအပြည့် ဖြစ်နေတတ်သေးသည်။ ကလေးလေးမှ သဘောကျသည် ဆိုမှဖြင့် ပို၍ ပြင်ဆင်ပေးသင့်ပေသည်။
အပ်နဲ့ချည် ဆား သကြား စသည့် တခြားပစ္စည်းများလည်း ရှိသေးပေသည်။ အားလုံးပေါင်းလိုက်လျှင် ငွေ သုံးလေးတေး မျှ ကျသင့်ပေသည်။ ဆိုင်ရှင်လုံမှ ပြောလိုက်သည်။
"ငွေ ၄ တေး ၃ မတ် နဲ့ ကြေးပြား ၂၃ ပြားပါ"
"ငါက မင်းရဲ့ ဖောက်သည်ဟောင်းနော် အချိန်ဆွဲမနေပါနဲ့ ၄ တေးပဲ ယူလိုက် နောက်တစ်ခါ ထပ်လာခဲ့မယ်"
ဆိုင်ရှင်လုံ၏ မျက်နှာပျက်သွားခဲ့သည်။
"ဒေါ်လေးရယ် ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့ ကျွန်တော်က စီးပွားရေး အသေးစားလေး လုပ်နေရတာပါ အခုလို တစ်ခါတည်း အများကြီး ဖြတ်ချလိုက်ရင် ကျွန်တော်တို့ဆိုင် တကယ်ပဲ ဆက်ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး"
"ဒါဆို ငါ နောက်ထပ် ငွေတစ်မတ် ပေးမယ် မင်း ပိုလိုချင်ရင်တော့ ငါ မယူတော့ဘူး နဂိုကတည်းက အလျင်လိုနေတာ မင်းနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောနေဖို့ အချိန်မရှိဘူး"
ပြောပြီးသည်နှင့် အဖွားအိုဝမ်သည် အမှန်ပင် ထွက်သွားချင်နေခြင်း ဖြစ်သည်။ သူမ ဟန်ဆောင်နေခြင်း မဟုတ်ချေ။ ဆိုင်ရှင်လုံသည် မျက်နှာပုပ်သွားသည့်တိုင် အမြန်ပြေးသွားခဲ့ကာ အဖွားအိုဝမ်အား တားလိုက်လေသည်။
"ဟူး ကျွန်တော် ဒေါ်လေးကို ကြောက်သွားပြီလို့ပဲ သဘောထားလိုက်ပါတော့ ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ ၄ တေး နဲ့ ငွေတစ်မတ်ပဲလေ ဒေါ်လေး ကျွန်တော်တို့ကို မှတ်ထားဦးနော် ကျွန်တော်တို့က အရောင်းအဝယ် လုပ်ဖူးတဲ့ မိတ်ဆွေဟောင်းတွေပါ တခြားဆိုင်တွေကို သွားဖို့ချည်းပဲ မတွေးပါနဲ့ ဒေါ်လေးကို ပြောပြမယ် ခရိုင်မြို့တော် တစ်ခုလုံးမှာ ကျွန်တော့်ဆိုင်က ပစ္စည်းတွေက စျေးအသက်သာဆုံးနဲ့ အတန်ဆုံးပဲ"
"အေးပါ ငါသိပါတယ် ငါ့အတွက် ထုပ်ပေးလိုက် မပြုတ်ကျစေနဲ့နော် ရွာပြန်တဲ့လမ်းမှာ ရွှံ့တွေ အများကြီးရှိတယ် ပေသွားရင် မင်းကိုပဲ အပြစ်တင်မှာ"
ဆိုင်ရှင်လုံသည် မျက်ရည်ဝဲရင်းဖြင့် ဆီစက္ကူများ ထပ်ထုတ်လိုက်လေသည်။
“ကောင်းပြီလေ အဲဒီအဝတ်အထည်တွေ မပေအောင် သေချာ တင်းတင်းကျပ်ကျပ် ထုပ်ပေးလိုက်မယ်”
သားဖြစ်သူများမှာမူ အံ့ဩတကြီးဖြင့် ကြည့်နေကြတော့သည်။ အဖွားအိုဝမ်မှ ငွေတေး တစ်ဝက်အား ထုတ်ပြီးနောက် ဝမ်ချွမ်းဖူအား ပေးလိုက်လေသည်။
"ဟိုဘက်က သားသတ်ရုံကို သွားပြီး အသား များများဝယ်ခဲ့ ဒီပိုက်ဆံကို အကုန်သုံးခဲ့ ပြီးတော့ ဝက်ကလီစာတွေ ပိုထည့်ပေးဖို့ ပြောလိုက်ဦး"
ဝမ်ချွမ်းဖူသည် သူ့အမေထံမှနေ၍ ဈေးဆစ်သည့် အတတ်ပညာအား အခုလေးတင် သင်ယူထားခြင်း ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ငွေအား ကိုင်ဆောင်ကာ ရှေ့သို့ ထွက်သွားတော့သည်။ အဖွားအိုဝမ်မှ နောက်ထပ် ကြေးပြား ၂၀၀ ထုတ်ပြီးနောက် ဝမ်ချွမ်းမန်အား ပေးလိုက်ပြန်သည်။
"ဟိုဘက်က ဆန်ဆိုင်ကို သွားပြီး ဂျုံမှုန့်ဖြူ များများနဲ့ ဆန်ကွဲနည်းနည်း ဝယ်ခဲ့ အတူတူပဲ တတ်နိုင်သမျှ များများဝယ်ခဲ့"
"ဟုတ်ကဲ့ အမေ"
ဝမ်ချွမ်းကွေ့မှ မေးလိုက်သည်။
"အမေ သားက ဘာလုပ်ရမလဲ"
အဖွားအိုဝမ်မှ ပြန်ပြောလိုက်သည်။
"နည်းနည်းပဲ စား မဟုတ်ရင် ချေးပါ သေးပေါက် ဖြစ်နေမယ် နင့်ကို ပြုစုဖို့ ငါ့မှာ အချိန်မရှိဘူး"
ဝမ်ချွမ်းကွေ့ တစ်ယောက် ထပ်မံ၍ ပြောစရာ စကား မဲ့သွားခဲ့ရ ရှာလေသည်။
‘သားက ဒီလောက် သနားစရာကောင်းနေတာကို အမေက ငါ့ဒဏ်ရာကို ဆားသိပ်ချင်သေးတယ် ငါတစ်ယောက်တည်းက အမေ့ရဲ့ သားအရင်း မဟုတ်ဘူးလား’
ဝမ်ချွမ်းကွေ့သည် မြည်းလှည်းပေါ်မှာ လှဲနေရင်း သူ၏ ညီအစ်ကို နှစ်ယောက် အမေ ဖြစ်သူ၏ အလုပ်များ သွားလုပ်နေခြင်းအား အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူသည် ရှင်းပြ၍ မရအောင် အထင်သေးခံရသကဲ့သို့ ခံစားလိုက်ရလေသည်။
သူ၏ ခြေထောက်များ အတွက် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများအား စောစောလုပ်မှ ဖြစ်တော့မည် ထင်၏။ မဟုတ်လျှင် ကုတင်ပေါ်တွင် လှဲပြီး ညီအစ်ကိုများ အလုပ်ရှုပ်နေသည်ကိုသာ ထိုင်ကြည့်နေရတော့မည် ဖြစ်သည်။
အဖွားအိုဝမ် ခရိုင်မြို့တော်သို့ သွားသည် ဆိုသည်အား ဟူမိသားစု ရွာသားများ သိသွားချိန်တွင် သူတို့၏ စိတ်တစ်ဝက်လောက် အေးသွားကြကုန်သည်။
အဖွားအိုဝမ်သာ လက်ပါလာပြီဆိုလျှင် မအောင်မြင်သည့် ကိစ္စဆိုသည်မှာ မရှိသလောက် ခဲယဉ်းလှပေသည်။ သူတို့သည် အဖွားအိုဝမ် အပေါ် ရှင်းပြ၍ မရနိုင်သည့် ယုံကြည်မှုမျိုး ရှိနေကြသည်။
နတ်ဘုရားမိုး ရွာပြီးကတည်းမှ လူတိုင်းသည် အလုပ်လုပ်ရန် အလွန်ကို စိတ်အား ထက်သန်နေခဲ့ကြလေသည်။ သူတို့သည် ကံကောင်းခြင်းများနှင့် ကောင်းချီးပေးခံရပြီ ဟု ခံစားနေကြရခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့ သဘာဝကျကျပင် ပို၍ ကြိုးစားရမည် ဖြစ်ကာ သူတို့ မည်မျှ ကြိုးစားကြသည် ဆိုသည်အား ကောင်းကင်ဘုံမှ မြင်အောင် ပြသရမည် ဖြစ်သည်။
အားယွီလေးသည်လည်း ပို၍ ကြိုးစားလာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သစ်သီးများ အကုန်လုံးကို ထုပ်ပိုးရန် အစ်ကိုများနှင့် ဆွေးနွေးထား၍ ဖြစ်ပေသည်။။ မိုးတိတ်ပြီးနောက် မြို့သွားသည့် လမ်း ခြောက်သွားခဲ့လျှင် သူတို့ သစ်သီးများ သွားရောင်းကြမည် ဖြစ်သည်။ ချင်ဟွိုင် သိသွားချိန်တွင် အကြံတစ်ခု ပေးလာခဲ့သည်။
"ဘာလို့ သစ်သီးခြောက်တွေ မလုပ်တာလဲ"
သစ်သီးများ ဤမျှလောက် အများကြီးအား တစ်ရက်တည်းဖြင့် အကုန်မရောင်းနိုင်လျှင် တချို့ သော အသီးများ ပုပ်သွားလိမ့်မည် ဖြစ်သည်။ သစ်သီးခြောက်အား တိုက်ရိုက် လုပ်လိုက်သည်မှာ ပို၍ ကောင်းပေသည်။ သိမ်းရလွယ်ရုံတင် မက အရသာသည်လည်း ပိုကောင်းလာမည် မှာ အမှန်ပင် ဖြစ်သည်။
"သစ်သီးခြောက်ဆိုတာ ဘာလဲ အရမ်းစားလို့ကောင်းလား အဲဒါကလည်း တောရိုင်းသစ်သီးတွေနဲ့ လုပ်တာပဲလား ဘယ်လိုလုပ်ရတာလဲ"
ဝမ်ဝူလန်မှ အလျင်စလို မေးလိုက်လေသည်။ ငွေရှာရန် နည်းလမ်းအသစ် ရှိသည် အား ကြားချိန်တွင် သူသည် သဘာဝကျကျပင် အခွင့်အရေးအား ဆုပ်ကိုင်ရမည် ဖြစ်သည်။ ထိုစကားများသည် ချင်ဟွိုင်အား အံ့အားသင့်သွားစေလေသည်။
‘သူက စားဖို့ပဲ သိတာ ပြီးတော့ သူက သစ်သီးခြောက် စားရတာကိုတောင် မကြိုက်ဘူးလေ’
တိုက်ဆိုင်စွာပင် အားယွီလေးသည်လည်း နေရာလွတ်ထဲမှ အသားလုံးလေးအား မေးလိုက်လေသည်။
"နတ်သူငယ်လေး သစ်သီးခြောက်ဆိုတာ ဘာလဲ သိလား"
[အခြောက်ခံထားတဲ့ သစ်သီး နေမှာပေါ့]
[တကယ်တော့ သကြားလုံးရည်စိမ် သစ်သီးချောင်းတွေလည်း လုပ်လို့ရသေးတယ်လေ]