← Chapters

သကြားလုံးရည်စိမ် သစ်သီးချောင်းများ ပြုလုပ်ခြင်း

Vol. 9 Ch. 131

သကြားလုံးရည်စိမ် သစ်သီးချောင်းများ ပြုလုပ်ခြင်း

Vol. 9 Ch. 131

ဤကမ္ဘာတွင် မရှိသည့် အရာတော်တော် များများအား အသားလုံးလေး သိသော်လည်း ထိုအရာအများစုသည် ဤခေတ်နောက်ကျနေသည့် ကမ္ဘာတွင် ဖန်တီး၍ မရနိုင်ချေ။

သို့သော် သကြားလုံးရည်စိမ် သစ်သီးချောင်းကဲ့သို့ အဆင့်နိမ့် အစားအစာမှာမူ သဘာဝကျကျပင် အဆင့်မြင့် ဉာဏ်ရည် ဉာဏ်သွေး မလိုအပ်ချေ။

"အိုက်ယား အပြင်ဘက်က ချိုပြီး အတွင်းဘက်က ချဉ်တဲ့ အဲဒီ သကြားလုံးရည်စိမ် အနီရောင် ဘယ်ရီသီးလား ဒါပေမဲ့ အဲဒါက စားလို့မကောင်းပါဘူး"

အားယွီလေးမှ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။ အားယွီလေးသည် အစားအသောက် ရွေးလေ့မရှိချေ။ သူ့အား ပေးသမျှ အကုန်စားပေသည်။ (** အစားပုပ်လေး**)

သကြားလုံးရည်စိမ် အနီရောင် ဘယ်ရီသီး၏ အရသာ အလွန် ဆိုးနေလျှင်ပင် သူမ၏ ရင်ထဲမှ အဆင်မပြေမှုအား သည်းခံကာ အကုန်စားပစ်မည်သာ ဖြစ်သည်။

[မင်းရဲ့ သစ်သီးက နဂိုကတည်းက ချိုတော့ အထဲမှာ ချဉ်နေမှာ မဟုတ်ဘူးလေ အရင်က မင်းစားခဲ့တာက အထဲက ဘယ်ရီသီးက နဂိုကတည်းက ချဉ်နေလို့ ချဉ်နေတာဟ]

[ပုံမှန်အားဖြင့် အစားအစာရဲ့ အရသာက ပြောင်းလဲသွားမှာ မဟုတ်ဘူး သေချာတာပေါ့ တစ်ခါတလေ သေချာ မကိုင်တွယ်ဘူးဆိုရင် ချိုတဲ့ အရာတွေလည်း ချဉ်သွားနိုင်တယ်]

အသားလုံးလေးသည် အစားအစာ၏ သဘောတရားကို အားယွီလေးအား ရှင်းပြသော်လည်း အားယွီလေးမှ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ သစ်သီးများသည် ချိုနိုင်သည် ဆိုသည်ကိုသာ နားလည်သွားခဲ့တော့သည်။

"ဒါပေမဲ့ သမီးတို့ အိမ်မှာ သကြားမှ မရှိတာ"

ဝမ်မိသားစုတွင် သကြား နည်းနည်းလေးသာ ရှိကာ သူတို့သည် ပုံမှန်အားဖြင့် မသုံးကြချေ။ တစ်ခါတလေ အဖွားအိုဝမ်မှ အားယွီလေး သောက်ရန် သကြားရည် နည်းနည်း ဖျော်ပေးတတ်သည်။ မိသားစုထဲမှ တခြားသူများမှာမူ ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိခဲ့ချေ။

ချင်ဟွိုင်မှ ပြောလိုက်သည်။

"ငါ့အိမ်မှာ နည်းနည်းရှိတယ် မင်းတို့ ဘာလုပ်မလို့လဲ"

အားယွီလေးမှ ပြန်ပြောလိုက်သည်။

"ညီမလေး သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်ချင်လို့ အရင်တုန်းက စားဖူးတဲ့ဟာမျိုးလေ ဒါပေမဲ့ အရသာ ကောင်းမလားတော့ မသိဘူး"

ချင်ဟွိုင်သည် သကြားလုံးရည်စိမ် သစ်သီးချောင်း တစ်ချောင်း ယူလာပြီးနောက် သူမအား ပေးချင်သော်လည်း သူမမှ မကြိုက်ဟု ပြောခဲ့သည်အား ပြန်သတိရသွားခဲ့သည်။ ယခု အချိန်အထိပင် ချင်ဟွိုင်မှ ထိုကိစ္စအား မှတ်မိနေဆဲ ဖြစ်သည်။

"မင်း မကြိုက်ဘူး ထင်နေတာ"

‘ ဒါမှမဟုတ် သူပေးလို့ မကြိုက်တာများလား’

အားယွီလေးမှ ပြောလိုက်သည်။

"အရင်တုန်းက စားခဲ့ဖူးတဲ့ဟာက အပြင်ဘက်က ချိုပြီး အတွင်းဘက်က ချဉ်တယ် ညီမလေးက အပြင်ရော အတွင်းရော ချိုတာကို စားချင်တာ"

အားယွီလေး၏ ရှင်းပြချက်အား ကြားချိန်ရောက်မှ ချင်ဟွိုင်၏ မျက်နှာထားသည် အများကြီး ပိုကောင်းသွားခဲ့သည်။ သူမသည် အစားမက်သည့် ကောင်မလေး တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

"ငါ့အိမ်ကို သွားကြမယ်"

ချင်ဟွိုင်မှ ချီကျားအား ပြောလိုက်သည်။

"စတုတ္ထအဒေါ်ကို သွားခေါ်လိုက်ပါ"

ဝမ်မိသားစုမှ ကလေးများသည် တောရိုင်း သစ်သီးများကို သုံး၍ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်မည်ဆိုသည်အား ကြားချိန်တွင် အကုန်လုံး အလွန်ပင် စိတ်လှုပ်ရှား သွားကြတော့သည်။ သူတို့ တစ်ခါမှ မစားဖူးကြပေ။

အရသာ ရှိရှိ မရှိရှိ ထိုအရာသည် သကြားဖြင့် လုပ်ရမည် ဖြစ်ရာ အရသာ မရှိလျှင်ပင် သကြားအား အလဟဿ မဖြစ်စေရချေ။ လျိုရှီမှ သကြားလုံးရည်စိမ် သစ်သီးချောင်း တစ်ခါမှ မလုပ်ဖူးခဲ့ချေ။ အသားလုံးလေး၏ အကူအညီဖြင့် အားယွီလေးသည် သကြားလုံးရည်စိမ် သစ်သီးချောင်း၏ အရသာအား လျိုရှီကို ဖော်ပြပေးခဲ့လေသည်။

"ကောင်းပြီ အမေ အရင် စမ်းကြည့်မယ်"

လျိုရှီမှ စိတ်ထဲတွင် ခန့်မှန်းကြည့်ကာ စတင်၍ လုပ်ဆောင်တော့သည်။ သူမသည် အနည်းငယ် စိုးရိမ်နေတုန်းပင် ဖြစ်သည်။ သကြားသည် အလွန် တန်ဖိုးကြီးသည့် အရာတစ်ခု ဖြစ်လေရာ အလဟဿ ဖြစ်သွားခဲ့လျှင် သူမသည် အပြစ်ရှိသလို ခံစားရပြီး စိတ်မအေးဖြစ်နေမည် ဖြစ်သည်။

"စတုတ္ထအဒေါ် စိတ်မပူပါနဲ့ ရဲရဲသာ လုပ်ပါ သကြား အလုံအလောက် ရှိပါတယ်"

သူ၏ အိမ်တွင် သကြားအိုးကြီး တစ်အိုး ရှိပေသည်။ နဂိုကတည်းမှ အားယွီလေး အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ အားယွီလေးသည် အချိုစားရတာ ကြိုက်မည် ဟု တွေးကာ ချီကျားကိုလည်း သင်ခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

လျိုရှီသည် သစ်သီးများအား သကြားအလွှာဖြင့် ဖုံးအုပ်ချင်ပြီးနောက် ဖုံးအုပ်ထားသည့် သကြားအလွှာသည် အနီရောင်ဖြစ်ကာ မာကျောနေကြောင်း သေချာစေချင်လျှင် သကြားညိုအား ကျိုရမည် ဟု တွေးလိုက်မိသည်။ သို့သော် ချင်ဟွိုင်ထံတွင် သကြားဖြူသာ ရှိပေသည်။

သကြားဖြူ ဟု ခေါ်သော်လည်း အလွန် ဖြူဖွေးနေသည်တော့ မဟုတ်ချေ။ အနီရောင်နှင့် အဝါရောင် နည်းနည်း ရောနေခြင်း ဖြစ်သည်။ ထိုသည်မှာလည်း မြို့ရှိ သကြားထုတ်လုပ်သည့် နည်းပညာမှာ အတော်လေး နောက်ကျနေ၍ ဖြစ်ပေသည်။ ပိုကောင်းသည့် သကြားအား ဝမ်နင်မြို့မှာသာ ဝယ်ယူရရှိနိုင်ပေသည်။

"လက်မှုပညာသည် တစ်ယောက် ဒါကို လုပ်နေတာကို ကျွန်တော် မြင်ဖူးတယ် သကြားကို အရည်ပျော်အောင် ကျိုပြီးတဲ့ နောက်မှာ သစ်သီးကို သကြားရည်နဲ့ ဖုံးအုပ်လိုက်တယ် အအေးခံ ပြီးရင် အဲ့ဒါက သကြားလုံးရည်စိမ် သစ်သီးချောင်း ဖြစ်သွားတယ်"

ဟု ချင်ဟွိုင်မှ ဘေးမှနေ ဝင်ပြောလိုက်လေသည်။ လျိုရှီသည် သံသယ ဖြစ်နေသော်လည်း ချင်ဟွိုင်၏ ညွှန်ကြားချက် အတိုင်း စမ်းကြည့်လိုက်လေသည်။ ပထမအကြိမ်တွင် သကြားအား အကြာကြီး ကျိုမိသွား၍ သကြားမှာ တူးသွားခဲ့သည်။ သစ်သီးအား ဖုံးအုပ်လိုက် ပြီးချိန်တွင် သစ်သီးသည်လည်း ကျက်သွားတော့သည်။သို့သော် ကလေးများမှာ အရသာခံကာ စားနေကြဆဲ ဖြစ်သည်။

"စတုတ္ထအဒေါ် အဒေါ်လုပ်တဲ့ သကြားလုံးရည်စိမ် သစ်သီးချောင်းက အရမ်းစားလို့ကောင်းတာပဲ"

"ဟုတ်တယ် ဟုတ်တယ် ဒါ ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ"

"ဝါး အရမ်းကောင်းတာပဲ အခု ငါတို့ သွားပြီး ဆိုင်ခန်းလေး ဖွင့်လို့ရပြီ လာဝယ်မယ့်သူ အများကြီး ရှိမှာ သေချာတယ်"

ကောင်လေးများမှာမူ အထူးပင် အားပေးကြလေသည်။ သူတို့ တစ်ယောက်ကို သစ်သီးတစ်လုံးစီသာ ရလျှင်ပင် အလွန် တန်ဖိုး ထားကြလေသည်။

အားယွီလေးသည်လည်း သဘာဝကျကျပင် တစ်လုံး ရလေသည်။ သူမ တစ်ကိုက် ကိုက်လိုက်ချိန်တွင် ပါးစပ်ထဲ၌ အချိုဓာတ်များ ပြည့်နှက်သွားသည်အား ခံစားလိုက်ရလေသည်။ ကိုက်ခွဲလိုက်သည့် အခါတွင် သစ်သီးသည် အရည်အဖြစ် ပြောင်းသွားခဲ့ကာ ပါးစပ်ထဲ၌ အရည်ပျော်သွားတော့သည်။

"ဟူး ဟူး ဟူး အရမ်းပူတာပဲ"

အားယွီလေးသည် လျှာလေးအား လိပ်လိုက် ပြီးနောက် လျှာဖျားလေး နာသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမလေးသည် နာကျင်မှုအား မခံချင်သည့်တိုင် ပြုံးပြကာ ပြောလိုက်သည်။

"အမေလုပ်တာ အရမ်းစားလို့ကောင်းတယ်"

ဤကလေးများ အားလုံးသည် သူမအား မြှောက်ပင့်နေကြခြင်း ဖြစ်ကြောင်း လျိုရှီ သိပေသည်။ ဤသည်မှာ သူမ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်ခြင်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သည်။ သေချာ မလုပ်နိုင်ခဲ့သည့်တိုင် အနည်းဆုံးမူ ပုံစံလေး တစ်ခု ထွက်လာခဲ့ပေသည်။ ထိုသည်မှာပင် လျိုရှီအား ယုံကြည်မှု အများကြီး ရစေလေသည်။

ဒုတိယအကြိမ် ကြိုးစားချိန်တွင် ချက်ပြုတ်ချိန် မလုံလောက်၍ သစ်သီးများ ပေါ်တွင် သကြား အခဲများ ကပ်နေခဲ့ကာ အနည်းငယ် ခြောက်သွားသည့်အခါ အသီးများသည် အနည်းငယ် ကြမ်းတမ်းနေခဲ့လေသည်။ ကလေးများ အကုန်လုံးသည် ပထမအကြိမ်လောက် မကောင်းဘူး ဟု ပြောသေည်လည်း စား၍ ကောင်းနေဆဲ ဖြစ်ကြောင်း ပြောကြသေးသည်။

"နင်တို့ သရဲလေးတွေက နောက်ထပ် နည်းနည်းလောက် ပိုစားချင်နေကြတာမလား"

နှစ်ကြိမ် ဆက်တိုက် ကျရှုံးပြီးနောက် လျိုရှီ၏ ရင်တွင်း၌ နာကျင်နေဆဲ ဖြစ်သည်။

"ရှောင်ဟွိုင် ငါတို့ ဆက်မစမ်းသပ်ဘဲ နေရင် မကောင်းဘူးလား အဒေါ် ဒါကို အရင်က မလုပ်ဖူးဘူး ဒီလို စမ်းသပ်နေတာက သကြားကို အရမ်း အလဟဿ ဖြစ်စေတယ်"

"ရပါတယ် စတုတ္ထအဒေါ် စိတ်မပူဘဲ စမ်းလုပ်ကြည့်ပါ ကြည့်လိုက်လေ အားယွီလည်း စားရတာ ကြိုက်တယ်မလား"

ချင်ဟွိုင်မှ အလျှင်အမြန် ပြောလိုက်လေရာ သူ၏ လေသံထဲတါင် သဘာဝကျကျပင် ကလေးဆန်သည့် အရိပ်အယောင်လေး ပါနေခဲ့လေသည်။ ထို့နောက် သူသည် နှုတ်ခမ်းအား စေ့ထားလိုက်ကာ ဆက်မပြောတော့ချေ။ သူ အရမ်း များများ ပြောလိုက်လျှင် စတုတ္ထအဒေါ်သည် သူ့အား ကလေးတစ်ယောက် ကဲ့သို့ သဘောထားမည်ကို ကြောက်နေခဲ့ခြင်း ဖြစ်သည်။ သူ ကလေး တစ်ယောက် ဖြစ်ရသည်ကို မကြိုက်ချေ။

ချင်ဟွိုင်သည် ပုံမှန်အားဖြင့် တိုတိုတုတ်တုတ်သာ ပြောလေ့ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လူကြီးများသည် ထိုသို့သာ ပြောလေ့ရှိသည် ဆိုသည်အား သိနေသည့် အတွက် ဖြစ်သည်။ သူတို့ များများ ပြောလျှင် စကားများသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

လျိုရှီမှ အများကြီး မတွေးခဲ့ချေ။ အားပေးမှု ရပြီးသည့်နောက်တွင် လမ်းတစ်ဝက်၌ လက်လျှော့လိုက်သည်မှာ မကောင်းဟု ခံစားရသဖြင့် ဆက်လက် လုပ်ဆောင်ခဲ့တော့သည်။

လေးငါးကြိမ်ခန့် ဆက်တိုက် စမ်းသပ် လုပ်ကိုင်ကြည့် ပြီးနောက်တွင် နောက်ဆုံးတွင် ဖန်သားကဲ့သို့ ကြည်လင်နေသည့် သကြားလုံးရည်စိမ် သစ်သီးချောင်းများအား လုပ်နိုင်သွားခဲ့လေတော့သည်။

အထဲမှ သစ်သီးသည် အနီရောင်ဖြစ်ကာ တစ်ဝက်ခန့် နီနေသည့် သကြားရည် အလွှာဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ အနည်းငယ် အေးသွားချိန်တွင် အပြင်ဘက်မှ သကြားရည်သည် ကြည်လင်လှသည့် သကြားအလွှာ ဖြစ်သွားခဲ့တော့သည်။

သူမသည် တစ်လုံးစီသာ လုပ်နေခြင်း ဖြစ်သည့် အတွက် ထို သစ်သီးများအား ပန်းကန်ပြားပေါ်တွင်သာ တင်ထားကာ တုတ်ဖြင့် မထိုးထားခဲ့ချေ။

ကလေးများသည် အရင်တွင် ကျရှုံးခဲ့သည့် အရာများအား မည်သည့် စိတ်အနှောင့်အယှက်မှ မရှိဘဲ စားနိုင်ခဲ့လေသည်။ သို့သော် အခု ယခုလို ပြီးပြည့်စုံပြီး အထူးလှပသည့် သစ်သီးများအား မြင်ချိန်တွင် သူတို့ မစားရဲကြတော့ချေ။

"ဘာလို့ မစားကြတာလဲ"

ချီကျားမှ အရင်ဆုံး မေးကြည့်လိုက်လေသည်။ ဝမ်ဝူလန်မှ အနေခက် သွားပြီး သူ့ဗိုက်အား ပွတ်ပြရင်း ပြောလိုက်သည်။

"သား အရမ်းစားမိသွားလို့ နည်းနည်း ဗိုက်ပြည့်နေပြီ ဒါတွေကို အရင် သိမ်းထားလိုက်ကြရအောင်"

ဝမ်လျိုလန်သည်လည်း အနည်းငယ် အနေခက်နေခဲ့သည်။ သစ်သီးများသည် သူတို့၏ ပိုင်ဆိုင်မှု ဖြစ်သော်လည်း သစ်သီးများသည် တန်ဖိုးမရှိချေ။ သကြားသည်သာ ပို၍ တန်ဖိုးရှိပေသည်။ သူတို့ အများကြီး စားမိသွားပြီ ဖြစ်သည်။

"ဒါတွေကို သိမ်းထားပြီး ချင်ဟွိုင်ကို အကုန်ပေးလိုက် မင်းကို သစ်သီးတစ်ခြင်း ထပ်ပေးမယ် ဒီနေ့ ငါတို့ အများကြီး စားမိသွားတယ်"

သေချာပေါက်ပင် အစားပုပ်လှသည့် အားယွီလေးမှာမူ ဗိုက်မဝသေးချေ။ သူမသည် အားလုံးပေါင်း လေးငါးလုံးလောက်သာ စားရသေးခြင်း ဖြစ်သည်။ သို့သော် သူမလေးသည် ပါးအား အုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။

"အရမ်းချိုတာပဲ အရမ်းချိုတယ် အားယွီ့ လျှာကိုတောင် မခံစားရတော့ဘူး"

သူမ၏ နောက်တီးနောက်တောက် ပုံစံလေးကြောင့် အကုန်လုံး ရယ်မောသွားကြကုန်လေသည်။ ချင်ဟွိုင်မှ ပြောလိုက်သည်။

"မင်းတို့ ရောင်းဖို့ သကြားလုံးရည်စိမ် သစ်သီးချောင်းတွေ လုပ်ချင်တာလား ငါပါ ဝင်လို့ရမလား မင်းတို့က သစ်သီးတွေ ပေးပြီး စတုတ္ထအဒေါ်က လုပ်ကိုင်ပေးတာကို တာဝန်ယူမယ်ဆိုရင် ငါက သကြား ထောက်ပံ့ပေးမယ်လေ ပြီးရင် ငါတို့ အမြတ်ကို ခွဲကြမယ် ဘယ်လိုလဲ"

ကလေးများသည် အနည်းငယ် ကြက်သေ သေသွားကြကုန်သည်။ မည်သို့ ဖြစ်နေမှန်း သူတို့ မသိကြချေ။ ဤသည်မှာ အနည်းငယ် ရှုပ်ထွေးသလိုပင် ဖြစ်သည်။ လျိုရှီလည်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။

"ဒီဟာက တကယ်ပဲ ရောင်းလို့ရမှာလား"

ယနေ့ သူတို့ အကြိမ်များစွာ စမ်းသပ်ခဲ့ရသော်လည်း နေ့တစ်ဝက်လောက် အတွင်းမှာ ပြီးပြည့်စုံသည့် ထုတ်ကုန်တစ်ခုအား လုပ်ဆောင်နိုင်ခဲ့လေသည်။ သကြားလုံးရည်စိမ် သစ်သီးချောင်း လုပ်သည့် နည်းပညာသည် မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်အား ပုံတူကူးဖို့ရန် အမှန်တကယ် ဤမျှလောက် လွယ်ကူနေလိမ့်မည်လား။

All Chapters