ပထမဆုံး ကြေးပြား
Vol. 9 Ch. 134
ဝမ်တာ့လန်သည် ဝမ်စန်းလန် ဝမ်စစ်လန်နှင့် အားယွီလေးတို့အား လန်ဟယ်မြို့ဆီ ခေါ်သွားခဲ့တော့သည်။ အဖွားအိုဝမ်သည် သူတို့အား ဂရုမစိုက်ဟု ပြောခဲ့သည့်တိုင် လမ်းတွင် သူတို့ အနိုင်ကျင့်ခံရမည်အား စိုးရိမ်သဖြင့် ဝမ်ချွမ်းမန်အား သူတို့၏ နောက်မှနေ လိုက်သွားခိုင်းသေးသည်။
ကလေးလေးများမှ မသိသော်လည်း အသားလုံးလေးမှာမူ နောက်က လိုက်လာမှန်း သိလေသည်။ ထို့တိုင် အသားလုံးလေးမှ သူတို့အား ပြောပြရန် အစီအစဉ် မရှိချေ။
လန်ဟယ်မြို့သည် မကြီးလှချေ။ စုစုပေါင်း လမ်းမကြီး သုံးလမ်းသာ ရှိပေသည်။ အကြီးဆုံး လမ်းမကြီးမှာ ဆိုင်ခန်း ဖွင့်ခွင့်မပြုချေ။ ကျန်သည့် လမ်းမကြီး နှစ်ခုထဲမှ တစ်ခုတွင် ဟင်းသီးဟင်းရွက် မျိုးစုံရောင်းချကာ ကျန်တစ်ခုမှာမူ ပစ္စည်းမျိုးစုံ ရောင်းချလေသည်။
ဆိုင်ခန်းများတွင် ရောင်းချသည့် ပစ္စည်းအများစုသည် ဆိုင်ကြီးများထက် ပိုသက်သာသည့်တိုင် အလွန်အမင်း စျေးမပေါနိုင်ချေ။ ထိုသို့ မဟုတ်လျှင် ဆိုင်ကြီးများသည် သူတို့အား ပြဿနာ လာရှာလိမ့်မည် ဖြစ်သည်။
ဝမ်တာ့လန်သည် ခြင်းတောင်းကြီး တစ်လုံးအား ကျောပိုးထားလေသည်။ ဝမ်စန်းလန်သည် သက်ငယ်ကယ်များ အပြည့်ပါသည့် ထမ်းစင် တစ်ခုအား ကိုင်ဆောင်ထားလေသည်။ ဝမ်စစ်လန်မှာမူ သကြားလုံးရည်စိမ် သစ်သီးချောင်းများ အပြည့်ပါသည့် ခြင်းတောင်းကိုသာ ကိုင်ထားခြင်း ဖြစ်သည်။
အားယွီလေးမှာမူ ဤတစ်ကြိမ်တွင် အလွန် တော်လှပေသည်။ သူမသည် အစ်ကိုများအား မချီခိုင်းဘဲ တစ်ယောက်တည်း ခုန်ပေါက်ကာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ အစ်ကိုများမှာ အစပိုင်းတွင် သဘောမတူသည့်တိုင် အားယွီလေးအား မနိုင်လို့ သူမ၏ သဘောအတိုင်းသာ လိုက်လျော လိုက်ရတော့သည်။
သူတို့သည် တတိယလမ်းသို့ သွားလိုက်ကြလေသည်။ ထိုလမ်း၌ နာမည် မရှိချေ။ လူတိုင်းသည် များသောအားဖြင့် လန်ဟယ် တတိယလမ်း ဟုစာ ခေါ်ဆိုကြလေသည်။
ကပ်ဘေးသည် မကြာသေးမှီတွင် ပြီးသွား၍လား မသိချေ လန်ဟယ် တတိယလမ်း၌ ဈေးသည် အများအပြား မရှိသကဲ့သို့ ဈေးဝယ်သူများလည်း အလွန် နည်းပါးလှသည်။ သူတို့၏ ဆိုင်နေရာချရန် အတွက် နေရာလွတ်တစ်ခုအား မြန်မြန်ဆန်ဆန်ပင် ရှာတွေ့သွားတော့သည်။ ဘယ်ဘက်တွင် ပေါက်စီ ရောင်းနေသည့်ဆိုင် ရှိကာ ညာဘက်တွင် ဟင်းသီးဟင်းရွက် ရောင်းသည့် ဆိုင်လည်း ရှိပေသည်။ မျက်နှာချင်းဆိုင်တွင်မူ ကန်စွန်းဥကင်နှင့် သစ်အယ်သီးလှော် ရောင်းသည့်ဆိုင် ရှိနေခဲ့ကာ လက်လုပ် ကောက်ရိုးဖိနပ်များလည်း ရောင်းချနေသေး၏။
ကလေးများ ဆိုင်လာဖွင့်သည်အား ဈေးသည်များ မြင်ချိန်တွင် အကုန်လုံး လှမ်းကြည့်လာကြလေသည်။ ဝမ်တာ့လန်သည် ကျောပေါ်မှ ခြင်းတောင်းအား ချလိုက်ပြီးနောက် သူတို့ လုပ်ထားသည့် ကောက်ရိုးဖျာတစ်ခုအား ခင်းရန် အတွက် ထုတ်လိုက်လေသည်။
ကောက်ရိုးဖျာအား မြေကြီးပေါ်တွင် ခင်းလိုက်လေသည်။ ထို့နောက်တွင် သူသည် ခြင်းတောင်းထဲမှ တောရိုင်းသစ်သီးများအား ထုတ်ယူလိုက်လေသည်။ တောရိုင်းသစ်သီးများ အကုန်လုံးသည် အနီရဲရဲလေးများ ဖြစ်ကြကာ ကြည့်လိုက်သည်နှင့် အလွန်ပင် စားချင်စရာ ကောင်းနေခဲ့သည်။ အောက်ခြေမှ သစ်သီးတချို့သည် ပိပြားနေခဲ့လေသည်။ ဝမ်တာ့လန်မှ ထိုအရာများအား သူ၏ ညီညီမများကို ကမ်းပေးလိုက်သည်။
"စားလိုက်ကြ"
ဝမ်စန်းလန်နှင့် ဝမ်စစ်လန်တို့သည် ခေါင်းအား တဆက်ဆက် ခါရမ်းလိုက်လေသည်။
"ညီမလေး အားယွီ့ကို ပေးလိုက်ပါ ကျွန်တော်တို့ မစားတော့ဘူး"
ဤအရာများသည် သူတို့မိသားစုမှ စားရန် ခူးလာခြင်း ဖြစ်သည် ဆိုလျှင် သူတို့ စားသောက်ရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုတွင် စီးပွားရေးအတွက် ရောင်းချရန် ခူးဆွတ်လာခြင်း ဖြစ်ကာ ရောင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည့် အတွက် သူတို့ မစားနိုင်ကြချေ။ သို့သော် သူတို့သည် သူတို့၏ ညီမလေးကိုမူ ပေးချင်ကြသေးသည်။ သို့ပေမယ့် အားယွီလေးသည် မစားခဲ့ချေ။
"အားယွီ အခု မဆာသေးဘူး အားယွီ မစားချင်ဘူး ဒါကြောင့် သိမ်းထား လိုက်ကြရအောင် တစ်ယောက်ယောက်က သမီးတို့ သစ်သီးတွေကို ဝယ်ချင်ရင် သူတို့က ဒီပိပြားနေတဲ့ သစ်သီးတွေကို နမူနာအနေနဲ့ မြည်းကြည့်လို့ ရတာပေါ့"
"ဟုတ်တယ် ငါတို့ ဒါကိုသုံးပြီး လူတွေကို အရသာ နမူနာ မြည်းကြည့်ခိုင်းလို့ ရတယ် ညီမလေး အားယွီက အမြဲတမ်း ဉာဏ်အကောင်းဆုံးပဲ ဆရာဟူတောင်မှ ညီမလေးကို ချီးကျူးတာ အံ့သြစရာ မဟုတ်ဘူး"
အခု သူတို့ မိသားစုဝင် တချို့သည် အကြီးအကဲဟူထံ၌ စာသင်နေကြပြီ ဖြစ်သည့် အတွက် သဘာဝကျကျပင် အားလုံးသည် သူ့အား ဆရာဟူ ဟု ခေါ်ကြလေသည်။
ပတ်ဝန်းကျင်မှ လူများသည် အစပိုင်းတွင် သူတို့ မည်သည့် အရာများ ရောင်းမည် ဆိုသည်အား သိချင်နေကြခြင်း ဖြစ်သည။ သစ်သီးများ ထုတ်ရောင်းသည်အား မြင်လိုက်ချိန်တွင် ခေါင်းခါလိုက်ကြကုန်သည်။
"ဒီသစ်သီးတွေကို မင်းတို့ဘာသာ စိုက်ထားတာလား ဘာလို့ အပြင်က တောရိုင်းသစ်သီးတွေနဲ့ တူနေတယ်လို့ ခံစားရတာလဲ ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလို့ ထင်တယ်"
ပေါက်စီရောင်းသည် ဦးလေးကြီးမှ စေတနာဖြင့် သတိပေးလိုက်လေသည်။
"မင်းတို့ ဒါကို ရောင်းချင်တယ်ဆိုရင်တော့ ဖြစ်နိုင်ချေ နည်းနည်း နည်းတယ်ကွ အစောကြီး ပြန်သွားပြီး တခြားတစ်ခုခု ပြောင်းရောင်းတာ ပိုကောင်းလိမ့်မယ်"
ရွာဖြင့် ယှဉ်လိုက်လျှင် မြို့ မှ လူများသည် သဘာဝကျကျပင် အခြေအနေ ပိုကောင်းကြသည် ဆိုသည့်တိုင် သူတို့သည် အရူးများ မဟုတ်ကြချေ။ အရသာရှိသည့် တောဟင်းရွက်များ မဟုတ်လျှင် သူတို့ အများအပြား ပိုက်ဆံသုံးကြလိမ့်မည် မဟုတ်ချေ။ ဤခေတ် ဤအခါတွင် သစ်သီးများသည် မရှိမဖြစ် လိုအပ်သည့် အရာ မဟုတ်ချေ။ စားစား မစားစား ကိစ္စမရှိပါချေ။ အားယွီလေးမှ ပြောလိုက်သည်။
"ဦးလေး သမီးတို့ သစ်သီးတွေက အရမ်းစားလို့ကောင်းတာ အစ်ကိုတွေနဲ့ သမီး အတူတူ စိုက်ထားတာ စမ်းစားကြည့်ပါလား"
ပြောရင်းဆိုရင်းဖြင့် အားယွီလေးသည် ပိပြားနေသည့် သစ်သီးများထဲမှ တစ်လုံးအား ယူကာ ပေါက်စီရောင်းသည့် ဦးလေးကြီးအား သွားပေးလိုက်လေသည်။
ပေါက်စီရောင်းသည့် သူသည် ဤသည်မှာ ပိပြားနေသည့် အရာ ဖြစ်သည်အား သိလေသည်။ ထိုကလေးလေး သူ့အား နောက်ပြောင်နေသည်ဟု သူ မထင်သော်လည်း ယူဖို့ရန် အတွက် လက်မလှမ်းခဲ့ချေ။
"မင်းတို့ မိသားစုရဲ့ သစ်သီးတွေကို ဦးလေး မဝယ်ဘူး ဦးလေးကိုလည်း မမြည်းကြည့်ခိုင်းပါနဲ့ မင်းတို့ဘာသာပဲ စားလိုက်ပါ"
"ဦးလေး ဝယ်စရာ မလိုပါဘူး ဦးလေး စားဖို့အတွက်ပါ ကျေးဇူးတင်ပါတယ်”
အားယွီလေးမှ ချိုမြိန်စွာ ပြုံးပြလိုက်သည်။
"ဦးလေး သမီးတို့ကို သတိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အဘွားက ကျွန်မတို့ကို ကူညီတဲ့လူတွေကို ကျေးဇူးတင်ရမယ်လို့ ပြောတယ်"
ကလေးမလေးမှ သူ့အား စိုက်ကြည့်နေသည်အား မြင်ချိန်တွင် ပေါက်စီရောင်းသည့် ဦးလေးကြီးမှာ ထပ်မငြင်းနိုင်တော့ဘဲ သစ်သီးအား ယူလိုက်ရတော့သည်။ သူ ငယ်စဉ် အချိန်တွင် ထိုသစ်သီးအား စားရခြင်းအား ကြိုက်နှစ်သက်ခဲ့သည် ဟု စိတ်ထဲ၌ တွေးလိုက်မိသည်။ ဤအရာသည် ချဉ်ချဉ်ချိုချိုလေး ဟု သူ မှတ်မိသေးသည်။
လူကြီးများသည် ယေဘုယျအားဖြင့် သူတို့ ငယ်စဉ်တွင် စားခဲ့သည့် အရာများအား စားရသည်ကို မကြိုက်ကြချေ။ အဘယ်ကြောင့် ဆိုသော် အသက်ကြီးလာသည် နှင့် အမျှ သူတို့၏ အကြိုက်များသည် အကြီးအကျယ် ပြောင်းလဲသွားတတ်၍ ဖြစ်သည်။
အထူးသဖြင့် အသက်ကြီးလာချိန်တွင် အစားအသောက်ကောင်းများ ပိုစား လာရလေသည်။ သဘာဝကျကျပင် ယခုလို ကလေးဆန်သည့် သရေစာများအား သူတို့ သဘောကျလိမ့်မည် မဟုတ်ချေ။ အားယွီလေးသည် ပေါက်စီရောင်းသည့် ဦးလေးကြီးအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
သူမသည် စကားတစ်ခွန်းမှ မပြောသည့်တိုင် ပေါက်စီရောင်းသည့် ဦးလေးကြီးသည် သူမမှ သူ့အား ချက်ချင်း မြည်းကြည့်စေချင်ခြင်း ဖြစ်သည်ဟု ခံစားလိုက်ရတော့သည် ထိုသို့ဆိုလျှင် သူ စမ်းကြည့်လိုက်ပါမည်လေ။
အချဉ်ဓာတ် အတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည့် အတွက် ဦးလေးကြီးသည် အနီရောင်သစ်သီးအား ဖြစ်သလိုလေး သုတ်လိုက်ကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။
ပတ်ဝန်းကျင် ဆိုင်များမှ လူများသည် ဦးလေးကြီးအား စိုက်ကြည့်နေကြလေသည်၊ အဓိကမှာမူ သူ အချဉ်စားမိ၍ မျက်နှာ ရှုံ့မဲ့သွားသည်အား ကြည့်ချင်လို့ပင် ဖြစ်သည်။
မည်သည့် အသံမှ မထွက်လာခဲ့သည့် အပြင် ဦးလေးကြီး၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ် သွားခဲ့လေသည်။ ထို့နောက်သည် သူသည် နှုတ်ခမ်းအား နှစ်ချက်သုံးချက်ခန့် သပ်လိုက်ပြီးနောက် သွားရည်များ ကျမတတ် ဖြစ်သွားခဲ့ရလေသည်။
"ချိုင်နျူ ဘယ်လိုနေလဲ အရမ်းချဉ်လား ငါ ငယ်ငယ်တုန်းက ဒီသစ်သီးကို မကြိုက်ဘူး ဒါက ငါတို့ ပုံမှန် စားနေကျဟာတွေထက် ပိုကြီးပုံ ပေါ်ပေမယ့် ချဉ်တော့ ချဉ်မှာပဲမလား"
တစ်ယောက်ယောက်မှ ကလေးများ၏ မျက်နှာထားအား ဂရုမစိုက်ဘဲ ပြုံး၍ မေးလိုက်လေသည်။ ချိုင်နျူ သည် ထိုစကားအား ကြားချိန်တွင် ပါးစပ်ထဲမှ သစ်သီးအား မြိုချလိုက်ပြီး လက်ခါပြလိုက်တော့သည်။
"ဒီသစ်သီးက လုံးဝ မချဉ်ဘူး အရမ်းတောင် ချိုသေးတယ် အိမ်က သကြားနဲ့တောင် တူတယ်"
သူတို့ ပုံမှန်ဝယ်လေ့ရှိသည့် သကြားသည် အထူးတလည် မချိုလှချေ။ ထို့အပြင် ပိုချိုသည့် သကြား၏ စျေးသည် ပိုကြီးလှသည်။ သာမန်လူများသည် များသောအားဖြင့် ရိုးရိုးသကြားကိုသည ဝယ်လေ့ရှိပြီး သုံးရန်ပင် နှမြောတတ်ကြ သေးသည်။
ထိုသစ်သီးသည် သကြားကဲ့သို့ ချိုသည် ဆိုသည်အား လူတိုင်း ကြားလိုက်ရချိန်တွင် အားလုံးသည် မယုံကြည်နိုင်စရာ ဟုသာ ခံစားလိုက်ရတော့သည်။ သစ်သီးများသည် မည်ကဲ့သို့ သကြားကဲ့သို့ ချိုနိုင်လိမ့်မည်နည်း။
"ချိုင်နျူ မင်းက ဒီကလေးတွေနဲ့ ဆွေမျိုး တော်တယ်မလား မင်းက ဒီမှာရှိတဲ့ လူတိုင်းအတွက် သရုပ်ဆောင်ပြနေတာလား"
ကောက်ရိုးဖိနပ် ရောင်းသည့် အဘိုးကြီးသည် မကျေမနပ် မျက်နှာထားနှင့် အသံသြသြကြီးဖြင့် ပြောလိုက်လေသည်။
"မင်း ငါတို့ အတွက် သရုပ်ဆောင်ပြနေလည်း အလကားပဲ ဒီသစ်သီးကို ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး"
ချိုင်နျူ၏ မျက်နှာ နီရဲသွားခဲ့လေသည်။
"ခင်ဗျားတို့ ဝယ်ဝယ် မဝယ်ဝယ် ဘယ်သူက ဂရုစိုက်လို့လဲ ငါက ဘာပွဲလုပ်ပြနေလို့လဲ ငါက တစ်နေကုန် အလုပ်မရှိ အကိုင်မရှိ ဖြစ်နေလို့လား ခင်ဗျားတို့ မဝယ်ချင်လည်း ရတယ် ဒါပေမဲ့ အဲဒီမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့ ငါစားကြည့်ပြီးပြီ ချိုတယ် ဒါကြောင့် ငါဝယ်ချင်တယ်"
သူ တကယ် ဝယ်ချင်သည် ဆိုတာအား သက်သေပြရန် အတွက် ချိုင်နျူမှ ကလေးများအား မေးလိုက်လေသည်။
"ဒီတောရိုင်းသစ်သီးတွေက ဘယ်လောက်လဲ"
"ကြေးပြား တစ်ပြားကို “
သူတို့မိသားစုတွင် ချိန်ခွင် မရှိသဖြင့် အလေးချိန်အား မတိုင်းနိုင်ကြချေ။ သူတို့ အပြင် မထွက်လာခင်တွင် သစ်သီး ၁၀ လုံးအား ကြေးပြား တစ်ပြားဖြင့် ရောင်းရန် တိုင်ပင်ပြီးနောက် သဘောတူထားခဲ့ကြခြင်း ဖြစ်သည်။
[ကလေးလေး သူ့ကို ငါးလုံးကို ကြေးပြား တစ်ပြားလို့ ပြောလိုက်]
အားယွီလေးမှ မည်သည်ကိုမှ မစဉ်းစားဘဲ ပြောလိုက်သည်။
"ဦးလေးချိုင်နျူ ဒါက ငါးလုံးကို ကြေးပြား တစ်ပြားပါ ဦးလေးက သမီးတို့ သစ်သီးတွေကို ပထမဆုံး ဝယ်တဲ့သူဆိုတော့ နောက်ထပ် တစ်လုံး အလကားပေးမယ်"
ချိုင်နျူသည် ငါးလုံးအား ကြေးပြား တစ်ပြားဆိုသည်မှာ အလွန် စျေးကြီးသည် ဟု ချက်ချင်း ခံစားလိုက်ရလေသည်။ တောင်ပေါ်တွင် တောရိုင်းသစ်သီးများ နေရာတိုင်း ရှိပေသည်။ ထိုသစ်သီးများသည် အနည်းငယ် ပိုကြီးလျှင်ပင် သာမန်လူကြီးတစ်ယောက်၏ လက်ဖဝါးထဲတွင် ငါးလုံးသည် အလွယ်တကူ ဆံ့နိုင်ပေသည်။ သို့သော် ကလေးမလေးမှ ဤမျှလောက် အများကြီး ပြောထားပြီးပြီ ဖြစ်ရာ သူ မဝယ်လျှင် အနေခက်သွားရလိမ့်မည်။
သူမှ သတ္တိမွေးပြီး ပြောလိုက်သည်။
"ကောင်းပြီ မင်းကို ကြေးပြား တစ်ပြား ပေးမယ်"
ထိုသစ်သီးများအား ကလေးများ စားရန် အတွက် အိမ်ပြန်ယူသွားမည်ဟုသူ ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သူကိုယ်တိုင် ဝယ်လာခြင်း ဖြစ်သည် ဟု သူ၏ မိန်းမအား ပြော၍ မရချေ။။ မဟုတ်လျှင် သူ့မိန်းမသည် သူ့အား သေချာပေါက် ပွစိပွစိ လုပ်လိမ့်မည် ဖြစ်သည်။
ကြေးပြား တစ်ပြား ရသွား ပြီးသည့် နောက် ဝမ်မိသားစု၏ ကလေးများ အလွန် စိတ်လှုပ်ရှား သွားကြတော့သည်။ ထိုသည်မှာ သူတို့ ကိုယ်တိုင် ပထမဆုံး ရှာနိုင်ခဲ့သည့် ကြေးပြားပင် ဖြစ်သည်။ ထိုအချိန်မှာပင် ဝမ်စန်းလန်နှင့် ဝမ်စစ်လန်တို့သည် သကြားလုံးရည်စိမ် သစ်သီးချောင်းများအား အလျင်စလို ထုတ်ပြလိုက်ကြတော့သည်။