← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) ကျောက်မီးသွေးကဲ့သို့ မီးရှို့ခံရသော ဘဏ္ဍာတိုက်နှင့် ရှန်းယန်မြို့ရှိ မျိုးချစ်မဲဖောက်ခြင်း

ရှန်းယန်မြို့တွင် ဆောင်းဦးလေပြေမှာ တစ်ညချင်းအတွင်း အလွန်အမင်း အေးစက်ခက်ထန်လာသည်။

မနေ့က အားကစားကွင်း၌ ဂလက်ဒီရေတာ တိုက်ပွဲကို အားပေးနေကြသော ပြည်သူများသည် ယနေ့နံနက်တွင် လမ်းမများပေါ်၌ လေထုပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ကြသည်။ ပိုးထည်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပုံမှန်သယ်ယူသည့် ရထားလုံးများ ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် ဆန်စပါး၊ သံနှင့် ကျောက်မီးသွေးများ အပြည့်တင်ဆောင်ထားသော ထောက်ပံ့ရေး ရထားလုံးများဖြင့် အစားထိုးခံထားရသည်။ ဘီးလုံးများမှာ ကျောက်ပြားလမ်းများပေါ်တွင် အသံပြင်းစွာ မြည်ဟည်း၍ ဖြတ်သန်းသွားကြသည်။

လေထဲတွင် ပျံ့လွင့်နေသည့် ကင်ထားသော ကန်စွန်းဥ၏ အနံ့သင်းသင်းမှာ ပျောက်ကွယ်သွားပြီး စက်ဆီအနံ့နှင့် သံမဏိများ ပူလောင်နေသော အနံ့တို့က လွှမ်းမိုးသွားသည်။

မဟာချင်အင်ပါယာ၏ ဧရာမ စက်ယန္တရားကြီးမှာ အလွန်နာကျင်ဖွယ်ကောင်းသော ဂီယာပြောင်းလဲခြင်းကို ခံနေရသည်။ ၎င်းမှာ စည်းစိမ်ဥစ္စာဟုခေါ်သော အရှိန်ပြင်းဂီယာမှ စစ်ပွဲဟုခေါ်သော တောင်တက်ဂီယာသို့ အတင်းအကျပ် ပြောင်းလဲခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

ချီလင်ခန်းမ၏ ဘေးဘက်နန်းဆောင်တစ်ခုအတွင်း၌ မဟာချင်ဝန်ကြီးချုပ် လီစစ်မှာ သူ၏ လုပ်သက်တစ်လျှောက် အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ၄င်းမှာ သူပုန်ထခြင်း မဟုတ်ဘဲ ဒေဝါလီခံရမည့် အခြေအနေ ဖြစ်သည်။

လီစစ်မှာ ပျံ့ကျဲနေသော ပေသီးလုံးများအကြား ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသည်။ သူ၏လက်ထဲတွင် ထူထဲသော စာရင်းစာအုပ်ကို ကိုင်ထားကာ ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်လုံးများမှာ ချိုင့်ဝင်နေကာ လုယက်ခံလိုက်ရသော သူဌေးအိုကြီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

“အရှင်မင်းကြီး…ကျွန်တော်မျိုးတို့ နောက်ထပ် မခွဲပေးနိုင်တော့ဘူး… တကယ့်ကို မခွဲပေးနိုင်တော့ဘူး”

လီစစ်က စာရင်းစာအုပ်ပေါ်ရှိ အနီရောင်စာလုံးများကို လက်ညှိုးထိုးရင်း တုန်ယင်စွာ အော်ဟစ်လိုက်သည်။

“နန်းတွင်းရေးရာဌာနက သံချပ်ကာ ရထားတွေ ဆောက်ဖို့ ငွေတောင်းတယ်၊ ဒင်္ဂါးသန်းငါးဆယ်တောင် တောင်းနေတာ..အိမ်ရှေ့စံမင်းသားက လက်နက်စက်ရုံတွေ တိုးချဲ့ဖို့အတွက် ရွှေကတ္တီတစ်သောင်း တောင်းပြန်တယ်… ပြီးတော့ အဲ့ဒီအသုံးအဖြုန်းကြီးတဲ့ ရှန်းယွီကလည်း သူရဲ့ အထူးတပ်ဖွဲ့တွေက အကောင်းဆုံး အမဲသားစားရမယ်၊ အကောင်းဆုံး အရက်သောက်ရမယ်၊ ဈေးကြီးလွန်းတဲ့ လက်ပစ်ဗုံးတွေ လိုအပ်တယ်တဲ့”

“အရှင်မင်းကြီး.. ကျွန်တော်မျိုးတို့ နှစ်နှစ်အတွင်း ငွေအနည်းငယ် ရှာနိုင်ခဲ့ပေမယ့် ဒီလောက်တော့ မဖြုန်းသင့်ပါဘူး…ဘဏ္ဍာတိုက်ထဲက ကြွက်တွေတောင် မျက်ရည်ကျပြီး ထွက်သွားရတော့မယ်၊ တကယ့်ကို ဆန်စပါး အပိုမရှိတော့ပါဘူး”

ချင်ရှီဟွမ်မှာ နဂါးရာဇပလ္လင်ပေါ်တွင် ထိုင်လျက် မြေစေးလက်ဖက်ရည်အိုးကို ကိုင်ကာ မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြုတ်ထားသည်။

လီစစ် လိမ်ပြောနေခြင်း မဟုတ်ကြောင်း သူ သိသည်။ စစ်ပွဲဆိုသည်မှာ ငွေကို မီးရှို့ခြင်းနှင့်တူပြီး မိုင်ပေါင်း တစ်သောင်းကျော် အကွာအဝေးတွင် စက်မှုစစ်ပွဲကို တိုက်ခိုက်ခြင်းမှာ ဘဏ္ဍာတိုက်တစ်ခုလုံးကို ကျောက်မီးသွေးကဲ့သို့ မီးရှို့နေခြင်းနှင့် အတူတူပင် ဖြစ်သည်။

“ရှောင်ဂျီ…”

ချင်ရှီဟွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

“ငါ အလျင်စလို လုပ်မိနေတာလား…”

သူ၏ စိတ်ထဲရှိ အလင်းမျက်နှာပြင်မှာ အေးဆေးတည်ငြိမ်သော အပြာရောင်အလင်းဖြင့် လင်းလက်လာသည်။

[အရှင်မင်းကြီး... ဤသည်မှာ စုပေါင်းစစ်ပွဲ၏ မလွှဲမရှောင်သာသော လမ်းကြောင်း ဖြစ်ပါသည်... စက်မှုစစ်ပွဲဆိုသည်မှာ ထောက်ပံ့ရေးနှင့် ထုတ်လုပ်နိုင်စွမ်း၏ တိုက်ပွဲ ဖြစ်ပါသည်... သို့သော် ငွေဆိုသည်မှာ စုဆောင်းရမည့်အရာ မဟုတ်ပါ၊ ဖန်တီးယူရမည့်အရာ ဖြစ်ပါသည်…]

[ဖန်တီးယူမယ်…ဘယ်လိုလဲ... ငါ့ကို ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်ခိုင်းမလို့လား…]

[မဟုတ်ပါ... အရှင်မင်းကြီးမှာ ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်ခြင်းထက် ပိုမိုအားကောင်းသော နည်းလမ်း ရှိပါသည်... ၎င်းမှာ အကြွေးဖြစ်ပါသည်…]

ချင်ရှီဟွမ်မှာ လက်ဖက်ရည်အိုးကို တွေးတောစွာဖြင့် ပွတ်သပ်လိုက်သည်။

“လီစစ်... အော်ဟစ်နေတာ ရပ်လိုက်တော့...”

ချင်ရှီဟွမ်က လက်ဖက်ရည်အိုးကို ချလိုက်ကာ အသံကို တည်ငြိမ်စွာ ဆိုလိုက်၏။

“ဘဏ္ဍာတိုက်ကုန်နေတာ ငါ သိတယ်... ဒါပေမယ့် ပြည်သူတွေဆီမှာ ပိုက်ဆံ ရှိတယ်...”

လီစစ်က အတုအယောင် ငိုကြွေးခြင်းကို ရပ်လိုက်ပြီး မော့ကြည့်သည်။

“အရှင်မင်းကြီးဆိုလိုတာက... အခွန်တွေ တိုးကောက်မလို့လား...”

“မိုက်မဲလိုက်တာ...”

ချင်ရှီဟွမ်က ကျိန်ဆဲလိုက်သည်။

“အခွန်တိုးကောက်တာက ရွှေဥအုတဲ့ ဘဲကို သတ်တာနဲ့ တူတယ်... ပြည်သူတွေ ပုန်ကန်လိမ့်မယ်... ငါ လိုချင်တာက... ချေးယူဖို့...”

“ချေးယူဖို့..”

“ဟုတ်တယ်... မဟာချင် အထူးစစ်ပွဲဆိုင်ရာ ငွေချေးစာချုပ်တွေ ထုတ်ဝေမယ်...”

ချင်ရှီဟွမ်မှာ ထရပ်လိုက်ပြီး မြေပုံဆီသို့ လျှောက်သွားကာ သူ၏အကြည့်များက စည်ကားနေသော ရှန်းယန်မြို့ကြီးကို ခြုံငုံကြည့်လိုက်သည်။

“ကမ္ဘာ့ကုန်သည်တွေနဲ့ ပြည်သူတွေကို ပြောလိုက်... ငါ မောက်တွန်းကို တိုက်တာက သူတို့ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကာကွယ်ဖို့အတွက်ပဲ... ဒါမှ သူတို့ အနာဂတ်မှာ ကမ္ဘာအဆုံးအထိ စီးပွားရေး လုပ်နိုင်မှာ...”

“အခု ငါ သူတို့ဆီက ပိုက်ဆံချေးမယ်... ငွေချေးစာချုပ်တစ်ခုကို ဒင်္ဂါးတစ်ရာ၊ ငါးနှစ်ပြည့်ရင် အရင်းနဲ့ အတိုးပေါင်းပြီး ဒင်္ဂါးတစ်ရာ့နှစ်ဆယ် ပြန်ပေးမယ်...”

“နောက်တစ်ခုက...”

ချင်ရှီဟွမ်၏ မျက်လုံးတွင် လျှို့ဝှက်ချက်တစ်ခု ပေါ်လာသည်။

“လူတိုင်း ပိုပြီး စိတ်ဝင်စားအောင် ငွေချေးစာချုပ်တွေမှာ ဆုမဲတွေ ထည့်မယ်...”

“ဆုမဲ”

လီစစ်မှာ နားမလည်စွာဖြင့် မေးလိုက်သည်။

“ငွေချေးစာချုပ်တစ်သောင်း ရောင်းရတိုင်း လူထုကိုမဲဖောက်ပေးမယ်... ပထမဆုက... အာဖန်းနန်းတော်ဘေးမှာ ပေးအပ်မယ့် တော်ဝင်အပန်းဖြေစံအိမ်တစ်လုံး...”

“ဒုတိယဆုက... သေဒဏ်ကင်းလွတ်ခွင့် ရွှေပြား(ပုန်ကန်မှုမှလွဲ၍)...”

“တတိယဆုက... အိမ်ရှေ့စံမင်းသားကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ နှင်းနိုင်ငံ ရထားမော်ဒယ်လ်…”

လီစစ်မှာ အံ့အားသင့်သွားသည်။

“ဒါက ငွေချေးတာလား... ဒါက... လောင်းကစားရုံ ဖွင့်တာပဲ မဟုတ်လား”

“အရှင်မင်းကြီး... ဒါက... ဒါက တကယ် အလုပ်ဖြစ်ပါ့မလား...”

“အလုပ်ဖြစ်၊ မဖြစ်ဆိုတာ လျူပန်ကို စမ်းခိုင်းကြည့်မှ သိမှာပေါ့...”

ချင်ရှီဟွမ်က မဲ့ပြုံးပြုံးလိုက်သည်။

“အဲ့ဒီလူလိမ်ကြီးကပဲ ဘာမှမလုပ်ဘဲ တစ်ခုခုရမယ့် အကွက်တွေဆို အတော်ဆုံးပဲ...”

သုံးရက်အကြာတွင် ရှန်းယန်မြို့ အနောက်ဘက်ဈေး၌။

ကြီးမားသော သစ်သားစင်ကြီးတစ်ခုကို ထပ်မံ တည်ဆောက်ထားသည်။ သို့သော် ယနေ့ သူတို့ ဆပ်ပြာ ရောင်းနေခြင်းမဟုတ်ဘဲ အရောင်စုံ စာရွက်အပိုင်းအစများကို ရောင်းချနေခြင်း ဖြစ်သည်။

လျူပန်မှာ ကြေးဒင်္ဂါးပုံစံများ ချုပ်ထားသော ပိုးဝတ်ရုံကို ဝတ်ဆင်ကာ စင်ပေါ်တွင် ရပ်နေပြီး သူ၏မျက်နှာမှာ ဝင်းပနေသည်။ သူ၏နောက်တွင် ဖန်ခွိုက်မှာ ကြေးဂေါင်ကြီးကို ပြင်းထန်စွာ တီးခတ်နေ၏။

“လာကြပါ… ကြည့်ကြပါ… ဖြတ်သွားရင်းနဲ့ လက်မလွတ်ပါစေနဲ့”

“ဒါတွေက ဘာလဲ… ဒါတွေက မျိုးချစ် ငွေချေးစာချုပ်တွေပဲ… ဒါတွေက ချမ်းသာဖို့ လက်မှတ်တွေပဲ… ဒါတွေက အာဖန်းနန်းတော်ဘေးမှာ ဇိမ်ခံစံအိမ် ပိုင်ဆိုင်ဖို့ သော့ချက်တွေပဲ”

လျူပန်မှာ လက်ထဲရှိ ငွေချေးစာချုပ်များကို ဝှေ့ယမ်းပြရင်း တံတွေးများ ပန်းထွက်အောင် ဟောပြောနေသည်။

“တချို့က မေးကြတယ်၊ စစ်ပွဲက ငါနဲ့ ဘာဆိုင်လို့လဲတဲ့… မှားတယ်… လုံးဝ မှားတယ်”

“အဲ့ဒီမောက်တွန်းဆိုတဲ့ကောင်က ငါတို့ရဲ့ ပိုးလမ်းမကြီးကို ဖြတ်တောက်ချင်နေတာ… သူက ငါတို့ရဲ့ စပျစ်သီးခြောက်၊ အနီရောင် ကျောက်စိမ်းဂျင်ဆင်း၊ နောက်ဆုံး ငါတို့ရဲ့ သိုးသားဟင်းကိုတောင် ဖြတ်တောက်ချင်နေတာ… အဲ့ဒါကို လက်ခံကြမှာလား”

အောက်မှ ပြည်သူများမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်

“လက်မခံဘူး”

“ဒါဆို ဝယ်လိုက်ကြ”

လျူပန်က ဟိန်းဟောက်လိုက်သည်။

“ဒင်္ဂါးတစ်ရာ၊ လှည့်ဖြားခံရမှာ မဟုတ်ဘူး၊ အလိမ်ခံရမှာ မဟုတ်ဘူး… ငါးနှစ်ပြည့်ရင် အရင်းနဲ့ အတိုး ပြန်ရမယ်…ကံကောင်းလို့ ဆုမဲပေါက်ရင် အရှင်မင်းကြီးရဲ့ အိမ်နီးချင်း ဖြစ်လာမှာ”

“ငါ ဝယ်မယ်… ငါ ဆယ်စောင် ဝယ်မယ်”

“ငါ့ကို တစ်ရာပေး…ငါ အဲ့ဒီအိမ်ကို လိုချင်တယ်…”

ဝယ်ယူမှု အဖျားရောဂါ စတင်ဖြစ်ပွားလာသည်။ “မျိုးချစ်စိတ်” နှင့် “အမြန်ချမ်းသာချင်စိတ်” တို့၏ လှုံ့ဆော်မှုအောက်တွင် ရှန်းယန်မြို့မှ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းမှာ မယုံနိုင်စရာ ဖြစ်လာသည်။

သယ်ထုတ်သွားသော ကြေးဒင်္ဂါးများနှင့် ရွှေဒင်္ဂါးသေတ္တာများကို ကြည့်ရင်း နောက်ကွယ်တွင် ပုန်းအောင်းနေသော လီစစ်မှာ နောက်ဆုံးတွင် ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော ပြုံးရယ်ခြင်းကို ပြုလုပ်လိုက်သည်။

“အံ့ဩစရာပဲ... အရှင်မင်းကြီးက တကယ့်ကို အံ့ဩစရာပဲ...”

လီစစ်က မျက်ရည်များကို သုတ်လိုက်သည်။

“ဒီပိုက်ဆံတွေက လုယူတာထက် ပိုမြန်နေတယ်...”

ငွေကြေး ပြဿနာ ဖြေရှင်းပြီးနောက် နောက်တစ်ဆင့်မှာ ဤစည်းစိမ်ဥစ္စာကို သံမဏိရေစီးကြောင်းအဖြစ် ပြောင်းလဲရန် ဖြစ်သည်။

နန်းတွင်းရေးရာဌာန၊ ရထားစက်ရုံ။

ဤနေရာကို လျှို့ဝှက်ချက်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားပြီး ခြေလှမ်းတိုင်းတွင် အစောင့်များ ထားရှိသည်။

ချင်ရှီဟွမ်မှာ ဘေးကင်းရေး ဦးထုပ်ကို ဆောင်းကာ အသစ်ပြုပြင်ထားသော “သံချပ်ကာ ရထား” ကုဒ်အမည် “နဂါးနက်” ကို စစ်ဆေးနေသည်။

၎င်းမှာ ထူထဲသော သံပြားများဖြင့် ဖုံးအုပ်ထားသော ဘီလူးကြီးတစ်ကောင်ဖြစ်သည်။ အရင်က ပွင့်နေသော ရထားတွဲများကို ဂဟေဆော်၍ ပိတ်ထားပြီး သေနတ်ပစ်ပေါက် အနည်းငယ်သာ ချန်ထားသည်။

အထူးခြားဆုံးမှာ ရထားဦးနောက်ရှိ ပြားချပ်သော ရထားတွဲ ဖြစ်သည်။ ၎င်းတွင် ကုန်ပစ္စည်းတင်ထားခြင်း မဟုတ်ဘဲ အမြောက်တစ်လက် တပ်ဆင်ထားသည်။

မဟုတ်ပါ။ ပို၍တိကျအောင် ပြောရလျှင် ကြေးဖြင့် သွန်းလုပ်ထားသော အကြင်နာကင်းမဲ့ အမြောက် (မီးပြင်းဆီဖြင့် ပေါက်ကွဲစေသော အဆင့်မြင့်ဗားရှင်း) ဖြစ်သည်။

“ခမည်းတော် ကြည့်ပါ”

ဟူဟိုက်က ရတနာတစ်ခုကို ပြသသကဲ့သို့ ထူထဲတိုတောင်းသော ပြောင်းကို ပုတ်ကာ ပြောလိုက်သည်။

“ဒါက သော်ရဲ့တူ‌လေ ကျွန်တော်နဲ့ မိုဟစ်ဂိုဏ်းချုပ်တို့ တစ်ညချင်း အပြီးလုပ်ထားတာ”

“ဒီအရာက ပစ်ရန်အတွက် ယမ်းမလိုအပ်ဘူး၊ ဒါက... အားကောင်းတဲ့ စပရိန်နဲ့ လီဗာကို သုံးတာ” (တကယ်တော့ ၎င်းမှာ ပြန်လည်မွမ်းမံထားသော အလေးချိန် တန်ပြန်ရထားတွဲအမြောက် ဖြစ်သည်)။

“ဒီလီဗာကို ဆွဲလိုက်ရုံနဲ့ အလေးချိန် တစ်ရာရှိတဲ့ ဗုံးအိတ်က ခြေလှမ်းသုံးရာအထိ ပျံသွားမှာ ထိမိတာနဲ့ ပေါက်ကွဲပြီး ပတ်လည် ဆယ်ကိုက်အတွင်း မြက်ပင်တစ်ပင်တောင် ကျန်မှာ မဟုတ်ဘူး”

ချင်ရှီဟွမ်မှာ ကြမ်းတမ်းစွာ ဒီဇိုင်းဆွဲထားသော လက်နက်ကို ကြည့်လိုက်သည်။ သူက အနည်းငယ် ရုပ်ဆိုးသည်ဟု ထင်သော်လည်း သူ၏ အာရုံများကို တိုက်ခိုက်နေသော အကြမ်းဖက်မှု၏ အလှတရားက သူ့ကို အလွန်ကျေနပ်စေသည်။

“မဆိုးဘူး...”

ချင်ရှီဟွမ်က ရထား၏ အေးစက်သော ကိုယ်ထည်ကို ထိတွေ့လိုက်သည်။

“ဒါပေမယ့် ဟူဟိုက်.. ဒီရထားက... အရမ်း လေးနေတာ မဟုတ်ဘူးလား...”

“ခမည်းတော်အား လျှောက်တင်ရလျှင် နည်းနည်း လေးနေပါတယ်...”

ဟူဟိုက်က ခေါင်းကို ကုတ်လိုက်သည်။

“သံချပ်ကာနဲ့ အမြောက်ထည့်လိုက်တာကြောင့် အခုအလေးချိန်က အရင်ထက်နှစ်ဆ ဖြစ်နေတယ်... မူလရေနွေးငွေ့အင်ဂျင်က...ဆွဲရတာ နည်းနည်း ဒုက္ခရောက်နေတယ်...”

“ဒါဆိုရင် ပိုထည့်လိုက်...”

ချင်ရှီဟွမ်က ပြတ်သားစွာ ပြောလိုက်သည်။

“အင်ဂျင်တစ်လုံးနဲ့ မဆွဲနိုင်ရင် နှစ်လုံးထည့်... နှစ်လုံးနဲ့ မရရင် သုံးလုံးထည့်...”

“မင်း ကျောက်မီးသွေး ဘယ်လောက်လောင်မလဲဆိုတာ ငါ မသိဘူး၊ အင်ဂျင်ဘယ်နှစ်လုံး ချိတ်မလဲဆိုတာလည်း ငါ ဂရုမစိုက်ဘူး... ငါ လိုချင်တာက ဒီနဂါးနက်က ပြေးနိုင်ရမယ်၊ ငါ့ရဲ့ စစ်တပ်ကြီးကို လျှပ်စီးပမာ ရှေ့တန်းသို့ ပို့ဆောင်ပေးရမယ်...”

“မိန့်တော်အတိုင်းပါ”

ဟူဟိုက်က သွားများကို တင်းတင်းစေ့ကာ သဘောတူလိုက်သည်။ အဆိုးဆုံးဆိုရင် ဘွိုင်လာကို နီရဲနေအောင် မီးရှို့ပြီး ပြေးအောင် လုပ်မှာပေါ့။ ချင်ရှီဟွမ်မှာ စစ်လက်နက်များကို စစ်ဆေးနေစဉ် ရှန်းယန်မြို့ပြင်ရှိ လေ့ကျင့်ရေးကွင်းတွင် ရှန်းယွီမှာ အတွင်းစိတ် ပူပန်မှုကို ခံစားနေရသည်။

“ဝုန်း…”

အဖြူရောင် မီးခိုးငွေ့များနှင့်အတူ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ရှန်းယွီက အသစ်တီထွင်ထားသော လက်နက်အသေး (Fire lance အစောပိုင်းပုံစံ) ကို ကိုင်ထားကာ ယင်ကောင်တစ်ကောင်ကို ညှစ်သတ်နိုင်လောက်အောင် မျက်ခုံးများကို တင်းတင်းကြုတ်ထားသည်။

ဝေးလံသော ပစ်မှတ်ပေါ်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

“ဒဟုက... အရမ်းနှေးတယ်...”

ရှန်းယွီက လက်နက်ကို ဘေးရှိ စစ်သည်ထံသို့ စက်ဆုပ်စွာ ပစ်ပေးလိုက်သည်။

“ယမ်းထည့်မယ် ခဲလုံးထည့်မယ် တင်းအောင် ထုမယ မီးရှို့မယ်... ဒီလုပ်ငန်းစဉ်တွေ အကုန်ပြီးတဲ့အချိန်ကျရင် ငါက လူဆယ်ယောက်ကိုတောင် သတ်ပြီးနေပြီ...”

“ပြီးတော့ တစ်ခါပစ်တိုင်း ပြောင်းကို သန့်ရှင်းရမယ်၊ ပေါက်ကွဲမှာကိုလည်း စိုးရိမ်ရမယ်... ဒါက ဘယ်လိုလုပ် လက်နက်ဖြစ်မှာလဲ... ဒါက စောင့်ရှောက်ရခက်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ”

သူ၏ ဘေးတွင် လုံချဲ့ကလည်း ဝင်ပြောလိုက်သည်။

“မှန်တယ် အစ်ကိုကြီး... ဒီအရာက ဆူညံသံ ထုတ်ဖို့ပဲ ကောင်းတာ... တကယ့် စစ်မြေပြင်မှာ ငါတို့ရဲ့ ဓားတွေက ပိုပြီး လက်တွေ့ကျတယ်...”

သို့သော် ဘေးတွင် ရပ်နေသော ကျန်းလျန်က ခေါင်းခါလိုက်သည်။

သူသည် လျှောက်သွားကာ လက်နက်အသေးကို ကောက်ကိုင်ပြီး ကျွမ်းကျင်စွာ ပြန်လည် ပြင်ဆင်လိုက်သည်။

“စစ်သူကြီးရှန်း... ခင်ဗျားက သူ့ရဲ့ နှေးကွေးမှုကိုပဲ မြင်တယ်၊ ဒါပေမယ့် သူ့ရဲ့ အကွာအဝေးကိုတော့ မမြင်ဘူး...”

ကျန်းလျန်က လက်နက်ကို မြှောက်ကာ ခြေလှမ်းနှစ်ရာအကွာရှိ ရုပ်သေးရုပ်ကို ချိန်ရွယ်လိုက်သည်။

“ဒီအကွာအဝေးမှာ ခင်ဗျားရဲ့ ဓားက မရောက်နိုင်ဘူး၊ မြားက ရောက်ပေမယ့် သံချပ်ကာကို မဖောက်နိုင်ဘူး...”

“ဒါပေမယ့် ဒါက ဖောက်နိုင်တယ်...”

“ဝုန်း….”

နောက်ထပ် ပစ်ခတ်သံတစ်ခု ထွက်ပေါ်လာသည်။

ခြေလှမ်းနှစ်ရာအကွာရှိ ရုပ်သေးရုပ်၏ ရင်ဘတ်မှာ ပွင့်ထွက်သွားပြီး အတွင်းရှိ သစ်သားတိုင်ပင် ကျိုးသွားသည်။

ရှန်းယွီမှာ ကြောင်သွားသည်။

သူသည် ရုပ်သေးရုပ်ဆီသို့ လျှောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကို ကြည့်လိုက်သည်။

“ဒါ...”

“ဒါက အရှိန်စွမ်းအင်ပါ...”

ကျန်းလျန်က သူ၏ မျက်မှန်ကို ပြင်လိုက်သည်။

“ခဲလုံးက သေးပေမယ့် သူရဲ့ အရှိန်က အလွန်မြင့်မားတယ်... ကျွမ်းကျင်မှု မလိုဘူး၊ ခွန်အားလည်း မလိုဘူး... အားနည်းတဲ့ လယ်သမားတစ်ယောက်တောင် ခလုတ်ကို နှိပ်လိုက်ရင် ဆယ်နှစ်လေ့ကျင့်ထားတဲ့ သံချပ်ကာမြင်းတပ်သားကို သတ်နိုင်တယ်...”

ရှန်းယွီက တိတ်ဆိတ်သွားသည်။

သူသည် နက်ရှိုင်းသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သေခြင်းကို ကြောက်ခြင်းမဟုတ်၊ သူ ဂုဏ်ယူနေသော ကိုယ်ခံပညာမှာ ခေတ်နောက်ကျတော့မည်ကို ကြောက်ခြင်းဖြစ်သည်။

အနာဂတ်စစ်ပွဲများက တန်းစီပြီး အပစ်ခံရမည့်ပုံစံမျိုး ဖြစ်လာမည်ဆိုလျှင် စစ်သူကြီး၏ အခန်းကဏ္ဍက ဘာလဲ။

“စစ်သူကြီးရှန်း...”

ကျန်းလျန်က သူ၏ အတွေးများကို မြင်နေရသည့်အလား ပြောလိုက်သည်။

“ခင်ဗျား စိတ်ပူစရာ မလိုပါဘူး... ဒီနေ့ခေတ် သေနတ်တွေက ဓားတွေကို အစားမထိုးနိုင်သေးပါဘူး...”

“ဒါက... ခင်ဗျားအတွက် လမ်းဖွင့်ပေးမယ့် ကိရိယာတစ်ခုပဲ...”

“ခင်ဗျားက ဒါနဲ့ ရန်သူ့တပ်ဖွဲ့ကို ဖောက်ခွဲလိုက်၊ ပြီးရင် ခင်ဗျားရဲ့ ဓားနဲ့ သူတို့ရဲ့ ဝိညာဉ်တွေကို ရိတ်သိမ်းလိုက်...”

“ဒါကို အရှင်မင်းကြီးက... လေကြောင်း-မြေပြင် ပေါင်းစပ်မှုလို့ ခေါ်တယ်... မဟုတ်ဘူး၊ အဝေးနဲ့ အနီး ပေါင်းစပ်မှုပါ...”

ရှန်းယွီက အသက်ကို ဝအောင်ရှူလိုက်ကာ လက်နက်အသေးကို ပြန်ကောက်လိုက်သည်။

သူက အဆင်မပြေဘူးဟု ခံစားနေရဆဲဖြစ်သော်လည်း သူ၏မျက်လုံးထဲရှိ ဆန့်ကျင်မှုမှာ လျော့ပါးသွားသည်။

“ကောင်းပြီ... အနိုင်ရဖို့အတွက်ဆိုရင်တော့ ငါ သည်းခံမယ်...”

“ဒါပေမယ့် ဒီပြောင်းက အရမ်း ပါးလွှန်နေတယ်... ငါ့အတွက်... ပိုကြီးတာ တစ်ခုလောက် လုပ်ပေးလို့ မရဘူးလား...”

ရှန်းယွီက ပန်းကန်လုံးတစ်လုံး၏ အနားသတ်အတိုင်း အမူအရာပြလိုက်သည်။

“ငါက တစ်ချက်ပစ်ရင် လူကို နှစ်ပိုင်းဖြစ်သွားမယ့် ပုံစံမျိုးလိုချင်တာ...”

ကျန်းလျန်၏ နှုတ်ခမ်းမှာ တွန့်ကွေးသွားသည်။

“ဒါက... လက်ပစ်အမြောက် ခေါ်တာပေါ့... ကောင်းပြီ၊ ခင်ဗျားရဲ့ လက်ကောက်ဝတ် သယ်နိုင်သရွေ့ ကျွန်တော် လုပ်ပေးပါ့မယ်...”

စစ်ယန္တရားများ လည်ပတ်လာသောအခါ ရပ်တန့်ရန် အကြောင်းပြချက် မရှိတော့ပေ။

သို့သော် စစ်တပ် မထွက်ခွာမီ အကြိုညတွင်၊ စက်ပစ္စည်း၏ ဂီယာတစ်ခုထဲသို့ ကျောက်စရစ်ခဲတစ်လုံး ဝင်မိသကဲ့သို့ မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။

နန်းတွင်းရေးရာဌာန၊ လက်နက်တိုက်။

မုန့်ထျန်းက နောက်ဆုံး စစ်ဆေးမှုကို ပြုလုပ်နေသည်။

သူသည် အောက်ခြေစစ်သည်များအတွက် ပေးပို့လာသော စံသတ်မှတ်ချက် သံချပ်ကာတစ်ခုကို ကောက်ကိုင်လိုက်သည်။

“ကြည့်ရတာ မဆိုးဘူး...”

မုန့်ထျန်းက သံချပ်ကာပြားကို ခေါက်ကြည့်လိုက်ရာ အသံမှာ ကြည်လင်နေသည်။

သို့သော် သူသည် သတိကြီးသူ ဖြစ်သည်။ သူသည် သူ၏ လက်နက်ကို ထုတ်ကာ အားတစ်ဝက်ဖြင့် စိုက်ထိုးလိုက်သည်။

ဖူး…

နူးညံ့သောအသံတစ်ခု။

ခိုင်ခံ့သည်ဟု ထင်ရသော သံချပ်ကာမှာ တိုဖူးကဲ့သို့ ဖောက်ထွက်သွားသည်။

မုန့်ထျန်းမှာ ကြောင်သွားသည်။

သူ နောက်တစ်ခု ထပ်စမ်းသည်။

ဖူး…

၎င်းလည်း ဖောက်ထွက်သွားသည်။

မုန့်ထျန်း၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားပြီး ပြင်းထန်သော ဒေါသများ ပေါ်ပေါက်လာသည်။

“ဒါ ဘာတွေလဲ... သံဖြူလား…ဒါမှမဟုတ် စက္ကူနဲ့ လုပ်ထားတာလား...”

သူသည် သံချပ်ကာကို ဆွဲဖျက်လိုက်ရာ အတွင်းတွင်... အညစ်အကြေးများ၊ လေပူဖောင်းများဖြင့် ပြည့်နေပြီး မီးမကျက်သေးသော စက်မှုအကြွင်းအကျန်များသာ ပါဝင်နေသည်။

“အညစ်အကြေးတွေ… ဒါက တိုဖူးလို အမှိုက်စီမံကိန်းပဲ..”

မုန့်ထျန်းက ဟိန်းဟောက်လိုက်၏၊

“ဘယ်သူလုပ်တာလဲ… ဒီသံချပ်ကာ အသုတ်အတွက် ဘယ်သူက တာဝန်ယူတာလဲ”

မှတ်တမ်းတင်သော စာရေးငယ်လေးမှာ ကြောက်လန့်တကြား ဒူးထောက်လိုက်သည်။

“အမိန့်ရှိပါ စစ်သူကြီး... ဒါကို ကျောက်မိသားစု သံရည်ကျိုလုပ်ငန်းက ပို့လိုက်တာပါ... သူတို့က အချိန်မီဖို့အတွက် နည်းပညာသစ် သုံးထားပါတယ်တဲ့...”

“ကျောက်မိသားစု”

မုန့်ထျန်းက မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။

“ကျောက်ကောင်းနဲ့ ပတ်သက်တဲ့ ကျောက်မိသားစုလား...”

“ဟုတ်ပါတယ်... သူ မကြာသေးမီကမှ ရှာတွေ့ထားတဲ့ ဝေးလံတဲ့ တူလေးပါ...”

မုန့်ထျန်းက သံချပ်ကာများထည့်ထားသော သေတ္တာကို ကန်ချလိုက်သည်။

“ကောင်းပြီ... ရှေ့တန်းက စစ်သည်တွေ အသက်ပေးပြီး တိုက်ခိုက်နေချိန်မှာ နောက်ကနေပြီး စစ်သည်တွေရဲ့ သွေးကို စုပ်သောက်နေကြတာပဲ”

“ငါ့မြင်းကို ပြင် နန်းတော်ကို သွားမယ် ငါ တိုင်ကြားမယ်”

ချီလင်ခန်းမအတွင်း၌ လေထုမှာ အလွန် တင်းမာနေသည်။

ဖောက်ထွက်သွားသော သံချပ်ကာကို ချင်ရှီဟွမ်၏ ခြေရင်းသို့ ပစ်ချလိုက်သည်။

ကျောက်ကောင်းမှာ ဘေးတစ်ဖက်တွင် ဒူးထောက်နေပြီး ခေါင်းပင် မမော့ရဲဘဲ တုန်ရီနေသည်။

“ရှင်းပြ...”

ချင်ရှီဟွမ်က စကားနှစ်ခွန်းသာ ပြောသည်။

“အရှင်မင်းကြီး ကျွန်တော်မျိုး အပြစ်မရှိပါဘူး”

ကျောက်ကောင်းက ငိုကြွေးလိုက်သည်။

“ကျွန်တော်မျိုးရဲ့ တူလေးက... ဒါက ပေါ့ပါးတဲ့ ဒီဇိုင်းဖြစ်ပြီး စစ်သည်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးတာပါတဲ့”

“ပေါ့ပါးတယ်”

ချင်ရှီဟွမ်က မဲ့ပြုံးပြုံးလိုက်ပြီး သံချပ်ကာကို ကောက်ကာ ကျောက်ကောင်း၏ ခေါင်းပေါ်သို့ ပစ်ပေါက်လိုက်သည်။

“ဒါကို သေစေနိုင်တဲ့ အလေးချိန်လို့ ခေါ်တာ”

“ငါက အကောင်းဆုံး ကျောက်မီးသွေးနဲ့ အကောင်းဆုံး နည်းပညာတွေ ပေးထားတာ၊ မင်းတို့က ငါ့အတွက် ဒီလိုအမှိုက်တွေကို လုပ်ပေးတာလား”

“ငါ့ရဲ့ဓားက သွေးမမြင်တာ ကြာသွားလို့ ငါ့ကို အိုမင်းပြီး မကိုင်နိုင်တော့ဘူးလို့ ထင်နေကြတာလား”

ချင်ရှီဟွမ်မှာ ထရပ်လိုက်ပြီး သူ၏ ဒေါသများကြောင့် တစ်ခန်းလုံး၏ အပူချိန်မှာ အေးခဲသွားသည်။

“တရားရေးဝန်ကြီးဌာနကို ခေါ်”

“စစ်ဆေး…အဆုံးထိ စစ်ဆေး”

“ဒီသံချပ်ကာနဲ့ ပတ်သက်တဲ့ ဘယ်သူ့တူ၊ ဘယ်သူ့ဆွေမျိုး ဖြစ်ပါစေ”

“အကုန်ဖမ်း… တရားစီရင်ဖို့ မလိုဘူး၊ အမြောက်စမ်းသပ်ကွင်းကို တန်းပို့လိုက်”

“သူတို့လုပ်ထားတဲ့ သံချပ်ကာကို သူတို့ပဲ ဝတ်ပြီး ဟူဟိုက်ရဲ့ သနားကင်းမဲ့ အမြောက်အတွက် ပစ်မှတ်တွေ လုပ်ခိုင်းလိုက်”

“သူတို့ရဲ့ ပါးစပ်က မာသလား ဒါမှမဟုတ် ငါ့ရဲ့ အမြောက်က မာသလားဆိုတာ ငါ ကြည့်ချင်တယ်”

ကျောက်ကောင်းမှာ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားသည်။ သူသိသည်မှာ ဤတစ်ကြိမ်တော့ အမှန်ပင် ပြီးဆုံးသွားပြီဖြစ်သည်။ သူ၏ တူလေးကို ချမ်းသာစေချင်သော စိတ်ကြောင့် ကောင်းကင်ကိုတောင် ပေါက်ကွဲသွားစေခဲ့ပြီ ဖြစ်သည်။

“ပြီးတော့ မင်း... ကျောက်ကောင်း”

ချင်ရှီဟွမ်က ဆယ်စုနှစ်ပေါင်းများစွာ အနားတွင် ရှိခဲ့သော အစေခံအိုကြီးကို ငုံ့ကြည့်လိုက်သည်။

“သေဒဏ်တော့ မပေးဘူး၊ ဒါပေမယ့် အပြစ်ပေးရမယ်”

“ဒီစစ်ချီပွဲမှာ မင်းလည်း လိုက်ရမယ်”

“မြင်းမစီးရဘူး၊ ရထားလုံး မစီးရဘူး”

“မင်း နဂါးနက်ရထားပေါ်ကို သွား... ပြီးတော့ ဘွိုင်လာအတွက် ကျောက်မီးသွေးထည့်ရမယ်”

“အချိန်မီဖို့အတွက် အလျင်စလို လုပ်ရင်း သံချပ်ကာတွေမှာ ပြဿနာ တက်ခဲ့တာဆိုတော့ မင်းကိုယ်တိုင် အဲ့ဒီအရှိန်ကို ဖြည့်ပေးလိုက်...”

“ကျောက်မီးသွေးတစ်ဇွန်း လျော့ရင် မင်းကို ကျောက်မီးသွေးအစား မီးထဲ ပစ်ထည့်မယ်”

စစ်ပွဲအတွက် ပြင်ဆင်နေစဉ် ရှန်းယန်မြို့တွင် အကျင့်ပျက်ခြစားမှုများအပေါ် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။ လူများစွာ၏ ခေါင်းများ ပြုတ်ကျသွားပြီး သူတို့၏ သွေးများဖြင့် အလံများကို ပူဇော်လိုက်သည်။

ရက်စက်သော်လည်း လူတိုင်းကို နိုးထသွားစေသည်။

ဤသည်မှာ နိုင်ငံ၏ ကံကြမ္မာအတွက် တိုက်ပွဲ ဖြစ်သည်၊ သဲမှုန်တစ်မှုန်စာမျှ သည်းခံမည်မဟုတ်ပေ။

သုံးရက်အကြာတွင် ရှန်းယန် ရထားဘူတာရုံ (ယာယီ)၌။

ဧရာမ နဂါးနက်ရထားမှာ သံလမ်းပေါ်တွင် ရပ်နေပြီး အနက်ရောင် မီးခိုးငွေ့များနှင့်အတူ အသံပြင်းစွာ မြည်ဟည်းနေသည်။

စစ်သည်များ အများအပြား တက်ရောက်နေကြသည်။ သူတို့မှာ ပြန်လည်စစ်ဆေးထားသော သံချပ်ကာများကို ဝတ်ဆင်ထားပြီး သေနတ်သစ်များကို ကိုင်ဆောင်ထားကာ သူတို့၏ မျက်လုံးများတွင် စစ်ပွဲအတွက် စိတ်လှုပ်ရှားမှုနှင့် မသိသေးသော ကမ္ဘာအတွက် ရင်ခုန်မှုများ ရှိနေသည်။

ချင်ရှီဟွမ်မှာ စင်မြင့်ပေါ်တွင် စစ်ဝတ်တန်ဆာကို ဝတ်ဆင်လျက် ခါးတွင် ထိုက်အာဓားကို လွယ်ထားသည်။

သူသည် စစ်ပွဲသို့ ထွက်ခွာတော့မည့် ဤသံမဏိတပ်ဖွဲ့ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ဂုဏ်ယူမှုများ တက်ကြွလာသည်။

“ရှောင်ဂျီ”

“ငါ ထွက်ခွာသွားရင် ကြာနိုင်တယ်”

“ငါ ရှန်းယန်နဲ့ မဟာချင်ကို အိမ်ရှေ့စံမင်းသားဆီမှာ ထားခဲ့မယ်”

[စိတ်ချပါ အရှင်မင်းကြီး။ စနစ်ကို အရန်သိမ်းထားပြီးဖြစ်ပြီး အိမ်ရှေ့စံမင်းသား ဖူစုအတွက် ‘ပြည်နယ်အုပ်ချုပ်ရေး’ မော်ဂျူးကို တင်ထားပြီး ဖြစ်ပါသည်]

[ထို့အပြင် အရှင်မင်းကြီး၏ ခရီးစဉ်မှာ စစ်ပွဲအတွက်သာ မဟုတ်ပါ]

[အရှင်မင်းကြီးက သမိုင်း၏ အလှည့်အပြောင်းကို သက်သေခံဖို့ သွားခြင်း ဖြစ်ပါသည်]

ချင်ရှီဟွမ် ခေါင်းညိတ်လိုက်သည်။

“ထွက်ခွာ..”

အမိန့်ပေးလိုက်သည်နှင့် ရေနွေးငွေ့ ခရာသံမှာ ရှည်လျားစွာ မြည်ဟည်းသွားသည်။

“ဝူး….”

နဂါးနက် ရထားမှာ ဖြည်းညင်းစွာ စတင်ရွေ့လျားသွားပြီး ဧရာမဘီးလုံးများမှာ သံလမ်းပေါ်တွင် ကြိတ်ချေကာ အနောက်ဘက် နေဝင်ရာဆီသို့၊ သူတို့ကို စောင့်မျှော်နေသော ရန်သူထံသို့ တိုးဝင်သွားသည်။

သို့သော် ရထားမှာ ရှန်းယန်နယ်မြေကို ကျော်လွန်ကာ လူသူကင်းမဲ့သော ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းနေစဉ်။

“ဘုန်း…”

အလွန်မကျယ်လောင်သော်လည်း နားထောင်ရခက်သော အသံတစ်ခုမှာ ရထားခေါင်မိုးပေါ်မှ ထွက်ပေါ်လာသည်။

တစ်ခုခု ကျရောက်လာသကဲ့သို့ ဖြစ်သည်။

ရထားတွဲအတွင်း ထိုင်နေသော ရှန်းယွီမှာ နားရွက်များ တုန်သွားသည်။ သူသည် ရုတ်တရက် ခေါင်မိုးဆီသို့ မော့ကြည့်လိုက်သည်။

“ဧည့်သည်လား”

သူ မတုံ့ပြန်နိုင်ခင်မှာပင် ပြတင်းပေါက်အပြင်ဘက်၌ သတင်းစာခွက် ချည်နှောင်ထားသော လင်းယုန်ငှက်တစ်ကောင်မှာ ပြတင်းပေါက်ကို ဝင်တိုက်မိကာ သေဆုံးသွားသည်။

သွေးများမှာ နေရာအနှံ့ ပျံ့ကျဲသွားသည်။

ရှန်းယွီမှာ ပြတင်းပေါက်ကို ဖွင့်ကာ သတင်းစာခွက်ကို ယူလိုက်သည်။

အတွင်း၌ စက္ကူတစ်ရွက်သာ ပါရှိသည်။

၎င်းပေါ်တွင် ထူးဆန်းသော သင်္ကေတတစ်ခုကို ရေးဆွဲထားသည်။ သွေးထွက်နေသော မျက်လုံးတစ်လုံး နှင့် ချင်ခေတ် စာလုံးများဖြင့် ရေးထားသော စာကြောင်းငယ်တစ်ကြောင်း။

“ငရဲမှ ကြိုဆိုပါတယ်… အဆုံးမှာ ငါ စောင့်နေမယ်”

ရှန်းယွီမှာ စာရွက်ကို ခြေမွလိုက်ပြီး သူ၏ နှုတ်ခမ်းတွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။

“ငရဲဟုတ်လား..”

“ကောင်းပြီလေ… ငါလည်း အဲ့ဒီနေရာကို တစ်ခေါက်လောက် သွားလည်ချင်နေတာ ကြာပြီ”

ရထားမှာ အရှိန်မြှင့်တင်ကာ အမှောင်ထုထဲသို့ တိုးဝင်သွားသည်။

All Chapters