← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) - ခေါင်းမူးနေသော နဂါးနှင့် ပျောက်ကွယ်သွားသော သံလမ်းများ

ဟယ်ရှီစင်္ကြံသည် ရှေးယခင်ကတည်းက လေနှင့် သဲတို့၏ အသံမြည်ရာ နေရာဖြစ်သည်။ ဂိုဘီသဲကန္တာရမှ ကြမ်းတမ်းသော သဲမှုန်များကို သယ်ဆောင်လာသည့် ပြင်းထန်သော လေတိုက်ခတ်မှုများမှာ ဤလူသူကင်းမဲ့သော မြေကို နှစ်ပေါင်းသန်းနှင့်ချီ၍ နေ့စဉ်နှင့်အမျှ တိုက်စားခဲ့သည်။

သို့သော် ယနေ့တွင်မူ လေနှင့် သဲတို့၏ အသံမှာ ပိုမို ရက်စက်ပြီး ပိုမိုလေးလံသော ဟိန်းသံတစ်ခုကြောင့် လုံးဝ ဖုံးလွှမ်းသွားသည်။

“ပေါ်…ပေါ်… ”

နေရောင်ကိုပင် ဖုံးလွှမ်းသွားလောက်အောင် ထူထဲသော မီးခိုးငွေ့များကို မှုတ်ထုတ်နေသည့် ဧရာမ သံမဏိနဂါးကြီးမှာ အသစ်ခင်းထားသော၊ အခြေခံသာရှိသေးသည့် သံလမ်းများပေါ်တွင် အခက်အခဲစွာဖြင့် တွားသွားနေသည်။

၎င်းမှာ မဟာချင်၏ နဂါးနက် သံချပ်ကာရထား ဖြစ်သည်။

၎င်း၏ အမည်မှာ ခန့်ညားထည်ဝါသော်လည်း လက်ရှိအချိန်တွင် ရထားတွဲအတွင်းရှိ လေထုမှာ ထင်ထားသကဲ့သို့ စစ်ရေးပြင်းထန်ခြင်း မရှိဘဲ၊ ဖော်ပြ၍မရနိုင်သော ချဉ်စော်နံ့နှင့် ပုပ်အဲ့အဲ့ အနံ့များဖြင့် ပြည့်နှက်နေသည်။

အဇိမ်ခံဆုံး “ဧကရာဇ်ကွပ်ကဲရေး ရထားတွဲ” အတွင်း၌၊ အင်ပါယာ၏ ဗျူဟာများကို ရေးဆွဲရမည့် ဧရာမသဲပုံးကြီးပေါ်တွင်၊ အာဏာစက်များ ကင်းမဲ့သွားပြီး မျက်နှာဖြူဖျော့နေသူ တစ်ဦး ပက်လက်လှဲလျောင်းနေသည်။

မဟာချင်၏ ပထမဆုံးဧကရာဇ် ချင်ရှီဟွမ် ပြည်နယ်ခြောက်ခုကို သိမ်းပိုက်ခဲ့သော သူရဲကောင်းကြီးမှာ ယခုအခါ သူ၏ ဘဝတွင် အကြီးမားဆုံး ရန်သူဖြစ်သည့် ခရီးသွားလျှင် မူးဝေခြင်းကို ရင်ဆိုင်နေရသည်။

အချိန်မီ အပြီးလုပ်ရန်အတွက် အလျင်စလို တပ်ဆင်လိုက်သော ဤသံချပ်ကာရထားမှာ တုန်ခါမှုကို လျှော့ချသည့်စနစ်မှာ ဘေးဒုက္ခတစ်ခုနှင့် အတူတူပင် ဖြစ်သည်။ ဒုတိယဧကရာဇ်က စပရိန်များ ထည့်ပေးထားသော်လည်း လေးလံသော သံပြားများနှင့် မညီညာသော လမ်းခင်းပစ္စည်းများကြောင့် ရထားတွဲတစ်ခုလုံးမှာ မုန်တိုင်းထဲတွင် ပြင်းထန်စွာ တုန်ခါနေသည့် သံဘူးခွံတစ်ခုနှင့် တူနေသည်။

“‌ဝေါ့…ဝေါ့ ”

ချင်ရှီဟွမ်သည် သူ၏အတွက် အထူးပြင်ဆင်ထားသော ကြေးခွက်ထဲသို့ နာကျင်စွာ အော့အန်လိုက်သည်။

“အရှင်မင်းကြီး”

နန်းတွင်းသမားတော်မှာ တစ်ဖက်တွင် ဒူးထောက်နေပြီး ရထား၏ တုန်ခါမှုကြောင့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဘယ်ညာ ယိမ်းထိုးနေသည်။

“မြန်မြန်…ဂျင်းတစ်စိတ်လောက် ဝါးထားပါ… ဒါက လျူပန်ဆိုတဲ့ လူလိမ်ဆီကနေ ဈေးပေါပေါနဲ့ ဝယ်လာရတဲ့ ဂျင်းအိုတွေပါ”

ချင်ရှီဟွမ်က လက်များ တုန်ယင်စွာဖြင့် ဂျင်းတစ်စိတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ စပ်ရှရှ အရသာက ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပြီး ဝမ်းဗိုက်အတွင်းမှ လှုပ်ရှားမှုကို ခေတ္တမျှ ထိန်းချုပ်လိုက်နိုင်သည်။

“ဟူဟိုက်...”

ချင်ရှီဟွမ်က ခေါင်းအုံးကို မှီရင်း သွားများကို တင်းတင်းစေ့ကာ ဆိုလိုက်၏။

“ယွီမန်ဂိတ်ကို ရောက်ရင် အဲ့ဒီကောင်လေးကို ရထားရှေ့မှာ ချည်ထားပြီး လေတိုက်ခံခိုင်းမယ်... ဒါက ရထားစီးတာ မဟုတ်ဘူး ဒါက ညှဉ်းပန်းနှိပ်စက်တာ...”

“ရှောင်ဂျီ...”

ချင်ရှီဟွမ်က စိတ်ထဲတွင် အားမလိုအားမရ ညည်းတွားလိုက်သည်။

“ဒါကို... ခေတ်သစ် ခရီးသွားနည်းလို့ ခေါ်တာလား...”

သူ၏ စိတ်ထဲရှိ အလင်းမျက်နှာပြင်မှာ တည်ငြိမ်ပြီး ရက်စက်သော အချက်အလက်များဖြင့် လင်းလက်လာသည်။

[အရှင်မင်းကြီး၊ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ မလွှဲမရှောင်သာသော အခြေအနေ ဖြစ်ပါသည်…]

[အကြောများ တင်းကျပ်စွာ ဆက်သွယ်ထားခြင်းနှင့် မြေသားစမ်းသပ်မှု မလုပ်ရသေးသော လမ်းခင်းခြင်းတို့ ပေါင်းစပ်လိုက်သောအခါ အရှင်မင်းကြီး၏ ဝမ်းဗိုက်အတွင်းမှ လှုပ်ရှားမှုနှုန်းနှင့် တူညီသော တုန်ခါမှု ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်…]

[အကြံပြုချက် - အပေါ်ခေါင်မိုးပေါ် တက်သွားသင့်ပါသည်... အဝေးကို စိုက်ကြည့်ခြင်းဖြင့် နားတွင်းရှိ အာရုံခံကြောများ၏ ရှုပ်ထွေးမှုကို သက်သာစေနိုင်ပါသည်... ခြေထောက်ကို မကြည့်ဘဲ အဝေးကို ကြည့်ပါ…]

ချင်ရှီဟွမ်မှာ ယိမ်းထိုးနေသော စားပွဲကို မှီရင်း ထရပ်ရန် အားယူလိုက်သည်။

“ငါ့ကိုတွဲ... အပေါ် အကဲခတ်ကုန်းပတ်ဆီ ခေါ်သွား...”

ခေါင်မိုးပေါ်ရှိ လေထုမှာ အများကြီး သာလွန်သည်။ ကျောက်မီးသွေးပြာမှုန့်နှင့် သဲများ ရောနှောနေသော်လည်း အနည်းဆုံးတော့ အသက်ရှူရ ကြပ်မနေတော့ပေ။

မျက်မှန်ကို တပ်ဆင်ကာ ထူထဲသော ဝတ်ရုံကို ပတ်ထားသည့် ချင်ရှီဟွမ်မှာ အထူးပြုလုပ်ထားသော အကဲခတ်မျှော်စင်တွင် ရပ်ကာ အေးစက်သော လေကို ဝအောင် ရှူသွင်းလိုက်သည်။ မူးဝေသည့် ခံစားချက်မှာ အနည်းငယ် သက်သာသွားသည်။

သူသည် အနောက်ဘက်သို့ ဆက်လက်တိုးဝင်နေသော သံလမ်းများကို ကြည့်လိုက်၏။ ၎င်းတို့မှာ မဟာချင်၏ အသက်သွေးကြော ဖြစ်ပြီး မသိသေးသော ကမ္ဘာဆီသို့ ရှည်လျားစွာ တိုးဝင်နေသည်။

ရထား၏ ရှေ့ဆုံးရှိ ဧရာမ စက်ခေါင်းကြီးပေါ်တွင်မူ နောက်ထပ် လူသားအဖြစ်ဆိုးတစ်ခု ဖြစ်ပျက်နေသည်။

နန်းတွင်း ရထားလုံးများ၏ အကြီးအကဲဖြစ်ခဲ့ပြီး နန်းတော်၌ အာဏာအရှိဆုံး ဖြစ်ခဲ့ဖူးသော ကျောက်ကောင်းမှာ ယခုအခါ အဝတ်အစားများ ချွတ်ထားပြီး သူ၏ တစ်ကိုယ်လုံးမှာ ကျောက်မီးသွေးပြာများဖြင့် ကွန်လွန် ကျွန်တစ်ယောက်ကဲ့သို့ ပေပွနေသည်။ ဧရာမ သံပြားပေါက်ကို ကိုင်ကာ စက်ခေါင်း၏ မီးဖိုထဲသို့ ကျောက်မီးသွေးများကို စက်ရုပ်တစ်ရုပ်ကဲ့သို့ အပြင်းအထန် ပစ်ထည့်နေရသည်။

“ပစ်… ပိုမြန်မြန် ပစ်… ဖိအား ကျနေပြီ..”

မိုဟစ်ဂိုဏ်းမှ အလုပ်သမားခေါင်းဆောင်တစ်ဦးက သူ၏ ဘေးတွင် အော်ဟစ်လိုက်သည်။ ဤအဆင့်မြင့် အရာရှိဟောင်းကို သူ ဂရုမစိုက်ပေ။

“ရထားသာ ရပ်သွားရင် အရှင်မင်းကြီးက မင်းကို ဒီထဲပစ်ထည့်လိုက်လိမ့်မယ်”

ကျောက်ကောင်းမှာ အနက်ရောင် ချွေးများ စီးကျနေစဉ် စိတ်ထဲတွင် ပြင်းထန်စွာ ကျိန်ဆဲနေသည်။

“သူတောင်းစားတူ…ကျိန်စာသင့် သံချပ်ကာ…မအေပေး ရေနွေးငွေ့အင်ဂျင်”

“ငါ ဘာအပြစ် လုပ်ခဲ့မိလို့လဲ… နန်းတော်ထဲမှာပဲ စည်းစိမ်ခံနေလို့ ရတာကို…ဘာလို့ ဒီပညာရပ်တွေကို စူးစမ်းတာမှာ ပါလာရတာလဲ”

သူသည် ပေါက်ပြား ပစ်ထည့်လိုက်တိုင်း ထိုတူလေးအပေါ် မုန်းတီးမှုများကို အမှတ်အသားပြုနေသည်။ အသက်ရှင်လျက် ပြန်ရောက်နိုင်လျှင် ထိုကောင်လေးကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခွေးကျွေးမည်ဟု ကျိန်ဆိုထားသည်။

ရုတ်တရက် ခေါင်မိုးပေါ်မှ လျင်မြန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ရှန်းယွီ ဖြစ်သည်။

မဟာချင် အထူးတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူမှာ ရထားတွဲအတွင်း လေပူလွန်းသဖြင့် ခေါင်မိုးပေါ် တက်နေခြင်း ဖြစ်သည်။ သူသည် တစ်ဖက်ဖြင့် လက်ရန်းကို ကိုင်ကာ တစ်ဖက်တွင် မှန်ပြောင်းကို ကိုင်ထားပြီး ရထား၏ တုန်ခါမှုနှင့်အတူ တောင်တစ်လုံးကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။

“အခြေအနေ တစ်ခုခုတော့ ဖြစ်နေပြီ”

ရှန်းယွီ၏ အသံမှာ လေတိုက်သံကြားတွင်ပင် ကြည်လင်စွာ ကြားနေရသည်။

ချင်ရှီဟွမ်၏ စိတ်မှာ နိုးကြားလာသည်။ သူ၏ မူးဝေမှုကို မေ့ထားကာ မှန်ပြောင်းကို မြှောက်လိုက်၏။

အဝေးရှိ ကောင်းကင်ယံတွင် သဲမှုန်များကြားမှ အနက်ရောင် အစက်အပြောက်အချို့ ပေါ်လာသည်။

ထိုအနက်ရောင် အစက်များမှာ အလွန် မြန်ဆန်သည်။ ၎င်းတို့မှာ ပုံမှန် မြင်းတပ်များကဲ့သို့ တပ်ဖွဲ့မဝင်ဘဲ သံလမ်း၏ နှစ်ဖက်စလုံးရှိ သဲကုန်းများပေါ်တွင် သားကောင်ကို စောင့်နေသော ဝံပုလွေအုပ်စုကဲ့သို့ ပျံ့ကျဲနေသည်။

“ဓားပြတွေလား...”

မုန့်ထျန်းက အောက်မှနေ၍ အော်မေးလိုက်သည်။

“မဟုတ်ဘူး...”

ရှန်းယွီက မှန်ပြောင်းကို ချလိုက်ရာ သူ၏မျက်လုံးတွင် သွေးဆာနေသော အလင်းတန်းများ ပေါ်လာသည်။

“ဓားပြတွေဆိုရင် ဒီလောက်ကောင်းတဲ့ မြင်းတွေ မရှိဘူး... အဲ့ဒါတွေက... ကုလားအုပ် စီးတဲ့ မြင်းတပ်တွေ...”

“ပြီးတော့ သူတို့ ကိုင်ထားတဲ့ ပစ္စည်းတွေကလည်း ရင်းနှီးနေသလိုပဲ...”

အကွာအဝေး ပို၍ နီးကပ်လာသောအခါ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

သူတို့မှာ မြေရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မျက်နှာများကို အနက်ရောင် ပဝါဖြင့် ဖုံးထားသော စီးနင်းသူများ ဖြစ်သည်။ သူတို့မှာ အရပ်ရှည်သော ဘက်ထရီယန် ကုလားအုပ်များကို စီးထားပြီး လက်ထဲတွင်မူ ဓားရှည်များမဟုတ်ဘဲ နောက်ဆုံးတွင် မီးခွက်များပါသော အရာဝတ္ထုများကို ကိုင်ထားကြသည်။

“မီးခတ်သေနတ်တွေလား”

ချင်ရှီဟွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ပြောင်းများမှာ ကြေးပိုက်များဖြင့် ထုလုပ်ထားသကဲ့သို့ ကြမ်းတမ်းသော်လည်း ၎င်းတို့မှာ အမှန်ပင် လက်နက်များဖြစ်သည်။

“ရှောင်ဂျီ ဘာဖြစ်တာလဲ…မောက်တွန်းရဲ့ နည်းပညာက အပူစွမ်းအင်သုံး လက်နက်တွေအထိ ရောက်သွားတာလား”

[အရှင်မင်းကြီး၊ ဤသည်မှာ သိပ္ပံနည်းမကျပါ]

[စကန်ဖတ်ချက်အရ ထိုသေနတ်များ၏ တည်ဆောက်ပုံမှာ ပင်မမူလ ဖြစ်ပါသည်၊ ၎င်းတို့မှာ ‘အတုအယောင်’ သာ ဖြစ်ပါသည်..]

[ထွက်ပြေးသွားသော ကျောက်ချန်မှာ မြေမြှုပ်မိုင်း နည်းပညာသာမက သူ့မှတ်ဉာဏ်ကို အသုံးပြု၍ ဤရိုးရှင်းသော မီးခတ်သေနတ်များကိုပါ ဖန်တီးခဲ့ပုံရပါသည်..]

[၎င်းတို့၏ အကွာအဝေးမှာ တိုပြီး တိကျမှု နည်းပါးသော်လည်း ဤသို့ အနီးကပ် နှောင့်ယှက်တိုက်ခိုက်မှုမျိုးတွင် ရထားအတွက် အန္တရာယ်မှာ... ကြီးမားပါသည်…]

စကားမဆုံးမီပင်။

“ဒိုင်း…ဒိုင်း…”

အဝေးရှိ ကုလားအုပ် တပ်ဖွဲ့မှ ပစ်ခတ်လိုက်သည်။

ပဲလှော်သံကဲ့သို့ သေနတ်သံများ ထွက်ပေါ်လာသည်။ ကျည်ဆန်များမှာ ရထားကို မထိမှန်သော်လည်း (ပစ်မှတ်မထိရောက်) အပူစွမ်းအင်သုံး လက်နက်ကို တစ်ခါမှ မမြင်ဖူးသည့် ချင်စစ်တပ်အတွက်မူ ထိတ်လန့်သွားစေသည်။

“ဒါက ငရဲကနေ ကြိုဆိုတာလား...”

ရှန်းယွီက သူ၏ နှုတ်ခမ်းကို လျှာဖြင့် သတ်လိုက်ပြီး ခါးတွင်ချိတ်ထားသော သေနတ်ရှည်ကို ထုတ်လိုက်သည်။

“အမိန့်ပေး အားလုံး ခေါင်မိုးပေါ် တက်ကြ”

“သူတို့က သေနတ်နဲ့ ကစားချင်တယ်ဆိုရင် ‘းမီးအင်အား ဖြန့်ကျက်ခြင်းဆိုတာ ဘာလဲဆိုတာ သင်ပေးလိုက်မယ်”

တိုက်ပွဲမှာ ရွေ့လျားနေရင်းပင် စတင်ခဲ့သည်။

နဂါးနက်မှာ မရပ်တန့်ဘဲ ကျောက်ကောင်း၏ အပြင်းအထန် ပစ်ထည့်မှုကြောင့် ပို၍ပင် အရှိန်မြှင့်လာသည်။ ဧရာမဘီးလုံးများမှာ သံလမ်းပေါ်တွင် ဟိန်းသံနှင့်အတူ ပြေးလွှားနေသည်။

နှစ်ဖက်စလုံးရှိ သဲကုန်းများပေါ်တွင် ကုလားအုပ် တပ်ဖွဲ့မှာ တစ္ဆေများကဲ့သို့ လိုက်ပါလာသည်။ သဲပြင်ပေါ်တွင် ကုလားအုပ်၏ ပေါ့ပါးမှုကို အသုံးပြုကာ ရထားကို တင်းတင်းကျပ်ကျပ် ကပ်လိုက်ပြီး မီးခြစ်သေနတ်များမှာ အဆက်မပြတ် မီးလျှံများ ထွက်ပေါ်နေသည်။

“ခလောက်… ခလောက်…”

ခဲကျည်များမှာ သံချပ်ကာကို ထိမှန်ကာ မီးပွားများ ထွက်လာသော်လည်း ထူထဲသော သံပြားများကို မဖောက်နိုင်ပေ။

“အားနည်းလိုက်တာ”

ရှန်းယွီက ခေါင်မိုးပေါ်တွင် ရပ်ကာ လေကို ဟိန်းဟောက်၍ ရယ်မောလိုက်သည်။

“ဒါနဲ့ မဟာချင်ရဲ့ နဂါးကို တားနိုင်မယ်လို့ ထင်နေတာလား”

သူသည် သေနတ်ကို မြှောက်ကာ ပစ်မှတ်ကိုပင် မချိန်ဘဲ အနီးဆုံး စီးနင်းသူကို ပစ်ချလိုက်သည်။

“ဒိုင်း…”

ဧရာမ အသံကြီး။

အသေးစား သံလုံးများမှာ ပြန့်ကျဲသွားပြီး ကံဆိုးသူ စီးနင်းသူနှင့် ကုလားအုပ်မှာ ချက်ချင်းပင် ဆန်ခါဇကာ ဖြစ်သွားသည်။

“သနားကင်းမဲ့အမြောက်… ငါ့အတွက် ပစ်ပေး”

ရှန်းယွီက ဟိန်းဟောက်လိုက်၏။

ရထား၏ အလယ်ပိုင်းတွင် ဧရာမ စပရိန်သုံး အမြောက်ကို လှည့်ဘီးဖြင့် တင်းအောင် ဆွဲထားသည်။

အားကောင်းသူတစ်ဦးက ကြိုးကို ဖြတ်လိုက်သည်။

“ရွီး…”

ပူလောင်နေသော ပေါက်ကွဲစေသည့် ဗုံးမှာ လေထဲတွင် ဟိန်းသံနှင့်အတူ ပျံသန်းသွားသည်။

၎င်းမှာ စီးနင်းသူများကို မထိသော်လည်း တပ်ဖွဲ့နောက်ကွယ်ရှိ သဲကုန်းပေါ်တွင် ကျရောက်သည်။

“ဝုန်း…”

ပေါက်ကွဲသံကြီးမှာ သဲမုန်တိုင်းကို ကောင်းကင်ယံအထိ ပင့်တင်လိုက်သည်။

လူအများကြီး မသေဆုံးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းနှင့် တုန်ခါမှုကြောင့် ကုလားအုပ်များအားလုံး ထိတ်လန့်သွားကြသည်။

ပုံမှန်အားဖြင့် ယဉ်ကျေးသော ကုလားအုပ်များမှာ ထိတ်လန့်သွားလျှင် အလွန် ရမ်းကားလာတတ်သည်။ ၎င်းတို့မှာ ခုန်ပေါက်ကာ စီးနင်းသူများကို ပြုတ်ကျစေပြီး မြေပြင်ပေါ်တွင် ဝပ်ကျကာ လှုပ်ရှားခြင်း မရှိတော့ပေ။

အစပိုင်းတွင် ရန်လိုသော အမဲလိုက်မှုမှာ ချက်ချင်းပင် ဟာသတစ်ခု ဖြစ်သွားသည်။

ချင်ရှီဟွမ်မှာ အကဲခတ်မျှော်စင်ပေါ်တွင် ရပ်ကာ အရှုပ်အထွေးဖြစ်နေသော ရန်သူများကို ကြည့်နေသော်လည်း စိတ်အေးလက်အေး မဖြစ်နိုင်ပေ။

“တစ်ခုခုတော့ လွဲနေတယ်...”

သူက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီလောက်ပဲ နှောင့်ယှက်မှုဆိုရင်အဓိပ္ပာယ် မရှိဘူး... သူတို့က သံချပ်ကာကို မဖောက်နိုင်သလို ရထားကိုလည်း မတားနိုင်ဘူး...”

“သူတို့က... အချိန်ဆွဲနေတာလား”

“ဒါမှမဟုတ်...”

ချင်ရှီဟွမ်၏ အကြည့်မှာ ရုတ်တရက် ရှေ့သို့ ရောက်သွားသည်။

သံလမ်း၏ အဆုံးတွင်။

ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ပေါ်တွင် သစ်သားတံတားလေးတစ်ခု ရှိနေသည်။ ၎င်းမှာ အချိန်ကုန်သက်သာစေရန် အင်ဂျင်နီယာများ ဆောက်လုပ်ထားသော ယာယီတံတားဖြစ်သည်။

“သေစမ်း... တံတား”

ချင်ရှီဟွမ်က အော်ဟစ်လိုက်သည်။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

ရထားမှာ သစ်သားတံတားနှင့် ခြေလှမ်းငါးရာအလိုတွင် ရှိနေချိန်၌ တံတားမှာ... ပေါက်ကွဲခြင်း မရှိပေ။

၎င်းမှာ... ပျောက်ကွယ်သွားသည်။

ပို၍တိကျအောင် ပြောရလျှင် တံတားပေါ်ရှိ သံလမ်းများမှာ မရှိတော့ပေ။ ပုပ်သိုးနေသော သွားများကဲ့သို့ သစ်သားတုံးများသာ ကျန်ရှိတော့ပြီး ကောင်းကင်ကို လှောင်ပြောင်သကဲ့သို့ ဖြစ်နေသည်။

“ရပ်…ရထားကို ရပ်..”

မုန့်ထျန်း၏ အသံမှာ တုန်ယင်သွားပြီး အရေးပေါ် ဘရိတ်အုပ်ရန် အနီရောင်အလံကို အပူတပြင်း ဝှေ့ယမ်းလိုက်သည်။

စက်ခေါင်းထဲတွင် ကျောက်ကောင်းမှာ ကျောက်မီးသွေးကို အားပါးတရ ပစ်ထည့်နေစဉ် အပြင်ဘက်မှ နှလုံးသားကို ခွဲထုတ်သွားမည့် အော်ဟစ်သံများကို ကြားလိုက်ရသည်။

“ဘာ…ရပ်…”

သူသည် ပေါက်ပြားကို ပစ်ချလိုက်ကာ ဧရာမ ဘရိတ်လီဗာကို ဆွဲရန် ပြေးသွားသည်။

“ကျွီ….”

သတ္တုပွတ်တိုက်သံမှာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ ဘီးများမှာ သံလမ်းပေါ်တွင် တင်းကြပ်သွားပြီး တောက်ပသော မီးပွားများ ထွက်ပေါ်လာသည်။

ဧရာမ အရှိန်နှုန်းမှာ ရထားကို ရှေ့သို့ ဆက်လက်တွန်းပို့နေသည်။

ရုတ်တရက် ဘရိတ်အုပ်လိုက်ခြင်းကြောင့် လူတိုင်း လဲကျသွားသည်။ ချင်ရှီဟွမ်က လက်ရန်းကို တင်းတင်းကိုင်ထားရာ သူ၏ လက်ဆစ်များမှာ ဖြူလျော့သွားသည်။

ခြေလှမ်း လေးရာ... ခြေလှမ်း သုံးရာ... ခြေလှမ်း နှစ်ရာ... ရထားမှာ ခေါင်းမာသော နွားတစ်ကောင်ကဲ့သို့ ရပ်တန့်ရန် ငြင်းဆန်နေသည်။

သံလမ်းမရှိသော သစ်သားတံတားပေါ်သို့ တိုးဝင်တော့မည် ဖြစ်သည်။ ဝင်တိုက်မိလျှင် ရထားပျက်စီးပြီး လူတိုင်း သေဆုံးပေလိမ့်မည်။

“ရှန်းယွီ”

ချင်ရှီဟွမ်က ဟိန်းဟောက်လိုက်သည်။

ရှန်းယွီမှာ ခေါင်မိုးပေါ်တွင် ရှိနေပြီး ပြုတ်ကျလုနီးပါး ဖြစ်နေသည်။ အဝေးမှ ချဉ်းကပ်လာသော တံတားကို ကြည့်ကာ သူ၏မျက်လုံးတွင် ပြတ်သားမှု ပေါ်လာသည်။

“အရှင်မင်းကြီးကို ထိခိုက်အောင် လုပ်မယ်ဟလား.. မရဘူး…”

သူသည် ခေါင်မိုးပေါ်မှ ခုန်ချလိုက်ကာ ပထမဆုံး ရထားတွဲနှင့် စက်ခေါင်းကို ဆက်ထားသော ချိတ်နေရာတွင် ရောက်ရှိသွားသည်။

ထိုနေရာတွင် ဧရာမသံချိတ်ဆက်မှုတစ်ခု ရှိသည်။

“ပွင့်စမ်း”

ရှန်းယွီ ဟိန်းဟောက်လိုက်သည်။ သူ၏ ကြွက်သားများ ဖောင်းတက်လာသည်။ သူ၏ ခံတပ်ဖြိုခွင်းသူဓားဖြင့် သံချိတ်၏ တံစို့ကို ပြင်းထန်စွာ ခုတ်ချလိုက်၏။

“ခလောက်….”

မီးပွားများ လွင့်စဉ်သွားသည်။ တံစို့မှာ မတုန်လှုပ်ပေ။ ၎င်းမှာ အဆင့်မြင့် သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

“နောက်တစ်ခါ”

ရှန်းယွီ၏ မျက်လုံးမှာ သွေးရောင် လွှမ်းနေသည်။ သူသည် ဓားကို ပစ်ချလိုက်ကာ ပူလောင်နေသော ချိတ်ဆက်တံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“ယား…..”

လူသားတို့၏ အစွမ်းအစကို ကျော်လွန်သည့် ပေါက်ကွဲမှု။

သတ္တုများ လိမ်ကျိုးသွားသည့် အသံနှင့်အတူ ထိုလက်မဝက်ခန့်ရှိ တံစို့မှာ သူ့လက်ဖြင့် ဆွဲထုတ်လိုက်ခြင်း ခံလိုက်ရသည်။

“ကျွီ….”

စက်ခေါင်းမှာ နောက်တွဲများမှ ကွဲထွက်သွားသည်။

နောက်မှ ဆွဲထားသော ဝန်မရှိတော့သည့်အတွက် စက်ခေါင်းမှာ ပေါ့ပါးသွားသော်လည်း ရှေ့သို့ တွန်းအားမှာလည်း ပျောက်ဆုံးသွားသည်။

စက်ခေါင်းထဲတွင် ကျောက်ကောင်းမှာ ရထားတွဲများ ရုတ်တရက် ခွာသွားသည်ကို ကြည့်ကာ ကြောက်လန့်တကြား ဖြစ်သွားသည်။

“ကယ်ကြပါ… ငါ ရထားပေါ်မှာ ကျန်ခဲ့တယ်”

ကျောက်ကောင်းပါဝင်သော စက်ခေါင်းမှာ တံတားပေါ်သို့ တစ်ဦးတည်း တိုးဝင်သွားသည်။

ရထားတွဲ ဆယ်တွဲမှာမူ ပွတ်တိုက်သံများနှင့်အတူ တံတားဦးမှ ခြေလှမ်း ဆယ်လှမ်းခန့်အလိုတွင် ဖြည်းညင်းစွာ ရပ်တန့်သွားသည်။

လူတိုင်း အသက်ကို အောင့်ထားပြီး စက်ခေါင်းကို ငေးကြည့်နေကြသည်။

၎င်းမှာ သစ်သားတံတားပေါ်သို့ တိုးဝင်သွားပြီး တုန်ခါသွားကာ...

“ဝုန်း…”

သစ်သားတံတားမှာ ထိုအရှိန်ကို မခံနိုင်ဘဲ ပြိုကျသွားသည်။

ကျောက်ကောင်းပါသော စက်ခေါင်းမှာ ခြောက်သွေ့သော မြစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။တိတ်ဆိတ်သွား၏။

ခဏအကြာတွင်။

“အရှင်မင်းကြီး…အရှင်မင်းကြီး၊ အဆင်ပြေရဲ့လား…”

အစောင့်များမှာ ရူးသွပ်နေသည့်အလား အကဲခတ်မျှော်စင်ပေါ်သို့ ပြေးတက်လာကြသည်။

ချင်ရှီဟွမ်မှာ ဖြူရော်နေသော်လည်း တည်ငြိမ်နေသည်။ သူသည် အဆင်ပြေကြောင်း လက်ဝါးဖြင့် အချက်ပြလိုက်သည်။

သူသည် စက်ခေါင်း ကွဲထွက်သွားသော နေရာသို့ လျှောက်သွားကာ အောက်ရှိ မီးခိုးငွေ့များ ထွက်နေသော တွင်းထဲကို ငုံ့ကြည့်လိုက်၏။

“ကျောက်ကောင်း... သေပြီလား..”

ဟူဟိုက်က ငုံ့ကြည့်ကာ သတိကြီးစွာဖြင့် ဆိုလိုက်သည်။

“ခမည်းတော်… အဲ့ဒီအမြင့်ကနေ ပြုတ်ကျတာရယ် သံတုံးကြီးထဲမှာ ရောက်နေတာရယ်ဆိုတော့... သူ ပိပြားသွားလောက်ပြီ မဟုတ်ဘူးလား”

မဟာချင်တွင် “အကောင်းဆုံး ကျောက်မီးသွေး တူးသူ” ဆုံးရှုံးသွားပြီဟု လူတိုင်း ထင်မှတ်နေချိန်။

မီးခိုးငွေ့များ ထွက်နေသော စက်ခေါင်း အပျက်အစီးများထဲမှ ချောင်းဆိုးသံများ ထွက်ပေါ်လာသည်။

“အဟွတ်……အဟွတ် အား၊ ငါ့ခါး...”

ကျောက်မီးသွေးပုံထဲမှ လက်မည်းမည်းတစ်ခု ထွက်ပေါ်လာသည်။

ကျောက်ကောင်းမှာ တကယ်ပင် တွားသွား၍ ထွက်လာသည်။

သူ၏မျက်နှာတွင် သွေးများ ပေကျံနေပြီး အဝတ်အစားများမှာ စုတ်ပြဲနေသော်လည်း. သူ၏ လက်နှင့် ခြေထောက်များမှာ ပြည့်စုံနေသေးသည်။ (စာရေးသူအကြိုက်ဆုံးဇာတ်ကောင်က ကျောက်ကောင်းနဲ့ ဟူဟိုက်ပဲ..နှစ်ယောက်စလုံးရယ်ရလို့)

“အဲ့ဒီလူဆိုး... သူ့အသက်က တကယ့်ကို မာတာပဲ”

ရှန်းယွီက မီးလောင်ထားသော လက်ကို ခါယမ်းကာ ဆိုလိုက်သည်။

ပြုတ်ကျချိန်တွင် ကျောက်မီးသွေးများ ပုံလိုက်ခြင်းကြောင့် ကျောက်ကောင်းအတွက် အောက်ခံကူရှင်ဖြစ်သွားခြင်း ဖြစ်သည်။ ထို့အပြင် တံတားမှာ ပြိုကျစဉ် အညီအမျှ ဖြစ်သွားခြင်းကြောင့် သူ အသက်ရှင်သွားခြင်း ဖြစ်သည်။

ချင်ရှီဟွမ်မှာ တွင်းအောက်တွင် ရုန်းကန်နေသော အနက်ရောင် အရိပ်ကို ကြည့်ကာ သူ၏ နှုတ်ခမ်းမှာ တွန့်ကွေးသွားသည်။

“သူ့ကို ဆွဲတင်လိုက်”

“ဒီလောက်နဲ့ မသေဘူးဆိုရင် ငရဲမင်းတောင် သူ့ကို အရမ်းညစ်ပတ်တယ်ဆိုပြီး လက်မခံတာပဲ ဖြစ်ရမယ်”

အကျပ်အတည်းမှာ ယာယီ ကင်းရှင်းသွားသော်လည်း လူတိုင်း၏ စိတ်ထဲတွင် ပိုမိုကြီးမားသော အရိပ်မည်းတစ်ခု ရှိနေသည်။

ချင်ရှီဟွမ်မှာ ရထားပေါ်မှ ဆင်းကာ တံတားဦးသို့ ရောက်ရှိလာသည်။

သူသည် ပျက်စီးနေသော သစ်သားတုံးများကို ကြည့်လိုက်၏။

သံလမ်းများမှာ ပေါက်ကွဲသွားခြင်း မဟုတ်ဘဲ အဖြုတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဖြတ်တောက်မှုမှာ စနစ်ကျပြီး တံစို့များကိုပင် အကုန်ဖြုတ်ထားသည်။

“ဒါက... သံခိုးတာလား”

မုန့်ထျန်းက မယုံနိုင်စွာဖြင့် ဆိုလိုက်သည်။

“ဒီလို လူသူကင်းမဲ့တဲ့နေရာမှာ ဒီလောက် လေးလံတဲ့ သံလမ်းတွေကို ဘယ်သူက ခိုးမှာလဲ”

“ခိုးတာမဟုတ်ဘူး...”

ကျန်းလျန်မှာ လျှောက်လာကာ ဒူးထောက်၍ အမှတ်အသားများကို စမ်းကြည့်လိုက်သည်။

“ဒါကအဖြုတ်ခံရတာ...”

“တစ်ယောက်ယောက်က လူအင်အား အများကြီးနဲ့ ကိရိယာတွေကိုသုံးပြီး ဒီအပိုင်းကို အချိန်တိုအတွင်း ဖြုတ်လိုက်တာပါ...”

ကျန်းလျန်မှာ အဝေးရှိ သဲကန္တာရ၏ အနက်ရှိုင်းဆုံးဆီသို့ ငေးကြည့်လိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ ပိတ်မိသွားပါပြီ...”

“ရှေ့မှာ လမ်းမရှိတော့ဘူး... သံလမ်းမရှိရင် ကျွန်တော်တို့ရဲ့ ရထားမှာလည်း အလကား အမှိုက်သာ ဖြစ်သွားပြီ...”

“ပြီးတော့...”

ကျန်းလျန်က သူတို့ကို တဖြည်းဖြည်း ဝိုင်းရံလာသော အနက်ရောင် အရိပ်များကို လက်ညှိုးထိုးပြလိုက်သည်။

ကုလားအုပ် တပ်ဖွဲ့များ ပို၍ များပြားလာပြီး ရိုးရှင်းသော အမြောက်များကို တွန်းလာသည့် ခြေလျင်တပ်များလည်း ပါဝင်လာသည်။

တောင်ကုန်းနှင့် လွင်ပြင် အနှံ့အပြားတွင် ရှိနေသည်။

“သူတို့က ရထားကို မပေါက်ကွဲစေချင်ဘူး... သူတို့က... ကျွန်တော်တို့ကို ဒီနေရာမှာ ပိတ်လှောင်ပြီး သတ်ပစ်ချင်တာပါ...”

ချင်ရှီဟွမ်မှာ ဝံပုလွေအုပ်စုကဲ့သို့ ချဉ်းကပ်လာသော ရန်သူများကို ကြည့်ကာ အသက်ကို ဝအောင် ရှူလိုက်သည်။

ဤသည်မှာ ရိုးရှင်းသော နှောင့်ယှက်မှု မဟုတ်တော့ပေ။ အသေးစိတ် စီစဉ်ထားသော အမဲလိုက်မှု ဖြစ်သည်။

ထိုမျက်လုံး၏ ပိုင်ရှင်မှာ နောက်ဆုံးတွင် သူ၏ အစွယ်များကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

“ကောင်းပြီ...”

ချင်ရှီဟွမ်မှာ ထိုက်အာဓားကို ဆွဲထုတ်လိုက်ကာ ကောင်းကင်ကို ဓားဖြင့် ညှိုးထိုးပြလိုက်၏။

“လမ်းမရှိရင်လည်း ငါတို့ မသွားတော့ဘူး...”

“အမိန့်”

“တပ်ဖွဲ့ အားလုံး ရထားပေါ်မှ ဆင်း ရထားကို အကာအကွယ်ယူပြီး တပ်စွဲကြ”

“သနားကင်းမဲ့ အမြောက်တွေအကုန်လုံးချ တပ်ဆင်ကြ..”

“သူတို့မှာ ကုလားအုပ် ပိုများလား ဒါမှမဟုတ် ငါ့မှာ ဗုံးပိုများလား ဆိုတာ ကြည့်လိုက်ကြတာပေါ့”

“ပြီးတော့...”

ချင်ရှီဟွမ်မှာ ဆွဲတင်ခံရပြီး ငိုယိုနေသော ကျောက်ကောင်းကို တစ်ချက်ကြည့်လိုက်သည်။

“ကျောက်ကောင်း… အော်နေတာ ရပ်တော့။ မင်းရဲ့ ဘွိုင်လာ ပေါက်သွားပေမယ့် မင်းရဲ့ ကျွမ်းကျင်မှုက ရှိနေသေးတယ်...”

“သွား... မိုဟစ်ဂိုဏ်းသားတွေကို ခေါ်ပြီး ရထားတွဲထဲက အပိုသံလမ်းတွေကို ထုတ်လာခဲ့...”

“လမ်းကို ဖျက်ရင်လည်း ငါက... ဒီနေရာမှာပဲ ပြန်ခင်းမယ်”

“ပြန်ခင်းရင်းနဲ့ တိုက်မယ်”

“ဒီမိုင်ပေါင်းများစွာ လမ်းကို ငါ မခင်းနိုင်စရာ အကြောင်းမရှိဘူး”

လေနှင့် သဲများ ရုတ်တရက် ပြင်းထန်လာသည်။

နေဝင်ရီတရောတွင် ဤရှေးဟောင်း သဲကန္တာရ၌ မကြုံစဖူးသော ရထားလမ်း ကာကွယ်ရေးတိုက်ပွဲကား စတင်ခဲ့သည်။

တစ်ဖက်တွင် စက်မှုယဉ်ကျေးမှု၏ သံမဏိနဂါး၊ တစ်ဖက်တွင် လူရိုင်းမျိုးနွယ်စုများ၏ ရွေ့လျား ဝံပုလွေအုပ်စုနှင့် တပ်ဖွဲ့၏ အလယ်ဗဟိုတွင် ထိုင်နေသော ပထမဆုံးဧကရာဇ်မှာ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ ပို၍ ရူးသွပ်သော အတွေးတစ်ခုကို တွေးနေသည်။

“ရှောင်ဂျီ”

“ပြောစမ်း…ငါ ဒီစက်ခေါင်းကို မွမ်းမံလိုက်ရင်... တင့်ကား ဖြစ်လာနိုင်မလား”

All Chapters