အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃) - ခရီးလမ်း၏ ဖြစ်နိုင်ခြေရှိသော အဆုံးသတ် (၄)
ကျိုးရီနှင့် အခြားသူများ တိုက်ပွဲထဲဝင်ရောက်လာသောအခါ လိုင်ရိုက အနောက်သို့ဆုတ်လိုက်၏။
သူတို့အား အသေခံခိုင်းကာ ထွက်ပြေးရန် ပြင်ဆင်နေခြင်းဖြစ်မည်ကို ကျိုးရီ စိုးရိမ်ခဲ့သော်လည်း သူ၏စိုးရိမ်မှုများက အခြေအမြစ်မရှိခဲ့ပေ။
လိုင်ရိုသည် ခန္ဓာကိုယ်ကို ပုံမှန်ဖြစ်စေရန် ထိန်းညှိကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်သည်။
ယင်ရုံနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်ရချိန်မှသာ ယင်ရုံကို ယှဉ်ပြိုင်နိုင်ခဲ့သော လိုင်ရိုသည် မည်မျှအထိ အစွမ်းထက်သနည်းဆိုသည်ကို သူတို့ နားလည်သွားကြတော့၏။
ဤအခြေအနေမှ လွတ်မြောက်လိုပါက လိုင်ရိုမပါဘဲ လုံးဝမဖြစ်နိုင်ချေ။
အကယ်၍ သူသာ ထွက်သွားခဲ့လျှင် သို့မဟုတ် တိုက်ခိုက်နိုင်စွမ်းမရှိတော့လျှင် သူတို့ ရှုံးနိမ့်မည်မှာ သေချာပေါက်ပင်။
ထိုလေးယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး လူစုခွဲလိုက်စဉ်မှာပင် လိုင်ရိုက သူ၏ ဓားမကြီးဖြင့် ယင်ရုံကို ခုတ်ချလိုက်လေသည်။
"အရင်လို မင်းအတွက် လွယ်ကူလိမ့်မယ်လို့ မတွေးနဲ့"
ယင်ရုံက သရော်လိုက်ပြီး သူ၏ဓားခုတ်ချက်ကို ရင်ဆိုင်ရန် သူမ၏ဓားများကို လွှဲယမ်းလိုက်၏။
လိုင်ရိုနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် အနည်းငယ် အလေးအနက်ထားဟန်ပေါ်သော်ငြား သူမ၏ဟန်ပန်တွင် ပေါ့ပေါ့ပါးပါးဖြစ်နေသည့် အရိပ်အယောင်များကို အထင်းသားမြင်တွေ့နေရဆဲ ဖြစ်သည်။
သို့ရာတွင် သူတို့၏ လက်နက်များ ထိပ်တိုက်တွေ့ဆုံသွားချိန်တွင်မူ ထိုအခြေအနေက ချက်ချင်း ပြောင်းလဲသွားလေတော့၏။
နောက်ဆုံးအခိုက်အတန့်တွင် လိုင်ရို၏ လက်ထဲရှိ ဓားမကြီးသည် ကိုယ်ပိုင်အသက်ဝိညာဉ်တစ်ခု ရှိနေသည့်အလား ဓားနှစ်လက်ကြားရှိ အသေးငယ်ဆုံးသော ဟာကွက်လေးများကြားသို့ တိုးဝင်သွားခဲ့ပြီး ယင်ရုံ၏ လက်တစ်ဖက်ကို ခုတ်ပိုင်းမိသွားသည်။
သူမသည် နောက်သို့ အလျင်စလို ရှောင်တိမ်းလိုက်သော်လည်း ၀တ်ရုံလက်စတစ်ခုမှာ စုတ်ပြဲသွားခဲ့ပြီး ထိုနေရာမှ သွေးများ ရွှဲကျနေသည်ကို တွေ့လိုက်ရ၏။
"ဓားအာရုံခံစားမှုလား"
သူမက အလွန်တရာ အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။
"အရင်လို မင်းအတွက် လွယ်ကူလိမ့်မယ်လို့ မတွေးနဲ့"
လိုင်ရိုက သူမကဲ့သို့ပင် မောက်မာသောဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"ဆောရီးကွာ၊ ငါ နည်းနည်းမိုက်သွားအောင် ပြောကြည့်တာပါ"
ကျိုးရီနှင့် အခြားသူများက သူ့အား စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသောကြောင့် အရှက်ပြေပြုံးကာ ပြောလိုက်သည်။
"ဟွန်း၊ ဓားအာရုံခံစားမှုလေးပါပဲ။ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒါကို အပြည့်အဝ အသုံးချနိုင်လောက်တဲ့အထိ အစွမ်းမထက်သေးပါဘူး"
ယင်ရုံက နောက်ထပ်တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်ရင်း ပြောလိုက်သည်။
သူမ၏ စကားလုံးများအရ သုမသည် တည်ငြိမ်နေပုံရသော်ငြား သူမ၏ အကြည့်နှင့် ဟန်ပန်ကမူ များစွာလေးနက်သွားခဲ့ပေပြီ။
သူမ၏ ဓားပေါ်တွင် လှိုင်းထနေသော မီးတောက်ဖြူများမှာ ပိုမိုချောမွေ့ပြတ်သားလာခဲ့ပြီး ဓားသွားနှင့် မီးတောက်ကိုပင် ခွဲခြားမရနိုင်ဖြစ်သွားလေသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူမနှင့် လိုင်ရိုတို့ကြားတွင် မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လိုင်ရိုသည် ခံစစ်ချည်းသက်သက် လုပ်မနေတော့ပေ။
သူသည် ဓားမကြီးဖြင့် သူမ၏ လှုပ်ရှားမှုများကို အမီလိုက်နိုင်နေပြီ ဖြစ်သည်။
'ငါတို့ရဲ့လောင်းကြေးက အမြတ်ထွက်လောက်တယ်'
ကျိုးရီသည် သူ့ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးကို ငေးကြည့်ရင်း မျက်လုံးများ အရောင်လက်လာကာ တွေးလိုက်၏။
လိုင်ရိုသည် အရပ်ရှည်သော်လည်း သူ၏ လှုပ်ရှားရှောင်တိမ်းမှုများနှင့် တိုက်ခိုက်မှုများက အလွန်ပျော့ပျောင်းသွက်လက်လှသဖြင့် ခန္ဓာကိုယ်ထဲတွင် အရိုးမရှိသည့်အလား ထင်မှတ်ရပေသည်။
ဓားမကြီး၏ လှုပ်ရှားမှုများနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုတို့သည် အလွန်တရာ ဟန်ချက်ညီနေသဖြင့် သူ၏ လက်တံရှည်ကြီးများနှင့် ဓားမကြီးကိုပင် ခွဲခြားမရနိုင်ဖြစ်နေလေသည်။
ရှင်းလင်းသော မျှော်လင့်ချက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် ကျိုးရီနှင့် အခြားသူများသည် သတိထားမှုအားလုံးကို ဘေးဖယ်ထားကာ မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
အစပိုင်းတွင် သူတို့သည် ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ ရုန်းကန်ခဲ့ရပြီး တစ်ခါတစ်ရံ လိုင်ရို၏ လမ်းကြောင်းကိုပင် ပိတ်ဆို့မိတတ်ကြသည်။
သို့သော် လိုင်ရို၏ အားပေးမှုကြောင့် သူတို့ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
မကြာမီတွင်ပင် သူတို့၏ တိုက်ခိုက်မှုများသည် ပိုမိုစည်းချက်ညီကာ ချောမွေ့လာခဲ့သည်။
လိုင်ရိုဖန်တီးပေးသော ယင်ရုံ၏ ခံစစ်ဟာကွက်များကို အခွင့်ကောင်းယူ၍ သူမကို ထိုးနှက်နိုင်ခဲ့ကြသည်။
သူတို့သည် ယင်ရုံအား ဒဏ်ရာရစေရန် စွမ်းဆောင်နိုင်ခဲ့သော်ငြား လိုင်ရိုက သူမကို ထိန်းချုပ်ထားပေးသည့်တိုင် အနီးကပ်တိုက်ခိုက်သူများဖြစ်သော ကျိုးရီနှင့် ကျိုးလီချင်းတို့အတွက်မူ ကိုယ်ပိုင်ဒဏ်ရာများကို ပေးဆပ်ခဲ့ရသည်။
ဝိုင်းဝန်းတိုက်ခိုက်ခံနေရပြီး ဒဏ်ရာများတိုးလာနေသော်လည်း ယင်ရုံသည် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။
သူမသည် သူတို့အားလုံးကို ရင်ဆိုင်ခဲ့ပြီး တိုက်ခိုက်မှုအရှိန်အဟုန်ကို ပိုမိုပြင်းထန်လာစေသည်။
သူမအနေဖြင့် ပိုမိုကြီးမားသော တုံ့ပြန်တိုက်ခိုက်ခွင့်တစ်ခု ရမည်ဆိုပါက အချို့သော ထိုးနှက်ချက်များကိုပင် တမင်တကာ ခံယူပေးလိုက်သည်အထိ ရက်စက်ပြတ်သားလှသည်။
အကယ်၍ ပြင်ပလူတစ်ယောက်သာ သူတို့၏ တိုက်ပွဲနှင့် ပြင်းထန်မှုအတိုင်းအတာကို မြင်တွေ့ခဲ့မည်ဆိုလျှင် သေသည်အထိ တိုက်ခိုက်ရမည့် မဖြေရှင်းနိုင်သော သွေးကြွေးရန်ငြိုးတစ်ခုဟုပင် ထင်မှတ်သွားပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ထိုအချက်က အမှန်ပင်ဖြစ်သည်။
သူတို့တွင် သွေးကြွေးရန်ငြိုးမရှိသော်ငြား သူတို့၏အသက်များကို ပေါင်နှံ၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
သူတို့အားလုံးသည် တစ်ဖက်လူ၏ အသက်ကို နုတ်ယူရန် ရည်ရွယ်ချက်ဖြင့်သာ တိုက်ခိုက်နေကြပြီး အချိန်များကုန်ဆုံးလာသည်နှင့်အမျှ တိုက်ခိုက်မှုများက ပို၍ပြင်းထန်လာကာ အသေအလဲ ဖြစ်လာကြတော့သည်။
လူတိုင်း၏ ဝတ်ရုံများတွင် ဓားခုတ်ရာများ ပြည့်နှက်နေကာ သွေးများဖြင့် စွန်းထင်းနေသော်လည်း သူတို့၏ မျက်နှာအမူအရာများက ပြတ်သားနေဆဲပင်။
မိနစ်များစွာ ကုန်ဆုံးသွားပြီး မကြာမီမှာပင် ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ထိုနေရာတစ်ဝိုက်တွင် ပရမ်းပတာဖြစ်မှုများနှင့် ပျက်စီးယိုယွင်းမှုများကို ဖြစ်ပေါ်စေသော သူတို့၏ တိုက်ပွဲကြီးမှာ ရပ်တန့်မည့် အရိပ်အယောင်ပင် မရှိချေ။
ထိုဆူညံသံများကြောင့် ရေနောက်ငါးဖမ်းရန် ရည်ရွယ်ချက်ဖြင့် ဆွဲဆောင်ခံလာရသော ဝိညာဉ်သားရဲအနည်းငယ် ရှိခဲ့သော်လည်း အနီးကပ်ဖြစ်ပေါ်နေသော ပျက်စီးမှုပမာဏကို မြင်တွေ့လိုက်ရချိန်တွင်မူ ကြောက်လန့်တကြားဖြင့် ချက်ချင်း နောက်ဆုတ်သွားခဲ့ကြသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ လိုင်ရိုသည် သူ၏ ဓားအာရုံခံစားမှုကို အသုံးပြုနိုင်စွမ်း ပိုမိုတိုးတက်လာခဲ့သည်။
ကျိုးရီနှင့် အခြားသူများမှာလည်း ဆောင်းဦးရွက်ကြွေ သိုင်းစဉ် ၁၀၈ ချက်၏ ကျင့်စဉ်များအပေါ် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာခဲ့သည်။
ထို့အပြင် ယုမေသည် သူမ၏ နှလုံးသားကြေးမုံကို အသုံးပြုမည့် နည်းလမ်းသစ်များကို ရှာဖွေတွေ့ရှိခဲ့သည်။
အထူးသဖြင့် ယင်ရုံက အသေသတ်တိုက်ကွက်သုံးတိုင်း ယုမေသည် ကြိုတင်အာရုံခံနိုင်ခဲ့သဖြင့် ၎င်းသည် အဖွဲ့အတွက် အသက်ကယ်ဆယ်ရေးတစ်ခု ဖြစ်လာခဲ့ပြီး ယင်ရုံကို ရှေ့တန်းမှ ထိန်းချုပ်ပေးနေသော လိုင်ရိုအတွက် ပို၍ပင် အထောက်အကူဖြစ်စေခဲ့သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ တိုးတက်လာသူများထဲတွင် သူတို့သာ ပါဝင်သည်မဟုတ်ပေ။
ယင်ရုံ၏ နှင်းဆီပန်းများတွင် အဖြူရောင်အရွက်များဖြင့် ဝန်းရံထားသော နွယ်ပင်များ ပါရှိလာပြီး သူမ၏ လည်ပင်းအထိ ဆန့်တန်းလာခဲ့သည်။
ဤအရာက တိုက်ခိုက်မှုများကို ပိုမိုအေးစက်သွားစေခြင်းဖြင့် သူမ၏ ဖျက်ဆီးနိုင်စွမ်းကို တိုးမြှင့်ပေးလိုက်ပုံရသည်။
ကျိုးရီအနေဖြင့် သေချာရေရာစွာ မသိသော်လည်း တိုက်ပွဲကြာလာသည်နှင့်အမျှ တစ်စုံတစ်ရာ ပြောင်းလဲလာသည်ကို သူ ခံစားနေရသည်။
သို့သော်လည်း မည်သည့်နေရာတွင် မည်သို့ပြောင်းလဲသွားသည်ကိုမူ သူ အတိအကျ မပြောနိုင်ခဲ့ချေ။
ထို့အပြင် သူမ၏ ဓားသိုင်းပညာရပ်များသည်လည်း ပိုမိုသန့်စင်ချောမွေ့လာခဲ့သည်။
ဆောင်းဦးရွက်ကြွေ သိုင်းစဉ် ၁၀၈ ချက်ထဲမှ သိုင်းစဉ်တစ်ခုကို ရွေးချယ်ခဲ့သူမှာ သူတို့ချည်းသာ မဟုတ်ဘဲ ယင်ရုံသည်လည်း ပါ၀င်ခဲ့သည်။
သူမ ရွေးချယ်ခဲ့သော ဓားသိုင်းမှာ 'စီးဆင်းမှုနှစ်ရပ် ကူးပြောင်းခြင်း' သိုင်းစဉ် ဖြစ်သည်။
သူမ၏ တိုက်ခိုက်မှုများသည် တစ်ခါတစ်ရံတွင် ပြင်းထန်လိုက်၊ နူးညံ့လိုက်ဖြင့် လျင်မြန်သွက်လက်ကာ ခိုင်မာလှသည်။
၎င်းသည် ဆန့်ကျင်ဘက်အခြေအနေများအကြား အဆက်မပြတ် ကူးပြောင်းနေသဖြင့် တိုက်ခိုက်မှုပုံစံများကို ပိုမိုကွဲပြားသွားစေသည်။
အကယ်၍ သူတို့သာ ယင်ရုံကို တစ်ယောက်တည်း ရင်ဆိုင်ရမည် သို့မဟုတ် သူတို့အထဲမှ တစ်ယောက်ယောက် လျော့နည်းနေမည်ဆိုလျှင် သူတို့အတွက် မျှော်လင့်ချက်မရှိမည်မှာ အသေအချာပင်။
သို့သော် တိုက်ပွဲအရှိန်မြင့်လာသည်နှင့်အမျှ ကျိုးရီနှင့် အခြားသူများမှာ အမီလိုက်နိုင်ရန် ပိုမိုရုန်းကန်လာရသည်။
နောက်ဆုံးတွင် သူတို့နှင့် လိုင်ရို၊ ယင်ရုံတို့ကြားရှိ ကွာဟချက်ကို သတိထားမိလာကြတော့သည်။
ကျက်သရေရှိသည့် လှုပ်ရှားမှုများ၊ ဉာဏ်ပညာထက်မြက်သည့် တိုက်ခိုက်မှုများ၊ ခေါင်းနောက်ဘက်တွင် မျက်လုံးပါနေသည့်အလား လျင်မြန်စွာ ရှောင်တိမ်းနိုင်ပြီး တိုက်ခိုက်မှုဆီသို့ အချိန်ကိုက် ကူးပြောင်းနိုင်ပုံများက အံ့မခန်းပင်ဖြစ်သည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဉ်မှာပင် တစ်နာရီအချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အခြေအနေကို ကြည့်ရသလောက် သူတို့၏တိုက်ပွဲမှာ မကြာမီ အဆုံးသတ်တော့မည်ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက် ငါးကီလိုမီတာ အကွာအဝေးအတွင်း၌ အက်ကွဲနေသော မြေပြင်များမှလွဲ၍ ဘာမျှမရှိတော့ဘဲ ပုံမှန်မဟုတ်သော လေပြင်းများက သယ်ဆောင်လာသည့် အရောင်အသွေးစုံလင်ကာ အနံ့အသက်မျိုးစုံပါဝင်နေသော မြူခိုးများနှင့် မီးခိုးငွေ့များသာ ဖုံးလွှမ်းနေသည်။
လေပြင်းများသည် အနံ့ပါသော မီးခိုးများကို သယ်ဆောင်လာရုံသာမက လူသားတစ်ဦး၏ အသံဟုဆိုရန် အလွန်အရိုင်းဆန်လွန်းပြီး သားရဲတစ်ကောင်၏ အသံဟုဆိုရန် အလွန်နူးညံ့လွန်းနေသော ဟိန်းဟောက်သံများကိုပါ သယ်ဆောင်လာခဲ့သည်။
ထိုဟိန်းဟောက်သံများ၏နောက်တွင် သစ်ပင်ပြိုလဲသံများနှင့် မြေကြီးတုန်ခါသံများပါ ဆက်တိုက်ထွက်ပေါ်လာလေတော့သည်။