အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) - ခရီးလမ်း၏ ဖြစ်နိုင်ခြေရှိသော အဆုံးသတ် (၅)
နာရီဝက်ခန့်ကြာပြီးနောက် ပျက်စီးနေသော သစ်တောအလယ်တွင်။
"လီချင်း... နင်... သတိရပြီလား"
"ခပ်ရေးရေးပဲ... နင်ရော"
"တူတူပဲ… နောက်စက္ကန့်အနည်းငယ်နေရင်တော့ ငါလည်း သတိမရှိလောက်တော့ဘူး။ ယုမေ… နင်ရော..."
"သူ... သတိ...မရသေးဘူး"
"ဟယ်ရှန်း... မင်း... အဆင်ပြေ...တာပဲ။ မင်းရဲ့... အဆိပ်တွေက...အလုပ်မဖြစ်ခဲ့ဘူး...ထင်တယ်"
"ခွေးကောင်... မင်းက... လွဲအောင်ပစ်တာကိုး..."
"မင်းက အခုထိ..."
"ဟယ်ရှန်း သတိလစ်သွားပြီ၊ ကျိုးရီ..."
"ဒီလောက် ဒဏ်ရာတွေရထားတာတောင် မင်းက ဘယ်လိုလုပ် သတိရနေသေးတာလဲ"
"ဒဏ်ရာရတာပဲဖြစ်ဖြစ်၊ ငတ်မွတ်နေတာပဲဖြစ်ဖြစ်၊ ဖျားနာနေတာပဲဖြစ်ဖြစ်... ငယ်ငယ်လေးကတည်းက သတိမလွတ်အောင် နေတတ်ဖို့ ငါ သင်ယူခဲ့ရတယ်။ အဲဒီလိုမှ မဟုတ်ရင်…”
“ဒီလိုမျိုးဒဏ်ရာတွေလောက်ပဲ ရတာကို ကံကောင်းတယ်လို့ မှတ်ရမှာပဲ"
"ဒါနဲ့... မင်းတို့အားလုံး ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့ကြောင့် မင်းတို့အားလုံး ဒုက္ခရောက်ခဲ့ရပြီ ထင်ပါရဲ့။ ငါသာ ဒီထက်နည်းနည်းလောက် ပိုသန်မာခဲ့ရင်..."
"မင်း ဘာတွေပြောနေတာလဲ။ မင်းက သူ့ကို ထိန်းထားပေးလို့သာ ငါတို့ ဒီအချိန်အထိ အသက်ရှင်နိုင်ခဲ့တာပါ”
“ပြီးတော့ သူက အဆိပ်တွေပါ ထိန်းချုပ်နိုင်စွမ်းရှိမယ်လို့ ဘယ်သူကထင်မှာလဲ”
“အဲဒါကြောင့်သာမဟုတ်ရင် ငါတို့ နိုင်သွားလောက်ပြီ။ ဒါပေမဲ့လည်း... သူက တကယ့်မိစ္ဆာမပဲ... မင်းလည်းတူတူပဲ လိုင်ရို"
"လီချင်း..."
"သူလည်း သတိလစ်သွားပြီ။ ငါလည်း သူတို့နောက်ကို လိုက်ရတော့မယ် ထင်တယ်။ ကျေးဇူးပဲ ကျိုးရီ…”
ကျိုးရီ... သူလည်း သတိလစ်သွားပြီပဲ။
“ရှုံးနိမ့်သွားတာတောင် ဘာလို့ ငါ့နှလုံးသားက ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာလဲ။ ဒါက... အဆုံးသတ် မဟုတ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်"
...
ဆောင်းဦးတောင်ထိပ်။
"ဒီကလေးတွေ တကယ်ကို အစွမ်းပြနိုင်ခဲ့တာပဲ"
ခန်းဟွေ့လန်က နေရာတစ်ခုဆီသို့ အကြည့်ရောက်သွားစဉ် ပြောလိုက်၏။
"ဟုတ်တယ်"
ယန်ချင်း၏မျက်နှာပေါ်တွင် ချီးကျူးလိုသည့် အပြုံးဖျော့ဖျော့လေး ပေါ်ပေါက်လာပြီးနောက် ထိုသို့ဆိုလိုက်လေသည်။
"အဲဒီကောင်မလေးယင်ရုံက အခြေအနေတွေ ဆိုးဝါးနေတဲ့ကြားကတောင် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာ တော်တော်လေးကို မဆိုးဘူးပဲ”
“သူ့မှာ ဓားအာရုံခံစားမှု မရှိသေးပေမဲ့ တိုက်ခိုက်ရေးအာရုံကတော့ စံပြပဲ”
“သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အသုံးချသွားတဲ့ပုံ၊ ဓားသိုင်းအပေါ် ကျွမ်းကျင်မှုနဲ့ သူ့ခန္ဓာကိုယ်ထဲက အဆိပ်တွေနဲ့ ထောင်ဖမ်းသွားတဲ့ပုံတွေအရဆိုရင် တရားစီရင်ရေးတရားရုံးတော်ရဲ့ ဌာနအသီးသီးက သူ့ကိုရဖို့ အလုအယက် ဖြစ်ကြတော့မှာ အသေအချာပဲ"
ရှားပေါ်ချင်းက မှတ်ချက်ချလိုက်၏။
"လိုင်ရိုကလည်း မဆိုးပါဘူး။ သူ့ရဲ့ အခြေခံတွေကသာ အခုလိုမျိုး မယိမ်းယိုင်နေဘူးဆိုရင် ရလဒ်က တစ်မျိုးပြောင်းသွားနိုင်တယ်”
“လိမ္မော်ရောင်အဆင့်စာမေးပွဲမှာ ဓားပြားအာရုံခံစားမှုနဲ့ ဓားအာရုံခံစားမှု သုံးစွဲနိုင်သူတွေ ပေါ်လာတာက အံ့ဩစရာပဲ "
တိုင်ချန်က သူ၏မျက်လုံးများထဲတွင် တောက်ပသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရင်း ပြောလိုက်လေသည်။
"အဲဒါကတော့ ဟုတ်တယ်။ အဖွဲ့အစည်းက ဆုချီးမြှင့်တဲ့နေရာမှာ ကပ်စေးမနှဲဖို့ မျှော်လင့်ရတာပဲ"
ယန်ချင်းက ခပ်ရွဲ့ရွဲ့ဆိုလိုက်သည်။
ယင်ရုံကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ကျိုးရီတို့အဖွဲ့၏ တိုက်ပွဲမှာ သူတို့အတွက်ပင် စိတ်ဝင်စားဖွယ်ကောင်းလှသည်။
အထူးသဖြင့် တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပုံများနှင့် ပြသခဲ့ကြသော စွမ်းရည်များကြောင့်ပင်။
သို့ရာတွင် အထင်ရှားဆုံး ထင်ပေါ်ခဲ့သူများမှာ ဓားပြားအာရုံခံစားမှုကို ဖော်ထုတ်နိုင်ခဲ့သော လိုင်ရိုနှင့် ထိုငါးယောက်ထဲတွင် ဓားပြားအာရုံခံစားမှု သုံးစွဲနိုင်သူတစ်ဦး ပါဝင်သော လူငါးယောက်အဖွဲ့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်တိုင် ထိပ်ဆုံးမှ အနိုင်ရရှိခဲ့သော ယင်ရုံတို့ပင် ဖြစ်ပေသည်။
သေချာသည်မှာ သူမသည် ဒဏ်ရာကင်းစင်စွာဖြင့် အနိုင်ရခဲ့ခြင်း မဟုတ်ပေ။
သူမ၏ အောင်ပွဲသည် ပေါက်ကွဲသွားသည့် အပိုင်းအစတိုင်း၌ အရိပ်အယောင်မရှိသော ထုံကျင်စေသည့်အဆိပ်များကို ထုတ်လွှတ်ပေးနိုင်သော မီးလျှံနွယ်ပင်နှင်းဆီဖြူ ခန္ဓာကိုယ်၏ လျှို့ဝှက်စွမ်းရည်အပေါ်တွင် မူတည်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအဆိပ်သည် အာနိသင်အမြန်ပြသော အဆိပ်မျိုးမဟုတ်ဘဲ အဆိပ်သင့်သူများအနေဖြင့် ထိခိုက်ဒဏ်ရာရနေခြင်း သို့မဟုတ် အတိုင်းအတာတစ်ခုအထိ မောပန်းနွမ်းနယ်နေမှသာ အာနိသင်ပြနိုင်ခြင်း ဖြစ်လေသည်။
သူမသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ရေခဲအေးစက်မှုစွမ်းရည်ဖြင့် အဆိပ်အာနိသင်ကို ဖုံးကွယ်ကာ သူတို့အား လျှို့ဝှက်စွာ အဆိပ်ခတ်နေခဲ့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် အဆိပ်နှင့်ပတ်သက်၍ နိုးကြားမှုရှိသော ဟယ်ရှန်းပင် အချိန်နှောင်းသွားသည်အထိ သတိမထားမိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
တိုက်ပွဲတစ်လျှောက်လုံး သူမ၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ အတုယူဖွယ်ရာပင် ဖြစ်သည်။
ကျန်လူများသည်လည်း နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သော်ငြား သူတို့၏စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်ခဲ့ကြ၏။
ယခုအချိန်တွင် တစ်ခုတည်းသောမေးခွန်းမှာ သူတို့အနေဖြင့် တောင်ထိပ်သို့ အချိန်မီရောက်နိုင်ပါမည်လားဟူသည်ပင်။
သူတို့ တိုက်ပွဲဖြစ်ပွားနေသည့် နှစ်နာရီအတွင်း နောက်ထပ်လူနှစ်ယောက် ထပ်မံရောက်ရှိလာခဲ့သဖြင့် စုစုပေါင်း ပါဝင်ဖြေဆိုသူအရေအတွက်မှာ ဆယ့်နှစ်ယောက်အထိ ရှိသွားခဲ့ပြီဖြစ်သည်။
သို့ဖြစ်၍ လစ်လပ်နေရာသုံးနေရာသာ ကျန်ရှိတော့ပြီး အကယ်၍ ယင်ရုံသာ တောင်ထိပ်သို့ ရောက်ရှိလာပါက ထိုနေရာများထဲမှ တစ်နေရာကို သူမက ရရှိသွားမည်ဖြစ်သည်။
ကျိုးရီ၏ လူငါးယောက်ပါဝင်သော အဖွဲ့တွင် နှစ်ယောက်သာ ဝင်ခွင့်ရနိုင်မည်ဖြစ်သည်။
အကြောင်းရင်းမှာ သူတို့ သတိပြန်လည်လာချိန်အထိ ထိုလစ်လပ်နေရာများ ကျန်ရှိနေသေးမှသာလျှင် ထိုအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သောကြောင့်ပင်။
ယခုအချိန်တွင် ယန်ချင်းအနေဖြင့် သူတို့ အချိန်မီ ရောက်လာနိုင်ပါစေဟုသာ မျှော်လင့်နိုင်လေတော့သည်။
စာမေးပွဲအတွက် သတ်မှတ်ရက်နှင့်ပတ်သက်၍ သူ မည်သို့မျှ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း အမှန်တကယ်တွင် အချိန်သတ်မှတ်ချက်တစ်ခု ရှိနေခဲ့ပြီး ဆယ့်ငါးယောက်မြောက်လူ တောင်ထိပ်သို့ ရောက်ရှိလာပြီးနောက်တွင်မှ ထိုစည်းမျဉ်းက စတင်အသက်ဝင်လာမည် ဖြစ်ပေသည်။
ဆယ့်ငါးယောက်မြောက်လူ ပန်းတိုင်မျဉ်းကို ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် သုံးရက်ကြာ အချိန်သတ်မှတ်ချက် စတင်သက်ရောက်မည်ဖြစ်ပြီး ထိုအချိန်ကာလအတွင်း မရောက်ရှိသူများသည် စာမေးပွဲမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။
ဆယ့်ငါးယောက်မြောက်လူကို ကြေညာပြီးနောက်မှသာ ပါဝင်ဖြေဆိုသူများက ထိုအကြောင်းကို သိရှိနိုင်မည်ဖြစ်ပြီး သူ ကြေညာချိန်တွင် သတိလစ်နေခဲ့ပါက သူတို့၏ ကံဆိုးမှုအတွက် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
ထိုအဖွဲ့ထဲတွင် ယုမေက သူမအတွက် နေရာတစ်နေရာကို ကြိုတင်ရရှိထားပြီးသားဖြစ်သည်။
လိုင်ရိုမှာမူ ဓားပြားအာရုံခံစားမှုကို ဖော်ထုတ်နိုင်ခဲ့သည့် ပြောင်မြောက်သော စွမ်းဆောင်ရည်ကြောင့် အချိန်မီ မရောက်ရှိခဲ့လျှင်ပင် အထူးထောက်ခံစာဖြင့် ဝင်ခွင့်ရနိုင်သည့် အခွင့်အရေးရှိပေသည်။
ဟယ်ရှန်းတွင်လည်း သူ၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများမှတစ်ဆင့် ထောက်ခံစာဖြင့် ဝင်ခွင့်ရနိုင်ခြေရှိသော်လည်း ကျိုးမောင်နှမနှစ်ယောက်အတွက်မူ ယခုအချိန်၌ မရေမရာအခြေအနေတွင် ရှိနေဆဲဖြစ်၏။
ကျိုးရီသည် အချို့အခြေအနေများတွင် ပြောင်မြောက်သော ဆုံးဖြတ်ချက်ချနိုင်စွမ်းများကို ပြသနိုင်ခဲ့သော်လည်း အထူးထောက်ခံစာရရန်အတွက်မူ လုံလောက်မှု မရှိခဲ့ပေ။
ကျိုးလီချင်းအတွက်ဆိုလျှင် ပထမစာမေးပွဲ၏ ရလဒ်များထွက်ပေါ်ပြီးနောက်၌ အခြေအနေများက သူမအတွက် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး ဖြစ်သည်။
သူမ ဝင်ခွင့်ရနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပန်းတိုင်မျဉ်းကို အချိန်မီ ဖြတ်ကျော်နိုင်ခြင်းသာ ဖြစ်လေသည်။
...
"ဟင်… ကောင်းကင်ကြီးက ရွေ့နေတာလား... နေပါဦး၊ ငါကိုယ်တိုင် ရွေ့နေတာပဲ"
ဟယ်ရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ပုဆိန်ကို အမြန်ဆွဲယူရန် ပြင်လိုက်သော်လည်း ယင်ရုံနှင့် တိုက်ခိုက်စဉ်ကတည်းက ပုဆိန်ကျိုးသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိသွား၏။
တိုက်ခိုက်ရန် ပြင်ဆင်သည့်အနေဖြင့် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သို့သော်လည်း လိုင်ရိုက အပြစ်ကင်းစင်သော အပြုံးလေးဖြင့် သူ့အား စိုက်ကြည့်နေသည်ကိုသာ တွေ့လိုက်ရလေသည်။
"သူတို့ကိုဆွဲဖို့ ငါ့ကို ကူညီပေးလို့ရမလား"
လိုင်ရိုက နွယ်ပင်များဖြင့် ယာယီပြုလုပ်ထားပုံရသော ပုခက်တစ်ခုအတွင်းရှိ သတိလစ်နေကြသည့် ကျိုးရီ၊ ကျိုးလီချင်းနှင့် ယုမေတို့အား လက်ညှိုးထိုးပြရင်း ခပ်ယို့ယို့လေး ပြောလိုက်သည်။
ဟယ်ရှန်းက စိတ်မပါတပါဖြင့် ခေါင်းညိတ်လိုက်ပြီး လိုင်ရိုဆွဲနေသော နွယ်ပင်များထဲမှ တစ်ခုကို လှမ်းကိုင်လိုက်၏။
"မင်း ဒါကိုဆွဲဖို့ အဆင်ပြေရဲ့လား၊ သေချာလို့လား"
လိုင်ရို၏ကိုယ်ပေါ်ရှိ သွေးသံရဲရဲဒဏ်ရာများကို ကြည့်ရင်း ဟယ်ရှန်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။
သူ၏ ဝတ်ရုံဟောင်းမှာ သွေးများဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ သွေးများ ယိုစီးကျနေဆဲဖြစ်ကာ ဘယ်ဘက်လက်မောင်းမှာမူ အရိုးပင် ပေါ်နေပြီး မြူခိုးရေးရေးလေးများ ထွက်ပေါ်နေခဲ့သည်။
ထိုသို့ဒဏ်ရာများရထားသည့်တိုင် လိုင်ရိုမှာ မျက်မှောင်တစ်ချက်မျှ မကြုတ်ခဲ့ပေ။
ထို့ပြင် သူတို့ရှိနေသော နေရာအရဆိုလျှင် သူက ထိုလူများကို အချိန်အတော်ကြာ ဆွဲလာခဲ့ပုံရလေသည်။
"အဆင်ပြေပါတယ်။ ဒီလောက်တော့ ငါ ခံနိုင်ရည်ရှိပါသေးတယ်။ ပြီးတော့ ငါတို့ အချိန်သိပ်အများကြီးဖြုန်းနေလို့ မဖြစ်တော့ဘူး။ လူဆယ့်ငါးယောက်က တောင်ထိပ်ကို ရောက်နေကြပြီ။ အဲဒီတော့..."
"တောင်ထိပ်ကိုရောက်ဖို့ ငါတို့မှာ သုံးရက်ပဲ အချိန်ရှိတော့တယ်။ ဆယ့်ငါးယောက်မြောက်လူကို ကြေညာပြီးတာတောင် နှစ်နာရီ ကြာသွားပြီ"
လိုင်ရိုက ရှင်းပြလိုက်၏။
"ဘာ"
ဟယ်ရှန်းမှာ အံ့ဩသွားသဖြင့် ကိုင်ထားသောနွယ်ပင်ကိုပင် လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
"သုံးရက်လား"
သူ ပြန်မေးလိုက်ရာ လိုင်ရိုက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လိုင်ရိုသည် လူများနှင့် စကားပြောဆိုရာတွင် အသားမကျသေးပေ။
ဤအကြိမ်မှာ စာမေးပွဲဖြေဆိုရန် လာရောက်သည့်အချိန်မှစ၍ လူများနှင့် စကားအများဆုံးပြောဖူးခြင်းပင် ဖြစ်လေသည်။
"ကောင်းပြီ"
စိတ်ငြိမ်သွားပြီးနောက် ဟယ်ရှန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
လိုင်ရိုနှင့်သူ တစ်ယောက်တစ်ဖက်စီကိုင်ကာ ကျိုးရီနှင့် ကျန်လူများကို သင့်တင့်သော အမြန်နှုန်းဖြင့် ဆွဲခေါ်သွားကြ၏။
အကြောင်းရင်းမှာ သူတို့၏ ဒဏ်ရာများ ပိုမိုဆိုးရွားမလာစေရန်နှင့် ယခုကဲ့သို့ ဒဏ်ရာရထားပြီး လူနာများကိုပါ စောင့်ရှောက်နေရသည့် အခြေအနေမျိုးတွင် မလိုလားအပ်သော ဝိညာဉ်သားရဲအချို့၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေရန် ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ အချိန်အကြာကြီးလုပ်ရန် မလိုခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မိနစ်နှစ်ဆယ်၊ သုံးဆယ်ခန့်အကြာတွင် အဖွဲ့သားများအားလုံး သတိပြန်လည်လာခဲ့သောကြောင့် ဖြစ်သည်။
ထို့နောက် ဟယ်ရှန်းက အချိန်သတ်မှတ်ချက်ဟူသော ဗုံးကို သူတို့အလယ်တွင် ဖောက်ချလိုက်လေတော့သည်။
အချိန်သတ်မှတ်ချက်ရှိနေပြီဖြစ်သဖြင့် အဖွဲ့သားများမှာ အချိန်မီရောက်ရှိစေရန်အတွက် မိမိကိုယ်ကို အဆုံးစွန်ထိ တွန်းအားပေးခဲ့ကြလေသည်။
လမ်းတစ်လျှောက်တွင် ဟယ်ရှန်း၏ လမ်းညွှန်မှုဖြင့် ဆေးပင်အချို့ကို ခူးယူခဲ့ကြပြီး ထိုဆေးပင်များကို အသုံးပြု၍ ဒဏ်ရာကျက်စေသော ဆေးရည်များ ဖော်စပ်ကာ သူတို့ကိုယ်သူတို့ လိမ်းကျံပတ်စည်းခဲ့ကြသည်။
ထိုသို့သော ရှေးဦးသူနာပြုစုခြင်းက သူတို့၏အဟုန်ကို တိုးမြှင့်ရန်အတွက် စွမ်းအင် လုံလုံလောက်လောက် ရရှိစေရန် အထောက်အကူပြုခဲ့ပေသည်။
တစ်ရက်ကြာပြီးနောက် အနည်းငယ် ကြမ်းတမ်းသော ရုန်းကန်မှုများအပြီးတွင် နောက်ဆုံး၌ သူတို့အားလုံး တောင်ထိပ်သို့ ရောက်ရှိသွားကြ၏။
သူတို့၏ ဒဏ်ရာများဖြင့်ဆိုလျှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဤမျှတိုတောင်းသော အချိန်အတွင်း ရောက်ရှိရန် အလွန်ရုန်းကန်ရမည် ဖြစ်သည်။
အချိန်နှစ်ရက်တိတိ ကျန်ရှိနေသေးသော်လည်း ဤနေရာအထိ ရောက်ရှိလာနိုင်ခဲ့သည့်အတွက် အဖွဲ့သားအားလုံး၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ဖုံးလွှမ်းနေခဲ့သည်။
ထိပ်ဆုံးဆယ့်ငါးယောက်စာရင်းတွင် မပါဝင်ခဲ့သဖြင့် သူတို့ကို စောင့်ကြိုနေမည့် ကြောက်မက်ဖွယ်ရာ လေ့ကျင့်ရေးများကိုပင် မေ့လျော့သွားခဲ့ကြ၏။
ယန်ချင်းနှင့် အခြားအကဲဖြတ်သူများ မေပယ်ပင်အောက်တွင် ထိုင်နေသည်ကို မြင်လိုက်ရချိန်၌ ကျိုးရီမှာ မျက်နှာတစ်ခုလုံး ပူနွေးလာသည်ကို ခံစားလိုက်ရလေသည်။
"ငါတို့ လုပ်နိုင်ခဲ့ပြီကွ"
သူက ကျိုးလီချင်းနှင့် အခြားသူများကို ပြောလိုက်သည်။ သူတို့သည်လည်း ထပ်တူစိတ်လှုပ်ရှားနေကြ၏။
တောင်ထိပ်သို့ရောက်ရန် ဖြတ်သန်းခဲ့ရသည်များမှာ ရှည်လျားလှသော ရက်အနည်းငယ်သာ ဖြစ်ပေသည်။
အဖွဲ့သားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးဖြီးလိုက်ကြပြီး ဝမ်းသာပျော်ရွှင်မှုများ၊ ခြေကုန်လက်ပန်းကျနေသော ခြေလှမ်းများထဲမှ အသက်ဝင်မှုအနည်းငယ်တို့နှင့်အတူ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြလေသည်။
ဆယ့်ငါးလှမ်း၊ ဆယ်လှမ်း၊ ငါးလှမ်း...
ယန်ချင်းနှင့် အခြားသူများ စားသုံးနေသော အရသာရှိလှသည့် အစားအစာများ၏ ရနံ့က သူ့ထံသို့ လွင့်ပျံလာချိန်တွင် ကျိုးရီမှာ လောဘတကြီးဖြင့် တံတွေးမျိုချလိုက်မိ၏။
'ငါသာ နည်းနည်းလောက် တောင်းစားလိုက်ရင် အရမ်းများ ရိုင်းသွားမလား'
ကျိုးရီ တွေးလိုက်မိသည်။
သို့ရာတွင် သူ၏ စိတ်ကူးယဉ်မှုများထဲ မသာယာနိုင်မီ လိုင်ရို၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"သတိထား"