အခန်း ၃၅၅
Vol. 36 Ch. 355
အခန်း (၃၅၅) - စာမေးပွဲပြီးဆုံးခြင်း
လိုင်ရို၏ သတိပေးချက်ကို သူ နားလည်သဘောပေါက်ရန် အချိန်မရလိုက်မီမှာတင် သူ့ရှေ့၌ ဧရာမလက်သီးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားလေတော့သည်။
ထိုလက်သီးကြီးမှာ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားနိုင်လောက်သည်အထိ ကြီးမားလှပေ၏။
ထိုလက်သီးကြီးနှင့်အတူ ပါလာသော ဖိအားကြောင့် ကျိုးရီမှာ လှုပ်ရှားရန်ဟူသည့် အသိစိတ်အပါအဝင် အရာအားလုံးကို မေ့လျော့သွားလေတော့သည်။
သူ၏ခြေထောက်များလည်း ခွေကျသွားပြီး သူတစ်ယောက်တည်း ဤသို့ဖြစ်နေခြင်း မဟုတ်ချေ။
သူ၏ ဘယ်ဘက်နှင့်ညာဘက်ရှိ ယုမေနှင့် ကျိုးလီချင်းတို့သည်လည်း ကျိုးရီနည်းတူ ကြောက်ရွံ့နေသည့် အမူအရာများဖြင့် ကြမ်းပြင်ပေါ် လဲကျနေကြသည်။
ဟယ်ရှန်းမှာမူ မတ်တတ်ရပ်နိုင်ရန် ရုန်းကန်နေသော်လည်း လက်နှစ်ဖက်မှာ တုန်ယင်နေပြီး ပြူးကျယ်နေသော မျက်လုံးများထဲတွင်မူ အရှုံးမပေးလိုသော အရိပ်အယောင်များ လင်းလက်နေပေသည်။
ထိုသူလေးယောက်လုံး သေမင်းနှင့် ရင်ဆိုင်ရတော့မည်ဟု လက်ခံလိုက်ကြသော်လည်း ပုံရိပ်တစ်ခုက ရုတ်တရက်ဆိုသကဲ့သို့ သူတို့အနီးမှ ဖြတ်ပြေးသွားပြီး လက်သီးကြီး၏ နေရာတစ်နေရာအား အလျင်အမြန် ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ကြရ၏။
ထိုနေရာတွင် အက်ကွဲကြောင်းငယ်လေးတစ်ခု ဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် အပေါက်ငယ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
မည်သည့်အရာများဖြစ်ပျက်နေသည်ကို ကျိုးရီ နားလည်သဘောမပေါက်မီမှာပင် သူ၏အမြင်အာရုံမှာ ပြောင်းလဲသွားပြီး ရှေ့သို့တွန်းပို့ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူတစ်ယောက်တည်း မဟုတ်ဘဲ ယုမေ၊ ကျိုးလီချင်းနှင့် ဟယ်ရှန်းတို့မှာလည်း ထိုနည်းတူပင် ဖြစ်သွားကြ၏။
သူတို့အားလုံးသည် လက်သီးကြီး၌ ဖြစ်ပေါ်လာသော အပေါက်ငယ်ထဲမှတစ်ဆင့် ပစ်ပေါက်ခံလိုက်ရခြင်းပင်။
ဖြစ်ပျက်နေသည်များကို သူတို့ နားမလည်နိုင်ကြသော်ငြား ထိုအပေါက်ကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် သေစေနိုင်လောက်သည့် ဖိအားကြီးမှာ လုံးဝပျောက်ကွယ်သွားလေတော့သည်။
"တောင်ထိပ်ကို ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျိုးရီ၊ ကျိုးလီချင်း၊ ဟယ်ရှန်း နဲ့ ယုမေ...။ အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာအကယ်ဒမီကနေ မင်းတို့ကို ကြိုဆိုပါတယ်"
ယန်ချင်းက ပြောလိုက်သည်။
ကျိုးရီနှင့် အခြားသူများမှာ ယန်ချင်း၏စကားများကို နားထောင်ရန် အချိန်မရလိုက်ကြဘဲ အလျင်စလို နောက်သို့လှည့်ကြည့်လိုက်ရာ လိုင်ရိုတစ်ယောက် လက်သီးကြီးဖြင့် အောက်ဘက်သို့ ထိုးချခံလိုက်ရသည်ကို အချိန်မီ မြင်တွေ့လိုက်ကြရ၏။
"လိုင်ရို"
သူတို့အားလုံး အော်ဟစ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ဖြစ်ပျက်သွားသည့် အရာများကို သူတို့ နားလည်သွားကြလေသည်။
ပန်းတိုင်၌ ထောင်ချောက်တစ်ခုရှိနေပြီး ထိုအရာကို လိုင်ရိုမှလွဲ၍ သူတို့အားလုံး သတိမထားမိခဲ့ကြပေ။
ဟယ်ရှန်း၏ဆေးရည်များ ရှိနေသော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သောကြောင့် သူ့ကိုယ်သူ အနစ်နာခံကာ ကျိုးရီနှင့် အခြားသူများအား ရှေ့သို့ တွန်းပို့ရန်အတွက် ကျန်ရှိနေသော ခွန်အားအနည်းငယ်ကို အသုံးပြုသွားခဲ့ခြင်း ဖြစ်ပေသည်။
လက်သီးကြီးပျောက်ကွယ်သွားချိန်တွင် သူတို့အားလုံး သူ့နောက်သို့ လိုက်သွားချင်ခဲ့ကြသော်လည်း အတားအဆီးတစ်ခု ပေါ်လာခဲ့၏။
ယင်းမှာ ယန်ချင်း၏ လက်ချက်ပင်။
အကယ်၍ သူတို့သာ လှုပ်ရှားခဲ့ပါက စာမေးပွဲကို နှောင့်ယှက်ရာရောက်မည်ဖြစ်ပြီး စာမေးပွဲမှ ထုတ်ပယ်ခံရမည့်အပြင် ပြစ်ဒဏ်များကိုပါ ခံရမည်ဖြစ်သည်။
ထိုသူလေးယောက်သည် စာမေးပွဲပြီးဆုံးသည်အထိ နေခွင့်ပြုရန် ယန်ချင်းအား တောင်းဆိုသောကြောင့် ယန်ချင်းလည်း အလျှော့ပေးလိုက်ရပြီး သဘောတူခွင့်ပြုခဲ့လေသည်။
လိုင်ရို၏ အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ နေ့တစ်ဝက်နီးပါး ကုန်ဆုံးသွားခဲ့သည်။ တစ်နေ့တာ ကုန်ဆုံးသွားသည့်တိုင် သူ၏အရိပ်အယောင်ကို မတွေ့ရသေးချေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျိုးရီနှင့် အခြားသူများမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လာကြတော့သည်။
ယခုဆိုလျှင် တစ်ရက်သာ ကျန်တော့၏။
နောက်ဆုံးရက်၏ တတိယမြောက်နာရီတွင် ယင်ရုံရောက်လာသည်ကို မြင်လိုက်ရ၍ သူတို့ အံ့အားသင့်သွားကြသည်။
သူမ စားပွဲဆီသို့ ရောက်ခါနီးအချိန်တွင် လိုင်ရိုသာ အချိန်မီ ဝင်မပါခဲ့ပါက သူတို့အား သေစေနိုင်လောက်သော လက်သီးကြီး၏ အရင်းအမြစ်ကို နောက်ဆုံး၌ မြင်တွေ့လိုက်ကြရလေသည်။
ထိုအရင်းအမြစ်မှာ ယန်ချင်းနှင့် အခြားသူများထိုင်နေသည့် နေရာအနီးရှိ မြက်ခင်းဘေးမှ သာမန်ဖားပြုတ်ရုပ်တုတစ်ခု ဖြစ်ပေသည်။
ကျိုးရီသည် သူတို့၏ ပေါ့ဆမှုအတွက် ခါးသီးစွာ ပြုံးလိုက်မိသည်။
ဖားပြုတ်ရုပ်တုသည် အထူးဇုန်များအတွက် အမှတ်အသားတစ်ခုဖြစ်ခဲ့သောကြောင့် ထိုအရာမှာ ထောင်ချောက်တစ်ခုဖြစ်နေမည်ကို သူတို့ သတိမထားမိလောက်သည်အထိ ထုံထိုင်းသွားစေခဲ့ခြင်း ဖြစ်လေသည်။
ကျိုးရီနှင့် အခြားသူများသည် ယခုအခါ ယင်ရုံ ကျရှုံးသွားစေရန် မျှော်လင့်နေကြ၏။
သို့ရာတွင် ယင်ရုံသည် ယင်းကို ကြိုတင်ခန့်မှန်းထားသည့်ပုံပေါ်ပြီး ရှေ့သို့ပြေးဝင်ကာ သီသီလေးရှောင်တိမ်းသွားခဲ့ပြီး ယန်ချင်းနှင့် အခြားသူများရှိရာ စားပွဲသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
သူမ၏ အလွယ်တကူ ရှောင်တိမ်းသွားပုံနှင့် ထိုအရာအပေါ် ရင်းနှီးကျွမ်းဝင်နေမှုတို့ကို အခြေခံ၍ ယင်ရုံသည် ဤအရာအား ယခင်က ရင်ဆိုင်ခဲ့ဖူးကြောင်းနှင့် ထို့ကြောင့်ပင် သူတို့ထက် နောက်ကျမှရောက်လာခြင်းဖြစ်ကြောင်း ကျိုးရီ ချက်ချင်း မှန်းဆမိလိုက်သည်။
သူမအား ယန်ချင်းက ဂုဏ်ပြုစကားဆိုကာ အဖွဲ့အစည်းအတွင်းသို့ ကြိုဆိုပြီးနောက်တွင် ယင်ရုံတစ်ယောက် ချက်ချင်း သတိလစ်သွားခဲ့ရာ လိုင်ရိုကြုံတွေ့ခဲ့ရသည်များကို သူမလည်း ကြုံတွေ့ခဲ့ရပုံပေါ်ပေသည်။
နောက်ထပ်လေးနာရီခန့် ကုန်လွန်သွားပြီးနောက်တွင် နောက်ဆုံး၌ လိုင်ရိုသည် အချိန်ငါးနာရီအလိုဖြင့် အောင်မြင်စွာ ရောက်ရှိလာခဲ့ရာ ကျိုးရီနှင့် အခြားသူများအတွက် သက်သာရာရသွားစေခဲ့သည်။
ယင်ရုံကဲ့သို့ပင် လက်သီးပေါ်လာချိန်တွင် သူက ထိပ်တိုက်ရင်ဆိုင်မည့်အစား ရှောင်တိမ်းရန် ရွေးချယ်ခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ယန်ချင်း၏ ဂုဏ်ပြုစကားကို သူ ရရှိသွားချိန်၌ ကျိုးရီနှင့် အခြားသူများက အောင်ပွဲခံလိုက်ကြသည်။
ယန်ချင်းသည် သူတို့ကို စာရင်းသွင်းရန်အတွက် ကျောင်းတော်သို့ မပို့ဆောင်မီ အချိန်ခဏပေးခဲ့ပြီး နည်းပြများထံမှ တစ်လကြာ ငရဲခန်းလေ့ကျင့်ရေးအတွက် ပြင်ဆင်မှုများကိုလည်း ပြုလုပ်ပေးခဲ့လေသည်။
ယန်ချင်းက သူတို့သေဆုံးမည့်အကြောင်း ပိုမိုချဲ့ကားပြောဆိုခဲ့သော်ငြား လေ့ကျင့်ရေးမှာ အလွန်ပြင်းထန်လှမည်ဖြစ်ရာ သူတို့အနေဖြင့် သေမတတ် ခံစားရမည်ဖြစ်သည်။
ထို့ကြောင့် သူသည် သူတို့အတွက် တိတ်တဆိတ် ဆုတောင်းပေးခြင်းကိုသာ ပြုလုပ်ပေးနိုင်ခဲ့၏။
စာမေးပွဲကို အပြီးသတ်မပိတ်သိမ်းမီ ကျန်ရှိနေသော ငါးနာရီမှာ အလျင်အမြန် ကုန်လွန်သွားခဲ့သည်။
အချိန်သုံးပတ်ကြာမြင့်ခဲ့ပြီး ယန်ချင်းသည် ပြိုင်ပွဲဝင်များကို အနီးကပ်စောင့်ကြည့်ရသဖြင့် တောင်ထိပ်တွင်သာ အတင်းအကျပ် နေထိုင်ခဲ့ရသည်။
သူတစ်ယောက်တည်း မဟုတ်သောကြောင့် ယင်းကို ဂရုမစိုက်ခဲ့ပေ။
ထို့အပြင် တစ်နေ့လုံး တရားရုံးတော်တွင် ထိုင်နေရသည်ထက် ပို၍စိတ်အပန်းပြေစေပြီး မျိုးစေ့ငယ်လေးများက သူတို့၏ ပါရမီများအား ထုတ်ဖော်ပြသသည်ကို မြင်တွေ့ရခြင်းကလည်း စိတ်လန်းဆန်းစေခဲ့သည်။
ပြိုင်ပွဲဝင်တစ်ထောင်အနက် ၁၀၃ ယောက်သာ အောင်မြင်ခဲ့သည်။
ကျရှုံးသွားသူအများစုမှာ တောင်ပေါ်ရှိ ထောင်ချောက်များနှင့် ဝိညာဉ်သားရဲများကြောင့် အဆုံးသတ်သွားခဲ့ရခြင်း ဖြစ်သည်။
သို့သော် တောင်ထိပ်သို့ အောင်မြင်စွာရောက်ရှိလာပြီး အစွန်းရောက်သည်အထိ လျှော့ချထားသော ခန်းဟွေ့လန်၏ လက်သီးဆန္ဒဖြင့် ဖန်တီးထားသည့် ကြောက်မက်ဖွယ်လက်သီးကြီးနှင့် ရင်ဆိုင်ခဲ့ရသော အဖွဲ့ငယ်လေးတစ်ဖွဲ့လည်း ရှိခဲ့သည်။
ဤအဖွဲ့မှာ လက်သီးဖြင့်ထိုးခံရပြီး လက်သီးကြောင့်ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုနှင့် စိတ်ဒဏ်ရာကို မကျော်လွှားနိုင်ခဲ့သောကြောင့် အောက်သို့ အတော်လွင့်စင်သွားခဲ့ပြီး တောင်ထိပ်တွင် သူတို့ကို စောင့်ကြိုနေသည့် ကြောက်စရာကောင်းသော လက်သီးကြီးကို မြင်လိုက်ရသောအခါ လက်လျှော့ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
အဖွဲ့အစည်းအနေဖြင့် ဆက်လက်ကြိုးစားရန် သတ္တိနည်းပါးသူများကို မလိုအပ်ပေ။
သူတို့သည် လက်သီးတစ်လုံးရှေ့တွင်ပင် ကြောက်ရွံ့နေမည်ဆိုပါက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို ရင်ဆိုင်ရန် မည်သို့သတ္တိရှိနိုင်မည်နည်း။
ယင်းမှာ အဖွဲ့အစည်း၏ အမှုထမ်းတိုင်း ပြင်ဆင်ထားရမည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။
ယန်ချင်းနှင့် ခန်းဟွေ့လန်တို့ သတ်မှတ်ထားသည့်ပုံစံအရ လက်သီးဆန္ဒကို ဖြတ်ကျော်ရန်မှာ ကျင့်ကြံခြင်းအခြေခံမရှိသူတစ်ဦးအတွက်ပင် မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ချေ။
ယင်းကိုဖြတ်ကျော်ရန် နည်းလမ်းအနည်းငယ်ရှိပြီး အားလုံးသည် အောင်မြင်ရန်အတွက် စူးရှသော အကဲခတ်နိုင်စွမ်း၊ သတ္တိနှင့် ကျွမ်းကျင်မှုတို့ လိုအပ်ပေသည်။
ပြိုင်ပွဲဝင်အများစုမှာ ရှောင်တိမ်းရန် ရွေးချယ်ခဲ့ကြပြီး ပထမနေရာမှ ပန်းဝင်လာသော လျောင်ကျားရီကဲ့သို့ လူအနည်းငယ်မှာမူ ၎င်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
သူသည် ၎င်းကို ထိပ်တိုက်ရင်ဆိုင်ကာ တားဆီးထားနိုင်ခဲ့ပြီး သူနှင့်အတူရှိနေသော အခြားငါးဦးကလည်း အားလုံးတိုက်ခိုက်ကာ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သူတို့မှလွဲ၍ ကျန်သူများအားလုံးမှာ ရှောင်တိမ်းခဲ့ကြခြင်း ဖြစ်သည်။
'အခြားစာမေးပွဲတွေရော ဘယ်လိုနေမလဲ မသိဘူး'
ယန်ချင်းက အကျင့်ပါနေသည့်အတိုင်း အကြောဆန့်ရန် မတ်တတ်ရပ်လိုက်ရင်း တွေးလိုက်မိသည်။
နောက်နေ့မှစ၍ သူသည် အမှုအခင်းများကို ပြန်လည်စစ်ဆေးရတော့မည်ဖြစ်သည်။ ထိုအရာကို သူ လုံးဝ မမျှော်လင့်ထားချေ။
အကယ်၍ သူသာ တတ်နိုင်မည်ဆိုပါက တစ်နှစ်ပတ်လုံး ဝင်ခွင့်စာမေးပွဲများကိုသာ ကြီးကြပ်ချင်နေမိတော့သည်။