အခန်း ၃၅၇
Vol. 36 Ch. 357
အခန်း (၃၅၇) - ဝင်ခွင့်စာမေးပွဲ၏ မတူညီသော အဆင့်အတန်းများ (၂)
ယန်ချင်းသည် ရုံးတော်က ဝင်ခွင့်စာမေးပွဲတစ်ခုကို ပြီးမြောက်ဟည်အထိ ကျင်းပရန်အတွက် ဤမျှအထိ အကုန်အကျခံရန် ဆန္ဒရှိလိမ့်မည်ဟု မယုံကြည်နိုင်ဖြစ်နေ၏။
"သူတို့တွေ နောက်ဆုံးတစ်စက်အထိ ပြန်ပေးဆပ်ဖို့ သေမတတ်အလုပ်လုပ်ရမှာ သေချာတယ်"
ယန်ချင်းသည် အတွေးထဲ နက်နက်ရှိုင်းရှိုင်း နစ်မြောနေသဖြင့် မေပယ်ပင်၏ အရိပ်နှင့် ဖြာကျနေသော နေရောင်ခြည်အောက်တွင် ပေါ်ပေါက်လာသည့် သူ့မျက်နှာထက်က မနာလိုမှုနှင့် ကလဲ့စားချေလိုစိတ်တို့ ရောပြွမ်းနေသော အပြုံးကို သတိမထားမိလိုက်ချေ။
သူ၏စကားအဆုံးတွင် တိုင်ချန်နှင့် တခြားသူများက သူ့အား လျစ်လျူရှုလိုက်ကြလေသည်။
"ခရမ်းရောင်အဆင့်စမ်းသပ်မှုက သုံးလကြာသွားပြီ၊ နည်းပြဟန်ရဲ့ စကားအရဆိုရင် နောက်ထပ်လေးလလောက် ဆက်သွားလိမ့်ဦးမယ်ထင်တယ်"
တိုင်ချန်သည် သူ၏စကားအဆုံးတွင် အပြာနုရောင်အဆောင်ပြားကို သိမ်းဆည်းလိုက်၏။
ယန်ချင်းက မေးလိုက်သည်။
"အချိန်ကတော့ အတူတူပဲလို့ ထင်ရတယ်၊ ပန်းတိုင်ကို ဘယ်နှစ်ယောက်တောင် ရောက်နိုင်မလဲဆိုတာကို ငါ သိချင်မိတယ်၊ မင်းတို့တုန်းကရော ဘယ်နှစ်ယောက်ရောက်ခဲ့လဲ၊ တိုင်ချန်"
တိုင်ချန်သည် ခန်းဟွေ့လန်၊ ယန်ချင်းနှင့် ရှားပေါ်ချင်းတို့ကို လေးစားအားကျစွာကြည့်ရင်း ပြောလိုက်၏။
"ခုနစ်ယောက်လောက် ရှိခဲ့တယ်၊ မင်းတို့တုန်းကတော့ ဆယ့်သုံးယောက်ဖြစ်ခဲ့ပြီး အများဆုံးထဲက တစ်ခုပေါ့”
“စမ်းသပ်မှုတစ်ခုတည်းမှာတင် ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်ပိုင်ရှင်လေးယောက်အပြင် မိစ္ဆာလိုထူးချွန်တဲ့သူတွေ အများကြီး ပေါ်ထွက်လာတုန်းက ဖြစ်ပျက်ခဲ့တဲ့ လှုပ်ခတ်မှုကို ငါ မှတ်မိနေသေးတယ်”
“သူတို့က အဲဒါကို ခရမ်းရောင်ကျောက်စိမ်းတွေလို့ ခေါ်ခဲ့ကြတာ"
ယန်ချင်းက ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်ပြီး ကျန်နှစ်ဦးကလည်း သူ၏ခံစားချက်ကို ထောက်ခံလိုက်ကြ၏။
"ဒီလိုနူးညံ့သိမ်မွေ့တဲ့ နာမည်က အဲဒီမှာရှိခဲ့တဲ့ ငရဲခန်းနဲ့ လုံးဝ မလိုက်ဖက်ဘူး"
ရုံးတော်တွင် စမ်းသပ်မှုအမျိုးအစား သုံးမျိုးရှိပြီး ၎င်းတို့မှာ အပြာရောင်အဆင့်၊ ရွှေရောင်အဆင့်နှင့် နောက်ဆုံးတွင် ခရမ်းရောင်အဆင့်တို့ ဖြစ်ကြပေသည်။
ပါဝင်ယှဉ်ပြိုင်သူ အမြောက်အမြားရှိနေခြင်း၊ သူတို့၏ စွမ်းရည်ကွာခြားမှု ကျယ်ပြန့်ခြင်းနှင့် ရုံးတော်အနေဖြင့် ပါရမီရှင်များကို အလွန်အမင်း လိုအပ်နေခြင်းတို့ကြောင့် ပါဝင်သူများ၏ ပါရမီအဆင့်အတန်းအလိုက် စမ်းသပ်မှုများကို အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်လေသည်။
၎င်းမှာ ပါဝင်ယှဉ်ပြိုင်သူအားလုံးကို စမ်းသပ်မှုတစ်ခုထဲသို့ စုပြုံထည့်လိုက်မည့်အစား သူတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် တောက်ပလာစေရန် ကူညီပေးဖို့ ရည်ရွယ်ထားခြင်းပင်။
ပိုးစုန်းကြူးတစ်ကောင်၏ အလင်းရောင်သည် အမှောင်မိုက်ဆုံးသော ညများတွင် အလွယ်တကူ တောက်ပနိုင်သော်လည်း နေမင်း၏ တောက်ပမှုနှင့် နှိုင်းယှဉ်လိုက်ပါက မှေးမှိန်သွားရပေမည်။
အတင်းအကျပ် ခေါင်းပုံဖြတ်တတ်သော ရုံးတော်သည် ပိုးစုန်းကြူးရော နေမင်းကိုပါ ၎င်းတို့၏ စက်ယန္တရားများတွင် အသုံးချလိုသဖြင့် ထိုသို့ဖြစ်လာစေရန် ကူညီပေးမည့် မတူညီသော စမ်းသပ်မှုသုံးမျိုးကို ဖန်တီးခဲ့ခြင်းဖြစ်၏။
အပြာရောင်အဆင့်စမ်းသပ်မှုမှာ အားအနည်းဆုံးစမ်းသပ်မှုဖြစ်ပြီး ပိုမိုကောင်းမွန်သော စကားလုံးမရှိသဖြင့် ပျမ်းမျှပါရမီသာ ရှိသော်လည်း အခွင့်အရေးရရှိပါက ထူးခြားသော အရာတစ်ခုကို ပြသနိုင်မည့်သူများအတွက် ရည်ရွယ်ထားခြင်းဖြစ်ချေသည်။
ပါဝင်ယှဉ်ပြိုင်သူများမသိရှိကြသည်မှာ သူတို့ ရုံးတော်သို့ ဝင်ရောက်ရန် လျှောက်ထားသည့်နေ့တွင်ပင် အပေါ်ယံစစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ထိုစစ်ဆေးမှုမှတစ်ဆင့် မည်သည့်စမ်းသပ်မှုအဆင့်တွင် ပါဝင်ရမည်ကို ခွဲခြားသတ်မှတ်လိုက်ခြင်းပင်။
ပါဝင်သူအများစုမှာ အပြာရောင်အဆင့်စမ်းသပ်မှုတွင် ပါဝင်ကြရ၏။
အဘယ်ကြောင့်ဆိုသော် ထိုအဆင့်တွင် ကျင့်ကြံခြင်းအခြေခံ မရှိသူများ၊ အခြေခံအုတ်မြစ်အားနည်းသူများ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများနှင့် ရုံးတော်၏ အမြင်အရ 'သာမန်' ဟု သတ်မှတ်ထားသော သဘာဝခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများ ပါဝင်သောကြောင့်ပင်။
ထိုသာမန်ဟူသော အပိုင်းမှာ အခြားသူများနှင့် နှိုင်းယှဉ်ပါက ရုံးတော်၏ လွဲချော်နေသော ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။
ယန်ချင်း၏ စမ်းသပ်မှုတွင် ပါဝင်သူများထဲ၌ လျောင်ကျားရီကို အပြာရောင်အဆင့် စမ်းသပ်မှုတွင် ထည့်သွင်းထားခြင်းမှာ အမှားတစ်ခုဖြစ်၏။
ခွန်းဖန်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူတစ်ဦးအတွက် သူ၏စမ်းသပ်မှုမှာ အနည်းဆုံး ရွှေရောင်အဆင့်တွင် ရှိသင့်ပေသည်။
သို့သော် သူ အပြာရောင်အဆင့်သို့ ရောက်ရှိသွားရသည့် အကြောင်းရင်းအချို့ကို ယန်ချင်း တွေးမိ၏။
တစ်ချက်မှာ အသက်အရွယ်ကြောင့်ဖြစ်ပြီး အခြားတစ်ချက်မှာ သူ၏ခန္ဓာကိုယ်သည် ချိပ်ပိတ်ခံထားရကာ ငွေဂျိုမြွေကြီးနှင့် ရင်ဆိုင်ရချိန်တွင်မှ တစ်စိတ်တစ်ပိုင်း ပွင့်ထွက်လာခဲ့ပြီး နောက်တစ်ကြိမ်မှာ ခန်းဟွေ့လန်၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံချိန်မှသာ ဖြစ်သောကြောင့်ပင်။
အပေါ်ယံ ပဏာမစစ်ဆေးမှုက ထိုအရာကို လွတ်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ယုမေနှင့်ပတ်သက်လာလျှင် သူမ၏ ဖန်သားကျောက်စိမ်းနှလုံးသားခန္ဓာကိုယ်က သူမကို ရုံးတော်သို့ တိုက်ရိုက်ဝင်ခွင့်ရစေပြီး အခြားသူများထက် နယ်ပယ်အဆင့်သို့ ပိုမိုလွယ်ကူစွာ ရောက်ရှိစေနိုင်သော်လည်း လက်ရှိတွင် တိုက်ခိုက်ရေးစွမ်းရည် မရှိသေးသကဲ့သို့ မည်သည့်စွမ်းအင်ကိုမျှလည်း မဖော်ထုတ်နိုင်သေးချေ။
အကယ်၍ ဖော်ထုတ်နိုင်ခဲ့လျှင်ပင် အပြာရောင်အဆင့်ထက်မြင့်မားသော မည်သည့်စမ်းသပ်မှုမဆို သူမအား ဖယ်ထုတ်ပစ်လိမ့်မည် ဖြစ်၏။
သူမ၏ ခန္ဓာကိုယ်မှာ ရွှေရောင်အဆင့်နှင့် ခရမ်းရောင်အဆင့် စမ်းသပ်မှုများ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မသင့်တော်သဖြင့် ရုံးတော်၏ ဆုံးဖြတ်ချက်အရ သာမန်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ပေသည်။
ယင်ရုံ၏ တောက်လောင်နေသော နှင်းဆီဖြူခန္ဓာကိုယ်မှာလည်း ဤအမျိုးအစားထဲတွင် ပါဝင်လေသည်။
ပါဝင်သူများ၏ အလားအလာအပြင် အပြာရောင်အဆင့်စမ်းသပ်မှုသည် အချိန်ကာလအပိုင်းအခြားတွင်လည်း အခြားစမ်းသပ်မှုများနှင့် ကွဲပြား၏။
၎င်းမှာ အများဆုံး နှစ်လအထိသာ ကြာမြင့်နိုင်ပေသည်။
အကယ်၍ ထိုအချိန်အတွင်း မည်သူမျှ ပန်းတိုင်သို့ မရောက်ရှိပါက အားလုံးကို စာမေးပွဲကျရှုံးသည်ဟု သတ်မှတ်မည်ဖြစ်ပြီး မည်သည့်အထူးထောက်ခံချက်မျှ ရရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ၎င်းမှာ ဖြစ်ခဲလှသော အခြေအနေတစ်ခုဖြစ်၏။
အပြာရောင်အဆင့်စမ်းသပ်မှုနောက်တွင် ရွှေရောင်အဆင့်စမ်းသပ်မှု ရောက်ရှိလာ၏။
၎င်းမှာ ရုံးတော်၏ စံနှုန်းများအရ သာမန်ထက်မြင့်မားသော ပါရမီရှိသူများအတွက် သတ်မှတ်ထားခြင်းဖြစ်ပြီး သူတို့၏ သဘာဝခန္ဓာကိုယ်များနှင့် ကျင့်ကြံခြင်းအပေါ် နားလည်သဘောပေါက်မှုများ ပါဝင်ပေသည်။
လိုင်ရိုနှင့် ပုဖေးတို့သည် တိုက်ပွဲအတွင်း၌ ဓားကောက်အာရုံနှင့် ဓားအာရုံတို့ကို အသီးသီး ရှာဖွေတွေ့ရှိခဲ့သဖြင့် ထူးခြားသည်ဟု သတ်မှတ်နိုင်သော်လည်း ရွှေရောင်အဆင့်စမ်းသပ်မှုတွင် ပါဝင်သူများထဲ၌ လက်နက်အာရုံတစ်ခုခုကို ပိုင်ဆိုင်ထားပြီးဖြစ်ကာ ခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီးသားသူများစွာ ပါဝင်နေကြ၏။
အကယ်၍ သူတို့နှစ်ဦးကို ရွှေရောင်အဆင့်စမ်းသပ်မှုထဲသို့ ထည့်သွင်းလိုက်ပါက အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေမည်ဖြစ်ပြီး ထိုစမ်းသပ်မှုမျိုးတွင် ဖယ်ထုတ်ခံရနိုင်ခြေမှာ အလွန်မြင့်မားလှပေသည်။
ပြင်ပနန်းတော်တရားသူကြီးတစ်ဦးက တာဝန်ယူရသော အပြာရောင်အဆင့်စမ်းသပ်မှုများနှင့် မတူဘဲ ရွှေရောင်အဆင့်စမ်းသပ်မှုမှာ လေးလကြာမြင့်ပြီး အကယ်ဒမီ၏ စီနီယာနည်းပြများက ကြီးကြပ်ကွပ်ကဲကြ၏။
အဆင့်တစ်ဆယ့်ငါးအောက်ရောက်ရှိသူများ သေဆုံးလိမ့်မည်ဟု ယန်ချင်းပြောခဲ့ခြင်းမှာ သူတို့သည် ရွှေရောင်အဆင့်စမ်းသပ်မှု၏ နေရာတစ်ခုခုထဲသို့ တစ်လကြာ ပစ်ချခံရမည်ဖြစ်သောကြောင့်ပင်။
ထိုစမ်းသပ်မှုမှာ ယန်ချင်းပြုလုပ်ခဲ့သမျှထက် ငါးဆမျှ ပိုမိုခက်ခဲလှ၏။
ပုဖေး၏လက်မောင်းကို ဖြတ်တောက်ခဲ့သော အလင်းမုန်တိုင်းပုစဉ်းရင်ကွဲမှာ ထိုနေရာတွင် သာမန်သတ္တဝါမျှသာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးစမ်းသပ်မှုမှာ ခရမ်းရောင်အဆင့်စမ်းသပ်မှုဖြစ်၏။
ပါဝင်ယှဉ်ပြိုင်သူများ မသိရှိကြသည်မှာ ထိုစမ်းသပ်မှုထဲသို့ ရောက်ရှိလာသူတိုင်းသည် စမ်းသပ်မှုကို အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ရုံးတော်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိပြီးသား ဖြစ်နေခြင်းပင်။
ထို့ကြောင့်လည်း နည်းပြများက စမ်းသပ်မှုကို ပြင်ဆင်ရာတွင် ရူးသွပ်လုမတတ် အစွမ်းကုန်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်လေသည်။
ခရမ်းရောင်အဆင့်စမ်းသပ်မှုအတွက် အရည်အချင်းပြည့်မီသူများမှာ စိန်ရောင်ခန္ဓာကိုယ်၊ ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာကိုယ် သို့မဟုတ် ထိုခန္ဓာသန့်စင်ခြင်းအဆင့်နှစ်ခုနှင့် ညီမျှသော သဘာဝခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူများဖြစ်ကြ၏။
ရွှေရောင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူတစ်ဦးသည်လည်း စမ်းသပ်မှုအတွက် အရည်အချင်းပြည့်မီနိုင်သော်ငြား သူတို့သည် အပြာရောင်အဆင့်ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုတွင် အစပျိုးအဆင့်၏ အထွတ်အထိပ် သို့မဟုတ် ဖူးပွင့်လာသောအဆင့်တွင်ရှိနေရန် လိုအပ်ပြီး အသက်မှာ တစ်ဆယ့်လေးနှစ် သို့မဟုတ် တစ်ဆယ့်လေးနှစ်အောက်ဖြစ်ကာ ချီသန့်စင်ခြင်းအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိနေရမည်ဖြစ်၏။
ဤသည်မှာ ဒုတိယအဆင့်ထက် အနည်းငယ် မြင့်မားရုံမျှသာ ဖြစ်ပေသည်။
ထိုအုပ်စုထဲတွင် အသိစိတ်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ထားပြီး အသက်တစ်ဆယ့်လေးနှစ်ထက် မကျော်လွန်သူများလည်း ပါဝင်ကြ၏။
အထူးချွန်ဆုံးသော ပါရမီရှင်များသာ ဤစမ်းသပ်မှုအတွက် အရည်အချင်းပြည့်၀ကြပေသည်။
သို့သော် သူတို့၏ ပါရမီများ ရှိနေလင့်ကစား စာမေးပွဲကို ဖြတ်ကျော်ရသူတိုင်းသည် နောက်ဆုံးတွင် တူညီသော ခံစားချက်တစ်ခုကိုသာ ရရှိကြ၏။ ၎င်းမှာ ကြောက်ရွံ့ခြင်းပင်။
ဤမျှများပြားလှသော ပါရမီရှင်များ ပါဝင်ယှဉ်ပြိုင်နေကြသဖြင့် မည်သည့်စမ်းသပ်မှုမျိုးတွင်မဆို အားလုံး ပန်းတိုင်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်နိုင်သော်လည်း ၎င်း၏ပြီးမြောက်မှုနှုန်းမှာ စမ်းသပ်မှုသုံးခုအနက် အနိမ့်ဆုံးဖြစ်သည်။
ထိုစမ်းသပ်မှုကို ပြီးမြောက်ရန်အတွက် ခုနစ်လမှ တစ်ဆယ့်နှစ်လအထိ အရှည်ကြာဆုံး အချိန်ကာလကို ခွင့်ပြုထားလင့်ကစား လက်တွေ့တွင်လည်း ထိုအတိုင်းဖြစ်နေခြင်းပင်။