← Chapters

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း ၃၅၉

Vol. 36 Ch. 359

အခန်း (၃၅၉) - နန်းတော်တရားသူကြီးတစ်ဦးအနေဖြင့် ပထမဆုံးအမှု (၂)

ရှာထင်၏ စကားများကြောင့် ယန်ချင်းမှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ဖြစ်သွားပြီး မှတ်တမ်းများကို ဆက်လက်ဖတ်ရှုရန် အာရုံစိုက်လိုက်လေသည်။

ထိုနေရာတွင် ရေးသားထားသမျှ အရာအားလုံးမှာ သူ ရုံးတော်၏ အလားအလာရှိသော ကျောင်းသားများအတွက် ဝင်ခွင့်စာမေးပွဲကို ကြီးကြပ်နေစဉ်အတွင်း လွန်ခဲ့သော သုံးပတ်ခန့်က စုံစမ်းစစ်ဆေးရေးမှူးနှစ်ဦး ရှာဖွေဖော်ထုတ်ခဲ့သည့် အချက်အလက်များအပေါ် အခြေခံထားသော ခန့်မှန်းချက်များသာ ဖြစ်ကြပေသည်။

မာယွမ်၏ ဇနီးနှင့် သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးခဲ့သည့် တရားခံအဖြစ် သံသယရှိသူများ၏ အမည်ကို ယွီကန်က စာမျက်နှာအစပိုင်း၌ပင် ရေးသားထားပြီးဖြစ်၏။

မာယွမ်အား တိုက်ခိုက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသော အမျိုးသမီးမှာ ရေခဲမြကျောက်စိမ်းဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုအမျိုးသမီးမှာ တိန်ယောင်ဇူ အမည်ရသည့် ဂိုဏ်း၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်နိုင်ကြောင်း သံသယရှိနေကြ၏။

ယန်ချင်း မှတ်မိသလောက်ဆိုလျှင် မာယွမ်က ဇနီးဖြစ်သူသည် တိုက်ခိုက်လာသော အမျိုးသမီးထံတွင် သူ၏အသက်ကို ချမ်းသာပေးရန် တောင်းပန်နေစဉ်အတွင်း 'ယောင်' ဟူသော အမည်အား ပြောဆိုခဲ့သည်ကို ကြားခဲ့ရကြောင်း ပြောပြခဲ့ဖူးပေသည်။

သူမ ထိုအမည်ကို ပြောနေစဉ် စကားစပြတ်သွားခဲ့သဖြင့် 'ယောင်' စကားလုံးမှာ မပြည့်စုံသေးကြောင်း မာယွမ် ပြောခဲ့ချေသည်။

သူမ၏ အထောက်အထားအပေါ် ယွီကန်နှင့် ရှာထင်တို့၏ ခန့်မှန်းချက်မှာ အလှမ်းမဝေးလှပေ။

အစီရင်ခံစာထဲတွင် ရေခဲမြကျောက်စိမ်းဂိုဏ်း၏ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း ထည့်သွင်းဖော်ပြထား၏။

၎င်းမှာ နာမည်ဂုဏ်သတင်းအသင့်အတင့်ရှိသော အဆင့် ၃ ဂိုဏ်းတစ်ခုဖြစ်ပြီး တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀၀၀၀ အောက်သာ ရှိသေးသည်။

၎င်းသည် တောင်ပိုင်းတိုက်ကြီး၏ အနောက်တောင်ဘက်ပိုင်း၊ တိုက်ကြီး၏ ကမ်းရိုးတန်းနှင့် တောင်ပိုင်းတိုက်ကြီးနှင့် အနောက်ပိုင်းတိုက်ကြီးတို့၏ နယ်နိမိတ်ချင်းထိစပ်နေသော ကောင်းကင်သမုဒ္ဒရာအနီးတွင် တည်ရှိလေသည်။

အဆင့်အတန်းမြင့်တက်လာခဲ့ကြသော အခြားဂိုဏ်းများနှင့် အဖွဲ့အစည်းများကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ခန့်က ဂိုဏ်း၏တည်ထောင်သူတစ်ဦးသည် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေတစ်ခုကို စူးစမ်းရှာဖွေနေစဉ် ကံကောင်းထောက်မစွာဖြင့် သဘာဝရတနာတစ်ခုကို ရရှိခဲ့ပြီး ထိုရတနာက ဂိုဏ်းကို ယနေ့ခေတ်အခြေအနေသို့ ရောက်ရှိအောင် ကူညီပေးခဲ့ခြင်းဖြစ်သည်။

ထိုရတနာမှာ အဆင့်မြင့်မားလှသော သက်ဦးဆံပိုင်အဆင့်ရတနာတစ်ခုဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေပြီး ကျင့်ကြံခြင်းအခြေခံအရဆိုလျှင် နန်းတော်အဆင့်၏ အထွတ်အထိပ်တွင်ရှိသောသူတစ်ဦးနှင့် ညီမျှပေသည်။

ရေခဲမြကျောက်စိမ်းဂိုဏ်းမှာ နှစ်ပေါင်း ၄၀၀၀၀ တိုင် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာရန် ရုန်းကန်ခဲ့ရသော်လည်း ထိုရတနာ၏ အကူအညီဖြင့် နှစ်ပေါင်းတစ်ထောင်မပြည့်မီအတွင်း ပထမဆုံးသော နန်းတော်အဆင့်ကျွမ်းကျင်သူကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

နောက်ထပ်နှစ်ပေါင်း ၉၀၀၀ အတွင်းတွင် ဂိုဏ်းမှ နန်းတော်အဆင့်ကျွမ်းကျင်သူများ ပိုမိုထွက်ပေါ်လာခဲ့ပြီး ရုံးတော်၏ မှတ်တမ်းများအရ လက်ရှိတွင် စုစုပေါင်းခုနစ်ဦးအထိ ရှိလာခဲ့ပြီဖြစ်၏။

အင်အားတောင့်တင်းလာသည်နှင့်အမျှ ရေခဲမြကျောက်စိမ်းဂိုဏ်းသည် သူတို့ဒေသရှိ သာမန်အဖွဲ့အစည်းငယ်လေးတစ်ခုအဆင့်မှ ဒေသတွင်းအုပ်စိုးသူအဖြစ်သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး မေပယ်နီအင်ပါယာ၏ နယ်မြေထက် အနည်းဆုံး ၁.၅ ဆ ပိုမိုကျယ်ဝန်းသော နယ်မြေကို အုပ်ချုပ်လာနိုင်ခဲ့လေသည်။

တစ်ချိန်က ပြိုင်ဘက်များဖြစ်ခဲ့ကြသော ဂိုဏ်းများနှင့် အခြားအဖွဲ့အစည်းများသည် တဖြည်းဖြည်းနှင့် သူတို့၏ လက်ပါးစေများ ဖြစ်လာခဲ့ကြသည်။

အချို့မှာမူ အခြားဒေသများသို့ ပြောင်းရွှေ့အခြေချခဲ့ကြခြင်းနှင့် ရေခဲမြကျောက်စိမ်းဂိုဏ်းကဲ့သို့ပင် အင်အားတောင့်တင်းသော အခြားအဖွဲ့အစည်းများ၏ လက်အောက်ခံများ ဖြစ်သွားခဲ့ကြသည်။

ထိုဂိုဏ်း၏ တိုးတက်လာမှုမှာ ထူးခြားလွန်းလှသည်မဟုတ်သော်လည်း ထင်ရှားပေါ်လွင်စေသော အချက်များရှိနေပြီး ၎င်းတို့အနက်မှ တစ်ချက်မှာ အမျိုးသမီးများသာ ပါဝင်သော ဂိုဏ်းတစ်ခုဖြစ်နေခြင်းပင်။

မည်မျှပင် ပါရမီထူးချွန်စေကာမူ၊ သူတို့သည် အမျိုးသားများကို လုံးဝလက်မခံခဲ့ကြပေ။

ထို့ကြောင့် ဂိုဏ်းသို့ ဝင်ခွင့်ရရန် ကြိုးပမ်းခဲ့ကြသော အမျိုးသားအများအပြား၏ စိတ်ကူးယဉ်အိပ်မက်များမှာ ပျက်စီးသွားခဲ့ရလေသည်။

ထိုကဲ့သို့ သတ်မှတ်ထားရခြင်း၏ အကြောင်းရင်းမှာ ဂိုဏ်း၏ ရတနာနှင့် အမွေအနှစ်ကြောင့်ဖြစ်ကြောင်း ဂိုဏ်းက အကြောင်းပြခဲ့သည်။

မူလက ဂိုဏ်းကို စတင်တည်ထောင်ခဲ့စဉ်၌ ကျားမမရွေးလက်ခံခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၄၀,၀၀၀ ခန့်မှစ၍ ပြင်ပလူများမသိရှိနိုင်သော အကြောင်းရင်းများကြောင့် အမျိုးသမီးသီးသန့်ဂိုဏ်း ဖြစ်လာခဲ့သည်။

လက်ရှိတွင် ပျံ့နှံ့နေသော အကြောင်းရင်းမှာ ဂိုဏ်း၏ အဓိကအမွေအနှစ်ကျင့်စဉ်ဖြစ်သည့် 'မြကျောက်စိမ်းနှင်းခဲစီးဆင်းမှု ကန့်လန့်ကာကျမ်းစာ' ကြောင့်ဖြစ်ပြီး ယွီကန်၏ မှတ်စုများအရ ၎င်းမှာ လွန်ခဲ့သောနှစ်ပေါင်းတစ်သန်းကျော်က တည်ရှိခဲ့သည့် 'အေးခဲငြိမ်းချမ်းမှု' အမည်ရှိသော ရှေးဟောင်းဂိုဏ်းတစ်ခု၏ 'အေးခဲငြိမ်းချမ်းမှုကျမ်းစာ' အဖြစ် လူသိများသော ပိုမိုကြီးမားသည့် ကျင့်စဉ်ကြီး၏ မပြည့်စုံသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။

အေးခဲငြိမ်းချမ်းမှုကျမ်းစာ၏ မတူညီသော အစိတ်အပိုင်းများကို တောင်ပိုင်းတိုက်ကြီးတစ်ခွင်ရှိ မတူညီသောအဖွဲ့အစည်းများတွင် တွေ့ရှိနိုင်သည်။

ယွီကန်က ၎င်းတို့ထဲမှအချို့ကို စာရင်းပြုစုထားပြီး ရုံးတော်မှာလည်း ၎င်းတို့ထဲမှ တစ်ခုအပါအ၀င်ဖြစ်၏။

ရုံးတော်တွင် ထိုကျမ်းစာနှင့်ပတ်သက်သော အစိတ်အပိုင်းနှစ်ခု ရှိသည်။

တစ်ခုမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးသည့် နည်းစနစ်ဖြစ်သော နှင်းခဲမီးလျှံကျင့်စဉ်ဖြစ်ပြီး အခြားတစ်ခုမှာ နယ်ပယ်အဆင့်ကျွမ်းကျင်သူများအတွက်ပင် သင့်လျော်ပြီး အဆင့်အတန်းအရ အပြာရောင်အဆင့်ကျင့်စဉ်တစ်ခုဖြစ်သည့် ဆောင်းရာသီ၏ပွေ့ဖက်မှုကျင့်စဉ် ဖြစ်ပေသည်။

၎င်း၏ အစိတ်အပိုင်းအချို့ပင် အပြာရောင်အဆင့်တွင် ရှိနေနိုင်ပါက အေးခဲငြိမ်းချမ်းမှုကျမ်းစာမှာ ခရမ်းရောင်အဆင့် သို့မဟုတ် အနည်းဆုံး အဆင့်မြင့်ရွှေရောင်အဆင့်ကျင့်စဉ်တစ်ခု ဖြစ်နိုင်ကြောင်း ယန်ချင်း မတွေးဘဲမနေနိုင် ဖြစ်သွားလေသည်။

'အင်း၊ သူတို့တိုးတက်လာတာက သူတို့ရခဲ့တဲ့ ရတနာထက် သူတို့ဆီမှာရှိတဲ့ အစိတ်အပိုင်းနဲ့ ပိုသက်ဆိုင်နေမလားပဲ'

ရေခဲမြကျောက်စိမ်းဂိုဏ်း၏ လက်ထဲတွင်ရှိသော ကျင့်စဉ်မှာ သူတို့၏ တိုးတက်လာမှုနှင့် သက်ဆိုင်နေကြောင်း ယန်ချင်း ခံစားလိုက်ရသည်။

ထိုရတနာဆိုသည့် အရာကို မရမီကပင် သူတို့၌ နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦးမျှ မရှိသော်လည်း တဖြည်းဖြည်း တိုးတက်လာခဲ့ကြပေသည်။

ယန်ချင်းသည် လျှို့ဝှက်ဆန်းကြယ်သော အေးခဲငြိမ်းချမ်းမှုကျမ်းစာနှင့် ဂိုဏ်း၏ ဆွဲဆောင်မှုထဲတွင် နစ်မျောလုနီးပါးဖြစ်သွားခဲ့ပြီးမှ အစီရင်ခံစာဆီသို့ အာရုံကို အမြန်ပြန်လည်စုစည်းလိုက်ရလေသည်။

အစီရင်ခံစာ၏ အစောပိုင်းအပိုင်းများတွင် ထူးခြားမှုတစ်စုံတစ်ရာမရှိဘဲ ဂိုဏ်း၏ အဆင့်အတန်းခွဲခြားမှုနှင့် ဆက်ဆံရေးများအပါအဝင် အရာအားလုံးကို ယန်ချင်း အလွယ်တကူပင် ဖတ်ရှုနိုင်ခဲ့၏။

အစီရင်ခံစာမှတစ်ဆင့် သူသည် သူ့အတွေးများနှင့် ထပ်တူကျနေသော အချက်အချို့ကို တွေ့ရှိခဲ့ရပြီး ၎င်းက မာယွမ်၏ အမှုနောက်ကွယ်မှ သံသယရှိသူအဖြစ် ရေခဲမြကျောက်စိမ်းဂိုဏ်းကို ပိုမိုထင်ရှားစေလေသည်။

ဖော်ပြထားသော ဆက်ဆံရေးများထဲတွင် လမင်းပိုးကောင်ဂိုဏ်းလည်း ပါဝင်ပြီး ၎င်းတို့သည် ရေခဲမြကျောက်စိမ်းဂိုဏ်းနှင့် အပြန်အလှန် သတ်ဖြတ်ကြသည့်အထိ ဆူးများပြည့်နှက်နေသော ဆက်ဆံရေးဖြစ်ကြသည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ လမင်းပိုးကောင်ဂိုဏ်းတွင်လည်း အေးခဲငြိမ်းချမ်းမှုကျမ်းစာမှ ရရှိထားသော ကျင့်စဉ်တစ်ခုရှိနေသောကြောင့် ဖြစ်ပေသည်။

ကျမ်းစာ၏ မတူညီသော အစိတ်အပိုင်းများသည် အရင်းအမြစ်တစ်ခုတည်းမှ လာခြင်းဖြစ်သောကြောင့် တစ်ခုနှင့်တစ်ခုဖြည့်စွက်ပြီး ပေါင်းစပ်အသုံးပြုနိုင်သည်။

ဤအတွေးဖြင့် ရေခဲမြကျောက်စိမ်းဂိုဏ်း အဆင့် ၃ ဂိုဏ်းတစ်ခုအဖြစ် မတက်လှမ်းနိုင်မီကပင် လမင်းပိုးကောင်ဂိုဏ်းသည် သူတို့၏ အပိုင်းကို မြှင့်တင်ရန်အတွက် နည်းမျိုးစုံသုံးကာ ရေခဲမြကျောက်စိမ်းဂိုဏ်း၏ အေးခဲငြိမ်းချမ်းမှုကျမ်းစာအစိတ်အပိုင်းကို ရယူရန် တစ်ကြိမ်ထက်မက ကြိုးပမ်းခဲ့ဖူးပေသည်။

ထိုလုပ်ငန်းစဉ်အတွင်း ရေခဲမြကျောက်စိမ်းဂိုဏ်း၏ အကြီးအကဲတစ်ဦး အသတ်ခံလိုက်ရသည့်အချိန်တွင် သူတို့၏ ပဋိပက္ခမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

ထိုရန်ငြိုးမှာ နှစ်ပေါင်း ၄၀,၀၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စတင်ချိန်တွင် ဂိုဏ်းနှစ်ခုလုံးမှာ အင်အားချင်း တူညီခဲ့ကြသည်။

လမင်းပိုးကောင်ဂိုဏ်းမှာ ရေခဲမြကျောက်စိမ်းဂိုဏ်းထက် သက်တမ်းအနည်းငယ် ပိုရင့်သောကြောင့် အနည်းငယ် ပိုမိုသန်မာခဲ့၏။

ထို့ကြောင့်ပင် လမင်းပိုးကောင်ဂိုဏ်းသည် အမြဲတစေ အနိုင်ကျင့်ဗိုလ်ကျသည့် နည်းလမ်းများကို အသုံးပြုခဲ့ခြင်းဖြစ်ပေသည်။

သို့သော် ရေခဲမြကျောက်စိမ်းဂိုဏ်းတွင် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာချိန်၌ သူတို့တွင် နန်းတော်အဆင့်တစ်ပိုင်းကျွမ်းကျင်သူ သုံးဦးသာ ရှိနေသောကြောင့် အခြေအနေများမှာ ပြောင်းလဲသွားခဲ့လေသည်။

ကြောက်ရွံ့မှုကြောင့် လမင်းပိုးကောင်ဂိုဏ်းသည် အဆင့် ၃ အင်ပါယာတစ်ခု၏ လက်အောက်ခံအဖြစ် ခိုလှုံခဲ့ပြီး အပြန်အလှန်အားဖြင့် မက်လောက်စရာသယံဇာတများကို ပေးအပ်ခဲ့သည်။

ထို့ကြောင့် ရေခဲမြကျောက်စိမ်းဂိုဏ်းတွင် နန်းတော်အဆင့် ကျွမ်းကျင်သူများ ပိုမိုများပြားလာပြီး ဂိုဏ်း၏ အငယ်ဆုံးအကြီးအကဲများထဲမှ တစ်ဦးတစ်ဖြစ်လဲ နန်းတော်အဆင့်တစ်ပိုင်းတွင် ရှိနေသည့် ဒိန်းယောင်ဇူကဲ့သို့သော ကျွမ်းကျင်သူများ ပေါ်ထွက်လာရန် ရှိနေသော်လည်း ထိုအင်ပါယာသည် ယနေ့တိုင် သူတို့ကို ကာကွယ်ပေးထားဆဲဖြစ်ပေသည်။

ထိုအင်ပါယာမှာ မြစ်နှစ်စင်းအင်ပါယာဖြစ်ပြီး လက်ရှိတွင် နန်းတော်အဆင့်ကျွမ်းကျင်သူ ငါးဦးသာရှိကြောင်း မှတ်တမ်းတင်ထားသော်လည်း ၎င်းတို့ထဲမှ တစ်ဦးမှာ လက်ရှိတွင် နန်းတော်အဆင့် ၆ ၌ ရှိနေပြီး ရေခဲမြကျောက်စိမ်းဂိုဏ်း၏ အထွတ်အထိပ်ကျွမ်းကျင်သူထက် နှစ်ဆင့် ပိုမိုမြင့်မားလေသည်။

လမင်းပိုးကောင်ဂိုဏ်းက သူ့အတွက် ထင်ရှားပေါ်လွင်နေရခြင်း၏ အကြောင်းရင်းမှာ မာယွမ်နှင့် ဇနီးဖြစ်သူနေထိုင်ခဲ့ဖူးသော နေရာများထဲတွင် မြစ်နှစ်စင်းခရိုင်လည်း ပါဝင်ပြီး ထိုနေရာမှာ လမင်းပိုးကောင်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ဖြစ်၏။

ဂိုဏ်းနှစ်ခုကြားရှိ တင်းမာသော ဆက်ဆံရေးကြောင့် မာယွမ်၏ ဇနီးဖြစ်သူတို့ ထိုနေရာတွင် အခြေချရန် ရွေးချယ်ခဲ့ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုရှိပေသည်။

ယန်ချင်း နားမလည်နိုင်သော အချက်အချို့ရှိနေသေးသည်။

တစ်ချက်မှာ ယွီကန်နှင့် ရှာထင်တို့၏ တုံ့ပြန်မှုများဖြစ်ပြီး အခြားတစ်ချက်မှာ သူ သိရှိသလောက် ရေခဲမြကျောက်စိမ်းဂိုဏ်းသည် လူတစ်ယောက်၏ သမီးကို ပြန်ပေးဆွဲရလောက်သည်အထိ နာမည်ဆိုးမရှိခြင်းပင်။

ထိုဂိုဏ်းသည် စိတ်ဝိညာဉ်ထိန်းသိမ်းရေးဂိုဏ်းကဲ့သို့ပင် အများအားဖြင့် သီးခြားနေထိုင်ပြီး အခြားသူများနှင့် ဆက်ဆံမှုအလွန်နည်းပါးသော တံခါးပိတ်ဂိုဏ်းတစ်ခုအဖြစ် နာမည်ကျော်ကြားလေသည်။

သို့သော် သူသည် အစီရင်ခံစာကို ဆက်လက်ဖတ်ရှုလိုက်ရာ သူ၏မျက်နှာမှာ တဖြည်းဖြည်း ပျက်ယွင်းလာခဲ့ပြီး ငါးမိနစ်ခန့်အကြာတွင် နဖူး၌ အကြောများထောင်ထလာကာ မျက်လုံးများမှာလည်း ဒေါသတကြီး နီမြန်းလာခဲ့ချေသည်။

ယန်ချင်းက တင်းမာသောလေသံဖြင့် မေးလိုက်သည်။

"ဒါတွေအားလုံးက တကယ်ပဲလား"

သူသည် အသံကို တတ်နိုင်သမျှ တိုးညင်းပြီး တည်ငြိမ်စေရန် ထိန်းထားသော်လည်း စုံစမ်းစစ်ဆေးရေးမှူးနှစ်ဦးမှာ ထိုအသံထဲတွင် ပါဝင်နေသော ပေါက်ကွဲလုနီးပါးဒေါသများကို သိသိသာသာ ခံစားမိနေဆဲ ဖြစ်ပေသည်။

ယွီကန်က ပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်ပါတယ်"

"ပြီးတော့ နောက်ထပ်လည်းရှိသေးတယ်၊ ဒါက နှစ်ပေါင်း ၁၀,၀၀၀ ကျော်လောက်ကတည်းက ဖြစ်ပျက်နေခဲ့တာလို့ ထင်ရတယ်”

“ဒါကြောင့်မို့လို့ ကျွန်တော်တို့က မင်းရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကိုတင်မကဘဲ အားနေတဲ့ တခြားလှည့်လည်စစ်ဆေးရေးမှူးတွေကိုပါ အကူအညီတောင်းခဲ့ရတာ”

“တွေ့ရှိချက်တွေ ရောက်လာတာနဲ့အမျှ နောက်ဆက်တွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မင်းက တရားစီရင်ရေးကော်မတီနဲ့ ဝိညာဉ်ကောင်စီဆီကနေ တရားသူကြီးငါးဦးပါအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံရလိမ့်မယ်"

ယန်ချင်း၏ မျက်ဝန်းထဲတွင် စိုးရိမ်တုံ့ဆိုင်းမှုများနှင့်အတူ ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ယွီကန်က စာနာစိတ်ဖြင့် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး ယန်ချင်းရာ၊ နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ရတာ မလွယ်ကူဘူး”

“အထူးသဖြင့် နန်းတော်တရားရုံးတရားသူကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ ပထမဆုံးအမှုတွေထဲက တစ်ခုဖြစ်နေတော့ ပိုဆိုးတာပေါ့"

ယန်ချင်းက ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့် နောက်သို့ မှီချလိုက်ရင်း နောက်ဆုံးတွင် ပြောလိုက်သည်။

"ဒါကို လုပ်ကိုလုပ်ရမယ်"

'အတင်းအကျပ် ရာထူးချတယ်ပေါ့လေ၊ ငါ့ရဲ့ ကံဇာတာက ကောင်းတာလား၊ ဆိုးတာလားဆိုတာ တကယ်ပဲ သိချင်မိပါရဲ့’

All Chapters