← Chapters

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း ၃၆၀

Vol. 36 Ch. 360

အခန်း (၃၆၀) - နန်းတော်တရားသူကြီးတစ်ဦးအနေဖြင့် ပထမဆုံးအမှု (၃)

ယွီကန်က အခြားကျောက်စိမ်းအဆောင်ပြားနှစ်ခုကို ယန်ချင်းထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"ရေခဲမြကျောက်စိမ်းဂိုဏ်းနဲ့ မာယွမ်တို့ရဲ့ အမှုကလွဲပြီး ကျန်တဲ့အမှုနှစ်ခုရဲ့ စုံစမ်းစစ်ဆေးမှုအားလုံးကို လုပ်ပြီးသွားပြီ”

“ဘယ်အမှုကနေ စချင်လဲဆိုတာကို မင်း ဆုံးဖြတ်လို့ရတယ်"

ယန်ချင်းက ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်၏။

၎င်းမှာ သူ့အား စောင့်ကြိုနေသော ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်မှ အာရုံလွှဲပေးရန် ယွီကန်၏ နည်းလမ်းတစ်ခုဖြစ်ကြောင်း သူ သိရှိသောကြောင့်ပင်။

ယန်ချင်းက ကျောက်စိမ်းအဆောင်ပြားနှစ်ခုကို မယူမီ မေးလိုက်သည်။

"အားလုံးကိုရဖို့ ဘယ်လောက်ကြာဦးမလဲ"

ယွီကန်က သက်ပြင်းတစ်ချက်ချရင်း ပြန်လည်ဖြေကြားလိုက်သည်။

"အရာအားလုံးကို အတည်ပြုဖို့က သုံးရက်ထက် ပိုမကြာပါဘူး”

“အဲဒီနောက်ပိုင်းမှာတော့ ဘယ်လိုဆက်လုပ်မလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"

ယန်ချင်းက ဆေးဖက်၀င်ဥယျာဉ်ဆိုင်၏ မျက်နှာကြက်ကို ငေးငိုင်စွာကြည့်ရင်း ပြောလိုက်၏။

"သုံးရက်"

သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

'တိုင်ချန်၊ ကျန်းချင်းကော၊ ငါ တောင်းပန်ပါတယ်၊ မင်းတို့ကို ငါနဲ့အတူ ဒီအမည်းစက်ကို အရှက်မရှိ မျှဝေခံစားခိုင်းရတော့မယ်'

တစ်မိနစ်ခန့် ကြာပြီးနောက် သူသည် ထိုမကောင်းသော အတွေးများကို ခေါင်းခါထုတ်လိုက်ပြီး ကျောက်စိမ်းအဆောင်ပြားနှစ်ခုကို စစ်ဆေးကြည့်ရှုလေသည်။

ထိုအမှုများမှာ မာယွမ်၏ အမှုနှင့်မတူဘဲ အတော်လေး ရိုးရှင်းပြီး ရှင်းလင်းပြတ်သားသဖြင့် သူ့အတွက် စိတ်သက်သာရာရစေ၏။

အမှုတစ်ခုမှာ နန်းတော်အဆင့်သို့ မကြာသေးမီကမှ ချိုးဖောက်ဝင်ရောက်ထားသည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးနှင့် သဘောထားကွဲလွဲမှုဖြစ်ပွားနေသော အဆင့် ၄ ဂိုဏ်းတစ်ခုဖြစ်သည့် ငွေဓားဂိုဏ်းတို့အကြားက ကိစ္စပင်။

အဆိုပါအငြင်းပွားမှုမှာ ခိုးမှုတစ်ခုဖြစ်ပြီး ငွေဓားဂိုဏ်းက ပြစ်မှုကျူးလွန်သူများဖြစ်ကြသော်လည်း သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ကာ ကြားဝင်စေ့စပ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အငြင်းပွားမှုမှာ အတော်လေး ရှင်းလင်းလှပြီး လှည့်လည်စစ်ဆေးရေးမှူးနှစ်ဦးက စေ့စပ်သေချာစွာ လုပ်ဆောင်ထားကြောင်း ယန်ချင်း ခံစားမိလေသည်။

လက်ဝယ်ရှိအချက်အလက်များအရ ဤအမှု၏ စီရင်ချက်မှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ထင်ရှားလွန်းလှ၏။

အခြားအမှုတစ်ခုမှာ နန်းတော်အဆင့် ၂ ရှိသော ကျွမ်းကျင်သူတစ်ဦး ပိုင်ဆိုင်သည့် စားသောက်ဆိုင်တစ်ဆိုင်နှင့် ပတ်သက်နေ၏။

စားသောက်ဆိုင်နှင့် ပတ်သက်သည့် အခြားအမှုတစ်ခုကို တွေ့လိုက်ရသောအခါ ယန်ချင်း၏မျက်လုံးများ တောက်ပသွားလေသည်။

ဖောက်သည်တစ်ဦးက ထိုစားသောက်ဆိုင်သည် ချို့ယွင်းချက်ရှိသော ထုတ်ကုန်များကို ရောင်းချသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို ထိခိုက်စေခဲ့ကြောင်း တိုင်ကြားထားခြင်းပင်။

တစ်ကိုယ်တော်ကျင့်ကြံသူနှင့် ငွေဓားဂိုဏ်းတို့၏ အမှုကဲ့သို့ပင် ယွီကန်နှင့် ရှာထင်တို့က စေ့စပ်သေချာစွာ စုံစမ်းထားသဖြင့် ယန်ချင်းအတွက် စီရင်ချက်ချရန် ပိုမိုလွယ်ကူသွားစေ၏။

သူတို့၏ အလုပ်လုပ်နှုန်းကို ယန်ချင်း မချီးကျူးဘဲ မနေနိုင်တော့ချေ။

လူအင်အားအနေဖြင့် သူတို့နှစ်ဦးတည်းသာရှိပြီး အမှုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာသော နေရာများတွင် ဖြစ်ပွားခဲ့သော်လည်း အမှုနှင့်သက်ဆိုင်သည့် အရာအားလုံးကိုသာမက ပါဝင်ပတ်သက်သူများ၏ အခြေအနေကို ယန်ချင်း အကြမ်းဖျင်း သိရှိစေနိုင်မည့် အသေးအဖွဲ အချက်အလက်များကိုပါ ရှာဖွေပေးနိုင်ခဲ့ကြ၏။

ထို့အပြင် အစပိုင်းတွင် သဲလွန်စအနည်းငယ်သာရှိပြီး ရှာဖွေရမည့် နယ်မြေမှာ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးဖြစ်နေသည့် မာယွမ်၏ အမှုတွင်လည်း တိုးတက်မှုများစွာ ရရှိစေရန် လုပ်ဆောင်နိုင်ခဲ့ကြ၏။

"ဒါနဲ့ စကားမစပ်..."

ယန်ချင်းက ရုတ်တရက် မေးလိုက်သည်။

"စီနီယာယွီကန်၊ စီနီယာရှာထင်၊ လေဟုန်စီးကြေးစားတပ်ဖွဲ့က မာယွမ်ရဲ့အမှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တစ်ခုခု ပေးခဲ့သေးလား"

ယန်ချင်းသည် မာယွမ်ပေးခဲ့သော ရေခဲအက်ကွဲစတစ်စကို သူတို့၏ ခေါင်းဆောင်တစ်ဦးထံတွင် ထားခဲ့ပြီး ဤအမှုအတွက် တရားဝင် တာဝန်ပေးအပ်ခဲ့သည်ကို သတိရမိ၏။

လေဟုန်စီးကြေးစားတပ်ဖွဲ့မှာ ရုံးတော်လောက် မကြီးမားသော်လည်း တိုက်ကြီးတစ်ခုလုံးတွင် လှည့်လည်သွားလာနေကြသဖြင့် လူများစွာနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်ကြသည်။

ထို့အပြင် အောက်ခြေအဖွဲ့အစည်းများ၏ လေးစားချစ်ခင်မှုကို ရရှိထားသော်လည်း ဂုဏ်သတင်းကြောင့် ကြောက်ရွံ့ခြင်းခံရသည့် ရုံးတော်နှင့် နှိုင်းယှဉ်ပါက သူတို့က ပိုမိုချဉ်းကပ်ရ လွယ်ကူပေသည်။

ရုံးတော်နှင့်နှိုင်းယှဉ်လျှင် လေဟုန်စီးကြေးစားတပ်ဖွဲ့အတွက် သတင်းအချက်အလက်များနှင့် ကောလာဟလများကို စုံစမ်းရန် ပိုမိုလွယ်ကူပေလိမ့်မည်။

ယွီကန်က ပြောလိုက်သည်။

"ဟုတ်တယ်၊ သူတို့ရဲ့ အကူအညီကြောင့်ပဲ ငါတို့ ရေခဲမြကျောက်စိမ်းဂိုဏ်းဆီ ဦးတည်နေတဲ့ သဲလွန်စတွေနဲ့ သူတို့ ဘာတွေလုပ်နေလဲဆိုတာကို ရှာဖွေနိုင်ခဲ့တာ၊ မင်း ဒါကို ကြည့်သင့်တယ်လို့ထင်တယ်"

"ငါတို့ ရှာတွေ့ထားတာတွေ ရှိနေပေမဲ့ ငါ သူတို့ကို ဒီအမှုအကြောင်း ပိုစုံစမ်းခိုင်းထားတယ်၊ အဲဒီဂိုဏ်းက ဘယ်လောက်အထိ လက်ရဲဇက်ရဲဖြစ်နေလဲဆိုတာကို သိရအောင်လို့ပေါ့"

"အဆင်ပြေပါ့မလား"

ယန်ချင်းက ပျာပျာသလဲပြောလိုက်၏။

"အဆင်ပြေပါတယ်၊ သူတို့က ကူညီပေးနိုင်လို့ တကယ်ဝမ်းသာနေကြတာ"

အခြေအနေများ ဆိုးရွားနေပုံအရ လေဟုန်စီးကြေးစားတပ်ဖွဲ့ကို ဤအမှုတွင် ပါဝင်ပတ်သက်စေခဲ့မိခြင်းအတွက် သူ အလွန်ဝမ်းသာမိလေသည်။

သူ့တွင် ယခုနှစ်အတွက် အသုံးပြုရန် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး သန်း ၄၀ ရှိပြီး လေဟုန်စီးကြေးစားတပ်ဖွဲ့ကို ရေခဲမြကျောက်စိမ်းဂိုဏ်းအကြောင်း စုံစမ်းပေးခဲ့သည့်အတွက် ထိုပမာဏတစ်ခုလုံး ပေးချေရလျှင်ပင် နှမြောမည်မဟုတ်ချေ။

ယန်ချင်း တွေးလိုက်မိသည်။

'ယွန်းဝေနဲ့ စကားပြောကြည့်ပြီး ယီကျဲတို့တစ်သိုက် ချိုးဖောက်ဝင်ရောက်နိုင်တဲ့အချိန်ထိ သူတို့ကို ငါ့အမှုတချို့ကိုင်တွယ်ခိုင်းထားရင် ကောင်းမလား'

လူအင်အား အလွန်အမင်း ပြတ်လပ်နေသဖြင့် လေဟုန်စီးကြေးစားတပ်ဖွဲ့ကို အသုံးပြုခြင်းမှာ အမှုများကို နောက်ကျမကျန်ရစ်စေဘဲ ကိုင်တွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရ၏။

သူတို့တွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သက်သေပြပြီးဖြစ်သဖြင့် ယန်ချင်းသည် သူတို့၏ ဝန်ဆောင်မှုကို ရယူရန်အတွက် ငွေကြေးအမြောက်အမြား ပေးချေရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ယန်ချင်းက စတင်ရမည့်အမှုကို ဆုံးဖြတ်ပြီးနောက် ပြောလိုက်သည်။

"ဒါနဲ့ပဲ စလိုက်ကြတာပေါ့"

ရေခဲမြကျောက်စိမ်းဂိုဏ်း၏ နောက်ကွယ်မှ ကိစ္စရပ်များကို ရှောင်ရှားရန်အတွက် သူသည် ရှာထင်နှင့်အတူ ဆေးဖက်၀င်ဥယျာဉ်ဟင်းရည်ဆိုင်၏ ဟင်းရည်များကို မြည်းစမ်းရန် ဆုံးဖြတ်လိုက်လေတော့သည်။

....

ယန်ချင်း၏ တရားခွင်အတွင်း၌…

"ရှာထင်မြှောက်ပေးတာနဲ့ ရွှင်လန်းဟင်းရည်ငါးအိုး ထပ်ဝယ်မိသွားတာ ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်သေးဘူး၊ အလတ်စားဝိညာဉ်ကျောက်တုံးတစ်ထောင်လောက် အလဟဿဖြစ်သွားပြီ"

ယန်ချင်းသည် မနေ့ညက အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း မျက်နှာပျက်ပျက်ဖြင့် သူ၏တရားသူကြီးခုံနောက်တွင် ထိုင်နေလေသည်။

သူ ရှာထင်၏ လှည့်စားမှုကို တစ်နည်းနည်းဖြင့် ခံလိုက်ရပြီး ဟင်းရည်များ ပိုမိုဝယ်ယူမိသွားခြင်းပင်။

မနေ့ညက အဖြစ်အပျက်ပြီးနောက် ရှာထင်ရှိနေလျှင် ထိုနေရာသို့ ဘယ်တော့မှ ထပ်မသွားတော့ဟု သူ ကျိန်ဆိုလိုက်၏။

သို့သော် ထိုနေရာမှာ လှည့်လည်စစ်ဆေးရေးမှူးနှစ်ဦး၏ 'ရုံးခန်း' ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစားလျှင် သူ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခြင်းသာဖြစ်ကြောင်း သိရှိလိုက်၏။

"ကံကောင်းလို့ အခမ်းအနားကရတဲ့ လက်ဆောင်တွေရှိလို့ တောင့်ခံနိုင်သေးတာ”

“ယီကျဲ၊ မင်းလည်း မြန်မြန်ချိုးဖျက်ဝင်ရောက်နိုင်အောင် လုပ်ပါဦး၊ ဖုန်းရှင်းနဲ့ ကျန်တဲ့လူတွေလည်း အတူတူပဲ"

"ဒီနေ့ကစပြီး သူတို့ရဲ့ လေ့ကျင့်မှုကို ငါကိုယ်တိုင် ကိုင်တွယ်ရတော့မယ်ထင်တယ်၊ မဟုတ်ရင် ဒီအတိုင်း ဆက်သွားနေရင် နှစ်ကုန်ပိုင်းကျ ငါ့မှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး၊ အရင်လို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝကို ပြန်ရောက်သွားလိမ့်မယ်"

"မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒါမျိုး ဘယ်တော့မှ အဖြစ်မခံနိုင်ဘူး"

ယန်ချင်းသည် ဝိညာဉ်ကျောက်တုံးများ အလျှံပယ်ရှိခြင်း၏ အရသာကို နောက်ဆုံးတွင် ခံစားဖူးသွားပြီဖြစ်သည်။

သူ နန်းတော်တရားရုံးသို့ မရောက်မီက သူ၏ဝါသနာများအတွက် ငွေကြေးရရှိရန် ကပ်ပါးရပ်ပါးလုပ်ရပြီး အရှက်မရှိ နေထိုင်ခဲ့ရသည့် သူတောင်းစားကဲ့သို့ ဘဝမျိုးဆီ ပြန်သွားရန် လုံးဝဆန္ဒမရှိချေ။

ယွီကန်က လူဆယ်ယောက်နှင့်အတူ ဝင်လာစဉ် ယန်ချင်းက အရှက်မရှိ တွေးလိုက်မိသည်။

'တကယ်တော့ ဖားရတာလည်း မဆိုးပါဘူး၊ အနည်းဆုံးတော့ ငါ့ရဲ့ ကိုယ်ပိုင်ဝိညာဉ်ကျောက်တုံးတွေကို သုံးစရာမလိုဘူးလေ’

All Chapters