← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂)

ပြင်ဆင်မှုများ

ကောင်းယွမ်သည် တာ့ဟူနှင့် မည်သို့မျှ ပတ်သက်မှု မရှိသော်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီတွင်မူ အရှေ့အလယ်ပိုင်း၌ ဖြန့်ချီရေးကိုယ်စားလှယ် အများအပြား ရှိပြီး ယင်းတို့အထဲတွင် တာ့ဟူ၏ အာမေး အုပ်စုလည်း ပါဝင်လေသည်။

ထိုအချက်ကို တွေးမိသည်နှင့် ကောင်းယွမ်သည် ကျန်းပိုင်ရီထံ ဖုန်းဆက်ကာ အာမေးအုပ်စု၏ ကုမ္ပဏီ ကိုယ်စားလှယ်နှင့် ဆက်သွယ်ပေးရန် တောင်းဆိုလိုက်လေ၏။

သူတို့သည် ရှနိုင်ငံတွင် ရှိနေဆဲ ဖြစ်လေသည်။ ကောင်းယွမ် ဖုန်းခေါ်ဆိုပြီးနောက် သူတို့သည် ချင်ကျင်း မြို့တွင် ရောက်ရှိနေကြောင်းကို သိလိုက်ရပေသည်။

ဤသည်မှာ တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလော။

ချင်ကျင်းမြို့ရှိ ရုံးခန်းတွင် ခေါင်းပေါင်း ပေါင်းထားသော အာရပ်လူမျိုး အချို့က ကောင်းယွမ်တွေ့ လိုက်ရလေသည်။

ကောင်းယွမ်သည် လုံခြုံရေးစက်ရုပ် နှစ်ရုပ်ကိုသာ ခေါ်ဆောင်လာခဲ့လေ၏။

တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် အာမေးအုပ်စုမှ ကိုယ်စားလှယ်သည် ကောင်းယွမ်ကို လှိုက်လှဲစွာ ဖက်လှဲ တကင်း နှုတ်ဆက်လိုက်ကြလေသည်။

"ဥက္ကဋ္ဌကောင်း... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်..."

"မစ္စတာမိုဟာမက်... တွေ့ရတာ ဝမ်းသာပါတယ်ဗျာ..."

"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာကောင်း... ခင်ဗျားက တကယ်ကို အံ့ဩစရာကောင်းတဲ့သူပဲ... ကျွန်တော်တို့က နည်းပညာကို စိတ်ဝင်စားတဲ့သူတွေပါ... လက်ပတ်ဖုန်းရော အပူချိန်ထိန်းအဝတ်အစား ပါ အရမ်းကို အနာဂတ်ဆန်ပြီး အနာဂတ်က ထွက်လာတဲ့ ပစ္စည်းတွေကျနေတာပဲ... အပူချိန်ထိန်းအဝတ် အစားက ကျွန်တော်တို့အတွက် သီးသန့်ချုပ်လုပ်ပေးထားသလိုကို ဖြစ်နေတာ... ကျွန်တော်တို့က ဒီလို အဝတ်အစားမျိုး အရမ်းကိုလိုအပ်နေတာပါ... ဒါပေမဲ့ ခင်ဗျားတို့ဆီမှာ အပူချိန်ထိန်း ခေါင်းပေါင်းတွေ ရော ရှိသလားလို့ သိချင်မိတယ်..."

ထိုစကားကြောင့် ကောင်းယွမ် ဆွံ့အသွားခဲ့ရလေသည်။

“မရှိပါဘူး... ကျွန်တော်တို့ဆီမှာ အဲဒီလိုမျိုးတော့ မရှိသေးပါဘူး….”

ကောင်းယွမ် အနည်းငယ် အနေရခက်သွားခဲ့လေ၏။

"မစ္စတာမိုဟာမက်... ရိုးရိုးသားသား ပြောရရင် ခင်ဗျားနဲ့ ဆွေးနွေးစရာလေး တစ်ခုရှိလို့ပါ..."

"မစ္စတာကောင်း... ပြောပါဗျ..."

"ကျွန်တော် ဓာတ်ဆီတွေ ဝယ်ချင်လို့ပါ..."

မိုဟာမက်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ဓာတ်ဆီလား... ကျွန်တော်တို့ဆီမှာ အများကြီး ရှိပါတယ်... ဘယ်လောက် လိုချင်လို့လဲ..."

ကောင်းယွမ်သည် မြို့တော်ကြီးရှစ်ခု ပတ်လည်တွင် မီးတောက်ခါးပတ်ကွင်းတစ်ခု ဖန်တီးရန် စက်ရုပ်ကို တွက်ချက်ခိုင်းထားခဲ့ပြီး ဖြစ်လေသည်။ အနည်းဆုံး အကျယ် မီတာ (၅၀) ရှိသော မီးတောက်ခါးပတ် ကွင်း လိုအပ်မည်ဖြစ်ပြီး မီတာတိုင်းအတွက် ဓာတ်ဆီ လီတာ (၅၀) လိုအပ်မည် ဖြစ်ပေ၏။ မြို့တော်၏ ပတ်လည်အကျယ်အဝန်းမှာ ကီလိုမီတာ (၁၀၀၀) ရှည်လျားသဖြင့် မြို့တော်တစ်ခုတည်းအတွက်ပင် ဓာတ်ဆီ လီတာ သန်း (၅၀) လိုအပ်မည် ဖြစ်ပေသည်။ မြို့တော်ရှစ်ခုအတွက်ဆိုလျှင် လီတာ သန်း (၄၀၀) ဖြစ်သွားမည် ဖြစ်လေသည်။

"လီတာ သန်းလေးရာပါ..."

ဟု ကောင်းယွမ်က ပြောလိုက်လေ၏။

မိုဟာမက်သည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်လေသည်။

*လီတာ သန်းလေးရာ…*

တာ့ဟူတွင် ဓာတ်ဆီတစ်လီတာလျှင် နှစ်ဒေါ်လာသာ ကျသင့်ပေသည်။ ထို့ကြောင့် ဓာတ်ဆီ၏ စုစု ပေါင်းတန်ဖိုးမှာ အမေရိဒေါ်လာ သန်း (၁၀၀) ကျော်မျှသာ ရှိလေ၏။

"သိပ်မများပါဘူး... စီစဉ်ပေးဖို့ လွယ်ပါတယ်..."

ကောင်းယွမ်သည် သူ၏ လက်ရှိ အဆင့်အတန်းနှင့် အနေအထားကို သေချာပေါက် အသားမကျသေး ကြောင်း ထင်ရှားနေပေသည်။

သူ၏အမြင်တွင် ဓာတ်ဆီ လီတာ သန်းလေးရာဆိုသည်မှာ အလွန်ခက်ခဲသည့် ကိစ္စတစ်ရပ် ဖြစ်နေခဲ့၏။

သို့သော် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံရာပေါင်းများစွာ တန်ဖိုးရှိသည့် ရေနံများကို တင်ပို့ နေသည့် ဤတာ့ဟူများ၏ မျက်လုံးထဲတွင် အမေရိကန်ဒေါ်လာ သန်း (၁၀၀) မျှသာရှိသည့် ပမာဏမှာ အမှန်တကယ်ပင် ဘာမျှမဟုတ်ပေ။

"ကျွန်တော် အရေးပေါ် လိုအပ်နေတာပါ... ပြီးတော့ ရှနိုင်ငံကို ပို့ပေးစရာ မလိုပါဘူး..."

"ဘယ်ကို ပို့ပေးရမလဲ..."

"ကျွန်တော့်ဆီက အကြောင်းကြားတာကိုသာ စောင့်နေပေးပါ... တည်နေရာ ကိုဩဒိနိတ်တွေကို ကျွန်တော် ပို့ပေးလုက်ပါ့မယ်... အဲဒီကို ရောက်တာနဲ့ ပစ္စည်းလက်ခံဖို့ လူလွှတ်လိုက်ပါ့မယ်..."

ကောင်းယွမ်သည် လက်ရှိကမ္ဘာရှိ ကိုက်ညီသော တည်နေရာများကို သတ်မှတ်နိုင်ရန်အတွက် အနာဂတ် ကမ္ဘာရှိ မြို့တော်ကြီးရှစ်ခု၏ တည်နေရာ ကိုဩဒိနိတ်များကို တွက်ချက်ရန် လိုအပ်ပေသည်။ ၎င်းတို့ကို မြို့တော်ကြီးရှစ်ခု၏ ဆင်ခြေဖုံးရပ်ကွက်များသို့ တိုက်ရိုက်ပေးပို့ခြင်းက အကောင်းဆုံး ဖြစ်လေ၏။

အနာဂတ်ကမ္ဘာသည် လက်ရှိကမ္ဘာထက် စောင့်ကြည့်လေ့လာမှု ပိုမိုတင်းကျပ်ပေသည်။ အကယ်၍ ၎င်းတို့ကို အာကာသယာဉ်များဖြင့် ကမ္ဘာတစ်ဝန်းသို့ သယ်ယူပို့ဆောင်မည်ဆိုပါက ချက်ချင်းပင် ရှာဖွေ တွေ့ရှိသွားမည် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့ကို သတ်မှတ်ထားသော နေရာများသို့ တစ်ပြိုင် နက်တည်း ပေးပို့ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

မြို့တော်ကြီးရှစ်ခု၏ ပတ်လည်ရှိ နယ်မြေများတွင် မိုးမျှော်သစ်ပင်ကြီးများနှင့် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး နျူကလီးယား ရေဒီယိုသတ္တိကြွမှုများလည်း ရှိနေပေသည်။ ဤကဲ့သို့သော ပတ်ဝန်း ကျင်မျိုးတွင် အကယ်၍ သူသာ ဓာတ်ဆီများကို ဖြန့်ကြဲရန် စက်ရုပ်များကို တိတ်တဆိတ် အသုံးပြုမည် ဆိုပါက အချိန်တိုအတွင်း မည်သူကမျှ သတိပြုမိမည် မဟုတ်ပေ။

ကောင်းယွမ်သည် ဓာတ်ဆီသယ်ယူရန် မော်တော်ယာဉ်များနှင့် စက်ရုပ်အမြောက်အမြားကိုလည်း ပြင်ဆင်ထားရန် လိုအပ်ပေသေးသည်။

အချိန်တိုအတွင်း မြို့တော်ကြီးရှစ်ခု၏ ပတ်လည်၌ ဓာတ်ဆီများကို ဖြန့်ကြဲရန် လူအနည်းငယ်ဖြင့် လုံ လောက်မည် မဟုတ်ပေ။ ကောင်းယွမ်၌ အချိန်သိပ်မရသဖြင့် မြို့တော်တစ်ခုစီအတွက် စက်ရုပ် (၁၀၀၀၀) စီ ပြင်ဆင်ထားပြီး စက်ရုပ်တစ်ရုပ်စီက အစိတ်အပိုင်းငယ်တစ်ခုစီကို တာဝန်ယူမည်ဆိုပါက ဤလုပ်ငန်းစဉ်ကို သုံးရက်အတွင်း အပြီးသတ်နိုင်မည် ဖြစ်လေသည်။

ယင်းက ကောင်းယွမ်သည် စက်ရုပ် (၈၀၀၀၀) အထိ လိုအပ်မည်ဖြစ်ကြောင်း ဆိုလိုနေပေသည်။

စက်ရုပ် (၈၀၀၀၀) ကို တစ်ပြိုင်နက်တည်း ဝယ်ယူခြင်းက... ဤလှုပ်ရှားမှုမှာ အလွန်ကြီးမားလွန်းနေ ပေ၏။

အကယ်၍ ကောင်းယွမ်သာ အမှန်တကယ် ထိုသို့လုပ်ဆောင်လိုက်ပါက ဆူးမူယန်သည် သူ့အား ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၏ ဌာနချုပ်ကို တိုက်ခိုက်တော့မည်ဟု ထင်သွားပေလိမ့် မည်။

ထို့ကြောင့် ဝယ်ယူခြင်းထက် ကိုယ်တိုင်ထုတ်လုပ်ခြင်းက ပို၍ကောင်းမွန်ပေသည်။

ထို့အပြင် ဉာဏ်ရည်တုစက်ရုပ် ထုတ်လုပ်ရေးစက်ရုံမှာ (၂၀၂၄) ကလပ်၏ ဂိုဒေါင်ထဲတွင် အမြဲသိမ်း ဆည်းထားခဲ့ခြင်း ဖြစ်လေသည်။ ယင်းမှာ သူနှင့် လဲ့ချင်းမေတို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက် ခဲ့စဉ်က လဲ့ချင်းမေ ရရှိခဲ့သော ပစ္စည်းကိရိယာများ ဖြစ်ပေသည်။

ဤသည်မှာ အချိန်ကိုက်ပင် အသုံးဝင်လာခဲ့လေ၏။

အနာဂတ်ကမ္ဘာရှိ ထုတ်လုပ်ရေးလုပ်ငန်းစဉ်များသည် လက်ရှိကမ္ဘာနှင့် မတူညီပေ။ လက်ရှိကမ္ဘာတွင် ထုတ်လုပ်ရေးလုပ်ငန်းစဉ် အများစုသည် မတူညီသော အစိတ်အပိုင်းများကို တပ်ဆင်ရုံမျှသာ ဖြစ်လေ သည်။

အနာဂတ်ကမ္ဘာသည် အလိုအလျောက် ထုတ်လုပ်မှုစနစ်ကို အပြည့်အဝ ရရှိခဲ့သည်မှာ ကြာပြီဖြစ်၏။ သုံးဖက်မြင် မိုက်ခရိုပရင်တာများကဲ့သို့ပင် ထုတ်လုပ်ရေးလိုင်းသည် အစိတ်အပိုင်းအားလုံးကို တစ်ပြိုင် နက်တည်း ထုတ်လုပ်ပေးမည်ဖြစ်ပြီး နောက်ဆုံးတွင် ပြီးပြည့်စုံသော ထုတ်ကုန်အဖြစ် တပ်ဆင်ပေးမည် ဖြစ်လေသည်။

လူအင်အားဖြင့် လုပ်ဆောင်ရန် မလိုအပ်ပေ။

ဤသည်မှာ စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဉာဏ်ရည်တုနည်းပညာ၏ အန္တိမအိပ်မက်လည်း ဖြစ်ပေသည်။

လူမပါဘဲ လည်ပတ်နေသော စက်ရုံများသည် တစ်ရက်လျှင် (၂၄) နာရီပတ်လုံး လည်ပတ်နေပြီး ထုတ် ကုန်အမျိုးမျိုးကို ထုတ်လုပ်ပေးနေလေသည်။ ကုန်ကြမ်းများ ဝင်သွားပြီး ပြီးပြည့်စုံသော ကုန်ချောများ ထွက်လာခြင်းဖြစ်ရာ ထုတ်လုပ်မှုစွမ်းရည်မှာ အလွန်မြင့်မားလှပေသည်။

ယခင်က ဆေးထည့်စက်များနှင့် အပူချိန်ထိန်းအဝတ်အစားများအတွက် ကုန်ကြမ်းအလွန်အနည်းငယ် သာ လိုအပ်ခဲ့သော်လည်းမည်သို့ပင်ဆိုစေကာမူ ပြီးပြည့်စုံသော ကုန်ချောများမှာ အလွန်ပေါ့ပါးလေ သည်။

သို့သော် ယခုအခါ စက်ရုပ်များစွာ လိုအပ်နေပြီး သောင်းနှင့်ချီသော စက်ရုပ်များအတွက် ကုန်ကြမ်းများ စွာ လိုအပ်မည်ဖြစ်ရာ အထူးသဖြင့် ထိန်းချုပ်ထားသော ရှားပါးသတ္တုအချို့ကို လိုအပ်ပေသည်။

ချင်ထျဲ့ကျွင်းသည် သူ့အပေါ် ကျေးဇူးကြွေး တစ်ခု တင်နေသေးကြောင်း ကောင်းယွမ် သတိရလိုက် လေ၏။

ထို့ကြောင့် သူသည် ကုန်ကြမ်းစာရင်းကို ချင်ထျဲ့ကျွင်းထံသို့ တိုက်ရိုက်ပေးပို့လိုက်လေသည်။

ကောင်းယွမ်သည် ယခုအခါ လုံးဝ လွှတ်ချလိုက်ပြီ ဖြစ်၏။ အထက်လူကြီးများသည် သူ၏ လျှို့ဝှက် ချက်အချို့ကို သိရှိနေပြီဖြစ်ရာ ဆက်လက်ဟန်ဆောင်နေခြင်းက မည်သို့အဓိပ္ပာယ် ရှိပါတော့မည်နည်း။

ထို့အပြင် သူ၌ ကြယ်တာရာ စစ်သင်္ဘော ရှိနေကြောင်းကိုလည်း သူက ပြောဆိုထားခဲ့သေးသည်။

စက်ရုပ်များအပြင် သယ်ယူပို့ဆောင်ရေးအတွက်လည်း လိုအပ်သေးပေသည်။ လူတိုင်းကို ပုံးတစ်ပုံးစီ သယ်ခိုင်း၍ မရနိုင်ပေ။

ဓာတ်ဆီ လီတာ သန်းလေးရာကို တစ်ပြိုင်နက်တည်း သယ်ယူရန် ကြီးမားသော ဆီသယ်ကားကြီး ရှစ်ထောင်ခန့် လိုအပ်မည် ဖြစ်လေသည်။

ယင်းမှာ များပြားလွန်းလှရာ အချိန်တိုအတွင်း ဆီသယ်ကား အမြောက်အမြား ဝယ်ယူရန်မှာ ခက်ခဲပေ လိမ့်မည်။

ကောင်းယွမ်သည် မိမိဘာသာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရဦးမည် ဖြစ်၏။ အနာဂတ်ကမ္ဘာရှိ သယ်ယူပို့ဆောင်ရေးယာဉ်များမှာ သာမန်မော်တော်ယာဉ်များသာ ဖြစ်ပြီး ၎င်းတို့ကို ဓာတ်ဆီသယ်ယူ ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပေသည်။

ဤကိစ္စကို အချိန်အကြာကြီး ဆွဲထား၍မရပေ။

မည်သို့ပင်ဆိုစေကာမူ ဗက်စတာသည်လည်း ဆက်လက်မစောင့်ဆိုင်းနိုင်တော့ပေ။

အကယ်၍ သူတို့သည် ကျိုတိုမြို့သို့သာ တစ်ကြိမ်တည်း ဖြန့်ကြက်ရမည်ဆိုပါက ဆီသယ်ကား တစ်ထောင်သာ လိုအပ်မည် ဖြစ်လေသည်။

*ဆီသယ်ကား တစ်ထောင်…*

ကောင်းယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေ၏။

ဤသည်မှာ ဖြစ်နိုင်ခြေ ရှိသေးပေသည်။

သူသည် တာ့ဟူရုံးခန်းမှ ထွက်ခွာလာပြီး မုကျားသို့ ပြန်လာခဲ့လေသည်။ သူပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချင်ထျဲ့ကျွင်းက ဖုန်းခေါ်လာခဲ့၏။

ကောင်းယွမ်သည် ပုံရိပ်ယောင်ဖြင့် ပေါ်လာသော ချင်ထျဲ့ကျွင်းကို မြင်လိုက်ရလေသည်။

"ဌာနမှူးချင်... ခင်ဗျား မအားတာတော့ မဟုတ်ဘူးလား..."

"အားတော့ မအားပါဘူး... ဒါပေမဲ့ မအားတဲ့ကြားက မင်းဘာတွေ လုပ်နေလဲဆိုတာကိုတော့ ငါ ကြည့်ရ ဦးမယ်လေ... ကောင်းယွမ်... မင်းငါ့ဆီ ပို့လိုက်တဲ့ စာရင်းထဲမှာ အာကာသယာဉ်တွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ပါနေတယ်... အဲဒါတွေကို မင်းက ဘာလုပ်ဖို့ လိုချင်တာလဲ..."

"အာကာသခရီးသွား ဘက်စ်ကားတွေ ထုတ်လုပ်ဖို့ပါ..."

ဟု ကောင်းယွမ်က ပြောလိုက်လေသည်။

ချင်ထျဲ့ကျွင်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။

"အာကာသခရီးသွား ဘက်စ်ကားဆိုတာ... မင်း အစွန်းရောက်အဖွဲ့တွေကို ရှင်းလင်းတုန်းက အသုံးပြု ခဲ့တဲ့ ယာဉ်ပျံကို ပြောတာလား..."

"ဟုတ်ပါတယ်..."

"မင်းကို ကုန်ကြမ်းတွေ ထောက်ပံ့ပေးလို့ ရပါတယ်... ပမာဏအတွက်လည်း အကန့်အသတ် မရှိပါဘူး... ဒါပေမဲ့ မင်းက အစိုးရကို အာကာသခရီးသွား ဘက်စ်ကား ဆယ်စီးလောက် ရောင်းပေးနိုင်မလား..."

"ခင်ဗျားတို့ လပေါ်ကို သွားချင်လို့လား..."

ဟု ကောင်းယွမ်က မေးလိုက်လေသည်။

"ဟုတ်တယ်... မကြာခင်မှာ ယုံကြည်မှုတိုးလာစေဖို့ တစ်ခုခု လိုအပ်လာနိုင်တယ်လေ... လပေါ်ဆင်း သက်တာက အကောင်းဆုံး စတင်မှုတစ်ခု ဖြစ်လာလိမ့်မယ်..."

"ဌာနမှူးချင်... ပြဿနာမရှိပါဘူး... အာကာသခရီးသွား ဘက်စ်ကားတွေကို ကျွန်တော် အလကား ပေးပါ့ မယ်..."

"ဒါဆို မင်းက ဘာလိုချင်လို့လဲ..."

"ဆီသယ်ကား တစ်ထောင်ပါ..."

"ဝယ်လိုက်လေ... မင်းမှာ ပိုက်ဆံမှ မရှားတာ..."

"ဝယ်ဖို့က အချိန်အရမ်းကြာမှာစိုးလို့ပါ... ကားအစီးတစ်ထောင်ဆိုရင် အရောက်ပို့ဖို့ လပေါင်းများစွာ ဒါမှမဟုတ် ခြောက်လကနေ တစ်နှစ်လောက်တောင် ကြာနိုင်တယ်လေ... ကျွန်တော်က အခု ချက်ချင်း လိုချင်တာ... နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်တပ်မှာလည်း ဆီသယ်ကားတွေ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒါကြောင့် အစီးတစ်ထောင်လောက် လိုချင်တာပါ... သုံးရက်အတွင်း မုကျား သိပ္ပံဥယျာဉ်ကို အရောက်ပို့ပေးပါ..."

"သုံးရက်... ကောင်းယွမ်... မင်းက ဆီသယ်ကားတွေကို ဘာလုပ်ဖို့ လိုချင်တာလဲ..."

"ဌာနမှူးချင်... ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ..."

ချင်ထျဲ့ကျွင်းသည် မေးခွန်းများ ထပ်မေးချင်သေးသော်လည်း ကောင်းယွမ်သည် ရှနိုင်ငံအစိုးရနှင့် တန်း တူညီမျှ ဆွေးနွေးနိုင်စွမ်းတွင် အမေရိကထက်ပင် ပို၍အရည်အချင်း ပြည့်မီနေကြောင်းကို သတိပြုမိ သွားလေသည်။ သို့သော် ကောင်းယွမ်သည် ရှနိုင်ငံသား တစ်ဦးဖြစ်ပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီမှာ လည်း ရှနိုင်ငံတွင် အခြေစိုက်ထားသောကြောင့် ရှနိုင်ငံအစိုးရက သူတို့အပေါ် အမြဲတမ်း အမြတ်ထုတ် နေခြင်း ဖြစ်ပေတော့သည်။

All Chapters