အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃)
ကိုယ်ကျင့်တရားကောင်းမွန်သော အမျိုးသား
"ကောင်းပြီ... ငါ မင်းအတွက် ခွဲဝေပေးလိုက်မယ်... ယာဉ်မောင်းရော လိုသေးလား..."
"မလိုပါဘူး..."
"ကောင်းပြီလေ..."
ဖုန်းချပြီးနောက် ကောင်းယွမ်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူ၏ ပြင်ဆင်မှုများမှာ အကုန်လုံးနီးပါးခန့် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ယခုအခါ အနာဂတ်ကမ္ဘာသို့ သွားရောက်ကာ စက်ရုပ်ထုတ် လုပ်ရေးလိုင်းကို ယူဆောင်လာပြီးနောက် စက်မှုဇုန်ရှိ စက်ရုံထဲတွင် ထားရှိရမည် ဖြစ်လေသည်။
ချင်ထျဲ့ကျွင်း ကတိပေးထားသော ကုန်ကြမ်းများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် စက်ရုပ်များကို စတင်ထုတ်လုပ်နိုင်မည် ဖြစ်ပေသည်။
တစ်နေ့လုံး အလုပ်များနေခဲ့ရလေ၏။
ထိုညက ကောင်းယွမ်သည် နောက်ဖေးခြံအလယ်၌ လှဲလျောင်းနေခဲ့လေသည်။ အခြားနေရာတစ်ခုတွင် ကမ္ဘာကူးတံခါးကို ခေါ်ယူလိုက်ကတည်းက နောက်ဖေးခြံထဲရှိ သေတ္တာကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
တောင်တန်းများအထက်ရှိ ကောင်းကင်ယံတွင် ကြယ်များသည် တောက်ပနေခဲ့လေ၏။
သို့သော် ထိုအလင်းစက်တစ်ခုစီတိုင်းမှာ လူသားများ ဘယ်သောအခါမျှ မရောက်ရှိနိုင်သည့် အာကာသ ရုပ်ဝတ္ထုများကို ကိုယ်စားပြုနေခဲ့ပေသည်။
ယခင်က ကောင်းယွမ် မေးဖူးခဲ့လေသည်။
"အနာဂတ်ကမ္ဘာမှာ လူသားတွေရဲ့ နည်းပညာက သည်လောက်တောင် တိုးတက်နေတာ... နေအဖွဲ့ အစည်းကနေ ထွက်ခွာပြီး တခြားကြယ်အဖွဲ့အစည်းတွေကို မလေ့လာနိုင်ဘူးလား..."
သို့သော် ကောင်းယွမ်သည် မှတ်တမ်းများထဲတွင် အချက်အလက်တစ်ခုကို အမှန်တကယ်ပင် မြင်တွေ့ ခဲ့ရလေ၏။
အလယ်ပိုင်းက ရှည်လျားသော်လည်း နိဂုံးချုပ်မှာမူ တိုတောင်းလှပေသည်။
နိဂုံးချုပ်မှာ လူသားများသည် နေအဖွဲ့အစည်း မရှိဘဲ ဘယ်သောအခါမျှ ရှင်သန်နိုင်မည် မဟုတ်ကြောင်း ပင် ဖြစ်လေ၏။
သိပ္ပံရသစာပေများစွာတွင် တွေ့ရလေ့ရှိသော ဒိုင်ဆန်စက်လုံးမှာမူ အမြဲတမ်း စိတ်ကူးယဉ်အိပ်မက်တစ် ခုအဖြစ်သာ ရှိနေမည် ဖြစ်ပေသည်။ နေအဖွဲ့အစည်း မပါဘဲ တည်ဆောက်၍မရနိုင်ပါက နေအဖွဲ့အစည်း အတွင်းရှိ ဂြိုဟ်များ၊ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် လအားလုံးကို အရည်ကျိုလိုက်မည်ဆိုလျှင်တောင်မှ ဒိုင်ဆန်စက်လုံးကို ဖန်တီးရန် လုံလောက်သော ကုန်ကြမ်းများ ရှိလာမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် နေသည် နေအဖွဲ့အစည်း ဒြပ်ထု၏ ကိုးဆယ့်ကိုးဒသမရှစ် ရာခိုင်နှုန်းရှိပြီး နေ အဖွဲ့အစည်းရှိ အခြားအာကာသရုပ်ဝတ္ထုများ အားလုံးပေါင်းမှ သုညဒသမနှစ် ရာခိုင်နှုန်းသာ ရှိသော ကြောင့် ဖြစ်လေသည်။ ထို သုညဒသမနှစ် ရာခိုင်နှုန်းထဲတွင် ကြာသပတေးဂြိုဟ်က ကိုးဆယ် ရာခိုင်နှုန်း အထိ ပါဝင်နေပေ၏။
ဒိုင်ဆန်စက်လုံးကို ဖန်တီးရန် ကြာသပတေးဂြိုဟ်ကို အပြည့်အဝ သန့်စင်ရမည် ဖြစ်လေသည်။
ကြာသပတေးဂြိုဟ်သည် နေအဖွဲ့အစည်း၏ သန့်ရှင်းရေးသမား ဖြစ်ပေသည်။ ကြာသပတေးဂြိုဟ် ကြောင့်သာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုသည် ၎င်း၏ပတ်လမ်းကြောင်းတွင် တည်ငြိမ်စွာ လည် ပတ်နိုင်ခြင်း ဖြစ်၏။ ကြာသပတေးဂြိုဟ်ကို သန့်စင်လိုက်သည်နှင့် တစ်ပြိုင်နက် နေအဖွဲ့အစည်း၏ ဆွဲငင်အားစက်ကွင်းမှာ ပျက်စီးသွားမည် ဖြစ်ပေသည်။
ဒိုင်ဆန်စက်လုံးကို မတည်ဆောက်ရသေးမီမှာပင် ကမ္ဘာမြေနှင့် အခြားဂြိုဟ်များသည် ပြန့်ကျဲနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ ဖျက်ဆီးမှုကို ခံရပြီးဖြစ်နေနိုင်ပေသည်။
ထို့ကြောင့် လူသားများသည် နေအဖွဲ့အစည်းအတွင်း၌သာ ကန့်သတ်ခံနေရသရွေ့ ဒိုင်ဆန်စက်လုံးမှာ အလှမ်းဝေးသော အိပ်မက်တစ်ခုအဖြစ် ထာဝရ ကျန်ရှိနေမည်သာ ဖြစ်လေတော့သည်။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးကို ခေါက်လာခဲ့လေသည်။ ဤမျှ ညဉ့်နက်နေချိန်တွင် မည်သူဖြစ်မည်ကို သူစဉ်းစားလိုက်မိလေသည်။
ကောင်းယွမ်က မေးခွန်းမမေးနိုင်မီမှာပင် သူ၏ဘေးရှိ လုံခြုံရေးစက်ရုပ် ဖြစ်သော... အန်းကျိုက ပြန်ဖြေလာခဲ့လေ၏။
"အပြင်ဘက်မှာ ပိုင်မော့ယွီ ရောက်နေပါတယ်..."
ကောင်းယွမ် အံ့ဩသွားခဲ့ရလေသည်။ သူမနှင့် မတွေ့ရသည်မှာ အတော်ကြာပြီ ဖြစ်ပေ၏။
ဤအချိန်ကြီးတွင် သူမ ဘာကြောင့် ရောက်လာရသည်ကို သူနားမလည်နိုင်ဖြစ်သွားခဲ့လေသည်။
အရေးတကြီး ကိစ္စများ ရှိနေသည်လားဟု တွေးမိလိုက်၏။
"အန်းကျို... တံခါးဖွင့်လိုက်..."
မကြာမီမှာပင် ပိုင်မော့ယွီ ဝင်လာခဲ့လေသည်။
"ကောင်းယွမ်..."
"ဘယ်လိုဖြစ်လို့ ဒီလောက် ညဉ့်နက်မှ ရောက်လာရတာလဲ..."
ပိုင်မော့ယွီသည် ကောင်းယွမ်၏ဘေးတွင် ဝင်ထိုင်လိုက်ရာ သူမထံမှ အရက်နံ့ကို ကောင်းယွမ် ရလိုက် လေ၏။
"မင်း အရက်သောက်ထားတာလား..."
ညကောင်းကင်ယံအောက်တွင် ပိုင်မော့ယွီ၏ မျက်လုံးများက တောက်ပနေခဲ့ပေသည်။
"ငါ အလုပ်ထွက်လိုက်ပြီ..."
ကောင်းယွမ် အံ့ဩသွားလေတော့သည်။
ကောင်းယွမ် အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။ ပိုင်မော့ယွီသည် သူမ၏ အသက်နှစ်ဆယ်ကျော် အရွယ်မှာပင် ဒုတိယဌာနမှူးအဖြစ် ရာထူးတိုးခံခဲ့ရကြောင်းကို သူကြားသိထားခဲ့ပြီး ဖြစ်၏။ နောက်ထပ် နှစ်အနည်းငယ်မျှ လေ့ကျင့်ပြီးပါက သူမသည် ဌာနမှူးအပြည့်အဝ ဖြစ်လာမည်ဟု မျှော်လင့်ရပေသည်။
နေရာငယ်လေးတစ်ခုတွင် ဌာနမှူးရာထူး ရရှိခြင်းကပင် တော်တော်လေး လေးစားစရာကောင်းနေပြီ ဖြစ် လေ၏။
"ဘာဖြစ်လို့လဲ..."
"အာ... ဘာမှမဖြစ်ပါဘူး... နင့်ကျေးဇူးကြောင့် ငါတို့ရုံးမှာ ငါ ဒုတိယညွှန်ကြားရေးမှူး ဖြစ်လာခဲ့တာ လေ..."
"ရာထူးတိုးတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား..."
"ကောင်းတာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ရုံးက လူအများစုက ငါ့ထက် လုပ်သက်ပိုရင့်ကြတယ်လေ... အကယ်၍ ငါက သူတို့ထက် ရုတ်တရက် ရာထူးပိုကြီးသွားရင်... ထားလိုက်ပါတော့... အလုပ်ထွက်လိုက် တာကပဲ ငါ့အတွက် ပေါ့ပါးသွားသလို ခံစားရတယ်..."
တကယ်တမ်းတွင်မူ လုပ်ငန်းစဉ်၏ အသေးစိတ်အချက်အလက်များကို ပြောပြနေရန် မလိုအပ်ပေ။
နောက်ခံမရှိဘဲ ကျောင်းနေဖက် သူငယ်ချင်းဟောင်း၏ ထောက်ခံစာဖြင့်သာ အလုပ်ရခဲ့သော မိန်းက လေးတစ်ဦးသည် စနစ်အတွင်း၌ သက်သောင့်သက်သာ နေထိုင်နိုင်မည်ဆိုပါက ယင်းမှာ ထူးဆန်းနေ မည်သာ ဖြစ်လေ၏။
လုပ်သက်ရင့် ဝါရင့်ဝန်ထမ်းများသည် အပေါ်ယံတွင် ပြုံးရွှင်နေသယောင် ရှိသော်လည်း ကွယ်ရာတွင်မူ မည်သို့မျှ မပြောနိုင်လောက်အောင် ဒုက္ခရောက်စေမည့် နည်းလမ်းများစွာ သူတို့၌ ရှိနေပေသည်။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူရိုသည် မူလက တိတ်ဆိတ်ပြီး အရေးမပါသော ဌာနတစ်ခုသာ ဖြစ်သော် လည်း ကောင်းယွမ် ရောက်ရှိလာပြီးနောက် ခရိုင်မြို့တွင် လူတိုင်းတပ်မက်သော နေရာတစ်ခု ဖြစ်လာခဲ့ လေသည်။ နောက်ခံရှိသူများစွာက ဝင်ရောက်လုပ်ကိုင်ချင်ခဲ့ကြရာ ပိုင်မော့ယွီက လူများစွာ၏ လမ်း ကြောင်းကို ပိတ်ဆို့ထားသလို ဖြစ်နေခဲ့ခြင်းဖြစ်လေ၏။
သို့သော် ပိုင်မော့ယွီနှင့် ကောင်းယွမ်တို့မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်သောကြောင့် သူတို့က သူမကို မည်သို့မျှ မလုပ်ရဲသဖြင့် အနည်းငယ် အနှောင့်အယှက်ပေးခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
"ရှေ့ဆက်ပြီး ဘာအစီအစဉ် ရှိလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ငါ အလုပ်လုပ်ချင်တယ် ကောင်းယွမ်... နင့်ဆီမှာ အလုပ်ခန့်ပေးလို့ ရမလား..."
ပိုင်မော့ယွီသည် ကောင်းယွမ်ကို ကြည့်လိုက်လေ၏။
သူမ၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ကောင်းယွမ်၏ ရင်ထဲတွင် လှိုက်ဖိုသွားခဲ့ရလေသည်။
ဘဝတွင် လက်လွှတ်မခံနိုင်သော အရာများစွာ ရှိသော်လည်း အလွှတ်ရအနက်ဆုံးမှာ ပထမဆုံး အချစ်ဦးအဖြစ် သဘောကျခဲ့ရသော မိန်းကလေးပင် ဖြစ်ပေသည်။
အနာဂတ်တွင် အိပ်ရာထဲ၌ သေဆုံးရမည်ဆိုလျှင်တောင်မှ ငယ်ရွယ်စဉ်ကာလက နေရောင်ခြည် အောက်မှ ထိုမိန်းကလေး၏ ပြုံးရွှင်နေသော မျက်နှာလေးကို သူ မှတ်မိနေနိုင်သေး၏။
ပိုင်မော့ယွီသည် ယခု သူ၏ မျက်စိရှေ့တွင် ရှိနေခဲ့ပေသည်...။
ကောင်းယွမ်က ရုတ်တရက် လွှတ်ခနဲ ပြောလိုက်လေသည်။
"ငါ မင်းကို တာဝန်ယူပါ့မယ်..."
ပိုင်မော့ယွီသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေ၏။
"ကောင်းယွမ်... နင်က... နင်က အရင်အတိုင်းပဲ... ဟားဟား... နောက်တာကိုတောင် အတည်ယူ နေသေးတယ်..."
ရယ်မောရင်း ရယ်မောရင်းဖြင့်...၊ ပိုင်မော့ယွီ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
"တကယ်ကြီးလား..."
ကောင်းယွမ် ခေါင်းညိတ်ပြလိုက်လေ၏။
နောက်တစ်စက္ကန့်တွင် သူ၏ နှုတ်ခမ်းထက်သို့ နွေးထွေးသော နှုတ်ခမ်းနှစ်လွှာ ဖိကပ်လာသည်ကို ခံစား လိုက်ရလေသည်။
အလှပြင်ပစ္စည်းများ၏ ရနံ့နှင့် ရောယှက်နေသော နုပျိုမှု၏ အချိုရသာနှင့်အတူ ပိုင်မော့ယွီ၏ နွေးထွေး သော ဝင်သက်ထွက်သက်များက သူ့ထံသို့ ဆက်တိုက် ရိုက်ခတ်လာခဲ့ပေသည်။
ကောင်းယွမ်သည် ယခုအခါ ကလပ်၏ ဖောက်သည်ဟောင်းကြီး တစ်ဦးဖြစ်နေပြီ ဖြစ်၏။
သို့သော် ယခုအခါ သူ၏ချစ်သူနှင့် မော်ဒယ်ငယ်လေးတို့ကြားတွင် အမှန်တကယ်ပင် ကွာခြားလှ ကြောင်းကို သူ သဘောပေါက်သွားခဲ့လေသည်။
လျှပ်စစ်စီးသွားသကဲ့သို့ တုန်ခါသွားသော ခံစားမှုတစ်ခုက သူ၏ ဦးနှောက်ထဲသို့ ဆက်တိုက် ရိုက်ခတ် လာခဲ့ပြီးနောက် သူ၏လျှာကို ထုတ်လိုက်လေ၏။
...
"မလုပ်နဲ့... မလုပ်နဲ့ ကောင်းယွမ်..."
"ငါးကလေး..."
"မရဘူးလေ..."
ပိုင်မော့ယွီသည် ကောင်းယွမ်ကို ရုတ်တရက် တွန်းထုတ်လိုက်လေသည်။
သူတို့နှစ်ဦးစလုံး အမောတကော ဖြစ်နေခဲ့ကြ၏။
"ကောင်းယွမ်... တောင်းပန်ပါတယ်... ငါ စိတ်လိုက်မာန်ပါ လုပ်မိသွားတာပါ... ငါ အရက်သောက်ထား လို့ပါ... ငါ... တကယ်တော့ ငါ နင့်ကို လာကြည့်ချင်ရုံ သက်သက်ပါ..."
ကောင်းယွမ်သည် ပိုင်မော့ယွီကို စူးစိုက်ကြည့်လိုက်လေသည်။
"ဒီလိုလုပ်လို့ မရဘူးလေ... အထဲဝင်ရအောင်..."
ပိုင်မော့ယွီ ငြင်းဆန်ချင်ခဲ့သော်လည်း ကောင်းယွမ်က သူမကို ပွေ့ချီကာ အထဲသို့ ခေါ်သွားခဲ့လေတော့ သည်။
...
ထိုညတွင် အိမ်ဟောင်းလေးဆီသို့ နွေဦးရာသီ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
နံနက်ခင်း ကောင်းယွမ် နိုးလာသောအခါ ခေါင်းလှည့်လိုက်ရာ နူးညံ့ရှည်လျားသော ဆံပင်တစ်မျှင်ကို ထိမိသွားလေ၏။ ထိုအချိန်မှာပင် အရာအားလုံးက အမှန်တကယ် ဖြစ်ကြောင်း ကောင်းယွမ် သဘော ပေါက်သွားခဲ့လေသည်။
"ငါးကလေး..."
ကောင်းယွမ်ကို ကျောခိုင်းထားသော အလှမယ်လေးသည် သူမ၏ ဖြူဖွေးသော လည်တိုင်လေးကိုသာ ပြသထားပြီး တုံ့ပြန်မှု မရှိခဲ့ပေ။
ကောင်းယွမ် ထပ်ခေါ်လိုက်လေသည်။ အစပိုင်းတွင် ပိုင်မော့ယွီ အိပ်ပျော်နေဆဲဟု သူထင်ခဲ့သော်လည်း နောက်မှ ပိုင်မော့ယွီ၏ လည်ပင်းလေး နီရဲနေသည်ကို သတိပြုမိသွားခဲ့၏။
"ဟန်မဆောင်နဲ့တော့... မင်း နိုးနေပြီဆိုတာ ငါသိတယ်... မလှည့်လာရင် ငါ လှမ်းဆွဲလိုက်မှာနော်..."
ပိုင်မော့ယွီသည် လှည့်လာပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကောင်းယွမ်ကို ကြည့်လိုက်လေသည်။
"မနေ့ညက..."
"မနေ့ညက လမင်းကြီးက သိပ်လှတာပဲနော်..."
"အင်း..."
"ဒီမှာပဲ နေလိုက်ပါ... တက္ကသိုလ်တုန်းက မင်း စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို သင်ခဲ့တာ ငါမှတ်မိ တယ်... ဟုတ်တယ်မလား... ငါ့ဆီမှာ လူတစ်ယောက် လိုနေလို့ပါ... အင်း... စီအီးအို တစ်ယောက်ပေါ့..."
"ဒါပေမဲ့ ငါက စီးပွားရေး စီမံခန့်ခွဲမှု အတွေ့အကြုံမှ မရှိတာ..."
"သီးသန့် အခွင့်အရေးလား... ပြဿနာမရှိပါဘူး..."
ကောင်းယွမ်သည် ရုတ်တရက် အမျိုးသမီးတစ်ဦးနှင့် အတူရှိနေကြောင်း သိလိုက်ရလေသည်။ သူမ သည် လက်ရှိကမ္ဘာတွင် သူ၏ ပထမဆုံးသော အမျိုးသမီး ဖြစ်ပေသည်။
ကလပ်သည်လည်း အနာဂတ်ကမ္ဘာ၌သာ ရှိသဖြင့် ကောင်းယွမ်သည် ဤနေရာတွင် မိမိကိုယ်ကို ဖြူစင် ဖြောင့်မတ်စွာ ထိန်းသိမ်းထားသူ တစ်ဦးအဖြစ် ရှိနေဆဲပင် ဖြစ်လေ၏။
"ငါးကလေး... အခုကစပြီး မင်းက ဂျယ်လီငါး ကုမ္ပဏီရဲ့ စီအီးအိုပဲ..."
"ဘာ ဂျယ်လီငါးလဲ... ငါ့ကို နောက်နေတာလား..."
ပိုင်မော့ယွီက မေးလိုက်လေသည်။
"အများကြီး မတွေးပါနဲ့... ငါးရံ့နက် နည်းပညာကုမ္ပဏီအောက်မှာ လက်အောက်ခံ ကုမ္ပဏီငါးခု ရှိတယ် လေ... အဲဒီအထဲက တစ်ခုက ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီပဲ... အရင်ကတော့ ဘာလုပ်ငန်းမှ မရှိ ခဲ့ပေမဲ့ အခု ဂျယ်လီငါး ဇီဝနည်းပညာကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ဖို့ အဆင်သင့်ဖြစ်နေပြီ... တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းကလည်း ဒီကိုရောက်လာတယ်ဆိုတော့..."
ထို့နောက် ကောင်းယွမ်သည် အသက်ဆက် အခြေခံဆေးရည်၏ အစွမ်းသတ္တိများကို ပိုင်မော့ယွီအား ရှင်းပြလိုက်လေ၏။
ပိုင်မော့ယွီ မှင်သက်သွားခဲ့ပေသည်။
"ဒါသာ အမှန်ဆိုရင် နိုင်ငံနဲ့ ပြည်သူတွေအတွက် အရမ်းကောင်းတဲ့ ကိစ္စကြီးပဲ..."
"သေချာတာပေါ့... ဒါကြောင့်မို့လို့ ငါက ဒါကို မြှင့်တင်ချင်တာ... ဒါပေမဲ့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လိုက်တာနဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်က လူအများစု အလုပ်လက်မဲ့ ဖြစ်သွား ကြလိမ့်မယ်... အဲဒီအခါကျရင် ဒီလူတွေ ဘာဖြစ်သွားမလဲ..."
"နင် အများကြီး တွေးနေတာပါ... နင့်ရဲ့ အပူချိန်ထိန်းအဝတ်အစားကလည်း အထည်အလိပ်လုပ်ငန်းကို အထူးသဖြင့် ငှက်မွေးအနွေးထည်တွေနဲ့ ဂွမ်းခံအင်္ကျီတွေကို ထိခိုက်စေခဲ့ပြီးပြီပဲ... အထည်အလိပ် လုပ်ငန်းက လုပ်သားအင်အားကို အများကြီး အသုံးပြုရတဲ့ လုပ်ငန်းဆိုတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သူတွေ ပိုတောင်များဦးမယ်... နင့်ရဲ့ လက်ပတ်ဖုန်းကလည်း ကန်ထရိုက်စက်ရုံ အများအပြားကို အော်ဒါ တွေ လက်လွတ်သွားစေခဲ့တာပဲလေ..."
ကောင်းယွမ် ခဏမျှ မှင်သက်သွားခဲ့လေသည်။
သူတို့ကြောင့် လူအများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရပေသည်။