← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁) - ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်း တစ်ဖန်ကြားရခြင်း (၁)

ဤအဖြေက ချူချင်းအတွက်မူ အံ့ဩဖွယ်မရှိချေ။

အဘယ်ကြောင့်ဆိုသော် ယခင်က ပန်းပဲဆရာလေးပြောပြသည်ကို ကြားသည့်အချိန်မှစ၍ ဤရှင်တောက်အန်းဂိုဏ်း၏ တတိယခေါင်းဆောင်အကြောင်းကို သူသိရှိထားပြီးဖြစ်သောကြောင့်ပင်။

သို့သော် ဤအချက်မျှဖြင့် အလွယ်တကူ အပြစ်စီရင်၍မရနိုင်ဘဲ ထပ်မံသက်သေပြရန် လိုအပ်နေသေး၏။

ယခုမူ ကျန်းရှန်တောက်ကိုယ်တိုင် ထိုသူမှာ ချီကွမ်းဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီဖြစ်ရာ သူ၏အထောက်အထားနှင့်ပတ်သက်၍ သံသယဖြစ်စရာမလိုတော့ပေ။

သို့သော် အံ့ဩစရာတစ်ခုရှိသည်ဆိုလျှင်မူ သူသည် ဤတိမ်ဖမ်းလက်ဝါးချီကွမ်းကို အနည်းငယ်လျှော့တွက်မိသွားခြင်း ဖြစ်ပေလိမ့်မည်။

ထိုသူက သူနှင့်ချောင်ချိုးဖူတို့အုပ်စုကိုပင် ဖုံးကွယ်ကာ သူတို့၏မျက်စိအောက်တွင် လွန့်ရှန်ဓားကို ခိုးယူသွားနိုင်ခဲ့သည် မဟုတ်ပါလော။

ယင်ဖုန်းစခန်း၏ ပထမခေါင်းဆောင်ကမူ မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို အဆက်မပြတ်ခါယမ်းရင်း ပြောလိုက်လေသည်။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်တာ... တကယ်လို့ ခင်ဗျားက ဂိုဏ်းချုပ်အစစ်ဆိုရင် အခု ရှင်တောက်အန်းဂိုဏ်းထဲမှာရှိနေတဲ့သူက ဘယ်သူလဲ..."

"ပြီးတော့ တတိယခေါင်းဆောင်က ဘာလို့ဒီလိုလုပ်ရတာလဲ... သူကရော ဘယ်လိုအစွမ်းနဲ့ ခင်ဗျားကို ဒီနေရာမှာပိတ်လှောင်ထားနိုင်ရတာလဲ..."

ကျန်းရှန်တောက်က သူ၏အသံထဲတွင် အေးစိမ့်ကြမ်းကြုတ်သော အငွေ့အသက်များ ရောယှက်လျက် မေးလိုက်၏။

"ဒီအထဲက လျှို့ဝှက်ချက်တွေကို ငါက ပြောရဲပေမဲ့ မင်းကရော နားထောင်ရဲရဲ့လား..."

ပထမခေါင်းဆောင်က ဆွံ့အသွားပြီးနောက် ချူချင်းကိုတစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်ချေသည်။

"ကျွန်တော်..."

"ကျွန်တော်က အခုသေလူဖြစ်နေပြီပဲ... ဘာကို မကြားရဲရမှာလဲ..."

ကျန်းရှန်တောက်က စိတ်ဝင်စားသွားဟန်ဖြင့် ပြောလိုက်လေသည်။

"အိုး..."

"ဒီလိုဆိုရင် ဒီလူငယ်နှစ်ယောက်က မင်းကိုသတ်ဖို့ လာကြတာပေါ့... မင်းလည်း နောက်ဆုံးတော့ ဝဋ်လည်ပြီပေါ့..."

"သိုင်းပညာသင်ထားတဲ့သူတွေဟာ သာမန်လူတွေအတွက် တရားမျှတမှုကို မဖော်ဆောင်ပေးနိုင်ရင်တောင် အပြစ်မဲ့သူတွေကိုတော့ အလွတ်မပေးဘဲ မသတ်ဖြတ်သင့်ဘူးလို့ ငါ မင်းကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးတယ်... မဟုတ်ရင် တစ်နေ့ကျရင် တစ်ယောက်ယောက်က မင်းကို လာပြီး အကြွေးဟောင်းတွေ အကုန်ရှင်းလိမ့်မယ်လို့ ပြောခဲ့သားပဲ..."

ပထမခေါင်းဆောင်က ငိုမဲ့မဲ့မျက်နှာဖြင့် ပြောလိုက်ပေသည်။

"ခင်ဗျားပြောတာ မှန်ပါတယ်..."

"ဒါပေမဲ့... ဒီလူက ကြေးပြားတစ်ပြားတည်းနဲ့ ကျွန်တော့်ရဲ့ယင်ဖုန်းစခန်းတစ်ခုလုံးက လူပေါင်းလေးရာကျော်ကို အကုန်အစင် သတ်ဖြတ်ပစ်ခဲ့တာဗျ..."

ကျန်းရှန်တောက်လည်း အံ့အားသင့်သွားပြီး ရေရွတ်လိုက်၏။

"တစ်ပြားအတွက် ဟုတ်လား..."

ချူချင်းက အေးစက်စွာ ပြောလိုက်လေသည်။

"ခင်များနဲ့ ဘာဆိုင်လို့လဲ..."

ကျန်းရှန်တောက်က ရုတ်တရက်ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"စိတ်ဝင်စားစရာပဲ..."

"လူငယ်လေး... မင်းက ငွေယူပြီး လူသတ်ပေးတာပေါ့... ငါသာ မင်းကိုငွေပေးရင် ငါ့အတွက် လူတစ်ယောက် သတ်ပေးနိုင်မလား..."

ချူချင်းက မေးလိုက်၏။

"ဘယ်သူလဲ..."

"ကောင်းကင်မိစ္ဆာဂိုဏ်းက ဖေးဝူကျိ..."

【တာဝန်အသစ် စတင်ပါပြီ။ ဖေးဝူကျိအား လုပ်ကြံသတ်ဖြတ်ရန်။】

【လက်ခံမည်လား။】

ချူချင်းက ပေါ်လာသောစနစ်၏ အချက်ပြစာသားကို တိတ်ဆိတ်စွာကြည့်နေရင်း ရင်ထဲတွင် အနည်းငယ်တုန်လှုပ်သွားရ၏။

ကောင်းကင်မိစ္ဆာဂိုဏ်း... တစ်ဖန်ကောင်းကင်မိစ္ဆာဂိုဏ်း ဖြစ်နေပြန်ပြီ။

မှန်ပေသည်။ သူ အစောပိုင်းကတည်းက တွေးမိသင့်၏။

သွေးနတ်ဘုရားဆေးလုံးကဲ့သို့ အလွန်တရာရက်စက်ကြမ်းကြုတ်လှသော အရာမျိုးမှာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ လုပ်ရိုးလုပ်စဉ်ပုံစံမျိုးသာ ဖြစ်ပေသည်။

ချူယန်၏သွေးမိစ္ဆာကျမ်းစာမှာလည်း ဤအရာနှင့် တူညီသောအရာ ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ချူယန်သည် သွေးနတ်ဘုရားဆေးလုံးကို မရရှိခဲ့ပေ။ မဟုတ်လျှင် ထိုညတိုက်ပွဲမှာ ဤမျှလောက် ချောမွေ့လွယ်ကူခဲ့မည် မဟုတ်ချေ။

သူက စိတ်ထဲမှတွေးတောရင်း မေးလိုက်လေသည်။

"ချီကွမ်းက ခင်ဗျားကို ဒီနေရာမှာပိတ်လှောင်ထားတာ ကောင်းကင်မိစ္ဆာဂိုဏ်းကြောင့်လား..."

ကျန်းရှန်တောက်သည် ချူချင်းက 'ကောင်းကင်မိစ္ဆာဂိုဏ်း'ဟူသော အမည်ကိုကြားသော်လည်း အံ့ဩခြင်းမရှိသည်ကို သတိပြုမိသွားပြီး ရုတ်တရက်စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"မင်း... မင်း ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်း သိနေတာလား..."

ချူချင်းက တည်ငြိမ်စွာ ပြောလိုက်ပေသည်။

"ကြားဖူးနားဝ ရှိပါတယ်..."

"အခုဂိုဏ်းချုပ်အနေနဲ့ ဒီကိစ္စအစအဆုံးကို ကျုပ်ကို အသေးစိတ်ပြောပြနိုင်မလား..."

"ဒါမှလည်း ကျုပ်က အခြေအနေကြည့်ပြီး ခင်ဗျားရဲ့ အလုပ်အပ်နှံမှုကို လက်ခံမလားဆိုတာ စဉ်းစားနိုင်မှာ..."

ကျန်းရှန်တောက်က တစ်ဖန်ကျယ်လောင်စွာ ရယ်မောလိုက်ပြန်လေသည်။

"ကောင်းပြီ... ကောင်းပြီ... မင်းတို့ သေချာနားထောင်ကြစမ်း..."

"ဒီကိစ္စက လွန်ခဲ့တဲ့သုံးနှစ်က စခဲ့တာ... အဲဒီနေ့မှာ ဝတ်စုံနက်ဝတ်ထားတဲ့ လူတစ်ယောက်က ငါ့ဆီကို ရုတ်တရက် ရောက်လာခဲ့တယ်..."

အချိန်ကာလမှာ ကိုက်ညီသွားချေပြီ။

လွန်ခဲ့သောသုံးနှစ်က လော့ယွီဂိုဏ်းသည် ထျန်းဝူမြို့သို့ ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သောသုံးနှစ်ကပင် ကောင်းကင်မိစ္ဆာဂိုဏ်းသည် ရှင်တောက်အန်းဂိုဏ်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။

ကျန်းရှန်တောက်၏ပြောပြချက်အရ ထိုဝတ်စုံနက်ဝတ်လူသည် သူ့ကိုသူ ဖေးဝူကျိဟုမိတ်ဆက်ပြီး ရှင်တောက်အန်းဂိုဏ်းကို ကောင်းကင်မိစ္ဆာဂိုဏ်းလက်အောက်သို့ ဒူးထောက်ဝင်ရောက်စေရန် ပြောကြားခဲ့သည်။

ကျန်းရှန်တောက်သည် မာနကြီးပြီးရဲရင့်သူတစ်ဦး ဖြစ်သည်။ သူသည် အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကတည်းက ရှင်တောက်အန်းဂိုဏ်းကို တည်ထောင်ခဲ့သူ မဟုတ်ပါလော။

သိုင်းလောက၏လေမုန်တိုင်းများကြားတွင် နှစ်ပေါင်းလေးဆယ်တိုင် ကျင်လည်ခဲ့သော သူ၏အရိုးထဲမှမာနတရားက သူ့အား အခြားသူတစ်ပါး၏လက်အောက်တွင် မည်သို့လျှင် ခေါင်းငုံ့နေနိုင်မည်နည်း။

ဖေးဝူကျိ ကမ်းလှမ်းသောအခြေအနေများမှာ မည်မျှပင် ဆွဲဆောင်မှုရှိစေကာမူ ကျန်းရှန်တောက်က ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပေသည်။

ထို့ကြောင့် နှစ်ဦးသား စကားများကြရာမှ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြတော့သည်။

"အဲဒီလူက သိုင်းပညာ တော်‌တော်မြင့်မားပြီး သူသုံးတဲ့သိုင်းပညာက အရမ်းကြောက်စရာကောင်းတဲ့ မိစ္ဆာကျင့်စဉ်တစ်ခုပဲ..."

"ငါကလည်း ခဏသတိလက်လွတ်ဖြစ်သွားပြီး သူ့လှည့်ကွက်တွေထဲ မိသွားလို့ ရှုံးနိမ့်ခဲ့ရတယ်..."

ကျန်းရှန်တောက်က ဤနေရာသို့ရောက်သောအခါ ရှက်ရွံ့မိဟန်ဖြင့် အသံကို အနည်းငယ်နှိမ့်ချလိုက်၏။

ချူချင်းက နှုတ်ခမ်းမဲ့လိုက်မိသည်။ ‘ရှုံးလျှင် ရှုံးသည်ပေါ့... သတိလက်လွတ် ဖြစ်သွားသည်’ဟု ဆင်ခြေပေးနေသေးသည်။

"ဒါပေမဲ့ သူက ငါ့ကိုမသတ်ခဲ့ဘူး... ငါ့မျက်စိရှေ့တင်ပဲ သူ့လက်နဲ့မျက်နှာကို ပွတ်သပ်လိုက်တာ... သူ့ရုပ်ရည်က လက်ချောင်းတွေ လှုပ်ရှားလိုက်တာနဲ့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်..."

"တစ်မောင်းစာအချိန်လေးအတွင်းမှာတင် သူက ငါ့ရုပ်အတိုင်း လုံးဝ ပြောင်းလဲသွားခဲ့တယ်..."

ကျန်းရှန်တောက်က ခက်ခဲပင်ပန်းစွာ ပြောပြနေလေသည်။

"သိုင်းလောကမှာ ရုပ်ဖျက်တဲ့ပညာက အဆန်းမဟုတ်ပေမယ့် ဒီလောက်အထိ ဆန်းကြယ်ပြီး အဆင့်မြင့်တဲ့ပညာမျိုးကိုတော့ ငါ တစ်ခါမှမမြင်ဖူးဘူး..."

"သူက ငါ့အယောင်ဆောင်ပြီးရင်တော့ ငါ့အသက်ကို နှုတ်ယူလိမ့်မယ်လို့ ထင်ခဲ့တာ..."

"ဒါပေမဲ့... သူ ငါ့ကိုလာရှာတာက ရှင်တောက်အန်းဂိုဏ်းအတွက် မဟုတ်ဘူး..."

"တခြား အဖိုးတန်အရာတစ်ခုအတွက်ပဲ..."

ပထမခေါင်းဆောင်က ဇာတ်လမ်းထဲသို့ စိတ်ဝင်တစားနားထောင်နေရင်း မနေနိုင်ဘဲဖြတ်မေးလိုက်၏။

"ဘာပစ္စည်းလဲ..."

ကျန်းရှန်တောက်က စကားလုံးသုံးလုံးကို ဖြည်းညင်းစွာ ရေရွတ်လိုက်လေသည်။

"ချိရှန်သံရိုင်း..."

ချူချင်းက ဝမ်ရိုကိုတစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများထဲတွင်လည်း ဝေဝါးထွေပြားနေသည်ကို တွေ့လိုက်ရ၏။

သူတို့နှစ်ဦးလုံးသည် ဤအရာအကြောင်းကို တစ်ခါမျှမကြားဖူးကြချေ။

သို့သော် ချူချင်းသည် ဤစကားလုံးကို ကြားလိုက်ရသည့် တစ်ခဏ၌ လွန့်ရှန်ဓားကို ချက်ချင်းပြေးမြင်လိုက်မိပေသည်။

လွန့်ရှန်ဓားကို ကိုင်ဆောင်ထားသော ပန်းပဲဆရာလေးက ပြောခဲ့ဖူးသည် မဟုတ်ပါလော။

သူတို့ လွန့်ရှန်ဓားကိုသွန်းလုပ်ရန် အသုံးပြုခဲ့သော သံရိုင်းတုံးမှာ အလွန်ထူးဆန်းလှသည်ဟု။

ထို့ပြင် ဂူနံရံရှိပန်းချီကားများပေါ်တွင်လည်း မီးဖိုဖြင့် သံရိုင်းသွန်းလုပ်နေသည့်ပုံရိပ်များ ရှိနေခဲ့ပေသည်။

ဤအရာများကြားတွင် တကယ်ပင် တစ်စုံတစ်ရာ ဆက်နွှယ်မှုရှိနေသလော။

သူ၏စိတ်အာရုံထဲတွင် အတွေးများလှိုင်းထန်နေသော်လည်း လေသံကိုမူ တည်ငြိမ်စွာထိန်းသိမ်းလျက် မေးလိုက်၏။

"အဲဒါက ဘာပစ္စည်းလဲ..."

ကျန်းရှန်တောက်က ရင့်ကျက်သောလေသံဖြင့် ပြောလိုက်လေသည်။

"ဒါကတော့ မင်းတို့လိုလူငယ်တွေ အမြင်ကျဉ်းလို့မသိတာပဲ..."

"ချိရှန်သံရိုင်းဆိုတာ 'ကောင်းကင်နဲ့မြေကမ္ဘာရဲ့ အဖိုးတန်ရတနာကိုးပါး'ထဲကတစ်ခုပဲ... မင်းတို့လို ကလေးတွေကတော့ ကောင်းကင်နဲ့မြေကမ္ဘာရဲ့ အဖိုးတန်ရတနာကိုးပါးဆိုတာ ဘာလဲဆိုတာတောင် သိမှာမဟုတ်ဘူး..."

"ဒီလိုပဲ ပြောကြစို့... ငှက်ကောင်းတွေ နားခိုလေ့ရှိတဲ့ 'ဝူထုံနတ်သစ်သား' ဆိုတာလည်း အဖိုးတန်ရတနာကိုးပါးထဲက တစ်ခုပဲ..."

"ဒါက ဒီလောကကြီးထဲမှာ အဆန်းကြယ်ဆုံးနဲ့ အစွမ်းထက်ဆုံး ရတနာကိုးပါးကိုပြောတာ..."

"ဒါနဲ့ပတ်သက်ပြီး လူတွေက အမျိုးမျိုး ပြောကြတယ်..."

"တချို့ကတော့ ဒီအရာတွေဟာ ကောင်းကင်နဲ့မြေကမ္ဘာ မဖြစ်တည်ခင်ကတည်းကရှိခဲ့တာဖြစ်ပြီး ရှေးဟောင်းဒဏ္ဍာရီခေတ်အထိ ခြေရာခံနိုင်တယ်လို့ ပြောကြတယ်..."

"တချို့ကျတော့လည်း ဒါဟာ ရှေးဦးပညာရှိကြီးတွေက သူတို့ရဲ့ဉာဏ်ပညာနဲ့ ဖန်တီးခဲ့ပြီး လူသားအားလုံးကို အကျိုးပြုဖို့ ထားခဲ့တာလို့ ဆိုကြတယ်..."

"ဒါပေမဲ့ တချို့ကတော့ ဒီရတနာကိုးပါးဆိုတာ လှည့်ကွက်တစ်ခုပဲ... တကယ်မရှိဘဲ လူတွေကို လှည့်စားပြီး သွေးချောင်းစီးပွဲတွေဖြစ်အောင် ဖန်တီးဖို့နဲ့ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်ဖို့ သက်သက်ပဲလို့ အခိုင်အမာ ပြောကြတယ်..."

ဝမ်ရိုက မေးလိုက်၏။

"နောက်ဆုံးပြောတဲ့ စကားက အတုအယောင်လား..."

"ချိရှန်သံရိုင်းက တကယ်ရှိနေတာလား..."

ကျန်းရှန်တောက်က ပြောလိုက်လေသည်။

"ရှိတယ်..."

"ဒါပေမဲ့ ရတနာကိုးပါးက လှည့်ကွက် ဟုတ်မဟုတ်ဆိုတာကိုတော့ သက်သေပြဖို့ ခက်တယ်..."

"ဘာလို့လဲဆိုတော့ ဒီကိုးခုလုံးကို ဘယ်သူမှ တစ်စုထဲမစုဆောင်းနိုင်ခဲ့လို့ပဲ..."

"အရင်နှစ်တွေက တာ့ချန်မင်းဆက် လောကကြီးကို စည်းလုံးခဲ့စဉ်တုန်းက အများဆုံးခုနစ်ခုအထိ စုဆောင်းနိုင်ခဲ့တယ်လို့ ကြားဖူးတယ်..."

"သူတို့က ဒါတွေဟာ နိုင်ငံတော်ကို အနှစ်သောင်းချီတည်တံ့စေမယ်လို့ ထင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ တိုင်းပြည်ပျက်ကပ်ကိုပဲ ဆွဲခေါ်လာခဲ့လိမ့်မယ်လို့ မထင်ခဲ့ကြဘူး..."

ချူချင်းက မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်စုစည်းလျက် မေးလိုက်၏။

"တာ့ချန်မင်းဆက် ပျက်စီးသွားတာက ဒီရတနာကိုးပါးနဲ့ ပတ်သက်နေတာလား... ဒီစကားကရော ခိုင်လုံရဲ့လား..."

All Chapters