← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) - ကောင်းကင်မိစ္ဆာဂိုဏ်းအကြောင်း တစ်ဖန်ကြားရခြင်း (၂)

ကျန်းရှန်တောက်က ရယ်မောလျက် ပြောလိုက်လေသည်။

"ဒါတွေက ကောလာဟလတွေပါပဲ..."

"ဒါပေမဲ့ ဒီကောလာဟလက အလကားတော့ မဟုတ်လောက်ဘူး..."

"ဘာလို့လဲဆိုတော့ တာ့ချန်မင်းဆက် တစ်ညတည်းနဲ့ ပျက်စီးသွားတာက တကယ်ကို ထူးဆန်းလွန်းလို့ပဲ..."

"အင်အားကြီးမားတဲ့ အင်ပါယာကြီးတစ်ခုက သိုင်းလောကက လူရမ်းကားတွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး ဧကရာဇ်ကိုယ်တိုင်တောင် နန်းတော်ရှေ့မှာ ခေါင်းဖြတ်သတ်တာ ခံခဲ့ရတယ်..."

"ဒါက သမိုင်းအမှန်ဖြစ်နေပေမဲ့ တခြားမသိတဲ့သူတွေကြားရင်တော့ ဒါဟာ ရယ်စရာကောင်းတဲ့ပုံပြင်တစ်ပုဒ်လို့ ထင်ကြမှာပဲ မဟုတ်လား..."

သူက ခေါင်းကိုခါယမ်းရင်း ပြောလိုက်သည်။

"အရင်ဆုံး... ချိရှန်သံရိုင်းအကြောင်းပဲ ပြောကြရအောင်..."

"အဲဒါက ဘာပစ္စည်းလဲ..."

ကျန်းရှန်တောက်က ခေတ္တမျှစဉ်းစားရင်း ပြောလိုက်လေသည်။

"အင်း... ဘယ်လိုပြောရမလဲ..."

"ဒီပစ္စည်းကို ဒီအတိုင်းထားလိုက်ရင်တော့ သာမန်သံတုံးတစ်တုံးပဲ..."

"ဒါပေမဲ့ အဲဒါက ရေမစို၊ မီးမလောင်သလို ဘယ်အရာနဲ့မှလည်း ဖျက်ဆီးလို့မရဘူး..."

"သိုင်းပညာမတတ်တဲ့ သာမန်လူတွေအတွက်တော့ ဘာသက်ရောက်မှုမှမရှိဘူး..."

"ဒါပေမဲ့ သိုင်းကျင့်တဲ့သူတွေရဲ့ဘေးမှာ ထားလိုက်ရင်တော့ အစပိုင်းမှာ အဲဒီသံတုံးထဲကနေ ငိုသံတွေ ကြားရလိမ့်မယ်..."

"အဲဒီအသံက သဲ့သဲ့လေးနဲ့ ကောင်းကင်ဘုံအထိ ပျံ့လွင့်နေသလိုမျိုးပဲ..."

"အချိန်ကြာလာတာနဲ့အမျှ အသံကပိုကျယ်လာပြီး စိတ်အာရုံကို နှောင့်ယှက်လိမ့်မယ်... စိတ်ကူးယဉ်တာတွေ များလာပြီး ဘယ်လောက်ပဲ မြင့်မြတ်တဲ့ တာအိုကျင့်စဉ်တွေကို ကျင့်ထားပါစေ... သွေးရူးသွပ်ခြင်း ဖြစ်သွားလိမ့်မယ်..."

"အဲဒီအဆင့်အထိ ရောက်သွားတာတောင် အဲဒီပစ္စည်းကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင်..."

"နောက်ဆုံး ဒီချိရှန်သံရိုင်းရဲ့လွှမ်းမိုးမှုကို ခံရလိမ့်မယ်... နတ်ဘုရားတွေရဲ့ငိုကြွေးသံကို သာမန်လူသားတွေက ဘယ်လိုလုပ်နားထောင်နိုင်မှာလဲ..."

"အဲဒီအသံကို ကြားဖူးတဲ့သူတွေဟာ ရူးရင်ရူး၊ မရူးရင် အကြောသေပြီး အိပ်ယာထဲလဲကုန်တာပ..."

ဘေးမှ စောင့်ကြည့်နေသော ပထမခေါင်းဆောင်က မနေနိုင်ဘဲ ဝင်မေးလိုက်၏။

"ဒီလိုဆိုရင် ဒီပစ္စည်းက ဘာမှသုံးစားမရဘူးပေါ့... ဒါဆို ကောင်းကင်မိစ္ဆာဂိုဏ်းကလူတွေက ဘာလို့လိုက်ရှာနေကြတာလဲ..."

ကျန်းရှန်တောက်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဘယ်သူက သုံးစားမရဘူးပြောလဲ..."

"တကယ်လို့ ဒီပစ္စည်းကို လက်နက်တစ်ခုအဖြစ် သွန်းလုပ်လိုက်ရင် ဘာဖြစ်သွားမလဲ..."

ဤနေရာသို့ရောက်သောအခါ သူသည် ထိုစဉ်က အဖြစ်အပျက်များကို ဆက်လက်ပြောပြလေတော့သည်။

ဖေးဝူကျိက သူ့ထံလာရောက်ရခြင်းမှာ သူသည် ယခင်က ချိရှန်သံရိုင်းကို တိုက်တိုက်ဆိုင်ဆိုင် ရရှိထားခဲ့သောကြောင့် ဖြစ်ပေသည်။

ကောင်းကင်မိစ္ဆာဂိုဏ်းသည် ချိရှန်သံရိုင်းကို သွန်းလုပ်နိုင်မည့်နည်းလမ်းကို ရှာဖွေတွေ့ရှိထားသဖြင့် ၎င်းကိုရယူကာ အစွမ်းထက်သောလက်နက်ဆန်းများ သွန်းလုပ်ရန်ကြံစည်နေကြခြင်း ဖြစ်၏။

သို့သော် ကျန်းရှန်တောက်သည် ချိရှန်သံရိုင်းမှာ သာမန်မဟုတ်ကြောင်းသိရှိထားသဖြင့် လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပေသည်။

နှစ်ဦးသား အခြေအတင်ဖြစ်နေစဉ်အတွင်း ဖေးဝူကျိက သူ၏ရုပ်ရည်အတိုင်း ပြောင်းလဲလိုက်ပြီး သက်တမ်းကုန်ဆုံးတော့မည်ဟု အကြောင်းပြကာ ဂိုဏ်းသားများအား အာဏာလုပွဲများ ဖြစ်ပွားစေပြီး အချင်းချင်းသတ်ဖြတ်စေသည်ကို မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရလေသည်။

ကျန်းရှန်တောက်ကိုယ်တိုင်မူ ဖေးဝူကျိ၏နှိပ်စက်မှုမျိုးစုံကို ခံခဲ့ရပြီး ခေါင်းပေါ်တွင်လည်း ဤသံမျက်နှာဖုံးကို စွပ်ထားခံခဲ့ရ၏။

သူ၏ရည်ရွယ်ချက်မှာ အခြားသူများအား သူ၏မျက်နှာအစစ်အမှန်ကို မသိစေရန်ဖြစ်ပြီး ဖေးဝူကျိကိုယ်တိုင်မူ 'သက်တမ်းကုန်တော့မည်'ဟူသော အကြောင်းပြချက်ဖြင့် ကွယ်ရာမှနေ၍ လျှို့ဝှက်လှုပ်ရှားရန် ဖြစ်ပေသည်။

ချီကွမ်းသည် သူ၏အမိန့်ကို ခံယူပြီးမှသာ ကျန်းရှန်တောက်အား ယင်ဖုန်းစခန်းသို့ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။

ထို့ပြင် လူ့သွေးဖြင့် ပျိုးထောင်ရသော မိစ္ဆာမျိုးစေ့များကို ချီကွမ်းထံပေးအပ်ခဲ့သူမှာလည်း သူပင်ဖြစ်ပြီး ချီကွမ်းကတစ်ဆင့် ယင်ဖုန်းစခန်း၏ ပထမခေါင်းဆောင်အား စိုက်ပျိုးစေခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ပထမခေါင်းဆောင်အား တစ်သက်တာ စည်းစိမ်ချမ်းသာကို ကတိပြုခဲ့ပြီး ယင်ဖုန်းစခန်းသည် ရှင်တောက်အန်းဂိုဏ်း၏နယ်မြေအတွင်း ရှိနေသရွေ့ မည်သည့်အခါမျှ ဘေးအန္တရာယ်မရှိစေရဟု ကတိပေးခဲ့ပေသည်။

ပထမခေါင်းဆောင်သည် အမိန့်အတိုင်းလုပ်ဆောင်ခဲ့သဖြင့် ကြောက်မက်ဖွယ်ကပ်ဘေးများကို ဖန်တီးခဲ့ပြီး နောက်ဆုံးတွင် ချူချင်းကိုဆွဲခေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

"ဒီနှစ်တွေထဲမှာ... ငါက သူတို့ရဲ့ နှိပ်စက်မှုမျိုးစုံကို ခံခဲ့ရတယ်..."

"ဒါပေမဲ့ ငါကတော့ ချိရှန်သံရိုင်းရှိတဲ့နေရာကို ဘယ်တော့မှ ဖွင့်မပြောခဲ့ဘူး..."

"ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့က ရှာတွေ့သွားခဲ့ကြတယ်..."

"ပြီးတော့... ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်းကလည်း တကယ်ပဲ အစွမ်းထက်တယ်..."

"မနေ့ညက ချီကွမ်းငါ့ဆီလာပြီး သူတို့ လွန့်ရှန်ဓားကို အောင်အောင်မြင်မြင် သွန်းလုပ်နိုင်ခဲ့ပြီလို့ ပြောသွားတယ်..."

ကျန်းရှန်တောက်က လက်သီးတင်းတင်းဆုပ်လိုက်ရင်း သူ၏အသံမှာ ပိုမိုခက်ခဲပင်ပန်းလာကာ ပြောလိုက်လေသည်။

"သူ ငါ့ကို မသတ်တာက ကောင်းကင်မိစ္ဆာဂိုဏ်းကို ဆန့်ကျင်လို့မရဘူး... သူတို့ကို နာခံတဲ့သူက တိုးပွားလာပြီး ဆန့်ကျင်တဲ့သူကတော့ ပျက်စီးရမယ်ဆိုတာကို ငါ့ကို သိစေချင်လို့ပဲ..."

"တကယ်လို့ ဆန့်ကျင်ရဲရင် ဘယ်လောက်အထိ သနားစရာကောင်းတဲ့ အခြေအနေကို ရောက်မလဲဆိုတာ ပြချင်တာ..."

"လူငယ်လေး... ဘာပဲဖြစ်ဖြစ် ဖေးဝူကျိကတော့ သေကိုသေရမယ်..."

"လွန့်ရှန်ဓားက မင်္ဂလာမရှိတဲ့အရာပဲ... တစ်လောကလုံးအတွက် ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်..."

"အဲဒီဓားကို အမြစ်ပြတ်ဖျက်ဆီးပစ်ရမယ်... မဟုတ်ရင်... လောကကြီးငြိမ်းချမ်းမှာ မဟုတ်ဘူး..."

စကားဆုံးသွားသောအခါ မြေအောက်အချုပ်ခန်းတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။

ချူချင်းက အတန်ကြာတိတ်ဆိတ်နေပြီးနောက် ရုတ်တရက်ပြုံးရင်း ပြောလိုက်လေသည်။

"ဒီတစ်ခေါက် ယင်ဖုန်းစခန်းကို လာရတာ တကယ်ကိုတန်သွားပြီ..."

သူက ပြောပြောဆိုဆိုဖြင့် ဓားကိုဆွဲထုတ်ကာ ဝှေ့ယမ်းလိုက်ရာ ပထမခေါင်းဆောင်၏ဦးခေါင်းမှာ မြေသို့လွင့်စင်ကျသွားတော့သည်။

【တာဝန် ပြီးမြောက်ပါပြီ။】

【ယင်ဖုန်းစခန်းကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သဖြင့် 'ကျပန်း သိုင်းပညာ ရတနာသေတ္တာ' တစ်ခု ရရှိပါသည်။】

ချူချင်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဤမျှလောက် ကပ်စေးနည်းလှသောစနစ်ကို ဂရုမစိုက်တော့ချေ။

သို့သော် ကျန်းရှန်တောက်ကမ်းလှမ်းခဲ့သော အလုပ်အပ်နှံမှုကိုမူ သူ ချက်ချင်းလက်မခံခဲ့သေးပေ။

အဘယ်ကြောင့်ဆိုသော် အချို့သောအရာများကို သူအတည်မပြုနိုင်သေးသကဲ့သို့ အချို့သောအရာများကိုလည်းစောင့်ကြည့်ရန် လိုအပ်နေသေးသောကြောင့် ဖြစ်ပေသည်။

ကျန်းရှန်တောက်က ခေါင်းကို အနည်းငယ်စောင်းလိုက်ရင်း အသံကိုနားထောင်နေဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒါက သူ ခံရမဲ့ဝဋ်ကြွေးပါပဲ..."

ချူချင်းသည် ယင်ဖုန်းခေါင်းဆောင်ကို သတ်ဖြတ်ပြီးနောက် ကျန်းရှန်တောက်၏အရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။

ဓားချက်များဝှေ့ယမ်းလိုက်ရာ သံကြိုးချင်းထိခိုက်မိသံများနှင့်အတူ မီးပွားများ တဖျတ်ဖျတ်လွင့်စင်သွားတော့သည်။

ဘေးပတ်လည်ရှိသံကြိုးများမှာ မည်မျှပင်ခိုင်မာစေကာမူ ချူချင်း၏ နက်ရှိုင်းသော အတွင်းအားနှင့် ထက်မြက်လှသော ဓားချက်ကို မတားဆီးနိုင်ကြချေ။

တစ်ခဏအတွင်းမှာပင် ကျန်းရှန်တောက်သည် မြေပြင်ပေါ်သို့လဲကျသွားရာ ချူချင်းက သူ့အားအမြန်တွဲထူရင်း ပြောလိုက်၏။

"ဂိုဏ်းချုပ်... ဒီနေရာမှာ ပိတ်လှောင်ခံထားရတာကြာပြီပဲ... အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်..."

"ခင်ဗျားကိုယ်ပေါ်က အရာတွေကိုတော့ ကျုပ်မသိလို့ ဇွတ်အတင်း မဖြုတ်ပေးတော့ဘူး..."

ကျန်းရှန်တောက်က ချူချင်း၏အကူအညီဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။ သူ၏ခြေထောက်နှစ်ဖက်မှာ အနည်းငယ်တုန်ယင်နေသော်လည်း နောက်ဆုံးတွင် အောင်မြင်စွာရပ်တည်နိုင်ခဲ့ပြီးနောက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်..."

"ငါ့ကိုယ်ပေါ်မှာ ရှိနေတာက သွေးကြောပိတ်အပ် သုံးဆယ့်ခြောက်ချောင်းပဲ... ဒါကို အလွယ်တကူ ဖြုတ်လို့မရဘူး... မဟုတ်ရင် ငါက မသေရင်တောင် ဒုက္ခိတ ဖြစ်သွားလိမ့်မယ်..."

"ဒါနဲ့... ငါ့ကို ကယ်တင်ပေးတဲ့လူငယ်လေးရဲ့ နာမည်ကို မမေးရသေးဘူး..."

ချူချင်းက ပြောလိုက်လေသည်။

"ကျုပ်နာမည်က ပြောလောက်စရာမရှိပါဘူး..."

"သွားကြစို့... အပြင်ထွက်ရအောင်..."

သူက လက်တစ်ဖက်ဖြင့် ပထမခေါင်းဆောင်၏ဦးခေါင်းကို ကိုင်ဆောင်ထားရင်း ဝမ်ရိုအား မျက်ရိပ်ပြလိုက်၏။

ဝမ်ရိုက ခေါင်းညိတ်ပြကာ အရှေ့မှဦးဆောင်၍ လျှောက်လှမ်းသွားပြီး သူတို့နှစ်ဦးမှာလည်း နောက်မှလိုက်ပါလျက် အပြင်သို့ထွက်လာခဲ့ကြတော့သည်။

ထိုအမျိုးသမီးများ ပိတ်လှောင်ခံထားရသော အချုပ်ခန်းရှေ့မှ ဖြတ်သန်းသွားစဉ် သူတို့သည် မျှော်လင့်ချက်ပြည့်နှက်‌နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြ၏။

သို့သော် ချူချင်းက ဂရုမစိုက်ဘဲ တိုက်ရိုက်ဖြတ်ကျော်သွားခဲ့ပေသည်။

ထိုအမျိုးသမီးများ၏မျက်ဝန်းထဲမှ မျှော်လင့်ချက်အလင်းတန်းများမှာ တဖြည်းဖြည်းမှေးမှိန်သွားရပြီး ချူချင်းတို့သုံးဦး၏ပုံရိပ်များ လုံးဝပျောက်ကွယ်သွားသည့်တိုင်အောင် သူတို့၏အကြည့်များကို မလွှဲဖယ်နိုင်ကြသေးချေ။

လက်ဖက်ရည်တစ်ခွက်စာအချိန်ခန့် ကုန်ဆုံးသွားပြီးနောက်တွင်မှ မိန်းကလေးနှစ်ဦးက အဝတ်အစားအပုံလိုက်ကို ပွေ့ပိုက်လျက် ဆင်းလာသည်ကို တွေ့လိုက်ရ၏။

တစ်နာရီခွဲခန့်အချိန်ယူ၍ ရှင်းလင်းပြီးနောက် မြေအောက်အချုပ်ခန်းအတွင်းရှိ ပစ္စည်းများအားလုံးကို အပြင်သို့သယ်ထုတ်လာခဲ့ကြရာ ရွှေငွေရတနာများနှင့် လက်နက်ဆန်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။

ချူချင်းသည် ဓားအသစ်တစ်လက်ကို လဲလှယ်ကိုင်ဆောင်လိုက်၏။ ၎င်းမှာ နာမည်ကျော်ဓားတစ်လက် မဟုတ်သော်လည်း ယခင်ဓားထက်မူ ပိုမိုကောင်းမွန်လှပေသည်။

ကယ်တင်ခြင်းခံရသော အမျိုးသမီးများအားလုံးလည်း တစ်နေရာတည်းတွင် စုဝေးနေကြ၏။

ချူချင်းသည် သူတို့ကိုကြည့်ရင်း အတန်ငယ် စိတ်ရှုပ်ထွေးသွားရလေသည်။

လူကို ကယ်တင်ရာတွင် တစ်ဝက်တစ်ပျက်ကယ်တင်ခြင်းမှာ ဒုက္ခပေးခြင်းနှင့် မခြားနားလှချေ။

သို့သော် ဤမျှလောက် များပြားလှသောလူများကို သူတို့၏အိမ်များသို့ တစ်ဦးချင်းလိုက်လံပို့ဆောင်ပေးရန်မှာလည်း အလွန်ခက်ခဲလှပေသည်။ အထူးသဖြင့် မေးမြန်းကြည့်လိုက်သောအခါ သူတို့အားလုံးက အိမ်သို့မပြန်လိုကြောင်း ပြောကြားခဲ့ကြ၏။

သူတို့မှာ ချူချင်းတို့ တွေ့ရှိခဲ့သော ထိုနယ်မြို့လေးမှလူများ မဟုတ်ကြချေ။

သူတို့သည် အရပ်မျက်နှာအသီးသီးမှ လာကြသူများဖြစ်ပြီး အချို့မှာ ယင်ဖုန်းစခန်းအနီးမှ ဖြတ်သန်းသွားစဉ် ဓားပြတိုက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်၏။

အချို့မှာမူ ယင်ဖုန်းစခန်းမှဓားပြများ တောင်အောက်သို့ဆင်း၍ လုယက်ဖမ်းဆီးလာခဲ့ခြင်း ဖြစ်ပေသည်။

သူတို့၏မိသားစုဝင်များမှာလည်း ယင်ဖုန်းစခန်းလက်ချက်ဖြင့် သေဆုံးခဲ့ကြရပြီးဖြစ်ရာ သူတို့ကိုယ်တိုင်လည်း ဤနေရာတွင် လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံကို ခံစားခဲ့ရပြီး ဖြစ်ပေသည်။

အကယ်၍ သူတို့၏အိမ်တွင် ဆွေမျိုးသားချင်းများ ကျန်ရှိနေသေးစေကာမူ နောင်တစ်ချိန်တွင် မည်သို့ဆက်ဆံခံရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြချေ။

ထို့ကြောင့် သူတို့က ချူချင်းအား ဤယင်ဖုန်းစခန်းတွင်သာ နေထိုင်ခွင့်ပြုရန် တောင်းပန်ခဲ့ကြတော့သည်။

မည်သို့ပင်ဖြစ်စေ ဤနေရာရှိဓားပြများအားလုံး သေဆုံးသွားခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် ဤစခန်းကိုအခြေပြု၍ နောင်တွင် အေးချမ်းစွာ နေထိုင်သွားနိုင်ကြပေလိမ့်မည်။

All Chapters