အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း (၁၀၃) - လက်ဝါးသိုင်း (၁)
ချူချင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်၏။
"မဖြစ်နိုင်ဘူး... သိုင်းပညာမတတ်တဲ့ အားနွဲ့တဲ့အမျိုးသမီးတစ်စုက ဒီလိုစခန်းကြီးကို သိမ်းထားရင်... တစ်ချိန်ကျလို့ တောပုန်းဓားပြတွေက ဒီနေရာရဲ့ ခုခံရလွယ်ကူတဲ့ မြေနေရာကို သဘောကျပြီး ကျူးကျော်ချင်လာရင်..."
၎င်းက ဝံပုလွေတွင်းမှလွတ်ပြီး ကျားတွင်းထဲသို့ ပြန်လည်သက်ဆင်းသွားခြင်းပင် ဖြစ်ချေသည်။
သိုင်းပညာတတ်မြောက်သည့် အမျိုးသမီးများမှာမူ ထိုတိရစ္ဆာန်ကောင်များ၏ ဖျက်ဆီးခြင်းကိုခံရပြီးနောက် ဂူအတွင်း၌ ဇောက်ထိုးဆွဲကာ သွေးဖောက်ပြီး စိုက်ပျိုးမြေများထဲသို့ သွေးရည်သွန်းလောင်းခြင်း ခံခဲ့ရလေသည်။
ချင်ယွိချီက ရုတ်တရက်ပြောလိုက်၏။
"ဒါဆိုရင် သူတို့ကို ကျွန်မနဲ့အတူ လိုက်ခဲ့ခိုင်းလိုက်မယ်... သူတို့အတွက် သင့်တော်တဲ့နေရာတစ်ခု ရှာပေးပြီး ချင်မိသားစုက လူတွေကို သိုင်းပညာသင်ပေးဖို့ တောင်းဆိုပေးမယ်... တကယ်လို့ သူတို့ ပညာတတ်မြောက်သွားရင် နောင်အနာဂတ်အတွက် စိုးရိမ်စရာ မလိုတော့ဘူး..."
ချူချင်းက ချင်ယွိချီကို တစ်ချက်ကြည့်ကာ ခေတ္တမျှကြာမှ ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင်တော့ မိန်းကလေးချင်ကို ဒုက္ခပေးရတော့မှာပဲ..."
ချင်ယွိချီကမူ တွေးတောစရာတစ်ခုခုရှိနေသကဲ့သို့ ချူချင်းကိုကြည့်လိုက်၏။
"မောင်လေးသုံး..."
"မဝံ့ရဲပါဘူး..."
ချူချင်းက အလျင်အမြန်လက်ယမ်းလိုက်၏။ ဤသူက သူ၏မရီးကြီး ဖြစ်ပေသည်။ မိမိကို မောင်လေးသုံးဟု ခေါ်ဆိုနေသဖြင့် နောင်တစ်ချိန်တွင် မူလသရုပ်မှန်ကို သိရှိသွားပါက ရှင်းပြရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် သူက ပြောလိုက်၏။
"မိန်းကလေး... ကျုပ်ကို သခင်လေးသုံးလို့ပဲခေါ်ပါ..."
"သခင်လေးက မောင်နှမတွေထဲမှာ တတိယသားမို့လို့လား..."
ချင်ယွိချီက ထပ်မံမေးမြန်းလိုက်၏။
"ဒါက အခေါ်အဝေါ်သပ်သပ်ပါပဲ..."
ချူချင်းက ခေါင်းခါယမ်းလိုက်၏။
"မိန်းကလေးချင် စိတ်ထဲမထားပါနဲ့..."
"ထားလိုက်ပါတော့..."
ချင်ယွိချီက ပြုံးလျက် ပြောလိုက်၏။
"ကျွန်မက သခင်လေးနဲ့ ရေစက်ရှိတယ်လို့ ခံစားရလို့ပါ... သခင်လေးကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေသလိုပဲ..."
"ကျုပ်မျက်နှာက ထူးခြားတာမရှိလို့ ဖြစ်ပါလိမ့်မယ်..."
"ဘယ်သူနဲ့မဆို နည်းနည်းတူနေတတ်တာမို့... မိန်းကလေးချင် လူမှားတာလည်း ဖြစ်နိုင်ပါတယ်..."
ချူချင်းက ပေါ့ပေါ့ပါးပါးပင် လွှဲဖယ်ပြောဆိုလိုက်၏။
ချင်ယွိချီကမူ ချူချင်း၏မျက်နှာမှာ ထူးခြားချက်မရှိသည်မဟုတ်ဟု ခံစားရပေသည်။ အနည်းဆုံးတော့ အသားအရေက အရမ်းဖြူလွန်းလှပေသည်။
မျက်ခုံးနှင့်မျက်ဝန်းအမူအရာကြားတွင်လည်း ရင်းနှီးနေသည့်ခံစားချက်မျိုး အမြဲပေးစွမ်းနေ၏။
သို့သော်လည်း ချင်ယွိချီမှာ သဘောထားပွင့်လင်းပြီး ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ရာ ချူချင်း ထိုသို့ပြောသည်ကိုကြားသောအခါ အသေးစိတ် ထပ်မမေးမြန်းတော့ချေ။
"ဖြစ်နိုင်တာပဲ... ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ပြီး ဒီယင်ဖုန်းစခန်းကို အတူတူနှိမ်နင်းနိုင်ခဲ့ကြတယ်... ကျွန်မဘက်က အင်အားအများကြီး မစိုက်ထုတ်ခဲ့ရပေမဲ့ ပိုသတ္တိရှိလာတယ်လို့ ခံစားနေရတယ်..."
"ဒါပေမဲ့ ကျွန်မမှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ သူတို့ကိုခေါ်ပြီး အရင်ဆုံး ထွက်ခွာရလိမ့်မယ်..."
"နောင်အနာဂတ်မှာ ရေစက်ရှိလို့ သိုင်းလောကထဲမှာ ပြန်ဆုံကြရင်တော့ အတူတူ သောက်စားပျော်ပါးကြတာပေါ့..."
'မရီးက သိုင်းလောကထဲမှာ ပြန်ဆုံဖို့အထိ တွေးနေသေးတာလား...'
'မရီးနဲ့အစ်ကိုကြီး သဘောတူရင်တောင် အဖေ သဘောမတူမှာကိုပဲ စိုးရိမ်ရတယ်...'
'ချူယွန်ဖေးက ချူမိသားစုအတွက် မြေးဦးလေး အမြန်ဆုံးမွေးဖွားပေးဖို့ မျှော်လင့်နေတာ...'
ချူချင်းက စိတ်ထဲတွင် တိုးတိုးရေရွတ်လိုက်သော်လည်း မျက်နှာထက်တွင်မူ မည်သည့်အရိပ်အယောင်မျှ မပြသဘဲ လက်သီးဆုပ်ကာ ပြောလိုက်၏။
"ကောင်းပါပြီ... ငွေနည်းနည်းလောက်ယူသွားပါ... တစ်နေ့ပြန်ဆုံတဲ့အခါကျရင်တော့ ဝအောင်သောက်ကြတာပေါ့..."
ချင်ယွိချီက ရယ်မောကာ လက်ဝှေ့ယမ်းပြလိုက်ပြီး ငြင်းဆန်ခြင်းမရှိဘဲ အမျိုးသမီးများကို ငွေများယူစေကာ ရဲရင့်တက်ကြွသော အမူအရာဖြင့် ပြောလိုက်၏။
"ကောင်းပြီ... နှုတ်ဆက်ပါတယ်..."
"လမ်းခရီး ဖြောင့်ဖြူးပါစေ..."
ဝမ်ရိုကလည်း လက်သီးဆုပ်နှုတ်ဆက်လိုက်လေသည်။
အမျိုးသမီးတစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ချူချင်းနှင့်ဝမ်ရိုတို့ကို ဦးညွှတ်နှုတ်ဆက်ကာ ချင်ယွိချီ၏နောက်ကွယ်မှ လိုက်ပါလျက် ယင်ဖုန်းစခန်းမှ ထွက်ခွာသွားကြတော့၏။
ထိုအခါမှသာ ချူချင်းက မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင်ထိုင်လျက် ခန္ဓာကိုယ်ပေါ်မှ ကျန်ရှိနေသောသံကြိုးများကို ဖယ်ရှားရန် ကြိုးစားနေသည့် ကျန်းရှန်တောက်ကို ကြည့်လိုက်၏။
"ဂိုဏ်းချုပ်မှာ ဘာအစီအစဉ်ရှိလဲ..."
"အစီအစဉ်ကတော့... အရင်ဆုံး ခန္ဓာကိုယ်ပေါ်က သွေးကြောပိတ်အပ် သုံးဆယ့်ခြောက်ချောင်းကို ဖယ်ပြီးရင် ရှင်တောက်အန်းကို တစ်ခေါက်သွားရမယ်..."
ကျန်းရှန်တောက်က ချူချင်းကို တစ်ချက်ကြည့်လိုက်၏။
"မင်းက အဲဒီချီကွမ်းနောက်ကိုလိုက်မလို့လား... ဒီအဘိုးကြီးကိုပါ တစ်ပါတည်း ခေါ်သွားပါလား..."
“ကျုပ်ကို ဖေးဝူကျိကိုသတ်ခိုင်းဖို့ စိတ်ကူးနေတုန်းပဲလား..."
"ဟားဟားဟား... စောစောက ပြောတာတွေက နောက်နေတာ... ဖေးဝူကျိရဲ့သိုင်းပညာက ဆန်းကြယ်ပြီး အစွမ်းထက်လွန်းတယ်... မင်းလို မျိုးဆက်သစ်လူငယ်လေးတစ်ယောက်ကို သတ်ခိုင်းတာက သေတွင်းထဲလွှတ်လိုက်တာနဲ့ တူတူပဲ..."
ကျန်းရှန်တောက်က ပြောလိုက်၏။
"ဒါပေမဲ့ မင်းက ငါ့ကိုပါခေါ်သွားမယ်ဆိုရင်တော့ ဒီအဘိုးကြီးက မင်းရဲ့သိုင်းပညာကို လမ်းညွှန်ပြသပေးဖို့ ဆန္ဒရှိပါတယ်... အဲဒီအချိန်ကျရင် ဖေးဝူကျိနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မဲ့ အခွင့်အရေး တကယ်ရှိလာနိုင်တယ်..."
ချူချင်းက အသံတိတ်ပြုံးလိုက်၏။
"ဒါဆိုရင်တော့ ကျုပ်တို့ ဒီမှာတင်ပဲ လမ်းခွဲကြတာပေါ့..."
"ဟမ်..."
ကျန်းရှန်တောက်မှာ ဆွံ့အသွားပြီး ချူချင်းနှင့်ဝမ်ရိုတို့၏ခြေသံများ တကယ်ပင်ဝေးကွာသွားသည်ကို ကြားလိုက်ရသဖြင့် အလျင်အမြန် နောက်မှလိုက်ကာ ပြောလိုက်၏။
"မလုပ်ပါနဲ့ဦး... မင်းရဲ့သိုင်းပညာက မဆိုးလှဘူးဆိုတော့ ငါ့အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်..."
"ငါ့ရဲ့ ‘မိုင်တစ်ထောင် လေဆန်ဓားသိုင်း’က အခုထိ ဆက်ခံသူမရှိသေးဘူး... မင်းအတွက် အခွင့်အရေးအများကြီး ရှိပါတယ်..."
"ဖြည်းဖြည်းသွားပါဦး... ဒီအဘိုးကြီးက လမ်းမမြင်ရဘူး... အား... ဘယ်သူက ဒီလောက် ကိုယ်ကျင့်တရားပျက်ပြားပြီး လမ်းမကြီးအလယ်မှာ တိုင်လာစိုက်ထားတာလဲ..."
ချူချင်းမှာ ယင်ဖုန်းစခန်းမှ ချက်ချင်းထွက်ခွာမသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုရတနာပစ္စည်းများကို ဒီအတိုင်းပစ်ထား၍ မရသောကြောင့်ပင်။
ထို့ကြောင့် သူက အခေါက်ခေါက်အခါခါ သွားလာကာ ပစ္စည်းများကိုသယ်ထုတ်ပြီး နေရာတစ်ခုတွင် မြှုပ်နှံထားလိုက်၏။
ဤအရာများမှာ ယင်ဖုန်းစခန်းမှ အရပ်မျက်နှာအသီးသီးမှ လုယက်တိုက်ခိုက် သိမ်းပိုက်ထားခြင်း ဖြစ်ပေသည်။
ချူချင်းက အချို့ကို ရွေးချယ်ကာ နယ်မြို့အတွင်းရှိ လူများကိုပေးအပ်ရန် ပြင်ဆင်လိုက်ပြီး ကျန်ရှိသည်များကိုမူ ယခုချက်ချင်း ရှင်းလင်းရန် အချိန်မရှိသေးချေ။
ထို့ပြင် မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်လိုလျှင်ပင် မူလပိုင်ရှင်များမှာ ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဤနေရာတွင်ပင် ယာယီထားရှိကာ နောင်တစ်ချိန်မှသာ ရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။
ဤကိစ္စများကို လုပ်ဆောင်ပြီးနောက်မှသာ သူက ဝမ်ရိုနှင့်ကျန်းရှန်တောက်တို့ကို ခေါ်ဆောင်ကာ နယ်မြို့လေးသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
အခြားအချိန်များတွင် ဖြစ်ပါက သူလှည့်ထွက်သွားနိုင်ပြီး နောက်ဆက်တွဲကိစ္စများကို ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော်လည်း ထိုနယ်မြို့လေးတွင် ရှင်းလင်းရန်ကိစ္စအချို့ ကျန်ရှိနေသေးသဖြင့် တစ်ခေါက်ပြန်လာခဲ့ရခြင်းပင် ဖြစ်၏။
ယခုအချိန်တွင် နယ်မြို့လေးအတွင်းရှိ အသက်ရှင်ကျန်ရစ်သူအားလုံးမှာ မြို့နယ်မှူး၏အိမ်ရှေ့တွင် စုဝေးနေကြပြီ ဖြစ်သည်။
သူတို့မှာ မျှော်လင့်တကြီးစောင့်ဆိုင်းနေကြပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
၎င်းက အဆုံးစီရင်ချက်ကို စောင့်ဆိုင်းနေရသကဲ့သို့ပင်။ ပြန်လည်ရောက်ရှိလာမည့်သူမှာ ချူချင်းနှင့်ဝမ်ရို ဖြစ်မလား သို့မဟုတ် ယင်ဖုန်းစခန်း၏ သတ်ဖြတ်မည့်ဓားပြ ဖြစ်မလားဆိုသည်ကို သူတို့မသိရှိကြချေ။
သန်းခေါင်ယံရောက်ရှိလာသည်အထိ မည်သူမျှ အိမ်မပြန်ကြသေးပေ။
အဆုံးတွင် ခြေသံများနှင့်အတူ သံကြိုးသံများ ထွက်ပေါ်လာခဲ့လေသည်။
သူတို့ခေါင်းမော့ကြည့်လိုက်ရာ လူရိပ်သုံးခုမှာ မီးရောင်အောက်သို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ချူချင်းပင် ဖြစ်ပေသည်။
သူ၏လက်ထဲတွင် လူခေါင်းတစ်လုံးကို ကိုင်ဆောင်ထားပြီး ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
လူခေါင်းမှာ လိမ့်ဆင်းသွားပြီး စားပွဲထိုးလေး၏ခြေရင်းသို့ ကျရောက်သွားလေသည်။
သူ၏လက်နှစ်ဖက်မှာ တုန်ရီနေပြီး လူခေါင်းကိုကောက်ယူကာ လွန်ခဲ့သောနှစ်အနည်းငယ်က ခေတ္တမျှ မြင်တွေ့ခဲ့ရသော်လည်း သူ၏ဘဝတစ်ခုလုံးအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့သည့် မျက်နှာကို စိုက်ကြည့်နေမိ၏။
အဆုံးတွင် သူက ကျယ်လောင်စွာရယ်မောလိုက်ပြီး ထိုလူခေါင်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်လေသည်။
"ခွေးသူခိုး... မင်းမှာလည်း ဒီလိုနေ့မျိုး ရှိတာပဲကိုး..."
လူအုပ်ကြီးထဲမှ အသံမျိုးစုံ ထွက်ပေါ်လာခဲ့၏။
ကျယ်လောင်စွာရယ်မောသံများ၊ ငိုကြွေးသံများ၊ ငိုတစ်ဝက် ရယ်တစ်ဝက်သံများနှင့် ကျေးဇူးတင်စကားများ စသဖြင့်။
လူအုပ်ထဲမှ လူအချို့မှာ ရုတ်တရက် မြို့နယ်မှူးထံသို့ ပြေးဝင်သွားကြတော့၏။
လွန်ခဲ့သောနှစ်များအတွင်း အခြားသူများမှာ ဖိအားပေးခံရသဖြင့် မတတ်သာဘဲ လုပ်ဆောင်ခဲ့ရသော်လည်း မြို့နယ်မှူးနှင့် သူ့လူများမှာမူ ရန်သူကိုကူညီကာ ဒုစရိုက်မှုများကို အားပေးအားမြှောက်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။
တစ်ခဏအတွင်း ထိုမြို့နယ်မှူးမှာ တစ်ကိုယ်လုံးသွေးချင်းနီအောင် အရိုက်ခံရပြီး ကြည့်ရဆိုးလှသောအခြေအနေသို့ ရောက်ရှိသွားလေသည်။
သူတို့၏ဒေါသများကို အားရပါးရပေါက်ကွဲပြီးနောက်မှသာ လူအုပ်ကြီးမှာ ပြန်လည်ငြိမ်သက်သွားကြ၏။
ထိုသားသတ်သမားက ချူချင်း ရှေ့သို့လျှောက်လှမ်းလာပြီး ကြေးပြားကို ချူချင်း၏လက်ထဲသို့ ရိုရိုသေသေ ထည့်ပေးလိုက်လေသည်။
ထို့နောက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်၏။
"သခင်လေးရဲ့ ကျေးဇူးတရားကတော့ အသက်တစ်သောင်းပေးရင်တောင် မဆပ်နိုင်ပါဘူး..."
အခြားသူများကလည်း တစ်ဦးပြီးတစ်ဦးဒူးထောက်ကာ ဦးချလိုက်ကြ၏။
ချူချင်းက သူတို့ကို တားဆီးခြင်းမပြုဘဲ လက်ကိုသာ အသာအယာဝှေ့ယမ်းပြလိုက်၏။
"ရပါပြီ... ကျုပ်ယင်ဖုန်းစခန်းကနေ ရတနာတွေ ယူလာခဲ့တယ်... မင်းတို့ အချင်းချင်း ခွဲဝေယူကြပါ..."
"နောင်အနာဂတ်မှာ... ကောင်းကောင်းမွန်မွန်နေကြ..."