← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) - လက်ဝါးသိုင်း (၂)

လွန်ခဲ့သောနှစ်များအတွင်း သူတို့မှာ ယင်ဖုန်းစခန်း၏ဖိအားပေးမှုအောက်တွင် သွေးစွန်းခဲ့ကြပြီး အပြစ်မဲ့သူများကို ယင်ဖုန်းစခန်း၏သေတွင်းထဲသို့ ပို့ဆောင်ခဲ့ကြဖူးပေသည်။

ချူချင်းအနေဖြင့် ထိုသူများအတွက် ခွင့်လွှတ်ပေးရန် မစွမ်းသာသော်လည်း အပြစ်ရှာရန်မူ တရားခံအစစ်အမှန်ဖြစ်သည့် ယင်ဖုန်းစခန်းကို သူက အမြစ်ပြတ်သုတ်သင်ပြီး ဖြစ်ပေသည်။

အထက်အောက်တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့ချေ။

ဤလူများအပေါ်တွင် ထပ်မံ၍ အပြစ်ပုံချနေလျှင်လည်း မည်သို့ထူးခြားတော့မည်နည်း။

သူတို့မှာ ရေလှိုင်းကြီးများကြားမှ ဖုန်မှုန့်လေးများကဲ့သို့ပင်။ အခြားသူများ၏ လွယ်ကူစွာထိန်းချုပ်ခြင်းခံရပြီး မိမိတို့၏ကံကြမ္မာကို မပြောင်းလဲနိုင်သကဲ့သို့ မည်သည့်အရာကိုမျှလည်း မဆုံးဖြတ်နိုင်ကြချေ။

ယခုအခါ လွတ်မြောက်ခွင့်ရရှိခဲ့ပြီဖြစ်ရာ ကောင်းမွန်စွာ ရှင်သန်သွားကြရန်သာ ရှိပေတော့သည်။

ထို့နောက် ချူချင်းက မြေအောက်အချုပ်ခန်းအတွင်းရှိလူများကို လွှတ်ပေးလိုက်သော်လည်း လျိုဝူကိုမူ လွယ်လွယ်နှင့် မလွှတ်ပေးနိုင်ချေ။

သို့သော်လည်း ချူချင်းက သူသည် ကြီးမားသောဒုစရိုက်မှုများကို မလုပ်ဆောင်ဖူးဘဲ ခိုးဝှက်ခြင်းကိုသာ ဝါသနာပါသူဖြစ်ကြောင်း သိရှိသဖြင့် အဆိပ်ဆေးလုံးကိုသာ တိုက်ကျွေးလိုက်၏။

နောင်တစ်ချိန်တွင် ထပ်မံခိုးယူပါက အဆိပ်တက်ကာ သေဆုံးသွားမည်ဖြစ်ပြီး အကျင့်ကောင်းများ ပြောင်းလဲသွားပါက ကန်ခွန်းဓားချင်မိသားစုထံတွင် ဖြေဆေး သွားရောက်တောင်းယူနိုင်ကြောင်း ပြောဆိုလိုက်လေသည်။

လျိုဝူကလည်း ကျိန်ဆိုကာ ပြောင်းလဲပါမည်ဟု ကတိပြုသဖြင့် ချူချင်းက သူ့ကိုလွှတ်ပေးလိုက်တော့၏။

ဤညတွင် ချူချင်းတို့သုံးဦးမှာ မြို့အတွင်းရှိ တည်းခိုခန်း၌ပင် အနားယူလိုက်ကြလေသည်။

ကုတင်ပေါ်တွင်ထိုင်လျက် နယ်မြို့လေး၏ကိစ္စများကို တွေးတောရင်း လက်ထဲမှကြေးပြားကို တင်းတင်းဆုပ်ကိုင်ထားမိ၏။

ခေတ္တအကြာတွင် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြေးပြားကို ခါးကြားထဲသို့ထည့်ကာ သေသေချာချာ သိမ်းဆည်းထားလိုက်လေသည်။

ထို့နောက် သူက စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

[မဖွင့်ရသေးသော သိုင်းပညာ ရတနာသေတ္တာ တစ်လုံးရှိပါသည်... ဖွင့်လှစ်မလား...]

"ဖွင့်မယ်..."

သိုင်းပညာရတနာသေတ္တာကို ဖွင့်လှစ်တိုင်း ချူချင်းက မသိစိတ်အရ လက်နှစ်ဖက်ကိုပွတ်သပ်လေ့ရှိ၏။

မည်သည့်သိုင်းပညာမျိုး ရရှိမည်ကို သူမသိရှိချေ။

[အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ... ရရှိသော လက်ဝါးသိုင်း - အရိုးပျော်နူးညံ့လက်ဝါးသိုင်း]

"လက်ဝါးသိုင်းလား..."

ချူချင်းကမူ အံ့ဩခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျပန်းသိုင်းပညာ ရတနာသေတ္တာမှ မည်သည့်အရာမဆို ထွက်ပေါ်လာနိုင်သောကြောင့်ပင်။

သို့သော်လည်း ဤလက်ဝါးသိုင်း ဖြစ်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။

၎င်းသည် အလွန်ရက်စက်ယုတ်မာသော လက်ဝါးသိုင်းပညာတစ်ရပ် ဖြစ်ပေသည်။

လက်ဝါးချက်ထိမှန်သူမှာ အစပိုင်းတွင် မည်သို့မျှမခံစားရသော်လည်း လက်ဝါးအားလှိုင်း စတင်လှုပ်ရှားလာသောအခါ တစ်ကိုယ်လုံးရှိ အရိုးများမှာ ဝါဂွမ်းကဲ့သို့နူးညံ့သွားပြီး တစ်စစီ ကျိုးကြေသွားကာ ကလီစာများပါ ပျက်စီးသွားသဖြင့် မည်သည့်ဆေးနှင့်မျှ ကုသ၍မရနိုင်တော့ချေ။

တစ်ခဏအတွင်း ချူချင်းက ခန္ဓာကိုယ်အတွင်းရှိသွေးကြောများ လှုပ်ရှားလာသည်ကို ခံစားလိုက်ရ၏။

လက်ဝါးနှစ်ဖက်မှာလည်း ပူနွေးလာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် အတွင်းအားလှည့်ပတ်ပုံနှင့် သိုင်းကွက်များမှာ သူ၏ဦးနှောက်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့၏။

ဤအရာအားလုံးကို စုပ်ယူပြီးနောက် ချူချင်း၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး ဤသိုင်းပညာက လူသတ်သမားဟူသော သူ၏သရုပ်နှင့် အလွန်ကိုက်ညီနေသည်ဟု ခံစားလိုက်ရ၏။

သူ၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် တစ်ဖက်လူကို လက်ဝါးဖြင့်ရိုက်နှက်လိုက်ပါက ထိုသူမှာ အသာအယာထိတွေ့ခံရသကဲ့သို့သာ ခံစားရပေလိမ့်မည်။

မိမိ ထွက်ခွာသွားပြီးနောက်မှသာ လက်ဝါးအားလှိုင်းက စတင်လှုပ်ရှားလာမည် ဖြစ်သည်။

ထိုသူမှာ မည်သို့သေဆုံးသွားသည်ကိုပင် သိရှိလိုက်ရမည် မဟုတ်ချေ။

ချူချင်းက စိတ်ထဲတွင် လက်ဝါးသိုင်း၏အနှစ်သာရကို ပြန်လည်သုံးသပ်ရင်း ချင်းရွှီလက်ဝါးကို သတိရသွား၏။

ချင်းရွှီလက်ဝါးမှာ အားအင်ကြီးမားပြီး ပြင်းထန်လှသော လက်ဝါးလေလှိုင်းကို ထုတ်လွှတ်နိုင်ပေသည်။ ချူယွန်ဖေးနှင့် ချူထျန်းတို့၏ကျင့်ကြံမှုဖြင့် အသုံးပြုပါက လက်ဝါးတစ်ချက်မှာ လေထုတံတိုင်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။

အကယ်၍ မိမိက အရိုးပျော်နူးညံ့လက်ဝါးသိုင်း၏အားလှိုင်းကို ထိုလက်ဝါးလေလှိုင်းထဲသို့ ပေါင်းစပ်နိုင်ခဲ့လျှင် လေဟာနယ်ကို ဖြတ်ကျော်နိုင်တဲ့ လက်ဝါးအားလှိုင်း ဖြစ်လာပေလိမ့်မည်။

တိုက်ခိုက်ရာတွင် အသုံးဝင်ချင်မှ ဝင်မည်ဖြစ်သော်လည်း လူကို အသံတိတ်သတ်ဖြတ်ရန်အတွက်မူ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုသို့လုပ်ဆောင်ရန်မှာ မလွယ်ကူလှချေ။

စိတ်ဝင်စားလာသဖြင့် ချူချင်းက မအိပ်တော့ဘဲ ထရပ်ကာ လေ့ကျင့်ရန်ကြိုးစားလိုက်တော့၏။

ဤသို့ဖြင့် တစ်ညတာကုန်ဆုံးသွားပြီး နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသောအခါ ချူချင်းက ထိုလက်ဝါးလေလှိုင်းကို 'အသံတိတ် သတ်ဖြတ်ခြင်း'အဆင့်အထိ မလုပ်ဆောင်နိုင်သေးသော်လည်း ချင်းရွှီလက်ဝါး၏ ပြင်းထန်သော လေလှိုင်းထဲသို့ အကြမ်းဖျင်းပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းက ကြီးမားလှသော လေဟာနယ်ဖြတ်ကျော် လက်ဝါးအားလှိုင်းတစ်ခုကို ဖြစ်ပေါ်စေ၏။

ထို့ပြင် အတွင်းအားလှည့်ပတ်ပုံ ကွဲပြားခြားနားသဖြင့် ဤလက်ဝါးသိုင်းမှာ မူလချင်းရွှီလက်ဝါးနှင့် ပိုမိုကွဲပြားသွားပေသည်။

လူအများရှေ့တွင် အသုံးပြုလျှင်ပင် မည်သူမျှရိပ်မိနိုင်မည် မဟုတ်ချေ။

သူစဉ်းစားနေစဉ်မှာပင် တစ်ယောက်ယောက်က အခန်းတံခါးလာခေါက်သည်ကို ကြားလိုက်ရ၏။

ချူချင်းက တံခါးဖွင့်ပေးလိုက်ရာ ဝမ်ရိုက အပြင်ဘက်တွင် တိတ်ဆိတ်စွာရပ်နေပြီး မည်သည့်အမူအရာမျှမရှိဘဲ သူ့ကိုကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။

"အစ်ကိုသုံး... ခရီးဆက်ရအောင်..."

ချူချင်းက သူမ၏ လှပသော်လည်း မည်သည့်အမူအရာမျှမရှိသော မျက်နှာလေးကို ကြည့်ကာ ရုတ်တရက်မနေနိုင်ဘဲ ပြောလိုက်၏။

"မင်း စကားပြောတဲ့အခါ နည်းနည်းလောက် ပြုံးကြည့်ပါလား..."

ဝမ်ရို၏မျက်ဝန်းများထဲတွင် နားမလည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

"ဘာဖြစ်လို့လဲ..."

"အပြုံးက ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာစေသလို အခြားသူတွေကိုလည်း စိတ်ချမ်းသာစေတယ်... စမ်းကြည့်မလား..."

ချူချင်းက စိတ်ထဲတွင်တွေးတောနေမိ၏။ ဤမိန်းကလေးမှာ အမြဲအေးစက်လွန်းလှသဖြင့် နောင်တစ်ချိန်တွင် အိမ်ထောင်ပြုရန် ခက်ခဲပေလိမ့်မည်။

မိမိက သူမကို ကယ်တင်ခဲ့ရုံမျှဖြင့် သူမက အသက်ပေးကာ အလုပ်အကျွေးပြုရန် ဆုံးဖြတ်ခဲ့၏။

ဤသို့ဆိုလျှင် အခြားသူများ၏လှည့်စားခြင်းကို ခံရရန် အလွန်လွယ်ကူပေသည်။

ဝမ်ရိုက ချူချင်းကို နားမလည်နိုင်စွာဖြင့် စိုက်ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်၏။

"မပြုံးတတ်ဘူး..."

ချူချင်းက သူ၏လက်ကို ဆန့်ထုတ်ကာ နှုတ်ခမ်းထောင့်ကို အသာအယာဆွဲတင်ပြလိုက်၏။

"ဒီလိုမျိုးလေ..."

ဝမ်ရိုကလည်း သင်ယူလိုစိတ်ရှိသဖြင့် သူမ၏နှုတ်ခမ်းထောင့်ကို အလားတူဆွဲတင်လိုက်လေသည်။

သို့သော်လည်း သူမက အားကိုမထိန်းနိုင်သဖြင့် ပြုံးလိုက်သော်လည်း အလွန်အမင်းပြုံးမိသွား၏။

သွားများပင်ပေါ်လာပြီး တစ်မျက်နှာလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက်ကဲ့သို့ဖြစ်သွားကာ မူလက ဝိုင်းစက်နေသော မျက်ဝန်းကြီးများမှာလည်း မျဉ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်သွား၏။

ထို့ပြင် သူမ၏မျက်နှာထက်တွင် မည်သည့်ခံစားချက်မျှမရှိဘဲ မျက်ဝန်းများထဲမှ အေးစက်သော အလင်းတန်းများသာ ထွက်ပေါ်နေသဖြင့် ကြည့်ရသည်မှာ လူကိုကျောချမ်းစေပေသည်။

"တော်ပြီ... တော်ပြီ..."

ချူချင်းက အလျင်အမြန်ပင် သူမ၏လက်ကို အောက်သို့ချပေးလိုက်၏။

"ငါ့အမှား… ဒီလိုမျိုး မလုပ်ခဲ့သင့်ဘူး... မင်း ဒီအတိုင်းပဲ နေတာပိုကောင်းပါတယ်..."

သူမက နောင်တွင် ဤသို့သာအမြဲပြုံးနေပါက အိမ်ထောင်ပြုမည့်ကိစ္စကို ထားလိုက်ပါဦး။

လူအချို့ကို ခြောက်လှန့်သတ်ဖြတ်ခြင်းမပြုမိလျှင်ပင် ကံကောင်းလှပြီ ဖြစ်ပေသည်။

ဝမ်ရိုက ချူချင်းကို ထူးဆန်းစွာကြည့်လိုက်ပြီးနောက်မှသာ လှည့်ထွက်သွားတော့၏။

ချူချင်းကလည်း ပစ္စည်းများကိုသိမ်းဆည်းကာ နောက်မှလိုက်ပါသွားလေသည်။

တည်းခိုခန်းပိုင်ရှင်က သူတို့ဆင်းလာသည်ကို မြင်သောအခါ အလျင်အမြန်ကြိုဆိုလိုက်၏။

"မနက်စာ ပြင်ဆင်ပြီးပါပြီ... ဒါပေမဲ့ သခင်လေးတို့ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပါဦးလား..."

"ကျွန်တော်တို့ ကျေးဇူးဆပ်ချင်လို့ပါ..."

ချူချင်းက လက်ဝှေ့ယမ်းပြလိုက်၏။

"မလိုပါဘူး... ကျုပ်တို့မှာ လုပ်စရာအရေးကြီးကိစ္စတွေ ရှိသေးလို့ ဒီမှာ အကြာကြီး မနေနိုင်တော့ဘူး..."

ဆိုင်ရှင်မှာ စိတ်မကောင်းဖြစ်သွားသော်လည်း ဆက်မတားဆီးရဲတော့ချေ။

ခန်းမအတွင်း၌ ကျန်းရှန်တောက်မှာ စောစောစီးစီးနိုးနေပြီ ဖြစ်သည်။

သူက တစ်ကိုယ်လုံးတွင်သံကြိုးများဖြင့် ထိုင်လျက် အစားအစာများကို ဂရုတစိုက်စားသောက်နေ၏။

သူ၏သံမျက်နှာဖုံးရှိ ပါးစပ်ပေါက်မှာ အလွန်သေးငယ်သဖြင့် ဇွန်းကိုထည့်သွင်းရန် ခက်ခဲပြီး စားသောက်ရသည်မှာ အလွန်ပင်ပန်းလှပေသည်။

ချူချင်းနှင့် ဝမ်ရိုတို့၏အသံကို ကြားသောအခါ သူကလက်လှမ်းပြလိုက်၏။

"လာကြ... လာကြ... ဒီဆိုင်က ဆန်ပြုတ်က တကယ် အရသာရှိတယ်... မင်းတို့လည်း မြန်မြန်လာစားကြ..."

ချူချင်းက သူ၏သံမျက်နှာဖုံးကို တစ်ချက်ကြည့်လိုက်၏။

"ဂိုဏ်းချုပ်ကျန်း... ဒီသံမျက်နှာဖုံးကိုဖယ်ဖို့ နေရာတစ်ခုခုရှာရမလား..."

"ကောင်းသားပဲ... ဒါပေမဲ့ ဒီမြို့လေးမှာ ပန်းပဲဆရာ မရှိဘူးထင်တယ်... ရှင်တောက်အန်းတည်ရှိတဲ့ ရှင်တောက်မြို့ကို ရောက်မှပဲ ရှင်းကြတာပေါ့..."

ကျန်းရှန်တောက်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်မံပြောဆိုလိုက်၏။

"ဒါပေမဲ့ မင်း ပခုံးရိုးပေါ်က သံကြိုးနှစ်ချောင်းကို အရင်ဆုံးဖြုတ်ပေးလို့ ရမလား..."

"ဒီအရာက ငါ့ရဲ့လှုပ်ရှားမှုကို ကန့်သတ်ထားလို့ လက်မောင်းနှစ်ဖက်လုံး အားမရှိသလို ခံစားရပြီး တကယ်နေရခက်လွန်းလို့ပါ..."

ချူချင်းက သေသေချာချာကြည့်လိုက်ရာ ထိုသံကွင်းများမှာ အရိုးနှင့်အသားများထဲသို့ စိမ့်ဝင်နေပြီး အသားများမှာ သံကွင်းနှင့်အတူ ကပ်ငြိနေသည်ကို တွေ့ရှိလိုက်ရ၏။

အတင်းအကျပ်ဖယ်ရှားပါက အသားစအချို့ပါ ပြတ်ထွက်သွားနိုင်ပေသည်။

အဆုံးတွင် သူက ပြောလိုက်၏။

"ဒါဆိုရင်လည်း ရှင်တောက်မြို့ကို ရောက်မှပဲ လုပ်ကြတာပေါ့..."

"ထားလိုက်ပါတော့..."

ကျန်းရှန်တောက်မှာ မတတ်သာဘဲ ခေါင်းညိတ်လိုက်ရုံသာ ရှိတော့၏။

ထို့နောက်တွင်မူ စကားများများမပြောကြတော့ဘဲ သုံးဦးသား စားသောက်ပြီးနောက် ခရီးဆက်ခဲ့ကြလေသည်။

နယ်မြို့အတွင်းရှိ လူများအားလုံးမှာ လိုက်လံပို့ဆောင်ကြပြီး မြို့ပြင်နှစ်မိုင်ခန့်အထိ ရောက်ရှိလာသော်လည်း ပြန်ရန်ဆန္ဒမရှိကြသေးပေ။

ထို့ကြောင့် ချူချင်းက လက်ဝှေ့ယမ်းပြလိုက်ပြီး ကျန်းရှန်တောက်ကို ဆွဲကိုင်ကာ ဝမ်ရိုနှင့်အတူ ကိုယ်ဖော့သိုင်းကို အသုံးပြုလျက် ထွက်ခွာသွားတော့၏။

သူတို့မှာ သိုင်းပညာမတတ်မြောက်သဖြင့် လိုက်မမီတော့ဘဲ ချူချင်းတို့၏ပုံရိပ်များ ပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေနိုင်ကြတော့၏။

ဤသို့ဖြင့် နောက်နှစ်ရက်ခန့်ကုန်ဆုံးသွားခဲ့ပြီး လမ်းခရီးတွင် မည်သည့်ပြဿနာမျှ မကြုံတွေ့ခဲ့ရပေ။ အဓိကအားဖြင့် ကျန်းရှန်တောက်ကြောင့် ခရီးနှောင့်နှေးခဲ့ရခြင်း ဖြစ်ပေသည်။

ရှင်တောက်မြို့နှင့် ပိုမိုနီးကပ်လာလေ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော သိုင်းဆရာများကို ပိုမိုမြင်တွေ့ရလေ ဖြစ်သည်။

သူတို့ထဲတွင် နာမည်ကျော်ကြားသော ပညာရှင်များစွာ ပါဝင်သကဲ့သို့ မည်သည့်ဂိုဏ်းမှန်းမသိရသော သိုင်းဆရာများလည်း ရှိကြ၏။

သူတို့မှာ ထျန်းရှာရီဖင်ညီလာခံကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။

ယနေ့ မွန်းတည့်ချိန်တွင် သုံးဦးသားမှာ ရှင်တောက်မြို့သို့ ရောက်ရှိလာခဲ့ကြလေသည်။

မြို့တံခါးကြီးမှာ ကျယ်ပြန့်စွာပွင့်နေပြီး အရပ်မျက်နှာအသီးသီးမှ ဧည့်သည်များကို ကြိုဆိုနေ၏။

ဤရှင်တောက်မြို့မှာ ရှင်တောက်အန်း၏ အခြားနေရာများနှင့်မတူဘဲ လမ်းမကြီးများမှာ ကျဉ်းမြောင်းပြီး လူအုပ်ကြီးမှာလည်း ထူထပ်လှသဖြင့် အလွန်စည်ကားလှပေသည်။

လမ်းအနည်းငယ်လျှောက်ပြီးနောက် ဝမ်ရိုက ရုတ်တရက် ချူချင်း၏အင်္ကျီလက်ကို ဆွဲကိုင်ကာ မလှမ်းမကမ်းရှိ စားသောက်ဆိုင်တစ်ခုကို ညွှန်ပြလျက် ပြောလိုက်၏။

"ကျွန်မတို့ ဟိုဆိုင်ကို သွားကြမလား..."

ပြောပြီးနောက် သူမ၏နှုတ်ခမ်းထောင့်ကို ဆွဲတင်ကာ သွားများပေါ်သည်အထိ ပြုံးပြလိုက်လေသည်။

ချူချင်းက သဘောမတူမည်ကို စိုးရိမ်သဖြင့် အပြုံးဖြင့် ချူချင်းကိုသဘောတူခွင့်ပြုစေရန် ကြိုးစားနေပုံရ၏။

All Chapters