← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) - ရှင်တောက်အန်းသို့ ညဘက်ခိုးဝင်ခြင်း (၂)

"ပုထီကျောင်းတော်..."

ပျန်းချန်က လက်ထဲမှ အရက်ခွက်ကို ကိုင်ထားရင်း အသာအယာလှည့်ပတ်လိုက်၏။

"တစ်နေရာရာမှာ ကြားဖူးသလိုလို ခံစားနေရတယ်..."

သို့သော် မည်သည့်နေရာဖြစ်သည်ကိုမူ သူစဉ်းစား၍ မရနိုင်တော့ပေ။

လူအချို့က ထိုညီအစ်မနှစ်ဦး၏နောက်ခံကို ခန့်မှန်းရင်း ဆွေးနွေးပြောဆိုလိုက်ကြ၏။

ပုထီကျောင်းတော်ဟူသောအမည်အရ သီလရှင်ကျောင်းတစ်ကျောင်း ဖြစ်သင့်သော်လည်း ထိုညီအစ်မနှစ်ဦးမှာ သီလရှင်များနှင့် လုံးဝမတူပေ။

ခေတ္တမျှ ဆွေးနွေးပြီးနောက် အဖြေမထွက်သဖြင့် သူတို့လည်း အာရုံမစိုက်တော့ပေ။

စားသောက်ပြီးနောက် သူတို့အုပ်စုသည် စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ပြီး မော့တူရှင်းနှင့် ပျန်းချန်တို့ တည်းခိုခန်းသို့ ဦးတည်လိုက်ကြ၏။

ထိုတည်းခိုခန်းမှာ ဖူယွန်းတည်းခိုခန်းဖြစ်ပြီး ယခုအချိန်တွင် လူများဖြင့်ပြည့်နှက်နေချေသည်။

အဓိကမှာ ထျန်းရှာရီဖင်ညီလာခံကျင်းပရန် နီးကပ်လာပြီဖြစ်သဖြင့် နေရာတိုင်းတွင် လူများစည်ကားနေခြင်းပင်။

ချူချင်းနှင့် ဝမ်ရိုတို့၏ကံတရားကမူ မဆိုးလှပေ။ အခန်းသုံးခန်းတိတိ ကျန်ရှိနေသဖြင့် တစ်ဦးလျှင် အခန်းတစ်ခန်းစီ ရရှိသွားကြ၏။

အားလုံးစီစဉ်ပြီးနောက် အစေခံက သူတို့ကို အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားလေသည်။

ထိုစဉ် တည်းခိုခန်းတံခါးဝမှ ဆူညံသံများ ထပ်မံထွက်ပေါ်လာပြန်၏။

လူအချို့က ဒုတိယထပ်လက်ရန်းနားတွင် ရပ်ကာ အောက်သို့ငုံ့ကြည့်လိုက်ကြရာ လူအုပ်ကြီးတစ်စု တည်းခိုခန်းထဲသို့ တိုးဝှေ့ဝင်ရောက်လာပြီး အလယ်တွင် ကာကွယ်ပေးထားခြင်း ခံထားရသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

ထိုအမျိုးသမီးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သေးသွယ်သောခါးလေးနှင့် လှပသော ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှ၏။

သို့သော် သူမ၏မျက်နှာကိုမူ သဲသဲကွဲကွဲ မမြင်ရပေ။ သူမက ခေါင်းဆောင်းဦးထုပ်ကို ဆောင်းထားပြီး မျက်နှာကိုလည်း ဖုံးကွယ်ထားကာ ဦးထုပ်မှ ဖြူဖွေးသော ပိတ်စပါးလေးမှာ လေထဲတွင် လွင့်ပျံနေပြီး ရံဖန်ရံခါတွင် သေးလျသောမေးစေ့လေးသာ ပေါ်ထွက်လာတတ်၏။

တည်းခိုခန်းအတွင်းရှိ ဧည့်သည်များမှာ သူမကို ကြိုတင်သိရှိထားပုံရပြီး သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျှော်လင့်တကြီး ကြည့်ရှုနေကြချေသည်။

သို့သော် သူမက ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို စိတ်ဝင်စားပုံမရဘဲ လမ်းတစ်ဝက်သို့ရောက်သောအခါ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်၏။

ခေါင်းဆောင်းအောက်မှ သူမ၏မျက်ဝန်းများသည် ချူချင်း၏မျက်လုံးများနှင့် ဆုံတွေ့သွားကြလေသည်။

ဤသည်က အလွန်တိုတောင်းသော အချိန်ကာလလေးတစ်ခုသာ ဖြစ်ပြီး ထိုအမျိုးသမီးက ခြေလှမ်းမပျက်ဘဲ တည်းခိုခန်းမကြီးကို ဖြတ်ကျော်ကာ နောက်ဖေးခြံထဲသို့ ဝင်ရောက်သွားတော့၏။

ချူချင်းက မျက်ခုံးကို အနည်းငယ်တွန့်လိုက်ပြီး တိုးညင်းစွာ မေးလိုက်သည်။

"သူမက ဘယ်သူလဲ..."

မော့တူရှင်းက လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေရင်း ခန့်ညားထည်ဝါစွာ ပြောလိုက်၏။

"သခင်လေးသုံးက သူမကို မသိဘူးလား..."

ချူချင်းက ခေါင်းခါပြလိုက်ပြီး မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။

"သူမနာမည်က ချင်းလင်..."

ပျန်းချန်က ပြုံးလျက် ပြောလိုက်သည်။

"သူမက ယန်ကျီမျှော်စင်ရဲ့ ထိပ်တန်းအလှမယ်ပဲ... နန်လင်ရဲ့ အလှနတ်သမီးသုံး‌ဖော်၊ နွေဦးပန်းများထက်ပင် သာလွန်လှပသူလို့ ကျော်ကြားတဲ့အထဲက တစ်ယောက်ပေါ့..."

"သူမက အဲဒီအလှနတ်သမီးသုံးယောက်ထဲက တစ်ယောက်ပဲ..."

နန်လင်၏အလှနတ်သမီးသုံးဖော်လော။

ချူချင်းက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏။

"တစ်ခါမှ မကြားဖူးဘူး..."

ပျန်းချန်က ရယ်မောလိုက်သည်။

"ကြည့်ရတာ သခင်လေးသုံးက ဒီလိုကိစ္စတွေနဲ့ပတ်သက်ရင် ဘာမှမသိသေးဘူးပဲ... နောက်နေ့ အားတဲ့အခါကျရင် ငါ မင်းကို လိုက်ပြပေးမယ်..."

"……ပျန်းချန်... မင်းက ငါ့ကို ပြည့်တန်ဆာအိမ် ခေါ်သွားချင်တာလား..."

"ဟုတ်တာပေါ့..."

ပျန်းချန်က သဘာဝကျကျပင် ပြောလိုက်၏။

"ပြောရရင် ဒီရှင်တောက်မြို့ထဲမှာလည်း ထျန်းရှန်းမျှော်စင် ရှိတယ်လေ... ဒီညပဲ ငါတို့ သွားကြည့်ကြမလား..."

ချူချင်း၏စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော နေရာများသို့ သွားရောက်ခြင်းကို သူ၏ယခင်ဘဝတွင် ဝတ္ထုများနှင့် ရုပ်ရှင်များထဲ၌သာ မြင်တွေ့ဖူးခဲ့ခြင်းကြောင့်ပင်။

သူကိုယ်တိုင်မူ တစ်ခါမျှ အမှန်တကယ် မကြုံတွေ့ဖူးခဲ့ချေ။

အတွေ့အကြုံသစ်တစ်ခု ရရှိရန်အတွက် သွားရောက်ကြည့်ရှုခြင်းကလည်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။

သို့သော် သူက ခေါင်းခါယမ်းလိုက်ဆဲပင်။ ယနေ့ညတွင် သူလုပ်ဆောင်ရမည့် အခြားအရေးကြီးသော ကိစ္စရပ်များ ရှိနေသေး၏။

ပျန်းချန်ကလည်း ထပ်မံ၍ အတင်းအကျပ် မတောင်းဆိုတော့ပေ။

ထို့နောက် အားလုံးက အခန်းများသို့ပြန်ကာ ပစ္စည်းများကို သိမ်းဆည်းကြပြီး မွန်းလွဲပိုင်းတွင် ရှင်တောက်မြို့အတွင်း၌ လျှောက်လည်ကြလေသည်။

လူဦးရေ များပြားလာသည်နှင့်အမျှ ပိုမိုစည်ကားလာ၏။

တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသော ကိစ္စရပ်များလည်း များပြားလာချေသည်။ ဤမွန်းလွဲပိုင်းတွင် ချူချင်းတို့အုပ်စုသည် ရှင်တောက်မြို့၏ ဒေသန္တရဓလေ့ထုံးတမ်းများကို လေ့လာရင်း အသေးအဖွဲ့ပစ္စည်းအချို့ကို ဝယ်ယူခဲ့ကြ၏။

လမ်းခရီးတွင် တိုက်ခိုက်ပွဲသုံးကြိမ်နှင့် ကြုံတွေ့ခဲ့ရသည်။

အတိအကျပြောရမည်ဆိုပါက လေးကြိမ်ပင် ဖြစ်၏။

သို့သော် နောက်ဆုံးပွဲစဉ်ကိုမူ သူတို့က ရှင်တောက်အန်း၏အမိုးပေါ်တွင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြသော်လည်း ရှင်တောက်အန်းမှလူများက ဝင်ခွင့်မပြုသဖြင့် အဆုံးတွင် ပျက်ပြယ်သွားခဲ့ရလေသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် သင့်တော်သော ပန်းပဲဖိုတစ်ခုနှင့် သမားတော်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်းရှန်တောက်၏ ပခုံးညှပ်ရိုးပေါ်ရှိ သံခြေကျင်းကို ဦးစွာဖြုတ်ပေးလိုက်ကြ၏။

ဤမြင်ကွင်းမှာ အနည်းငယ်သွေးပျက်စရာကောင်းလှ၏။ နှစ်ပေါင်းများစွာအတွင်း သွေးနှင့်အသားများမှာ သံခြေကျင်းနှင့် တစ်သားတည်း ဖြစ်နေခဲ့သဖြင့် ၎င်းကို ဖြုတ်လိုက်သောအခါ အသားစများပင် ကပ်ပါလာခဲ့လေသည်။

ကျန်းရှန်တောက်သည် ရှင်တောက်အန်းကို တည်ထောင်နိုင်ခဲ့သော နယ်မြေတစ်ခု၏ အရှင်သခင်ပီပီ ညည်းတွားသံတစ်ချက်မျှပင် မထွက်ပေါ်ခဲ့ပေ။

ချူချင်းသည် ဤမွန်းလွဲပိုင်းအတွင်း ရှင်တောက်မြို့၏ ဖွဲ့စည်းပုံအလုံးစုံကို အကြမ်းဖျင်း နားလည်သဘောပေါက်သွားခဲ့၏။

ထို့ပြင် ထိုဓားနံ့မှာ ရှင်တောက်အန်းအတွင်း၌ ရှိနေကြောင်းကို ဝမ်ရို၏နှုတ်မှ သိရှိခဲ့ရလေသည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိလာခဲ့ပြီ။

ချူချင်းက ညဝတ်အနက်ရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ဓားကို သေချာစွာထားရှိကာ ချင်းယဲ့ဓားပေါ်ရှိ ပတ်တီးများကို ဖြည်လိုက်၏။

မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်များကို သေချာစွာပြင်ဆင်ပြီးနောက် အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ကာ ပြတင်းပေါက်ကိုဖွင့်၍ ညမှောင်ယံထဲသို့ ခုန်ဆင်းလိုက်လေသည်။

ယနေ့ညတွင် သူက လူကိုချက်ချင်းသတ်ရန် မရည်ရွယ်ထားပေ။

ရှင်တောက်အန်း၏အခြေအနေကို ဦးစွာစူးစမ်းရန်သာ ပြင်ဆင်ထားခြင်းပင်။

ချူချင်းသည် အမှန်တကယ်တွင် ကျန်းရှန်တောက်အပေါ် သံသယအချို့ရှိနေပြီး ထိုအဖိုးကြီးက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု အမြဲခံစားနေရ၏။

ယခုအခွင့်အရေးကို အသုံးချ၍ ရှင်တောက်အန်းအတွင်းရှိ အခြေအနေကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

နေ့ဘက်တွင် သူက လမ်းကြောင်းများကို အကြမ်းဖျင်းစူးစမ်းလေ့လာထားပြီးသား ဖြစ်၏။

ညဘက်တွင် သူသည် စားသောက်ဆိုင်တစ်ခု၏အမိုးပေါ်သို့ ရောက်ရှိလာခဲ့ပြီး ဤနေရာမှာ ရှင်တောက်အန်းနှင့် ပေတစ်ထောင်နီးပါး ကွာဝေးသဖြင့် သာမန်အခြေအနေတွင် ဤနေရာမှ ရှင်တောက်အန်းသို့ ခုန်ကူးရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သို့သော် ချူချင်းကမူ မည်သည့်တုံ့ဆိုင်းမှုမျှ မရှိခဲ့ချေ။

သူ၏ခန္ဓာကိုယ်အတွင်း၌ မင်ယွိကျင့်စဉ်ကို လည်ပတ်စေပြီး ကြယ်လိုက်လမီခြေလှမ်းကို ဦးစွာအသုံးပြုကာ မြားတစ်စင်းကဲ့သို့ လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး ပေတစ်ရာကျော်အကွာအဝေးသို့ ရောက်ရှိသွား၏။

လေပေါ်တွင်ရှိနေစဉ် သူက ရွှေငန်းသိုင်းပညာကို ထပ်မံအသုံးပြုလိုက်ပြန်သည်။

လေဟာနယ်ထဲတွင် ခြေလှမ်းတစ်လှမ်းလျှင် ဆယ်ပေကျော်ခန့် လျှောက်လှမ်းရင်း လေပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခြေလှမ်းပေါင်း လေးဆယ့်နှစ်လှမ်းအထိ ဆက်တိုက်လှမ်းပြီးနောက်မှသာ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း အောက်သို့နိမ့်ဆင်းသွားချေသည်။

ယခုအခါ ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် ပေတစ်ရာပင် မလိုတော့ပေ။

သူက ရွှေငန်းသိုင်းပညာကိုပြောင်းလဲကာ လေဟာနယ်ကိုခြေဖွဖွနင်းပြီး ခန္ဓာကိုယ်ကို တစ်ဖန်အပေါ်သို့ မြှင့်တင်လိုက်ကာ ထိုအရှိန်ဖြင့် ကြယ်လိုက်လမီခြေလှမ်းကို ထပ်မံအသုံးပြုလိုက်၏။

မျက်စိတစ်မှိတ်အတွင်း ရှင်တောက်အန်းအဆောက်အအုံငယ်တစ်ခု၏ အမိုးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်လေသည်။

သူက စားသောက်ဆိုင်၏အမိုးဆီသို့ ပြန်လည်ကြည့်ရှုရင်း သက်ပြင်းအသာချလိုက်မိ၏။

"မင်ယွိကျင့်စဉ်သာ မရှိရင်... ရွှေငန်းသိုင်းပညာတစ်ခုတည်းနဲ့ လေပေါ်မှာ ခြေလှမ်းလေးဆယ့်နှစ်လှမ်းအထိ လှမ်းနိုင်ဖို့က လုံးဝမဖြစ်နိုင်ဘူး..."

"ဒါဆိုရင် ခြေလှမ်းသုံးဆယ့်ခုနစ်လှမ်းက ရွှေငန်းသိုင်းပညာရဲ့ အကန့်အသတ် မဟုတ်သေးဘူးပေါ့..."

"ဒါက အတွင်းအားရဲ့အကန့်အသတ်ပဲ..."

"အတွင်းအားကသာ ပိုမြင့်လာမယ်ဆိုရင်... လေးဆယ့်နှစ်လှမ်းတင်မကဘူး... ရှစ်ဆယ့်နှစ်လှမ်းဆိုရင်တောင် လှမ်းပြနိုင်သေးတယ်..."

ရွှေငန်းသိုင်းပညာနှင့် ကြယ်လိုက်လမီခြေလှမ်းတို့ကို ပေါင်းစပ်အသုံးပြုခြင်းမှာ ချူချင်းက ဤကာလအတွင်း သူ၏ကိုယ်ဖော့သိုင်းပညာကို ပြန်လည်သုံးသပ်ပြီးနောက် ရရှိလာခဲ့သော အတွေ့အကြုံသစ်တစ်ခု ဖြစ်၏။

ချူချင်းသည် ဤစွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်မိသော်လည်း အချိန်အကြာကြီး မာန်တက်မနေခဲ့ပေ။

သူက ဤနေရာတွင်ရပ်လျက် ရှင်တောက်အန်းတစ်ခုလုံးကို ငုံ့ကြည့်လိုက်ရာ နေရာအားလုံးကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အကြမ်းဖျင်းအားဖြင့်မူ မြင်တွေ့နိုင်ချေသည်။

ရှင်တောက်မြို့အတွင်းရှိ ရှင်တောက်အန်းမှာ အမှန်တကယ်တွင် ထျန်းဝူမြို့၏မြို့တော်ဝန်အိမ်တော်နှင့် ဆင်တူလှ၏။

သို့သော် ရှင်တောက်အန်းက ပိုမိုကျယ်ဝန်းပြီး အင်အားလည်း ပိုမိုများပြားလေသည်။

မြောက်ဘက်မြို့တော်အတွင်းရှိ မြို့တော်ငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်ချေသည်။

'ချီကွမ်းဆီကို အရင်သွားရမလား... ဒါမှမဟုတ်... ဖေးဝူကျိဆီကိုလား...'

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ချီကွမ်းရှိရာသို့ ဦးစွာသွားရောက်ရန် ဆုံးဖြတ်လိုက်၏။

ဤကာလအတွင်း သူသည် ကျန်းရှန်တောက်၏ နှုတ်မှတစ်ဆင့် ရှင်တောက်အန်း၏ဖွဲ့စည်းပုံကို အခြေခံအားဖြင့် သိရှိထားပြီးသား ဖြစ်ပေသည်။

သို့သော် သူသည် ကျန်းရှန်တောက်အပေါ် သံသယရှိနေပြီး လုံးဝမယုံကြည်သဖြင့် လှုပ်ရှားရာတွင် အလွန်သတိထားကာ ကင်းလှည့်အဖွဲ့များကို ရှောင်တိမ်းရင်း ရှေ့သို့တိုးသွားလေသည်။

အချိန်အတော်ကြာပြီးနောက် ချူချင်းသည် ခြံဝင်းတစ်ခု၏အနီးသို့ ရောက်ရှိလာခဲ့၏။

သို့သော် ထိုခြံဝင်းတံခါးဝတွင် မြင်းလှည်းတစ်စီး ရှိနေပြီး ခြံဝင်းအတွင်း၌လည်း မီးများလင်းထိန်နေချေသည်။

ယခုအချိန်တွင် ခြံဝင်းအတွင်းရှိလူများမှာ အိပ်စက်ခြင်း မရှိသေးသည်မှာ ထင်ရှားလှ၏။

ချူချင်းက အမိုးပေါ်တွင် ပုန်းကွယ်လျက် အောက်သို့ချောင်းကြည့်လိုက်ရာ ခြံဝင်းအတွင်းရှိ ကုတင်ပေါ်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ မျက်လုံးများကို တင်းတင်းပိတ်ကာ မှောက်လျက်သား ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူက သတိလစ်သွားခြင်းလော သို့မဟုတ် အိပ်ပျော်သွားခြင်းလော ဆိုသည်ကိုမူ မသိရပေ။

ခရမ်းရောင်ဝတ်အမျိုးသမီးတစ်ဦးမှာမူ ကုတင်ဘေးတွင် အဝတ်အစားလဲလှယ်နေ၏။

ချူချင်းက ထိုအမျိုးသမီး၏ နောက်ကျောကို တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်၏။ သူမမှာ နေ့ဘက်က တည်းခိုခန်းတွင် တွေ့ဆုံခဲ့သော ချင်းလင်ပင် ဖြစ်ချေသည်။

ယခုတစ်ကြိမ်တွင် သူက မျက်လုံးကို လွှဲမသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ချင်းလင် လဲလှယ်ဝတ်ဆင်နေသည်မှာ...

ညဝတ်အနက်ရောင်ဝတ်စုံ ဖြစ်နေသောကြောင့်ပင်။

All Chapters