အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း ၃၁၄ - အဖွားကသိပ်သဘောကောင်းတာပဲ
မိခင်ဧကရီမယ်တော်ကြီးက ပြည်သူတွေဆီကနေ အကျိုးအမြတ်လုယူတာမျိုးလုပ်တာဟာ မသင့်တော်ဘူးလို့ ခံစားရလေသည်။
တော်ဝင်မင်းသမီးကြီးက ရှင်းပြလိုက်၏။
“မေမေက အဲ့ဒီအကြောင်း ဘာမှမသိသေးလို့ပါ... ကုကတော်က သားဖွားပြီးတဲ့နောက် ကျန်းမာရေးပြုစုတဲ့နေရာမှာ အရမ်းတော်တာ... မိန်းမတော်တော်များများက ကလေးမွေးပြီးရင် ပြဿနာပေါင်းစုံရှိတတ်ကြလို့ သူ့ဆီမှာ အကူအညီသွားတောင်းကြရတာ...”
နျိုနျိုလေးကလည်း ဘေးမှ ဝင်ပြောလိုက်ပေသည်။
“မယ်မယ်ဖွားဖွား... မေမေက အရမ်းတော်တာ... သမားတော်ကြီးယန်ဆီကနေ ကျန်းမာရေးပြုစုတဲ့နည်းလမ်းတွေ အများကြီး သင်ထားတာ... မေမေကပြောတယ်... ပိုက်ဆံအတွက် မဟုတ်ရင်တောင်မှ ဖွင့်ပြောဖို့ခက်တဲ့ လျှို့ဝှက်ချက်တွေရှိနေတဲ့ အိမ်ထဲက အဒေါ်တွေကို ကူညီပေးနိုင်ရင် အရမ်းကောင်းပြီတဲ့...”
ငွေကြေးအတွက်ဟုဆိုလျှင် ဧကရီမယ်တော်ကြီး မျက်မှောင်ကြုတ်မိမည် ဖြစ်သော်လည်း တခြားသူများကို ကူညီရန်ဟု ဆိုသောကြောင့် အထူးသဖြင့် ဧကရီမယ်တော်ကြီးကိုယ်တိုင်သည်လည်း မိန်းမသားတစ်ဦးဖြစ်ပြီး ကလေးမွေးဖွားခြင်းဒဏ်ကို ခံစားခဲ့ရဖူးသူဖြစ်ရာ သူမ၏ မျက်နှာအမူအရာက ချက်ချင်းပင် ကြည်လင်သွားတော့သည်။
သူမက နျိုနျိုလေးအား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
“မင်းအမေက အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ပဲ... မိန်းမတစ်ယောက်အနေနဲ့ အရည်အချင်းတွေ ပိုရှိနေတာ အမြဲတမ်းကောင်းတယ်... အချိန်မရွေး အသုံးဝင်လာနိုင်တာပဲ...”
ထိုစကားကို ကြားသောအခါ နျိုနျိုလေးက ဗိုက်လေးကို ပင့်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်ချေသည်။
“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် မယ်မယ်ဖွားဖွား... မေမေသာ ဒါကိုသိရင် သေချာပေါက် အရမ်းဝမ်းသာနေမှာ...”
ဧကရီမယ်တော်ကြီးက ကောင်မလေး၏ ဖောင်းမို့နေသော ဗိုက်လေးကို ကြည့်ပြီး မနေနိုင်ဘဲ လှမ်း၍ ပုတ်လိုက်တော့၏။
ပုတ်လိုက်သောအခါ အထဲမှ အသံလေး ထွက်လာပြီး နျိုနျိုလေး၏ လိမ္မာရေးခြားရှိကာ အပြစ်ကင်းစင်သော ရုပ်သွင်လေးနှင့် လိုက်ဖက်နေသဖြင့် ဧကရီမယ်တော်ကြီးက ထိုအသံလေးကိုပါ အလွန်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
တော်ဝင်မင်းသမီးကြီးကလည်း သဘောကျလွန်းသဖြင့် လက်လှမ်းကာ နျိုနျိုလေး၏ ဗိုက်လေးကို ညင်သာစွာ ပုတ်လိုက်ပြန်ပေသည်။
နျိုနျိုလေးက ထိုနှစ်ယောက်ကို ကြောင်တောင်တောင်လေး ကြည့်နေကာ သူတို့နှစ်ယောက်လုံးက သူမ၏ ဗိုက်လေးကို ပုတ်ပြီးနောက် ဘာကြောင့် ကျေနပ်သွားကြသလဲဆိုတာကို နားမလည်နိုင်ဖြစ်နေတော့သည်။
ကလေးက နားမလည်ဖြစ်နေချိန်တွင် ဧကရီမယ်တော်ကြီးက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သူမက ဘေးနားရှိ မုန့်ပန်းကန်ကို ကပျာကယာယူကာ မေးလိုက်၏။
“လိမ္မာတဲ့ကလေးလေး... ဘာစားချင်လဲ... ဒီမုန့်ကိုရော စားချင်လား...”
တော်ဝင်မင်းသမီးကြီးက ပြုံး၍ ပြောလိုက်ချေသည်။
“မေမေ... ဒီကလေးက အစားမရွေးဘူး... ကျွေးရတာ အရမ်းလွယ်တယ်... ဒါပေမဲ့ သူအကြိုက်ဆုံးက နှင်းမြူမုန့်ပဲ...”
ဧကရီမယ်တော်ကြီးက လီရွှန်းဖူကို ချက်ချင်း ပြောလိုက်ပေသည်။
“မင်း နန်းတွင်းမီးဖိုချောင်ကို သွားပြီး နှင်းမြူမုန့် လုပ်ခိုင်းလိုက်... ပြီးရင် ယူခဲ့ချေ...”
လီရွှန်းဖူက အရိုအသေပေးကာ ထွက်သွားတော့၏။
မသိလိုက်မသိဘာဖြင့်ပင် ဧကရီမယ်တော်ကြီးက ကောင်မလေးကို ပွေ့ချီထားပြီး လက်ကိုင်ပုဝါမှတစ်ဆင့် မုန့်တစ်ဖဲ့ကို ဖဲ့ကာ နျိုနျိုလေး၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်လေသည်။
နျိုနျိုလေးက တော်ဝင်မင်းသမီးကြီးကို တစ်ချက် ကြည့်လိုက်သည်။
တော်ဝင်မင်းသမီးကြီးက ချက်ချင်း ပြောလိုက်၏။
“စားချင်တာစား... အဖွားရှေ့မှာ အားနာနေစရာမလိုဘူး...”
ထိုစကားကို ကြားသောအခါ နျိုနျိုလေး၏ မျက်လုံးလေးများ အရောင်လက်သွားချေသည်။
ဧကရီမယ်တော်ကြီးက ကောင်မလေးကို ကြည့်လိုက်ရာ ကောင်မလေးမှာ အလွန်စားချင်နေပြီဖြစ်သော်လည်း လူကြီးများကို ခွင့်တောင်းရမည်ကို သိနေသေးသဖြင့် သူမ၏ နှလုံးသားလေး အရည်ပျော်ကျသွားရတော့သည်။
နျိုနျိုလေးက မုန့်ကိုယူကာ တစ်လုပ်ချင်းစီ စားလိုက်လေ၏။ ပါးနှစ်ဖက်စလုံးက ဖောင်းကားနေပြီး ခိုးစားနေသော တိရစ္ဆာန်လေးတစ်ကောင်နှင့် တူနေပေသည်။
ကလေးများ အစားစားရသည်မှာ ဤမျှချစ်စရာကောင်းကြောင်း ဧကရီမယ်တော်ကြီး တစ်ခါမှ မသိခဲ့ပေ။ အကြိမ်ကြိမ် ကြည့်ပြီးနောက် သူမ မနေနိုင်ဘဲ လိုက်စားမိတော့၏။
ဧကရီမယ်တော်ကြီးမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ ပုံမှန်အားဖြင့် ခံတွင်းမတွေ့တတ်ပေ။ ရာသီဥတုကလည်း ပိုပူလာသဖြင့် စားချင်စိတ် ပိုပိုနည်းလာလေသည်။
ဧကရီမယ်တော်ကြီးက မုန့်တစ်ဖဲ့ကို ကိုယ်တိုင်ကိုယ်ကျ စတင်စားနေသည်ကို မြင်သောအခါ တော်ဝင်မင်းသမီးကြီးက မျက်လုံးပြူးသွားချေသည်။
အစပိုင်းတွင် တော်ဝင်မင်းသမီးကြီးက မိခင်ဧကရီမယ်တော်ကြီးမှ နျိုနျိုလေးကို သဘောမကျမည်ကို စိုးရိမ်ခဲ့ပြီး ယနေ့တွင် နျိုနျိုလေးအား အစောင့်အရှောက်ပေးရန် နန်းတော်ထဲသို့ အထူးလာရောက်ခဲ့ခြင်း ဖြစ်ပေသည်။ ဤအချိန်တွင်မူ နျိုနျိုလေး နန်းတော်ထဲ ဝင်လာခြင်းက မိခင်ဧကရီမယ်တော်ကြီးအတွက် ကောင်းသောကိစ္စတစ်ခုဟု သူမ ခံစားလိုက်ရတော့သည်။
လူကြီးပိုင်းတွေက အသက်ကြီးလာပြီး အစားမစားနိုင်မှာကို မျိုးဆက်သစ်တွေက စိုးရိမ်ကြလေသည်။
လူတစ်ယောက် အစားမစားနိုင်တော့လျှင် သူ၏ ကျန်းမာရေးက ယိုယွင်းလာတော့မည် ဖြစ်၏။
ပြီးခဲ့သည့် ဆောင်းရာသီက ဧကရီမယ်တော်ကြီး အပြင်းအထန် ဖျားနာခဲ့ပြီး အသက်အန္တရာယ်နှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရချေသည်။ ဧကရာဇ်က ဧကရီမယ်တော်ကြီး၏ မွေးနေ့ကို ကျင်းပရန်ဟု အကြောင်းပြကာ အထူးစာမေးပွဲတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ဧကရီမယ်တော်ကြီး၏ မွေးနေ့ကို ကျင်းပပေးလိုခြင်းပင်။
ဤအချိန်တွင် တော်ဝင်မင်းသမီးကြီးက ဦးဆောင်ကာ မေးလိုက်လေသည်။
“မေမေ... နျိုနျိုလေး စားနေတာကိုကြည့်ပြီး သိပ်ကို စားချင်စရာကောင်းတယ်လို့ မခံစားရဘူးလား... ကလေးနဲ့ အတူတူ ထမင်းစားရတာ ပထမဆုံးအကြိမ်ဆိုပေမဲ့ သူက ထမင်းတစ်ပန်းကန်လုံး ကုန်အောင်စားတာ... မေမေက ကံကောင်းပါသေးတယ်... အခု သူ့ကို နန်းတော်ထဲ ခေါ်ထားတော့ နေ့တိုင်း သူ့ကိုကြည့်ပြီး ထမင်းစားလို့ရပြီ...”
ဧကရီမယ်တော်ကြီးက သမီးဖြစ်သူ၏ စကားထဲမှ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်လိုက်တော့၏။
နျိုနျိုလေးမှာမူ သူမကိုယ်တိုင် ရွှေတံဆိပ်ဆုရ အဖော်ပြုပေးမည့် ကောင်မလေး ဖြစ်လာတော့မည်ကို မသိသေးချေ။ ဤအချိန်တွင် သူမသည် နန်းတော်ထဲမှ မုန့်များကို စားနေရင်း အရသာက အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရလေသည်။
သူမ စားခဲ့သော မုန့်အနည်းငယ်၏ အရသာမှာ အစ်မရှူးယင်း လုပ်ပေးဖူးသော မုန့်များနှင့် အလွန်တူနေပေသည်။
ဧကရီမယ်တော်ကြီးက တစ်စုံတစ်ခုကို သတိရသွားပုံပေါ်ကာ ဘေးနားရှိ လူများကို စေခိုင်းလိုက်တော့၏။
“ဒီကာလအတွင်း ဧကရာဇ်က ခံတွင်းသိပ်မတွေ့ဘူး... ဒီနေ့ ငါနဲ့ နေ့လယ်စာ အတူစားဖို့ အားသလားဆိုတာ သွားမေးကြည့်လိုက်...”
တော်ဝင်မင်းသမီးကြီးက ပြုံး၍ မေးလိုက်ချေသည်။
“မေမေက ဧကရာဇ်မောင်တော်ကိုပဲ ဂရုစိုက်နေတာပဲ... သမီးရော နွေရာသီရောက်ကတည်းက ခံတွင်းတွေ့ရဲ့လားလို့ ဘာလို့ မမေးတာလဲ...”
ဧကရီမယ်တော်ကြီးက ပြန်ပြောလိုက်ပေသည်။
“နင်က ဒီလောက် တက်ကြွနေတာကို ဘယ်လိုလုပ် ခံတွင်းမတွေ့ဘဲ နေပါ့မလဲ...”
တော်ဝင်မင်းသမီးကြီးက တခစ်ခစ် ရယ်မောလိုက်လေသည်။
ဧကရီမယ်တော်ကြီးကို တော်ဝင်မင်းသမီးကြီးက သတိပေးလိုက်မှသာ သူမက အမှန်တကယ် ဂရုစိုက်ကြောင်း ပြသလိုက်တော့၏။
“မင်းကြီးစွန်း ဖျားနေတာ တစ်လတောင်ရှိပြီလား... ဘာလို့ သွားမကြည့်တာလဲ... ဒါမှမဟုတ် ငါက နန်းတွင်းက သမားတော်တစ်ယောက်ကို ထပ်လွှတ်ပြီး သွေးခုန်နှုန်း စမ်းခိုင်းရမလား...”
ထိုစကားကို ကြားသောအခါ တော်ဝင်မင်းသမီးကြီးက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
“မေမေ... သူက သမားတော်လျူကိုပဲ ယုံတာ... သမီးလည်း သူ့ကို ဖျောင်းဖျလို့မရတော့ အာရုံမနောက်ချင်တာနဲ့ သူ့ကို လွှတ်ထားလိုက်တာ...”
ဧကရီမယ်တော်ကြီးက မေးလိုက်သော်လည်း ဆက်မမေးတော့ပေ။ သူမက ပြောလိုက်လေ၏။
“နင်က ရှန်ချန်ဖုန်းနဲ့ အားလင်ကို နန်းတော်ထဲ ဝင်ခိုင်းလိုက်လေ... ငါက သူတို့ကို မတွေ့ရတာ ကြာပြီ...”
တော်ဝင်မင်းသမီးကြီးက ပြုံး၍ ပြောလိုက်ချေသည်။
“ဟုတ်ကဲ့... သမီး မှတ်ထားလိုက်ပါ့မယ်... မနက်ဖြန် သူတို့ကို နန်းတော်ထဲ ဝင်ခိုင်းလိုက်မယ်...”
ထိုနှစ်ယောက် စကားစမြည်ပြောနေစဉ်အတွင်း ဧကရီမယ်တော်ကြီး၏ လက်များက မရပ်တန့်ဘဲ နျိုနျိုလေးကို မုန့်များ ဆက်တိုက် ခွံ့ကျွေးနေတော့သည်။
နျိုနျိုလေးက သူမပေးသမျှ မုန့်အားလုံးကို ကုန်အောင်စားနေသည်ကို ကြည့်ရင်း ဧကရီမယ်တော်ကြီးမှာ အကြောင်းပြချက်မရှိဘဲ ရင်ထဲတွင် မကြုံစဖူး ကျေနပ်မှုကို ခံစားလိုက်ရကာ ပန်းကန်ထဲမှ မုန့်အများစုကို တစ်ထိုင်တည်းနှင့် ခွံ့ကျွေးပစ်လိုက်လေသည်။
ဧကရီမယ်တော်ကြီးက ထပ်ခွံ့ရန် ပြင်နေသည်ကို မြင်သောအခါ နျိုနျိုလေးက ကပျာကယာ လက်ခါပြလိုက်ပေသည်။
“မစားနိုင်တော့ဘူး...”
ဧကရီမယ်တော်ကြီးက သူမစကားမဆုံးခင်မှာပင် ရပ်တန့်လိုက်တော့၏။
တော်ဝင်မင်းသမီးကြီးက ကလေးကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ဖူးခြင်း မရှိသော်လည်း အခြေခံဗဟုသုတအချို့တော့ ရှိလေသည်။ ဤအချိန်တွင် သူမက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။
“တစ်ထိုင်တည်း အရမ်းစားလိုက်မိလို့လား... ဗိုက်အောင့်နေလား...”
ထိုစကားကို ကြားသောအခါ ဧကရီမယ်တော်ကြီးလည်း အနည်းငယ် စိုးရိမ်သွားချေသည်။ သူမက သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားခဲ့သော်လည်း ကလေးများကို အထိန်းတော်များနှင့်သာ ကြီးပြင်းစေခဲ့သဖြင့် ဤကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံမရှိပေ။
“လိမ္မာတဲ့ကလေးလေး... နေရခက်နေလား... နန်းတွင်းသမားတော်ကို ခေါ်ပေးရမလား...”
ဧကရီမယ်တော်ကြီးက မေးလိုက်လေသည်။
နျိုနျိုလေးက ကပျာကယာ ခေါင်းယမ်းပြလိုက်၏။
“ခြံဝန်းထဲမှာ နှစ်ပတ်လောက် လမ်းလျှောက်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်...”
ထိုအခါမှ ဧကရီမယ်တော်ကြီးလည်း စိတ်အေးသွားတော့သည်။
နျိုနျိုလေးက ဧကရီမယ်တော်ကြီး၏ ရင်ခွင်ထဲမှ ထကာ အပြင်သို့ သွားရန် ပြင်လိုက်ပေသည်။
ဧကရီမယ်တော်ကြီးက ကပျာကယာ ပြောလိုက်လေ၏။
“သူ့ကို စောင့်ရှောက်ဖို့ ကောင်မလေးနှစ်ယောက် လွှတ်လိုက်...”
ရင်ခွင်ထဲမှ ကောင်မလေး ထွက်သွားပြီးနောက် ဧကရီမယ်တော်ကြီးမှာ အဖိုးတန်ရတနာတစ်ခုခု ဆုံးရှုံးသွားသကဲ့သို့ ဟာတာတာကြီး ခံစားလိုက်ရတော့သည်။
နျိုနျိုလေးက ခြေနှစ်လှမ်းခန့် လျှောက်ပြီးနောက် လှည့်ကြည့်ကာ စားပွဲပေါ်ရှိ မုန့်ကို ကြည့်လိုက်ချေသည်။
ဧကရီမယ်တော်ကြီးက ကောင်မလေး၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ပြီး မနေနိုင်ဘဲ ထပ်ရယ်လိုက်မိကာ ပြောလိုက်ပေသည်။
“လိမ္မာတယ်... ဒီမုန့်ကို မင်းအတွက် ချန်ထားပေးမယ်... ဘယ်သူ့ကိုမှ မစားခိုင်းဘူး...”
နျိုနျိုလေးက ခေါင်းယမ်းကာ တိုးတိုးလေး ပြောလိုက်လေ၏။
“သမီးရဲ့ သူငယ်ချင်းကောင်းက ဒီမုန့်ကို အရမ်းကြိုက်တာ... သူ့အတွက် နှစ်ခုလောက် ယူသွားပေးချင်လို့ပါ...”
“မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ သူငယ်ချင်းကောင်းတွေတောင် ရှိနေပြီလား... ဘယ်အိမ်က မိန်းကလေးလဲ... ငါက လူတစ်ယောက်ကို မုန့်တစ်ပန်းကန်လုံးလုပ်ပြီး သူ့အိမ်ကို ပို့ခိုင်းလိုက်မယ်လေ... မင်းက ပေးလိုက်တာလို့ ပြောခိုင်းလိုက်မယ်... အဆင်ပြေလား...”
ဧကရီမယ်တော်ကြီးက ပြုံး၍ မေးလိုက်တော့သည်။
နျိုနျိုလေးက ရှင်းပြလိုက်ချေသည်။
“ချင်ကျင့်ရှုလည်း နန်းတော်ထဲ ရောက်နေတယ်လေ...”
ဘေးမှ တော်ဝင်မင်းသမီးကြီးက ပြောလိုက်ပေသည်။
“မယ်တော်ကြီး... သူက ရှန့်ကုန်းရဲ့ သမီးပါ...”
ထိုစကားကို ကြားပြီးနောက် ဧကရီမယ်တော်ကြီးက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“သူလည်း ရောက်နေမှတော့ မင်းကိုယ်တိုင် သွားပေးလိုက်လေ...”
နျိုနျိုလေးက လှည့်ကာ ဧကရီမယ်တော်ကြီး၏ ရင်ခွင်ထဲသို့ ပြန်လည်ခုန်ဝင်သွားပြီး ခေါင်းမော့ကာ အဘွားအို၏ မျက်နှာကို နမ်းလိုက်တော့သည်။
“မယ်မယ်ဖွားဖွား... အဖွားကသိပ်သဘောကောင်းတာပဲ... နျိုနျိုက မယ်မယ်ဖွားဖွားကို အရမ်းချစ်တာပဲ...”