← Chapters

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅ - အခွင့်အာဏာတည်ဆောက်ရန် ကူညီခြင်း

ဧကရီမယ်တော်ကြီးမှာ ကောင်မလေး၏ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် ထိုနေရာတွင်ပင် ဆွံ့အသွားရတော့သည်။

ဤအချိန်တွင် တော်ဝင်မင်းသမီးကြီးလည်း အံ့အားသင့်သွားချေသည်။ ဧကရီမယ်တော်ကြီးမှာ တိမ်တိုက်များထက်တွင် မြင့်မားစွာ စံနေသူဖြစ်ပြီး မည်သူကမျှ သူမအား ဤကဲ့သို့ ရိုင်းစိုင်းစွာ မလုပ်ရဲပေ။

နျိုနျိုလေးမှာ အသက်ခြောက်နှစ်အရွယ် ကောင်မလေးသာ ဖြစ်သော်လည်း တော်ဝင်မင်းသမီးကြီးမှာ ဧကရီမယ်တော်ကြီး ဒေါသထွက်သွားမည်ကို တွေးပြီး တွေဝေသွားလေသည်။

တော်ဝင်မင်းသမီးကြီးက နျိုနျိုလေးအတွက် မည်သို့ ဖြေရှင်းပေးရမည်နည်းဟု စဉ်းစားနေတော့၏။

အခန်းထဲတွင် ခစားနေကြသော အခြားလူများမှာလည်း နျိုနျိုလေး၏ ရဲတင်းလှသော လုပ်ရပ်ကြောင့် အလွန်ထိတ်လန့်သွားကာ ထိုနေရာတွင်ပင် အသက်အောင့်ထားလိုက်ကြပေသည်။

ရိုင်းစိုင်းစွာ ပြုမူခဲ့သော နျိုနျိုလေး အပြစ်ပေးခံရတော့မည်ဟု လူတိုင်းက ထင်နေချိန်တွင် ဧကရီမယ်တော်ကြီးက သတိပြန်ဝင်လာပြီး သူမဘေးတွင် ရပ်နေဆဲဖြစ်သော လိမ္မာရေးခြားရှိသည့် မျက်နှာလေးနှင့် မျက်လုံးကြည်ကြည်လေးများ ပိုင်ရှင် နျိုနျိုလေးကို ကြည့်လိုက်လေသည်။

“မင်းက လူတွေကို ပျော်အောင်လုပ်တတ်တာပဲ... သွားဆော့တော့လေ...”

ဧကရီမယ်တော်ကြီးက ပြုံး၍ လက်ရမ်းပြလိုက်ချေသည်။

နျိုနျိုလေးမှာ ထိုအချိန်က အခန်းထဲရှိ တင်းမာနေသော လေထုကိုပင် သတိမထားမိဘဲ ပျော်ရွှင်နေသော လိပ်ပြာလေးတစ်ကောင်ပမာ ပေါ့ပါးသော ခြေလှမ်းများဖြင့် အပြင်သို့ ပြေးထွက်သွားတော့၏။

ချက်ချင်းပင် နန်းတွင်းအစေခံမလေးတစ်ဦးက နောက်မှလိုက်သွားကာ အော်ပြောလိုက်ပေသည်။

“သခင်မလေး... ဖြည်းဖြည်းသွားပါ... ဖြည်းဖြည်းသွားပါ...”

“ကျင့်ရှု... နင့်အတွက် အရသာရှိတဲ့ အစားအစာတွေ ယူလာခဲ့တယ်...”

နျိုနျိုလေးက ဝမ်းသာအားရ မျက်နှာလေးဖြင့် ထိုမုန့်ပန်းကန်ကို ချင်ကျင့်ရှုထံသို့ ယူလာခဲ့လေသည်။

ချင်ကျင့်ရှုက ပစ္စည်းများကို လုံးဝမသိမ်းဆည်းရသေးဘဲ အခန်းတစ်ခုထဲတွင် စောင့်နေချေသည်။

နန်းတော်ထဲသို့ ဝင်လာသော ကောင်မလေးတိုင်းက ရှိုကန်းနန်းဆောင်တွင် နေရမည်မဟုတ်ပေ။ နန်းတွင်းအစေခံမလေးများက သူတို့ထံ လာရောက်ပြောပြပြီးဖြစ်ရာ သူတို့ အနားယူပြီးနောက် နန်းတော်ထဲမှ ကိုယ်လုပ်တော်များ ရောက်လာကာ သူတို့ကို ကိုယ်လုပ်တော်တစ်ပါးစီထံ ခွဲဝေချထားပေးမည်ဖြစ်ပြီး ထိုနေရာတွင် နေရမည် ဖြစ်ပေသည်။

ပြည်သူများထဲမှ ကလေးများကို ခေါ်ယူမွေးစားရာတွင်လည်း မွေးစားမိခင်များအနေဖြင့် ကလေးကို အချိန်အတိုင်းအတာတစ်ခုအထိ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး ကလေးအပေါ် စိတ်ရင်းမှန်ဖြင့် ကြင်နာရမည်။

နျိုနျိုလေး၏ အသံကို ကြားသောအခါ ချင်ကျင့်ရှု၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ရုတ်တရက် ပေါ်လာတော့၏။ နျိုနျိုလေး၏ လက်ပေါ်ရှိ မုန့်ပန်းကန်ကို မြင်သောအခါ ချင်ကျင့်ရှုမှာ ထပ်မံ၍ အံ့ဩဝမ်းသာဖြစ်သွားရပြန်ပေသည်။

“နင်တကယ် မှတ်မိနေတာပဲ... ဒါ ငါအကြိုက်ဆုံး ပဲဝါမုန့်လေး...”

နျိုနျိုလေးက သူမ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။

“ငါတို့က သူငယ်ချင်းကောင်းတွေလေ... သူငယ်ချင်းကောင်းတွေဆိုတာ ကိုယ့် သူငယ်ချင်းရဲ့ အကြိုက်ကို သေချာပေါက် မှတ်ထားရမှာပေါ့...”

သို့သော် ချင်ကျင့်ရှုက နှာခေါင်းရှုံ့ကာ တိုးတိုးလေး ပြောလိုက်ချေသည်။

“ငါ့မိဘတွေတောင် ငါဘာကြိုက်လဲဆိုတာ မမှတ်မိဘူး... အိမ်က ကိုကိုကြီးနဲ့ အဒေါ်ပဲ မှတ်မိတာ...”

နျိုနျိုလေးက ပြန်ပြောလိုက်ပေသည်။

“အရင်က လူနှစ်ယောက်ပဲ မှတ်မိပေမဲ့ အခုတော့ မှတ်မိတဲ့သူ သုံးယောက်ရှိသွားပြီလေ... တဖြည်းဖြည်း ပိုများလာမှာပေါ့...”

ချင်ကျင့်ရှုက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်တော့၏။ သူမက နျိုနျိုလေးနှင့် အတူနေရသည်ကို အလွန်သဘောကျလေသည်။ အသက်ကင်းမဲ့နေသော ရှန့်ကုန်းစံအိမ်ကြီးနှင့် ပြင်းထန်စွာ သွန်သင်ဆုံးမတတ်သော ရှန့်ကုန်းကတော်တို့နှင့် နှိုင်းယှဉ်လျှင် နျိုနျိုလေးထံတွင် လူများကို ရင်းနှီးချင်စိတ်ပေါက်စေသော စိတ်အားတက်ကြွဖွယ်ရာ တက်ကြွမှုမျိုး ရှိနေသည်ဟု သူမ ခံစားရပေသည်။

“စားလေ... ငါတို့က အခု နန်းတော်ထဲရောက်နေတာ... ဘယ်သူမှ လာမကြည့်ဘူး...”

နျိုနျိုလေးက ပျော်ရွှင်စွာ ပြောလိုက်လေသည်။

သို့သော် ကောင်မလေး စကားပြောလို့အပြီးတွင် မျက်နှာထားခပ်တည်တည်နှင့် အဘွားကြီးတစ်ဦးက သူတို့နှစ်ယောက်ဘေးတွင် ပေါ်လာချေသည်။

“လူဆိုတာ ကိုယ်ကြိုက်တာရှိရင်တောင် ထိန်းချုပ်တတ်ရတယ်... ဒါမှ ကျန်းမာရေးနဲ့ ညီညွတ်မှာ... သခင်မလေး... အပြင်မထွက်ခင်မှာ သခင်မကြီးက အကြိမ်ကြိမ် မှာကြားလိုက်ပါတယ်... နန်းတော်ထဲ ဝင်ရင်တောင်မှ အစားအသောက်ကို ဆင်ခြင်ရမယ်တဲ့...”

အဘွားကြီးက အေးစက်သော မျက်နှာဖြင့် ပြောလိုက်ပေသည်။

နျိုနျိုလေးက ထိုအဘွားကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်တော့၏။

“သူက ဘာလို့ နင့်ကို ဂရုစိုက်နေတာလဲ...”

နျိုနျိုလေး နန်းတော်ထဲ ဝင်လာစဉ်က သူမနှင့်အတူ အစေခံမလေးများ သို့မဟုတ် သူမကို ပြုစုစောင့်ရှောက်ရန် အခြားမည်သူ့ကိုမျှ ခေါ်မလာခဲ့ပေ။ နန်းတော်ထဲသို့ မည်သူမျှ သာမန်ကာလျှံကာ ဝင်ထွက်ခွင့်မရှိဟုသာ သူမ သိထားသဖြင့် အခြားသူများလည်း ထိုအတိုင်းပင်ဖြစ်မည်ဟု ထင်ထားခဲ့လေသည်။

“ဒီအဘွားကြီးက အရင်က နန်းတော်ထဲကနေ ထွက်သွားတဲ့သူလေ... မေမေက ငါ့ကို စည်းကမ်းနဲ့ ကျင့်ဝတ်တွေ သင်ပေးဖို့ သူ့ကို အိမ်ကို ခေါ်ထားတာ... အခု သူက ငါ့ကို ပြုစုဖို့ နန်းတော်ထဲ ပြန်လိုက်လာတာဆိုတော့ နန်းတော်ကလည်း သူ့ကို ခွင့်ပြုထားတယ်...”

ချင်ကျင့်ရှုက နျိုနျိုလေးအား တိုးတိုးလေး ရှင်းပြလိုက်ချေသည်။

ထိုအခါမှသာ နျိုနျိုလေးလည်း နားလည်သွားတော့သည်။ အရင်က နန်းတော်ထဲမှ ထွက်သွားဖူးသူများဖြစ်ပါက ဤတစ်ကြိမ်တွင် သူတို့နှင့်အတူ ပြန်လိုက်လာနိုင်သော်လည်း နန်းတော်မှ မည်သည့်အကျိုးခံစားခွင့်မျှ ရရှိမည်မဟုတ်ကြောင်း သူမ သိလိုက်ရပေသည်။

“ဒါပေမဲ့ နင်က သခင်မလေးလေ... နင်က သူ့စကားကို နားထောင်ရမှာလား...”

နျိုနျိုလေးက မေးလိုက်လေသည်။

ချင်ကျင့်ရှုက အနည်းငယ် ကြောက်လန့်နေဆဲ ဖြစ်၏။ ထိုစကားကို ကြားသောအခါ သူမက သတိပေးခံရသကဲ့သို့ ခံစားလိုက်ရပြီး အဘွားကြီးအား ပြောလိုက်ချေသည်။

“အရင် ထွက်သွားလိုက်ပါ... ငါနဲ့ ငါ့သူငယ်ချင်း သီးသန့်ပြောစရာရှိလို့...”

သို့သော် အဘွားကြီးက မလှုပ်ဘဲ မျက်နှာကို တင်းထားကာ အမိန့်ပေးသကဲ့သို့ ပြောလိုက်ပေသည်။

“သခင်မလေး... ကျွန်မက သခင်မလေး ကောင်းဖို့အတွက်ချည်းပဲ ပြောနေတာပါ... သူငယ်ချင်းတွေကို ဘာပဲပြောချင်ပြောချင် ကျွန်မကို ဖုံးကွယ်ထားစရာမလိုပါဘူး...”

အဘွားကြီး၏ စကားများက အလွန် မောက်မာလွန်းသော်လည်း သူမ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါက အလွန်ပြင်းထန်လှသဖြင့် သူမ ထိုနေရာတွင် ရပ်နေသည်နှင့် လူများက ပြန်လည်မခုခံရဲအောင် ဖြစ်သွားရတော့၏။

ချင်ကျင့်ရှုမှာ အသက်ခြောက်နှစ်သာ ရှိသေးလေသည်။

သခင်မလေးဖြစ်နေလျှင်တောင်မှ၊ ရင့်ကျက်နေလျှင်တောင်မှ အဘွားကြီး၏ အမူအရာကြောင့် သူမ ထိတ်လန့်သွားရချေသည်။

မည်သို့ပင်ဆိုစေကာမူ အဘွားကြီးသည် နန်းတော်ထဲတွင် အချိန်ကြာမြင့်စွာ အမှုထမ်းခဲ့သူ ဖြစ်ပေသည်။ ဤအချိန်တွင် သူမက မျက်နှာကို အနည်းငယ် မော့ကာ ပြောလိုက်လေ၏။

“ကျွန်မက အသက်ဆယ်နှစ်အရွယ်ကတည်းက နန်းတော်ထဲ ဝင်လာပြီး သခင်သုံးဆက်ကို အလုပ်အကျွေးပြုခဲ့တာ... ကျွန်မ ပြုစုခဲ့တဲ့သူတွေက မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်လီတို့ပဲ... ရှန့်ကုန်းကတော်က ကျွန်မကို သခင်မလေးကို သွန်သင်ဆုံးမပေးဖို့ တောင်းဆိုထားတာဆိုတော့ သခင်မလေး တစ်ခုခု မှားယွင်းလုပ်ဆောင်ချင်တဲ့အခါတိုင်း ကျွန်မက အကြံဉာဏ်ပေးဖို့ တာဝန်ရှိတယ်...”

သူမ၏ အထက်စီးဆန်သော စကားများ ပြီးဆုံးသွားသောအခါ ချင်ကျင့်ရှုမှာ အမှန်တကယ်ပင် စကားမပြောရဲတော့ချေ။

နျိုနျိုလေးကမူ သူမကို ခေါင်းလေးစောင်းကြည့်ကာ မေးလိုက်ပေသည်။

“ဒါဆို ဘာလို့ မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်လီကို ဆက်ပြီး အလုပ်အကျွေးမပြုတော့တာလဲ...”

အဘွားကြီးမှာ ဆွံ့အသွားရတော့သည်။

အဘွားကြီး၏ မျက်နှာမှာ သူမ၏ ဝိညာဉ်ကို ထိမှန်သွားစေသော ထိုမေးခွန်းများကြောင့် တောင့်တင်းသွားလေ၏။ ရှန့်ကုန်းစံအိမ်မှ ဒုတိယသခင်မက ကိုယ်လုပ်တော်လီထံ သူမကို ပို့ခဲ့သော်လည်း ကိုယ်လုပ်တော်လီက သူမအား နန်းတော်မှ ထွက်ခွာခွင့်ပြုခဲ့ခြင်းက သူမသည် ကိုယ်လုပ်တော်လီအနားတွင် အရေးပါသော လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေပေသည်။

နျိုနျိုလေးက ဆက်၍ မေးလိုက်ချေသည်။

“အရင်ကရော မိဖုရားခေါင်ကြီးနဲ့ ကိုယ်လုပ်တော်လီကို အခုလိုပဲ ပြုစုခဲ့တာလား ရှင်က သူတို့ရဲ့ သခင်မို့လို့လား ....”

သဘာဝကျကျပင် အဘွားကြီးက ထိုသို့ ပေါ့ပေါ့ဆဆ မပြောရဲပေ။ နောက်ဆုံးတွင် သူမက အေးစက်သော မျက်နှာဖြင့်သာ ပြောလိုက်တော့၏။

“ကိုယ်လုပ်တော်လီက အကြံဉာဏ်တွေကို နားထောင်တတ်တဲ့ သခင်မဆိုတော့ လူတွေက သူ့ကို အတင်းအကျပ် ဖျောင်းဖျစရာမလိုဘူးလေ...”

နျိုနျိုလေးက မေးလိုက်လေသည်။

“ဟုတ်လို့လား... ဒါဆို ကျွန်မ အခုပြန်သွားပြီး ကိုယ်လုပ်တော်လီကို မေးကြည့်လိုက်မယ်...”

အဘွားကြီးက နျိုနျိုလေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားမရဖြစ်သွားပေသည်။ နျိုနျိုလေး၏ စကားက အမှန်လား၊ အလကားပြောတာလားဆိုသည်ကို သူမ မခွဲခြားနိုင်ချေ။

နျိုနျိုလေးက ထပ်ပြောလိုက်ချေသည်။

“ရှင်က မိဖုရားခေါင်ကြီးကို ပြုစုဖူးတယ်လို့ ပြောတယ်နော်... အခု နန်းတော်ထဲမှာ မိဖုရားခေါင်ကြီးမှ မရှိတာ... ဧကရီမယ်တော်ကြီးကို ပြောတာလား... မယ်မယ်ဖွားဖွားက အနီးအနားမှာပဲ ရှိတာ... ကျွန်မ အခုပဲ သွားမေးလိုက်မယ်လေ...”

နျိုနျိုလေးက ထိုသို့ပြောရင်း ထကာ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်တော့၏။

ထိုစကားကို ကြားသောအခါ အဘွားကြီး၏ မျက်နှာတစ်ခုလုံး ရုတ်တရက် ထိတ်လန့်သွားလေသည်။

သူမသည် ရှန့်ကုန်းနှင့် ရှန့်ကုန်းကတော်တို့ထံမှ အကြံဉာဏ်များ ရရှိထားပြီး ချင်ကျင့်ရှုအပေါ် အကောင်းမြင်ရန်နှင့် သမီးကြီး နန်းတော်ထဲတွင် လုပ်သမျှကို ထိန်းချုပ်ရန် တောင်းဆိုခံထားရသည်မှာ အမှန်ပင်။

သခင်က အစေခံကို သခင်ထက်ကျော်လွန်သော အာဏာပေးလိုက်သောအခါ နှိမ့်ချသောစိတ်ကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အစေခံဆိုသည်မှာ အလွန်နည်းပါးလှပေသည်။

ချင်ကျင့်ရှုမှာ ငယ်ရွယ်စဉ်က အနိုင်ကျင့်ရ လွယ်ကူခဲ့ပြီး အဘွားကြီးမှာ နန်းတော်ထဲမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်လေသည်။ သဘာဝကျကျပင် သူမက အသက်အရွယ်ကြီးရင့်ပြီး ရင့်ကျက်သူ ဖြစ်ပေသည်။

ရှန့်ကုန်းနှင့် ရှန့်ကုန်းကတော်တို့သည် သူမ၏ စကားများအတွင်းရော အပြင်ပါ အရာအားလုံးကို ထိန်းချုပ်ထားပြီး ကြင်နာမှု သိပ်မရှိကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်သဖြင့် ယခုလို အချိန်တွင် ချင်ကျင့်ရှု၏ လည်ပင်းကို ခွစီးရဲခြင်း ဖြစ်တော့၏။

သို့သော် သူမ တကယ် နျိုနျိုလေးနှင့် ဆုံတွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကောင်မလေးက သူမကို ထိုးနှက်လိုက်လေသည်။

“သခင်မလေးကု... ခဏစောင့်ပါဦး... ကျွန်မ သေချာစဉ်းစားမိပါပြီ... ဘာပဲဖြစ်ဖြစ် သခင်ဆိုတာ သခင်ပါပဲ... အစေခံတွေပြောတာက အကြံပေးရုံပဲရနိုင်ပြီး သခင်လုပ်လို့မရပါဘူး...”

အဘွားကြီး၏ မျက်နှာတွင် နှိမ့်ချမှုများ ပြည့်နှက်သွားလေသည်။

နျိုနျိုလေး၏ မျက်လုံးများက အံ့ဩသွားပေသည်။ သူမက နည်းနည်းထူးဆန်းသည်ဟု ထင်ကာ မေးကြည့်ချင်ရုံသာ ဖြစ်သော်လည်း ဤအဘွားကြီးက ဤမျှလောက်အထိ ကြောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

နျိုနျိုလေးမှာ အပြစ်ကင်းစင်သူသာဖြစ်ပြီး ငတုံး မဟုတ်ပေ။ ဤလူ၏ မောက်မာသော အပြုအမူကို မြင်သောအခါ သူမက တိုက်ရိုက်ပင် မေးလိုက်တော့၏။

“ရှင်က ကျင့်ရှုကို တမင်သက်သက် အနိုင်ကျင့်နေတာမလား...”

All Chapters