အခန်း ၁၀၃
Vol. 9 Ch. 103
အခန်း။ ၁၀၃
ရီယုလန်၏ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ အံ့အားသင့်သွားကြသည်။
ဖန်သားပြင်ပေါ်တွင် "666666666666" ဟု ရေးသားထားသော မှတ်ချက်များဖြင့် ပြည့်နှက်သွားတော့သည်။
ရှေ့နေများ အမှုမှ နုတ်ထွက်သည်ကို သူတို့ မြင်ဖူးကြသော်လည်း ပြိုင်ဘက် ရှေ့နေတစ်ယောက်က နောက်ဆုံးမိနစ်တွင် ဘက်ပြောင်းသွားသည်ကိုမူ တစ်ခါမျှ မမြင်ဖူးကြပေ။
ဤသည်မှာ စစ်ပွဲတစ်ခုတွင် သူတို့ဘက်မှ စစ်ဗျူဟာမှူးက ရန်သူ့ဘက်သို့ ကူးပြောင်းသွားသည်နှင့် တူနေသည်။
ဂျင်ဒူရှေ့နေရုံးမှ ထိပ်တန်းရှေ့နေ ရီယုလန်သည် ဤသို့ ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်းမှာ မည်သူမျှ မထင်မှတ်ထားသော အရာဖြစ်သည်။
[ဟားဟား... တရားခံတွေရဲ့ မျက်နှာကို ကြည့်လိုက်ကြဦး။ သူတို့ ငှားထားတဲ့ ရှေ့နေက အမှုကနေ နှုတ်ထွက်ပြီး ထွက်ပြေးလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားတဲ့ ရုပ်မျိုးပဲ]
[မျက်နှာတွေကတော့ အကြောင်သား ဖြစ်သွားတာပဲဗျာ။ ဒီလို အလှည့်အပြောင်းမျိုးကို ဘယ်သူက ကြိုတွေးမိမှာလဲ]
[ပိုက်ဆံတောင် မမက်တော့ဘဲ ကိုယ့်အမှုသည်ကို ပြန်ဆော်တော့မယ်တဲ့...
တကယ့်ကို အလန်းစားပဲ]
[ဥပဒေလောကရဲ့ မိုက်ရူးရဲ ဂူချန်ရဲ့ အမှုမို့လို့သာ ဒီလို ဖြစ်လာတာလေ။ တခြားအမှုတွေမှာဆိုရင် ဘယ်ရှေ့နေကမှ စစ်မတိုက်ရသေးခင်တင် လက်နက်ချပြီး ထွက်ပြေးမှာ မဟုတ်ဘူး။ ဂူချန်က ပြိုင်ဘက် ရှေ့နေတွေကိုပါ လိပ်ပြာလွင့်အောင် ခြောက်နိုင်တယ်ဆိုတော့... တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ လူ့မိစ္ဆာပဲ]
အင်တာနက်အသုံးပြုသူများမှာ ဂူချန်၏ စွမ်းဆောင်ရည်ကို အထူးချီးကျူးနေကြသည်။
ရီယုလန်၏ လုပ်ရပ်ကြောင့် ဂူချန်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။ တရားခွင်အတွင်းမှာပင် ပြိုင်ဘက် ရှေ့နေက ဘက်ပြောင်းရန် ကြိုးစားနေသည်မှာ ရှားပါးလှသည်။
မန်းဒယ်လျန်က ဒေါသတကြီးဖြင့် "ရှေ့နေရီ ကျွန်တော် ပိုက်ဆံ ပိုပေးနိုင်တယ် နောက်ထပ် နှစ်သိန်း ထပ်ပေးမယ် ကျွန်တော့်ကို ကာကွယ်ပေးပါ။ ကျွန်တော် ခင်ဗျားကို ငှါးထားတာလေ။ ဒီလို ထွက်သွားလို့ မရဘူး။ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေး ပေးရလိမ့်မယ်" ဟု အော်ဟစ်သည်။
ရီယုလန်က တည်ငြိမ်စွာဖြင့် "မစ္စတာမန်းဒယ်လျန် ကျွန်မတို့ စာချုပ်က ပျက်ပြယ်ပြီးသားပါ။ စာချုပ်ပါ စည်းကမ်းအရ အမှုရဲ့ အချက်အလက်အမှန်တွေကို ကျွန်မကို ရှင်းလင်းစွာ ပြောပြရမယ်။ အခုတော့ ရှင်က ကျွန်မကို လိမ်ညာပြီး အပြစ်မရှိဘူး။ ဂူချန်က စွပ်စွဲတာလို့ ပြောခဲ့တယ်။ ဒါက စာချုပ်ကို ရှင် အရင်ဖောက်ဖျက်တာပဲ။ ဒါကြောင့် ကျွန်မက အမှုကနေ နုတ်ထွက်တာဖြစ်ပြီး ရှင်ကပဲ ကျွန်မကို လျော်ကြေးပြန်ပေးရလိမ့်မယ်" ဟု ပြန်လည် တုံ့ပြန်သည်။
ဂျင်ဒူရှေ့နေရုံး၏ ထိပ်တန်းရှေ့နေတစ်ဦးဖြစ်သူ ရီယုလန်အနေဖြင့် ဤအမှုကို ခုခံကာကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိသည်။
ခုခံရန် နေရာပင် မရှိတော့ပေ။
အကယ်၍သာ ခုခံကာကွယ်ရန် အနည်းငယ်မျှသော လမ်းကြောင်းရှိပါက သူမသည် တာဝန်ကျေပွန်စွာ လုပ်ဆောင်ပေးမည်ပင်။
သို့သော် ယခုအမှုတွင် မန်းဒယ်လျန်သည် လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် ကင်မရာမှတ်တမ်းများကို ဖျက်ဆီးခြင်း၊ အသက်ကယ်ဆယ်ရေးကို တားဆီးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဤသည်မှာ လူသတ်မှုနှင့် တူညီနေသည်။
တန်ရှင်းရန်၏ သေဆုံးမှုမှာ ကိုယ့်ကိုကိုယ် သတ်သေခြင်း ဖြစ်နိုင်သော်လည်း မန်းဒယ်လျန်၏ ပေါ့ဆမှု၊ တာဝန်မဲ့မှုတို့ကြောင့် သူမ၏ အသက်ကို ကယ်တင်နိုင်မည့် အခွင့်အရေးကို ဖျက်ဆီးပစ်ခဲ့ခြင်းပင်။
ဤအချက်က မန်းဒယ်လျန်အား တိုက်ရိုက် တာဝန်ရှိသူအဖြစ် သတ်မှတ်စေသည်။
ထိပ်တန်းရှေ့နေတစ်ဦးဖြစ်သူ ရီယုလန်အနေဖြင့် တရားမျှတမှု မရှိသော အမှုမျိုးကို မည်သို့မျှ ခုခံကာကွယ်၍ မရနိုင်တော့ပေ။
မန်းဒယ်လျန်က "ငါ မမြင်လိုက်ရပါဘူး" ဆိုပြီး ငြင်းဦးမလား ဒါမှမဟုတ် "လူသတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး" လို့ ဆင်ခြေပေးမလား ဒါမှမဟုတ်လည်း "မတော်တဆ အမှတ်မထင် လုပ်မိသွားတာပါ" ဆိုပြီး အကြောင်းပြမလား...
ဒါပေမဲ့လည်း သူဘာပြောပြော အပိုစကားတွေပဲ….
ဖြစ်ရပ်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်သော်လည်း မန်းဒယ်လျန်သည် ကိုယ့်ကိုကိုယ် အပြစ်ရှိကြောင်း ဝန်ခံခြင်း မရှိခဲ့ပေ။
မည်သို့ပင် စီရင်ချက်ချစေကာမူ ဥပဒေသည် မန်းဒယ်လျန်ကို ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်မှာ အသေအချာပင်။
ထို့ကြောင့် ရီယုလန်အနေဖြင့် ဤအမှုတွင် မည်သို့မျှ ကာကွယ်ပေး၍ မရနိုင်တော့ပေ။
ထို့အပြင် အမှုအစစ်အမှန်ကို ကြိုတင်မပြောပြဘဲ ဖုံးကွယ်ထားခဲ့ခြင်းကြောင့် ရှေ့နေများအနေဖြင့် တရားခွင်တွင် ချက်ချင်း အကြံဉာဏ်ထုတ်ကာ ခုခံပေးရန်မှာလည်း မဖြစ်နိုင်ပေ။
ဤအမှုသည် ဇောင်လဲ့လဲ့၏ အမှုနှင့် ဆင်တူသည်။
ဇောင်လဲ့လဲ့က သူမကို အဓမ္မပြုကျင့်ခံရသည်ဟု ပြောကာ ရှေ့နေကို လိမ်ညာခဲ့သည်။ တရားခွင်ရောက်မှ အမှန်တရား ပေါ်ပေါက်လာသောအခါ ရှေ့နေမှာ ဘာမှ ခုခံစရာမရှိဘဲ ဖြစ်သွားရသည်။
အမှုသည်က အမှန်တရားကို ဖုံးကွယ်ထားလျှင် ရှေ့နေသည် မည်သို့မျှ ကာကွယ်ပေး၍ မရနိုင်ပေ။
ရှေ့နေတို့သည် လူသတ်မှု၊ ခိုးမှု၊ လုယက်မှုစသည့် ရာဇဝတ်မှုများတွင် ခုခံကာကွယ်ပေးနိုင်သော်လည်း အမှုသည်က အချက်အလက်များကို ကြိုတင်မပြောပြဘဲ လိမ်ညာထားပါက ၎င်းတို့အတွက် ခုခံရန် နည်းလမ်းမရှိပေ။
ထို့အပြင် ဤအမှုသည် ရီယုလန်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။
အမှုက ဆိုးဝါးစွာ ရှုံးနိမ့်သွားပါက ရှေ့နေတစ်ဦး၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားလိမ့်မည်။ ထို့ထက်ပို၍ ရီယုလန်သည် မန်းဒယ်လျန်၏ လုပ်ရပ်ကို စိတ်ထဲမှ အလွန်ရွံရှာနေသည်။
သူမကိုယ်တိုင် မိခင်တစ်ဦးဖြစ်သည့်အတွက် တန်ကျန်းကော၏ ခံစားချက်ကို နားလည်စာနာမိပြီး အမှန်တရားကို သိရှိသွားချိန်တွင် မန်းဒယ်လျန်ဘက်မှ ကာကွယ်ပေးရန် စိတ်ကူးပင် မရှိတော့ပေ။
သူမသည် တန်ကျန်းကောဘက်မှနေ၍ တရားမျှတမှုကို ရှာဖွေပေးလိုသည်။
ရီယုလန် နုတ်ထွက်သွားသည်ကို ကြားလိုက်ရသောအခါ မန်းဒယ်လျန်မှာ ထိတ်လန့်သွားသည်။
"တရားသူကြီးမင်း ကျွန်တော် ရှေ့နေအသစ် တစ်ယောက် ထပ်ငှားချင်ပါတယ်။ ကျွန်တော့်ကို ကာကွယ်ပေးမယ့် ရှေ့နေအသစ် တစ်ယောက် လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ ရှေ့နေငှားရမ်းခွင့်ကို ပိတ်ပင်လို့ မရပါဘူး..."
မန်းဒယ်လျန်မှာ မျက်နှာပျက်ကာ အော်ဟစ်နေသည်။
သူ၏ နောက်ဆုံးမျှော်လင့်ချက်မှာ ရှေ့နေများ ဖြစ်နေခဲ့သော်လည်း ယခုအခါ ရှေ့နေသုံးဦးစလုံး ထွက်သွားကြပြီ ဖြစ်သည်။
တရားသူကြီး ရှန်ကျားရွှေက "တရားရုံးအနေနဲ့ အမှုကြားဖြတ်နေချိန်မှာ ရှေ့နေအသစ် ထပ်မံငှားရမ်းခွင့် မပေးသလို တရားခံဘက်က ရှေ့နေကိုလည်း တရားလိုဘက်ကို ကူးပြောင်းခွင့် မပြုပါဘူး" ဟု ပြောသည်။
ရီယုလန်က "ဒါဆိုရင် ကျွန်မ ပရိသတ်နေရာကနေပဲ ထိုင်ကြည့်ပါ့မယ်" ဟု ပြန်ပြောသည်။
သူမသည် ဂူချန် ဤအမှုကို မည်သို့ ကိုင်တွယ်မည်ကို စောင့်ကြည့်လိုသည်။
ဂူချန်သည် သူ့ကိုယ်ပိုင် ရှေ့နေရုံးကို ဖွင့်လှစ်ထားပြီး ဖြေရှင်းခဲ့သော အမှုများမှာ ကျော်ကြားလှသည်။
မန်းဒယ်လျန်၊ ယန်ခိုင်လုံနှင့် ကန်ဂွေကျုံးတို့မှာ မျက်နှာပျက်လျက် ရှိနေကြသည်။
ငါတို့ ငှားထားတဲ့ ရှေ့နေတွေအားလုံးက ထွက်ပြေးကုန်ကြပြီ...
အခုလို ဥပဒေအကြံပေးတစ်ယောက်မှ မရှိတော့တဲ့ အခြေအနေမှာ ငါတို့တွေ ဥပဒေလောကရဲ့ မိုက်ရူးရဲ ဂူချန်ကို ဘယ်လိုနည်းနဲ့များ ဆက်ပြီး ရင်ဆိုင်နိုင်ကြတော့မှာလဲ...