အခန်း ၃၄၀၁
Vol. 150 Ch. 3401
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၁)
ဘာသာပြန်သူ_တိမ်တိုက်
နတ်သစ်ပင်သည် လူသားဧကရာဇ်မြို့တော်၏ အုတ်မြစ် ဖြစ်ပေသည်။ နတ်သစ်ပင်၏ ကောင်းချီးကြောင့်သာလျှင် လူသားဧကရာဇ်မြို့တော်မှာ ဤနေရာကြီးထဲ နှစ်ပေါင်း သိန်းနှင့်ချီတိုင်အောင် တည်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။ နတ်သစ်ပင်သာ မရှိပါက တော်ဝင်မိသားစုမှာ ဘာဆိုဘာမျှ မဟုတ်ဟုပင် ပြော၍ ရသည်။
ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှ နတ်သစ်ပင်ဆီသို့ ဦးတည်သွားနေမှန်း သိလိုက်ရသည့်နောက် စတုတ္ထမင်းသား ထိတ်လန့်တုန်လှုပ်သွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင် ဘာလုပ်တော့မလဲဆိုသည်ကို သူ မသိပါသော်ငြား ရန်ကိုင် လုပ်မည့် အရာသည် တော်ဝင်မိသားစုအတွက် ကောင်းမွန်သည့် အရာတစ်ခု မဟုတ်သည်မှာတော့ လုံးဝကို သေချာပေသည်။
ရန်ကိုင်၏ လှုပ်ရှားမှုများကို တောက်လျှောက် စောင့်ကြည့်နေသော လူသားဧကရာဇ်မှာ ထိုသတင်းကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ပြီး နတ်သစ်ပင်ဆီသို့ အမောတကော ပြေးတော့လေသည်။ တော်ဝင်မိသားစု၏ အခြားသော အဖွဲ့သားများနှင့် ပညာရှင်များသည်လည်း လူသားဧကရာဇ်နှင့်အတူ သစ်ပင်ဆီသို့ အလူးအလဲ ပြေးသွားကြလေ၏။
တစ်ခဏအကြာ၌ နတ်သစ်ပင် အနားသို့ လူတစ်ရာကျော် ရောက်လာခဲ့ကြသည်။
သို့ပါသော်ငြား ထိုလူအားလုံးမှာ နတ်သစ်ပင်နှင့် မီတာသုံးရာခန့်အကွာတွင် ရပ်သွားကြလေသည်။
ထိုသို့ ဖြစ်ရခြင်းမှာ ဆူးချွန်များနှင့် ပြည့်နေပြီး မီးတောက်များဖြင့် လောင်မြိုက်နေသော ကျောက်တုံးလူသားကြီး တစ်ဦးသည် သူတို့၏ လမ်းကို ပိတ်ရပ်နေသည့်အတွက်ကြောင့်ပင်။ ကျောက်တုံးလူသားကြီး၏ တစ်ကိုယ်လုံးမှာ ဆူးချွန်များနှင့် ပြည့်နေပြီး ခန္ဓာကိုယ် အရွယ်အစားမှာလည်း မီတာပေါင်းများစွာ မြင့်မားလှသည်။ ထိုအပြင် ၎င်းဆီမှ ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ရပ်လည်း ဖြာထွက်နေခဲ့လေရာ ဧကရာဇ်အဆင့်ပညာရှင်များနှင့် တော်ဝင်မိသားစု အဖွဲ့ဝင်များမှာ ကျောက်တုံးလူသားကြီးကို မြင်ပြီးသည့်နောက် ကြောက်ရွံ့မှုကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားကုန်ကြလေသည်။
ထိုကျောက်တုံးလူသားသည် ရန်စလို့ကောင်းသည့် အရာမျိုး မဟုတ်မှန်း လူသားဧကရာဇ် သိပေသည်။ သို့ပါသော်ငြား ထိုကျောက်တုံးလူသား မည်သည့်နေရာမှ ထွက်လာသလဲဆိုသည်ကို သူလုံးဝ မစဉ်းစားတတ်ချေ။ ယခင်က ဤနေရာ၌ ကျောက်တုံးလူသား ရှိခဲ့ဖူးသည့် အရိပ်အယောင်ကိုလည်း လုံးဝ မတွေ့ရ။
သို့ပါသော်ငြား ယခုကဲ့သို့သော အချိန်မျိုးတွင် ကျောက်တုံးလူသားမှာ သူ့လမ်းအား ပိတ်ရပ်နေလေရာ ဤကျောက်တုံးလူသားသည် ရန်ကိုင် ခေါ်လာသည့် အရာ ဖြစ်ရမည်မှန်း လူသားဧကရာဇ် စဉ်းစားမိသွားခဲ့သည်။ ထိုအပြင် ကျောက်တုံးလူသား၏ ပုံစံကို ကြည့်ရသလောက် ကိုယ်ပိုင်အသိဉာဏ် ရှိသည့် ပုံပင်။
လူသားဧကရာဇ်မှာ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ကျောက်တုံးကိုယ်ပွားအား ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ထိုအစား ခေါင်းမော့၍သာ လှမ်းအော်ခေါ်လိုက်လေ၏။ "စီနီယာရန်၊ နောက်ကျလွန်းနေပြီလေ၊ ဘာဖြစ်လို့ ဒီတားမြစ်နေရာဆီ လာတာလဲ"
ရန်ကိုင်ကမူ လူသားဧကရာဇ်၏ အော်သံကို မကြားသည့်အလား နတ်သစ်ပင်အောက်တွင် မလှုပ်မယှက် ရပ်နေရင်းမှ သူ့လက်ကိုသာ နတ်သစ်ပင်၏ ပင်စည်ပေါ်သို့ တင်ထားခဲ့သည်။ နတ်သစ်ပင် ကိုယ်တိုင်သည်လည်း အစိမ်းရောင် တလက်လက် တောက်နေခဲ့ပြီး ရန်ကိုင်၏ အရှိန်အဝါမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော နတ်သစ်ပင်၏ အရှိန်အဝါအောက်ဝယ် စတင်၍ လှုပ်ခတ်လာခဲ့လေသည်။
တစ်ချိန်တည်း၌ ဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ်မှာ ဘေးပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေ၏။
ထိုအချင်းအရာကို မြင်သော် လူသားဧကရာဇ် မျက်နှာပျက်သွားခဲ့ပြီး သူ့လက်ကို မြှောက်၍ အရှေ့သို့ လွှဲယမ်းချလိုက်သည်။
ချက်ချင်းပဲ လူအုပ်ကြီးထဲတွင် ရှိနေသော ကျိုးယုချွမ်မှာ အရှေ့သို့ ပြေးထွက်သွားခဲ့လေ၏။ တစ်ချိန်တည်းမှာပင် ဧကရာဇ်ချီကို လှည့်ပတ်၍ သူတို့၏ လမ်းကို ပိတ်ရပ်နေသော ကျောက်တုံးကိုယ်ပွားအပေါ်သို့ လက်သီးမိုးများ ရွာချပေးလိုက်လေသည်။
တဝုန်းဝုန်း မြည်သံများနှင့်အတူ ကျိုးယုချွမ်၏ လက်သီးချက်တို့သည် ကျောက်တုံးကိုယ်ပွားအား သွားရောက် ထိမှန်လေ၏။ သို့ပါသော်ငြား ကျိုးယုချွမ် ရပ်တန့်လိုက်သည့်အခိုက် ကျောက်တုံးကိုယ်ပွားမှာ ဘာဆိုဘာမျှ မဖြစ်ကြောင်း တွေ့ရှိလိုက်ရသည့်အတွက်ကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ထိုအစား ကျောက်တုံးကိုယ်ပွားသည် အသိဉာဏ် ရှိနေသည့်ပမာ သူ့အား ပြုံးဖြီးပြလိုက်ရင်းမှ လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လာခဲ့သည်။
ကျိုးယုချွမ်၏ မျက်နှာ ဖြူရော်သွားခဲ့ပြီး သူ့လက်နှစ်ဖက်ကို သူ့အရှေ့တည့်တည့်ဝယ် ကြက်ခြေခတ်ပုံစံ ကမန်းကတန်း ကောက်ကာချလိုက်လေ၏။
ဘုန်း။
နားပင်းမတတ် ကျယ်လောင်သည့် အသံနှင့်တကွ အရိုးကျိုးသံများနှင့်အတူ ကျိုးယုချွမ်မှာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ သွေးအပွက်ပွက် အန်ထွက်ရင်း လွင့်စဉ်ထွက်လာခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း၏ မျက်နှာ ဖြူရော်သွားကုန်ကြသည်။
ကျင့်ကြံခြင်းအရဆိုလျှင် ကျိုးယုချွမ်သည် လူသားဧကရာဇ်မြို့တော်၏ ထိပ်တန်းသုံးယောက်ထဲ ပါပေသည်။ ကျန်နှစ်ဦးမှာလည်း သူနှင့် ကျင့်ကြံခြင်း အဆင့်တူသာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ကျိုးယုချွမ်မှာ လူသားဧကရာဇ်မြို့တော်၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်ဟု ပြော၍ ရသည်။ သို့ပါသော်ငြား ထိုကဲ့သို့သော ပညာရှင်တစ်ဦးသည် ဤကျောက်လူသားကြီး၏ လက်ဝါးတစ်ချက်ကိုပင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။ ဤကျောက်လူသားကြီးမှာ မည်မျှပင် အားကောင်းနေလိုက်လေသနည်း။
လူသားဧကရာဇ်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါတွင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ တစ်ပြိုင်တည်း ပြေးတက်သွားကြလေ၏။ ကျိုးယုချွမ်သည်ပင်လျှင် ဤကျောက်လူသားကြီး၏ ပြိုင်ဘက် မဟုတ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဤကျောက်လူသားကြီးနှင့် ရင်ဆိုင်လိုပါက အဖွဲ့လိုက် ရင်ဆိုင်ရုံသာ ရှိပေတော့မည်။ တစ်ဦးချင်းစီသာ သွားရင်ဆိုင်နေလျှင် သူတို့လူအားလုံး ဒဏ်ရာရရုံသာ အဖတ်တင်ပေတော့မည်။
သို့ပါသော်ငြား လူသားဧကရာဇ် ထပ်မံ၍ မလှုပ်ရှားရသေးခင်မှာပင် နတ်သစ်ပင်၏ ပင်စည်ပေါ်၌ လက်တင်ထားသော ရန်ကိုင် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။ သက်ပြင်း ယဲ့ယဲ့လေး ချလိုက်ပြီးသည့်နောက် သူ့လက်ကို ပြန်ရုပ်၍ ပြောလိုက်လေ၏။ "လူသားဧကရာဇ်၊ ကျုပ် ခင်ဗျားတို့နဲ့ စစ်ဖြစ်ချင်စိတ် မရှိဘူး၊ ကျုပ် လုပ်ချင်တာက ခင်ဗျားတို့ကို ဒီကနေ ခေါ်ထုတ်သွားချင်ရုံပဲ"
လူသားဧကရာဇ်ကမူ ပြန်၍ ပြောလိုက်လေ၏။ "စီနီယာရန်ရဲ့ စေတနာကို ဒီဧကရာဇ် နားလည်ပါတယ်၊ ဒါပေမဲ့ ဒီဧကရာဇ် ဒီကနေ ထွက်မသွားချင်ဘူး"
ရန်ကိုင်သည် လူသားဧကရာဇ်ဘက်သို့ လှည့်ကြည့်လာရင်းမှ ပြုံးကာ ပြောလိုက်လေ၏။ "အရင်ကတော့ ခင်ဗျားသာ ဒီကနေ ထွက်မသွားချင်ဘူးဆိုရင် ကိစ္စမရှိဘူး၊ ကျုပ်ကလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး၊ တကယ်တော့ မမှည့်ဘဲ ခူးတဲ့ ဖရဲသီးတွေက ချိုတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား၊ ဒီမှာနေချင်တာက ခင်ဗျားရဲ့ ဆန္ဒပဲလေ၊ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး၊ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ ခင်ဗျား ဒီကနေ ထွက်သွားချင်တယ်ဆိုရင် သွားရမယ်၊ မသွားချင်လည်း သွားရမယ်၊ ခင်ဗျားမှာ ရွေးစရာ မရှိတော့ဘူး"
လူသားဧကရာဇ်က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ "မမှည့်ဘဲ ခူးတဲ့ ဖရဲသီးတွေက မချိုဘူးလို့ စီနီယာရန်ပဲ ပြောတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ကျုပ်ကို အတင်းအကျပ် လုပ်ချင်နေရတာလဲ"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက်... "အဲဒီလို ဖရဲသီးတွေက မချိုဘူးဆိုပေမဲ့ အနည်းဆုံးတော့ ရေငတ်ပြေစေသေးတယ်လေ"
[သူ ဘာတွေလာပြောနေတာလဲ] တော်ဝင်မိသားစုများ ပျာယာခတ်နေကုန်ကြသည်။
"စီနီယာရန် တကယ် ဘာဖြစ်ချင်နေတာလဲ" လူသားဧကရာဇ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်၏ ခွန်အားမှာ လုံးဝကို မေးခွန်းထုတ်စရာ မလိုပေ။ ထိုနည်းတူစွာပင် ဤကျောက်တုံးလူသားသည်လည်း ရန်ကိုင်ကဲ့သို့ပင် အားကောင်းလှသည်။ ထိုနှစ်ဦးမှာ ဤမျှ အားကောင်းနေလေရာ ဘာကြောင့်များ လူသားဧကရာဇ်မြို့တော်ထဲရှိ လူများ၏ အကူအညီကို လိုအပ်နေရလေသနည်း။ ရန်ကိုင်၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်လေသနည်း။ သူတို့ အသုံးပြုနေသော နတ်စွမ်းအင်များဆိုလျှင်လည်း ရန်ကိုင်သည် ထိုနတ်စွမ်းအင် အားလုံးကို ကျွမ်းကျင်ထားပြီး ဖြစ်ကာ ထိုနတ်စွမ်းအင်များအပေါ် ရန်ကိုင်၏ ကျွမ်းကျင်မှုသည် တော်ဝင်မိသားစုထက်ပင် ပိုမို မြင့်မားနေပေသေးသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင် ဘာကြောင့် ယခုကဲ့သို့ လုပ်နေရသလဲဆိုသည်ကို လူသားဧကရာဇ် အမှန်တကယ်ကို နားမလည်နိုင်ခဲ့ပေ။
"အပြင်ရောက်ရင် နားလည်လာလိမ့်မယ်" ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။
လူသားဧကရာဇ်ကမူ ခေါင်းခါ၍... "စီနီယာရန်က အကြောင်းအရင်းကိုတောင် မပြောဘဲနဲ့ ကျုပ်တို့ကို အတင်း ခေါ်ထုတ်သွားချင်နေတာမျိုးကတော့ ဒီလူသားဧကရာဇ် လက်မခံနိုင်ပါဘူး၊ စီနီယာရန် ကျုပ်တို့ကို တိုက်ခိုက်ချင်လည်း တိုက်ခိုက်ပေါ့၊ ကျုပ်တို့ တော်ဝင်မိသားစုကတော့ ခုခံဖို့ ကြောက်နေမှာ မဟုတ်ဘူး၊ အဆိုးဆုံး နှစ်ဖက်စလုံး အကုန်သေကျေကြရုံပေါ့"
ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြုံး၍... "နှစ်ဖက်စလုံး အကုန်သေကျေမယ်၊ ခင်ဗျားမှာ အဲဒီလိုလုပ်နိုင်တဲ့ စွမ်းရည် မရှိပါဘူး လူသားဧကရာဇ်ရာ၊ ကျုပ် တစ်ခုခုကို ဖြစ်စေချင်တယ်ဆိုရင် အဲဒီလို ဖြစ်စေချင်တာမျိုးကို တားနိုင်တဲ့စွမ်းရည် ခင်ဗျားမှာ မရှိဘူး"
လူသားဧကရာဇ်ကမူ ပြန်၍ ပြောလိုက်လေ၏။ "ပုရွက်ဆိတ်တွေကတော့ သူတို့ ဘယ်လောက်တောင် သေးနုပ်မှန်း မသိဘဲနဲ့ အသက်ရှင်နေကြရတာကတော့ အမှန်ပဲ၊ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် တစ်ယောက်ယောက်က သူတို့ကို သွားတိုက်ခိုက်မယ်ဆိုရင် သူတို့က ဒီအတိုင်းပဲ သေမှာကို ငြိမ်ခံပြီးတော့ စောင့်နေမှာ မဟုတ်ဘူး"
ရန်ကိုင်က ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။ "အဲဒါတော့ ဟုတ်တယ်၊ အဲဒါကြောင့်ပဲ ကျုပ် ခင်ဗျားတို့ကို အခွင့်အရေးတစ်ခု ပေးနေတာ"
လူသားဧကရာဇ်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်လေသည်။ "စီနီယာရန် ဘာကိုပြောချင်နေတာလဲ"
"ကျုပ် ခင်ဗျားနဲ့ အလောင်းအစားတစ်ခု လုပ်မယ်၊ နတ်သစ်ပင်ကို ကျုပ်နဲ့အတူ ထွက်သွားဖို့ စည်းရုံးနိုင်မယ်ဆိုရင် လူသားဧကရာဇ်မြို့ထဲမှာ နေနေတဲ့ လူတွေ အကုန်လုံးကို ကျုပ်နဲ့အတူ ထွက်သွားခွင့်ပေးရမယ်"
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ကြောင်အမ်းအမ်း ဖြစ်သွားကုန်ကြလေသည်။
လူသားဧကရာဇ်၏ အမူအရာမှာလည်း အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ "ဒီတော့ စီနီယာရန်ရဲ့ ရည်ရွယ်ချက်က နတ်သစ်ပင်ပေါ့"
ရန်ကိုင် မည်သည့်အရာကို ကြံစည်နေသလဲဆိုသည်ကို လူသားဧကရာဇ်မှာ တောက်လျှောက် စဉ်းစားနေခဲ့ခြင်း ဖြစ်ပြီး ယခုမှသာလျှင် ရန်ကိုင်မှာ နတ်သစ်ပင်အား ချိန်ရွယ်နေခြင်း ဖြစ်ကြောင်းကို လူသားဧကရာဇ် သဘောပေါက်သွားတော့သည်။ [ဟုတ်တာပဲ၊ လူသားဧကရာဇ်မြို့တော်ထဲမှာ သူ့လို လူတစ်ယောက်ကို စိတ်ဝင်စားအောင် လုပ်နိုင်တဲ့ အရာဆိုလို့ နတ်သစ်ပင်ပဲ ရှိတာကို]
သို့ပါသော်ငြား ရန်ကိုင်သည်သာ နတ်သစ်ပင်အား ယူဆောင်သွားခဲ့မည်ဆိုလျှင် လူသားဧကရာဇ်မြို့တော်မှာ ဤနေရာ၌ မည်ကဲ့သို့များ ဆက်လက်တည်ရှိနိုင်ပါဦးမည်နည်း။ နတ်သစ်ပင် မရှိဘဲနှင့်သာ ဤနေရာတွင် နေနေမည်ဆိုလျှင် နတ်ဆိုးချီ၏ ကူးစက်ခြင်းခံရပြီး အကုန်လုံးမှာ နတ်ဆိုးလုံးလုံး ပြောင်းသွားကြရပေလိမ့်မည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် လူသားဧကရာဇ်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။ "အိပ်မက်သာ မက်နေလိုက်၊ ဒီနေ့ မင်းသေရင်သေ၊ မသေရင် ငါတို့ အသေပဲ၊ နတ်သစ်ပင်ကိုတော့ ယူသွားဖို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့"
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "လူသားဧကရာဇ်၊ ခင်ဗျား ကျုပ်ပြောတာကို နားလည်မှုလွဲနေပြီနဲ့ တူတယ်၊ နတ်သစ်ပင်ကို ကျုပ်နဲ့အတူ ယူသွားမယ်လို့ ပြောလိုက်တုန်းက ဒီအတိုင်းပဲ အတင်းနုတ်ယူသွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်၊ နတ်သစ်ပင်ကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းမှာ၊ နတ်သစ်ပင်က မလိုက်ချင်ဘူးဆိုရင် ကျုပ်က အတင်းနုတ်ယူနေမှာ မဟုတ်ဘူး"
"နတ်သစ်ပင်ကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းမယ်" လူသားဧကရာဇ် ကြောင်သွားခဲ့လေသည်။ "နတ်သစ်ပင်က ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်မှာလဲ၊ နတ်သစ်ပင်က လူသားဧကရာဇ်မြို့တော် တစ်ခုလုံးကို တောက်လျှောက် ကာကွယ်ပေးလာခဲ့တယ်ဆိုပေမဲ့ ဘယ်သူနဲ့မှ ဆက်သွယ်ဖူးတာ မဟုတ်ဘူး၊ နတ်သစ်ပင် အသက်ရှင်နေတာ ကျိန်းသေတယ်ဆိုရင်တောင် အသိဉာဏ်ကတော့ ရှိမှာ မဟုတ်ဘူး၊ ဒီတော့ နတ်သစ်ပင်က ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်ရမှာလဲ"
ရန်ကိုင်၏ စကားလုံးများသည် လူသားဧကရာဇ်အား လုံးဝကို ကြောင်သွားစေခဲ့လေသည်။
ရန်ကိုင်ကမူ လူသားဧကရာဇ်ကို လျစ်လျူရှု၍ နတ်သစ်ပင်ကို ကြည့်ကာ ပြောလိုက်လေ၏။ "စီနီယာချင်း၊ ကြယ်တာရာအစုအဝေးက အန္တရာယ်နဲ့ ကြုံနေရပြီ၊ နတ်ဆိုးမျိုးနွယ်စုက နောက်တစ်ကြိမ် ထပ်ပြီးတော့ ကျူးကျော်လာနေပြီ၊ ဒါကြောင့် စီနီယာချင်း၊ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ကူညီပေးဖို့ တောင်းဆိုပါတယ်"
ရန်ကိုင်၏ ပါးစပ်မှ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် မြေငလျင် လှုပ်နေသည့်အလား တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့သည်။
ထိုအသံဗလံ လှုပ်ရှားမှုများကို ခံစားမိလိုက်သော် လူတိုင်းမှာ မယုံသင်္ကာ အမူအရာများဖြင့် ထိုလှုပ်ရှားမှုများ မည်သည့်နေရာမှ ထွက်ပေါ်လာသလဲဆိုသည်ကို လှည့်ပတ် ကြည့်ရှုရှာဖွေတော့လေသည်။
ဝုန်း၊ ဝုန်း၊ ဝုန်း။
မြေပြင်များ ကွဲအက်ကုန်ပြီး အမြစ်များ အပြင်သို့ ထွက်လာလေသည်။ ထိုအမြစ်များသည် နတ်သစ်ပင်ရှိရာ နေရာ၌ စတင်စုဝေးလာကုန်ကြလေ၏။
"အား၊ နတ်သစ်ပင်" ဖုယုမှာ သူမ၏ ပါးစပ်လေးကို လက်ဖြင့် အလန့်တကြား အုပ်ရင်းမှ ထအော်လေ၏။
အခြားသူများသည်လည်း အလားတူ မှင်တက်နေခဲ့ကြလေသည်။
နတ်သစ်ပင်မှာ ရုတ်တရက်ကြီး လှုပ်ရှားလာနေခဲ့လေပြီ။ ဧကရာဇ်မြို့တော်၏ အလယ်ဗဟိုထဲ နှစ်ပေါင်း တစ်သိန်းကျော်အောင် တည်ရှိလာခဲ့သော နတ်သစ်ပင်သည် အပြင်လူတစ်ဦး၏ စကားကြောင့် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
ရုတ်တရက်ဆိုသလို အမြစ်များမှာ တစ်ချောင်းပြီးတစ်ချောင်း နတ်သစ်ပင်၏ ပင်စည်အောက်ဝယ် စတင်၍ စုဝေးလာကြသည်။ တစ်ချိန်တည်းတွင် နတ်သစ်ပင်ဆီမှ မျက်စိကျိန်းမတတ် အစိမ်းရောင်အလင်းတို့ ဖြာထွက်လာခဲ့လေရာ လူသားဧကရာဇ်မြို့တော် တစ်ခုလုံးမှာ အစိမ်းရောင်အလင်းတို့ဖြင့် တလက်လက် တောက်ပသွားကုန်ကြလေသည်။ လက်ဖက်ရည်တစ်ခွက် ဆူစာခန့် ကြာပြီးသည့်နောက်တွင် နတ်သစ်ပင်၏ အမြစ်များသည် မြေကြီးထဲမှ မြေပေါ်သို့ လုံးဝ ရောက်ရှိလာတော့လေ၏။ ထိုအခါတွင် နတ်သစ်ပင်သည် အမြစ်များကို ခြေထောက်သဖွယ် အသုံးချလျက် တရွေ့ရွေ့နှင့် ရန်ကိုင်ဆီသို့ လှမ်းလာတော့လေ၏။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ" ရန်ကိုင်က ဦးညွှတ်လိုက်လေသည်။
ဤလောကကြီးထဲတွင် လူသားဧကရာဇ်မြို့တော်ထဲ၌ ရှိနေသော နတ်သစ်ပင်၏ ဇစ်မြစ်ကို ရန်ကိုင် တစ်ဦးတည်းသာ သိထားပေသည်။ လူသားဧကရာဇ်မြို့တော်၏ တော်ဝင်မိသားစုသည်ပင်လျှင် ထိုအကြောင်းကို မသိပေ။
ရန်ကိုင် ယခင်တစ်ကြိမ် ဤနေရာသို့ လာစဉ်က လူသားဧကရာဇ်မြို့တော်ထဲ၌ ရှိနေသော နတ်သစ်ပင်သည် ရှေးခေတ်အချိန်က ရှိခဲ့သော အမြဲစိမ်းနတ်သစ်ပင်နှင့် ပတ်သက်နေရလိမ့်မည်ဟု သံသယဝင်မိခဲ့သည်။ စီနီယာချင်းသည် ထိုစဉ်က လူရိုင်းမျိုးနွယ်စု၏ သူတော်စင်တစ်ပါး ဖြစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွင် သူ့အသက်ကို စတေး၍ ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းကို ချိတ်ပိတ်ပစ်ခဲ့လေသည်။ ထိုမြင်ကွင်းကို ရန်ကိုင် ကိုယ်တိုင် မြင်ခဲ့ရခြင်း ဖြစ်သည်။ ယနေ့ မြောက်ဘက်နယ်မြေထဲ၌ ရှိနေသော ရေခဲနယ်မြေသည် ရှေးခေတ်လူရိုင်းမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်စုတို့ နောက်ဆုံးစစ်ပွဲအား ဆင်နွှဲခဲ့သည့် စစ်မြေပြင်ကြီး ဖြစ်လောက်ပေသည်။ သို့ပါသော်ငြား နှစ်တစ်သိန်းကျော် ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤနေရာသည် နောက်ဆုံးစစ်ပွဲ ဖြစ်ပွားခဲ့သည့် စစ်မြေပြင် တကယ် ဟုတ်မဟုတ်ကို ရန်ကိုင်လည်း တပ်အပ် မပြောနိုင်တော့ပေ။
စီနီယာချင်းမှာ ထိုစဉ်က လုံးဝသေဆုံးသွားခဲ့ခြင်း မရှိဘဲ ညချင်း၏ အသက်ဓာတ်စွမ်းအင် အချို့မှတစ်ဆင့် လူ့လောကကမ္ဘာကြီးထဲ နတ်သစ်ပင် တစ်ပင်အဖြစ် ပြန်ပေါက်လာခဲ့ပြီး ထိုနတ်သစ်ပင်သည် လူသားဧကရာဇ်မြို့တော်ကို နှစ်ပေါင်းတစ်သိန်းတိုင်တိုင် ကာကွယ်ပေးနေခဲ့ခြင်း ဖြစ်လောက်ပေသည်။ ရှင်းရှင်းပြောရသော် လက်ရှိ နတ်သစ်ပင်မှာ စီနီယာချင်း၏ ဆန္ဒနှင့် အသက်ကို ဆက်လက်ကိုယ်စားပြုနေသော သစ်ပင်တစ်ပင် ဖြစ်သည်ဟု ပြော၍ ရသည်။
စီနီယာချင်း ကိုယ်တိုင်သည် ကမ္ဘာနှစ်ခုအကြားရှိ လမ်းကြောင်းကို ချိတ်ပိတ်ပစ်နိုင်ရန်အတွက် သူ့ကိုယ်သူ စတေးဖို့ရာ ဝန်လေးနေခဲ့ခြင်း မရှိလေရာ စီနီယာချင်း၏ ဆန္ဒကို ကိုယ်စားပြုနေသော ဤနတ်သစ်ပင်သည် နတ်ဆိုးမျိုးနွယ်စု ကြယ်တာရာအစုအဝေးထဲ သောင်းကျန်းမည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေပါမည်နည်း။ ရန်ကိုင်သည် ထိုအကြောင်းကို နတ်သစ်ပင်အား အစောကြီးကတည်းက အကြောင်းကြားထားပြီးသားပင်။
သူ့ခန့်မှန်းချက်မှာလည်း မှန်ကန်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင် မျှော်မှန်းထားသည့်အတိုင်း နတ်သစ်ပင်သည် ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို လုပ်လာခဲ့သည်။
"နတ်သစ်ပင်က ကိုယ်ပိုင်အသိဉာဏ် ရှိတာလား" လူသားဧကရာဇ် ငေးကြောင်ကြောင် အမူအရာဖြင့် ရေရွတ်လိုက်သည်။
တော်ဝင်မိသားစုဝင်များနှင့် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များသည်လည်း ဘာဆိုဘာမျှ မပြောနိုင်ခဲ့ကြဘဲ ကြောင်တောင်တောင် ဖြစ်နေကုန်ကြလေသည်။
"ကဲ၊ အခု ဘာပြောဦးမလဲ" ရန်ကိုင်သည် လူသားဧကရာဇ်ကို ကြည့်၍ ပြောလိုက်သည်။
လူသားဧကရာဇ်မှာ ရုတ်တရက်ဆိုသလို နှစ်ပေါင်းရာချီ ပိုမို အိုစာသွားသည့်ပမာ ဖြစ်သွားခဲ့လေ၏။ သူ၏ မျက်လုံးထဲဝယ် မကျေနပ်ချက်နှင့် ကူကယ်ရာမဲ့မှုတို့ကို အထင်းသား မြင်နေခဲ့ရသည်။ သူ့အား ဤလောကကြီးထဲမှ ခေါ်ထုတ်သွားရန် ကြိုးစားနေသော ရန်ကိုင်အပေါ် လူသားဧကရာဇ်မှာ အမှန်တကယ်ကို မကျေနပ်ပေ။ ရန်ကိုင် ပြောသကဲ့သို့ပင် တော်ဝင်မိသားစုသည် ဤနေရာ၌ အရှင်သခင်များ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းမှာ အမြင့်ဆုံး မဟုတ်လျှင်ပင် တော်ဝင်မိသားစု ဖြစ်နေသည့်အတွက်ကြောင့် လူသားဧကရာဇ်မြို့တော်၌ အမြင့်မြတ်ဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။ သို့ပါသော်ငြား အပြင်ဘက်သို့သာ ရောက်သွားခဲ့မည်ဆိုလျှင် တော်ဝင်မိသားစုမှာ ဘာဆိုဘာမျှ ပြောပလောက်တော့မည် မဟုတ်ပေ။
လူသားဧကရာဇ် ကူကယ်ရာမဲ့ရသည့် အချက်မှာတော့ နတ်သစ်ပင်မှ ကိုယ့်ဘာသာကိုယ် ရွေးချယ်လာခဲ့ခြင်းပင်။ သစ်ပင်ကိုယ်တိုင်က ဤနေရာမှ ထွက်သွားရန် ရွေးချယ်လာခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် တော်ဝင်မိသားစုအနေဖြင့်လည်း ဤနေရာ၌ ဆက်နေ၍ မဖြစ်တော့ပေ။ နတ်သစ်ပင်သာ ရှိမနေပါက တော်ဝင်မိသားစုမှာ တော်ဝင်မိသားစု မဟုတ်တော့။
"မင်း လူသားဧကရာဇ်မြို့တော်ကို ဖျက်ဆီးပစ်လိုက်တာပဲ" လူသားဧကရာဇ်သည် အံကို တင်းတင်းကြိတ်ရင်းမှ ရန်ကိုင်အား စိုက်ကြည့်နေလိုက်လေသည်။
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "လူသားဧကရာဇ်၊ ခင်ဗျား မှားနေပြီ၊ ကျုပ်က လူသားဧကရာဇ်မြို့တော်ကို ဖျက်ဆီးပစ်နေတာ မဟုတ်ဘူး၊ မဖျက်ဆီးဘဲနဲ့ ပြန်ဆောက်လို့မှ မရတာ၊ ကျုပ်က ခင်ဗျားတို့ကို ပြန်လည်မွေးဖွားဖို့ အခွင့်အရေး အသစ်တစ်ခု ပေးနေရုံပဲ”