အခန်း ၃၄၀၂
Vol. 150 Ch. 3402
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၂)
ဘာသာပြန်သူ_တိမ်တိုက်
"စီနီယာရန်က တကယ်ကို မရမက လုပ်ချင်နေတာ" လူသားဧကရာဇ်သည် ရန်ကိုင်အား ဝမ်းနည်းတကြီးဖြင့် ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "ကျုပ်မှာလည်း ရွေးချယ်စရာ မရှိတော့ဘူးလေ" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ ပြောလိုက်၏။ "ဒါပေမဲ့ လူသားဧကရာဇ် စိတ်ပူမနေနဲ့၊ အပြင်ရောက်သွားမယ်ဆိုရင်တောင် ခင်ဗျားတို့ တော်ဝင်မိသားစုကို အခြားသူတွေနဲ့ မတူဘဲ ထူးထူးခြားခြားကို ဆက်ဆံပေးမှာ၊ ဒီတော့ ချောင်ထိုးထားခံရမဲ့ အရေးကို ခင်ဗျားတို့ စိတ်ပူနေစရာ မလိုဘူး" ရန်ကိုင်သည် ဤဒုလောကကမ္ဘာကြီးဆီသို့ တော်ဝင်မိသားစုအတွက် အထူးတလည် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ လက်ရှိ အခိုက်အတန့်တွင် တော်ဝင်မိသားစု အားလုံးမှာ အရည်အချင်းပြည့်မီပြီးသား မှော်ဆရာများ ဖြစ်ကြသည်။ အထူးသဖြင့် ဒုတိယမင်းသမီးနှင့် တတိယမင်းသားတို့ဆိုလျှင် မှော်ဘုရင်များ ဖြစ်ကြပေသည်။ လူသားဧကရာဇ် ကိုယ်တိုင်မှာမူ အဆင့်မြင့် မှော်ဘုရင်တစ်ပါး ဖြစ်ပေသည်။ သူတို့အားလုံး၏ အကူအညီဖြင့်သာဆိုပါက ကြယ်တာရာအစုအဝေးဘက်၌ အကျအဆုံး အတော်လေး နည်းသွားပေလိမ့်မည်။
ရန်ကိုင်သည် မူလကတည်းက တော်ဝင်မိသားစုအား ဤနေရာမှ ခေါ်ထုတ်သွားရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်လေသည်။
လူသားဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ သက်ပြင်းချ၍ ပြန်မေးလိုက်လေသည်။ "စီနီယာရန် ဒီလောကကြီးထဲကို လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရမှန်း ဒီဧကရာဇ် သိပြီးသား၊ ဒါပေမဲ့ လူသားဧကရာဇ်မြို့တော်ထဲမှာ လူဘယ်လောက် ရှိလဲဆိုတာကို စီနီယာရန် သိလား"
ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။ "ကျုပ် ဒီမှာရှိနေတဲ့ လူတွေ အကုန်လုံးကို ခေါ်ထုတ်မသွားနိုင်မှာကို လူသားဧကရာဇ် စိတ်ပူနေစရာ မလိုဘူး၊ ဒီလူသားဧကရာဇ်မြို့ တစ်မြို့တည်း မပြောနဲ့၊ ဒီလိုမြို့ပေါင်း တစ်ရာလောက် ရှိနေမယ်ဆိုရင်တောင် ကျုပ် အကုန် ခေါ်သွားပေးလို့ရတယ်"
တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ ကျင့်ကြံရေးကြယ်များကို ဝါးမျိုပြီးသည့်နောက် လောကဓာတ်လုံး၏ အရွယ်အစားမှာ သိသိသာသာကို ကြီးမားလာခဲ့သည်။ ယခုဆိုလျှင် လောကဓာတ်လုံးထဲ ဘီလီယံပေါင်းများစွာသော လူသားများ နေထိုင်ကြလေရာ ထိုအရေအတွက်နှင့် ယှဉ်လိုက်သော် လူသားဧကရာဇ်မြို့တော်ထဲရှိ လူအရေအတွက်မှာ မပြောပလောက်တော့ပေ။
လူသားဧကရာဇ်မှာမူ အံ့အားသင့်သွားဟန်ဖြင့်... "စီနီယာရန်မှာ ဒီကလူတွေ အားလုံးကို ခေါ်ထုတ်သွားနိုင်မဲ့ နည်းလမ်း တကယ် ရှိနေတာလား"
လူသားဧကရာဇ်မြို့တော်ထဲတွင် နေထိုင်နေသည့် လူအရေအတွက်မှာ သန်းနှင့်ချီပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကို သုံး၍ သူတို့ အားလုံးအား ဤနေရာမှ ခေါ်ထုတ်သွားမလဲဆိုသည်ကို လူသားဧကရာဇ် လုံးဝ မစဉ်းစားတတ်တော့ပေ။
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "အဲဒါဆိုရင်တော့ လူသားဧကရာဇ် သေသေချာချာ စောင့်ကြည့်ထားလိုက်၊ ကျုပ် ဒီကလူတွေ ခေါ်သွားလို့ လူတစ်ယောက် ကျန်ခဲ့မယ်ဆိုရင်တောင် လူသားဧကရာဇ် ကျုပ်နဲ့ သူသေကိုယ်သေ တိုက်ခိုက်လို့ရတယ်၊ ကျုပ် ဘာမှပြောနေတော့မှာ မဟုတ်ဘူး"
ရန်ကိုင်က ထိုကဲ့သို့ ပြောလာပြီ ဖြစ်သည့်အတွက်ကြောင့် လူသားဧကရာဇ်မှာ ဘာများ ပြန်ပြောနိုင်ပါတော့မည်နည်း။ လူသားဧကရာဇ်မှာ ဤနေရာမှ ထွက်မသွားချင်သည့်အတွက်ကြောင့်သာ အမျိုးမျိုး အကြောင်းပြချက် ပေးနေခြင်းသာ ဖြစ်ပေသည်။ သို့ပါသော်ငြား ယခုအချိန်တွင် နတ်သစ်ပင် ကိုယ်တိုင်က ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်ထားပြီ ဖြစ်လေရာ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ နတ်သစ်ပင် မရှိလျှင် လူသားဧကရာဇ်မြို့တော်လည်း ရှိတော့လိမ့်မည် မဟုတ်။
ထိုအကြောင်းကြောင့် ကူကယ်ရာမဲ့စွာဖြင့် ပြန်၍ မေးလိုက်လေ၏။ "စီနီယာရန် ဘယ်အချိန် ထွက်သွားဖို့ ဆုံးဖြတ်ထားလဲ"
တော်ဝင်မိသားစု သဘောတူလိုက်သည်ကို မြင်သော် ရန်ကိုင် စိတ်သက်သာရာရသွားတော့သည်။ ဖြစ်သာဖြစ်နိုင်လျှင် သူ့အနေဖြင့် တော်ဝင်မိသားစုအား ပွင့်ပွင့်လင်းလင်းကြီး ရန်မစလိုပေ။ တကယ်တော့ အပြင်ဘက်သို့ ရောက်လျှင် သူ့အနေဖြင့် တော်ဝင်မိသားစုအပေါ် အားကိုးရလိမ့်ဦးမည် ဖြစ်သည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် သူတို့ နှစ်ဦးသားကြားရှိ ဆက်ဆံရေးမှာ အလွန်အမင်း ဆိုးရွားနေလျှင် မကောင်းတော့ပေ။ သို့ပါသော်ငြား ယခုကိစ္စကြောင့် တော်ဝင်မိသားစုမှာ သူ့အား အမြင်ကြည်လိမ့်မည် မဟုတ်မှန်းလည်း ရန်ကိုင် သိနေခဲ့သည်။
မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်အနေဖြင့် သူနှင့် တော်ဝင်မိသားစုအကြားရှိ ဆက်ဆံရေးကို ထိုမျှ ဂရုစိုက်နေစရာ မလိုပေ။ အကြောင်းမှာ အပြင်ဘက်သို့ ရောက်ပါက မဟာဧကရာဇ်များ ရှိနေသည် ဖြစ်လေရာ မဟာဧကရာဇ်များမှာ တော်ဝင်မိသားစုအား ရိုကျိုးသွားအောင် လုပ်ပေးလိမ့်မည် ဖြစ်သည့်အတွက်ကြောင့် တော်ဝင်မိသားစုမှာ ယခုကဲ့သို့ ဆက်၍ ခေါင်းမာနိုင်လိမ့်ဦးမည် မဟုတ်ပေ။
"စောလေ ကောင်းလေပဲ၊ လူသားဧကရာဇ် မြို့ထဲက လူတွေကို အခုချက်ချင်း အထုပ်အပိုးပြင်ဖို့ အမိန့်ပေးလိုက်ရင်တော့ ပိုကောင်းတာပေါ့"
လူသားဧကရာဇ်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ အဲဒါဆိုရင် ဒီဧကရာဇ် အခုချက်ချင်းပဲ အမိန့်ပေးလိုက်မယ်၊ သုံးရက်ကြာရင် စီနီယာရန်နဲ့အတူ ဒီကနေ ထွက်သွားကြတာပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ် လူသားဧကရာဇ်" ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။
ထို့နောက်တွင် လူသားဧကရာဇ်သည် တော်ဝင်မိသားစုဝင်များ အစောင့်များနှင့်အတူ ပြန်ထွက်သွားကြလေသည်။ ရန်ကိုင်ကမူ နတ်သစ်ပင်နှင့် တစ်ခဏမျှ ဆက်လက်၍ ဆက်သွယ်နေပြီးသည့်နောက် ပြန်ထွက်လာခဲ့လေ၏။
ယခင်နေသည့် ဧည့်ခန်းမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ကျိုးယုချွမ်သည် ရန်ကိုင်အတွက် နောက်ထပ် အခန်းသစ် တစ်ခန်းကို ပြန်လည်ပြင်ဆင်ပေးထားလေသည်။ ကျိုးယုချွမ်မှာ ကျောက်တုံးကိုယ်ပွားကြောင့် ဒဏ်ရာရသွားပါသော်ငြား ထိုဒဏ်ရာမှာ သိပ်၍ မပြောပလောက်ပေ။ ရက်အနည်းငယ်ခန့် အနားယူလိုက်ရုံဖြင့် ပြန်ကောင်းသွားပေလိမ့်မည်။ ထိုအပြင် လူသားဧကရာဇ်မှာ ဤကမ်းလှမ်းချက်ကို သဘောတူလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ကျိုးယုချွမ်မှာ ယခင်ကထက်ကို ပို၍ စိတ်အားတက်ကြွနေခဲ့လေ၏။
လူသားဧကရာဇ်မြို့တော်ထဲ လူပေါင်းသန်းနှင့်ချီကာ နေထိုင်ကြပေသည်။ ထို့ကြောင့် ထိုလူများအနေဖြင့် ချက်ချင်း အထုပ်အပိုးပြင်၍ ထွက်သွားဖို့ရာ မဖြစ်နိုင်ပေ။ လူသားဧကရာဇ်အနေဖြင့် အခြားသော ကိစ္စများကို ကိုင်တွယ်စီမံဖို့ရာလည်း လိုအပ်ပေသေးသည်။ ထိုအပြင် မြို့သူမြို့သားများအဖို့ အထုပ်အပိုးများကို ပြင်ဆင်ကာ ပိုင်ဆိုင်မှုများကို သေသေချာချာ သယ်ယူသွားရန်လည်း လိုအပ်ပေသေး၏။ ထိုအကြောင်းကြောင့် သုံးရက်မှာ အနည်းဆုံး လိုအပ်ချက် ဖြစ်ပေသည်။
ရန်ကိုင်မှာ အားလပ်နေစဉ် အတောအတွင်း လောကဓာတ်လုံးထဲသို့ ဝင်ကာ အသစ်ရောက်လာမည့် ဧည့်သည်များအတွက် နေစရာထိုင်စရာ နေရာတစ်ခု ပြင်ဆင်ပေးနေလေ၏။ လတ်တလော ထိုလူများ လောကဓာတ်လုံးထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်သည် ထိုလူများအား ခဏလေးအတွင်း အပြင်သို့ ပြန်ထုတ်ပေးလိမ့်မည် မဟုတ်ပေ။ တကယ်တော့ သန်းနှင့်ချီသော လူများအတွက် နေစရာ ထိုင်စရာ စီစဉ်ပေးဖို့ရာမှာ လွယ်ကူလှသည်မှ မဟုတ်လေဘဲ။ သို့ပါသော်ငြား လောကဓာတ်လုံးမှာ ရန်ကိုင်၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝ ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည်သာ ဆန္ဒရှိပါက ထိုလူများ နေဖို့ရာအတွက် ပြင်ဆင်ပေးရန် ထိုမျှ မခက်လှပေ။
ရန်ကိုင်၏ အတွေးတစ်ချက်နှင့် မြေပြင်များ တုန်ခါလာခဲ့ပြီး မြို့သစ် တစ်မြို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ အပေါ်ယံ ရှပ်ကြည့်လိုက်မည်ဆိုလျှင် ထိုမြို့မှာ လူသားဧကရာဇ်မြို့တော်နှင့် ဆင်တူသယောင် ထင်ရပါသော်ငြား ရန်ကိုင်၏ ကိုယ်ပိုင်ဟန်ပန်များလည်း မြို့ထဲရှိ အဆောက်အဦးများထဲ ရောယှက်ပါဝင်နေပေသည်။
ရန်ကိုင်သည် သုံးရက် အတောအတွင်း နားနေရာမှ အပြင်သို့ ထွက်၍ လူသားဧကရာဇ်မြို့တော်ကို ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းစစ်ဆေးကြည့်သည်။ မြို့ထဲရှိ အဆောက်အဦးများ ပုံစံကို စစ်ဆေးကြည့်ပြီးသည့်နောက် လောကဓာတ်လုံးထဲသို့ ပြန်ဝင်ကာ သူ အသစ် ဆောက်လုပ်ထားသော မြို့ပုံစံကို ပြန်ပြင်လေသည်။
နှစ်ရက်အတွင်းမှာပင် လူသားဧကရာဇ်မြို့တော် အသစ်မှာ ပြီးဆုံးပြည့်စုံသွားခဲ့သည်။ ထိုမြို့သည် ကောင်းမွန်လှသည့် မြေသားထုပေါ်တွင် တည်ရှိနေပြီး အနီးအနားတွင် အခြားသော မြို့များလည်း ရှိနေကြပေသည်။ ထိုအကြောင်းကြောင့် လူသားဧကရာဇ်မြို့တော်ထဲရှိ မြို့သူမြို့သားများအနေဖြင့် ဤနေရာသို့ ရောက်လာပြီးသည့်နောက် အထီးကျန်နေရလိမ့်မည် မဟုတ်ပေ။
ညတစ်ညဝယ် ရန်ကိုင်မှာ လူသားဧကရာဇ်မြို့တော် အသစ်ကို ဆောက်လုပ်နေစဉ် အတောအတွင်း တံခါးခေါက်သံကို ကြားလိုက်ရသည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်၏ မျက်နှာအထက် ထူးထူးဆန်းဆန်း အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် လုပ်လက်စ အလုပ်ကို ရပ်၍ အော်ပြောလိုက်လေ၏။ "ဝင်လာခဲ့"
အခန်းတံခါး ပွင့်သွားခဲ့ပြီး လှပလှသည့် ပုံရိပ်တစ်ခုသည် လင်ပန်းတစ်ချပ်ကို ကိုင်ရင်းမှ အထဲသို့ ဝင်လာခဲ့သည်။ ထိုလူသည် အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်အား ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။ "စီနီယာရန်"
"မင်းသမီးယု" ရန်ကိုင်သည် မင်းသမီးယုအား စိုက်ကြည့်ရင်းမှ မေးလိုက်လေ၏။ "ညသန်းခေါင်ကြီး ကျုပ်ဆီကို ဘာဖြစ်လို့လာလဲ သိလို့ရမလား"
ယခုတစ်ကြိမ် ရန်ကိုင်ဆီသို့ ရောက်လာသည့် လူမှာ လူသားဧကရာဇ်၏ ဒုတိယသမီး ဖြစ်သော မင်းသမီးယုမှ လွဲ၍ အခြားမဟုတ်ပေ။ မင်းသမီးယု၏ အရည်အချင်းမှာ အမှန်တကယ်ကို မဆိုးလှ။ သူမသည် မှော်ဘုရင်တစ်ပါး ဖြစ်သလို ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် တတိယမင်းသားထက် ပို၍ အားကောင်းသည်ဟု ပြော၍ ရသည်။
ယနေ့တွင် ဖုယုမှာ ကောင်းကောင်းမွန်မွန် ဝတ်စားထားခဲ့သည်။ သူမ ဝတ်ဆင်ထားသည့် အစိမ်းဖျော့ရောင် ဝတ်ရုံသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ထင်ထင်ရှားရှား ပေါ်လွင်နေစေခဲ့လေရာ မင်းသမီးယုမှာ ယခင်နေ့များထက် တစ်မျိုးတစ်မည် ပိုမို စွဲမက်ဖွယ် ကောင်းနေခဲ့လေသည်။ သူမ၏ နှင်းဖြူရောင် ရင်အစုံမှာလည်း အဝတ်ကြားမှ မသိမသာလေး ဟနေသည့်အတွက်ကြောင့် မြင်သူများအဖို့ ရင်ခုန်စရာပင်။ ထိုအပြင် သူမ ကိုယ်မှ ထွက်နေသည့် သင်းရနံ့လေးကို နမ်းရှိုက်ကြည့်လိုက်မည်ဆိုပါက မင်းသမီးယုသည် မကြာသေးခင်ကမှ ရေချိုးထားပြီးကြောင်း ခန့်မှန်းမိပေလိမ့်မည်။
ရန်ကိုင်၏ အမေးကို ကြားသော် ဖုယုသည် လင်ပန်းကို ကိုင်၍ ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင် အရှေ့တည့်တည့်ရှိ စားပွဲပေါ်တွင် လင်ပန်းကို ချလိုက်သည်။ လင်ပန်းပေါ်ရှိ အစားအစာများကို စားပွဲပေါ်သို့ တစ်ခုချင်း ချပေးနေရင်းမှ ဖုယုက ပြောလိုက်လေသည်။ "စီနီယာ လွန်ခဲ့တဲ့ ရက်တွေတုန်းက အခန်းထဲကနေ သိပ်အပြင်မထွက်တာတွေ့လို့ ယုအာ ကိုယ်တိုင် ဟင်းချက်ပြီးတော့ စီနီယာဆီ ယူလာပေးတာပါ၊ စီနီယာ ကြိုက်မကြိုက် မြည်းကြည့်ပါဦး"
ဟင်းပွဲများကို စားပွဲခုံပေါ်တွင် ချပေးနေစဉ် အတောအတွင်း မင်းသမီးယုမှာ သူမ၏ ခန္ဓာကိုယ်ကို ကိုင်းထားခဲ့လေရာ ရင်ဘတ်ကြားမှာ မသိမသာလေး ပေါ်နေခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ မင်းသမီးယု၏ တောင်ကြားကို လှမ်း၍ မြင်နေရလေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် ဖြစ်နေတော့သည်။
[အကြမ်းနည်း မရတော့ အနုနည်း လာသုံးတာလား]
လူသားဧကရာဇ်မှာ ရန်ကိုင်အား လုံးဝ ဖျောင်းဖျ၍ ရတော့လိမ့်မည် မဟုတ်မှန်း သိနေခဲ့သည်။ သို့ပါသော်ငြား အပြင်ဘက်သို့ ရောက်သွားပါက သူတို့၏ ဘဝများ အခြေအနေ ဆိုးသွားမည်ကို စိတ်ပူနေရလေ၏။ ထိုအကြောင်းကြောင့်သာလျှင် ဤကဲ့သို့ နည်းလမ်းမျိုးကို သုံး၍ ရန်ကိုင်အား သူတို့ဘက် ပါလာအောင် ဆွဲဆောင်ထားခြင်း ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက မင်းသမီးဖုယုကဲ့သို့သော လူမျိုးသည် ယခုကဲ့သို့သော အလုပ်မျိုးကို လုပ်မည်လား။ ရှင်းရှင်းပြောရလျှင် မင်းသမီးဖုယုနှင့် ရန်ကိုင်မှာ တစ်ဦးနှင့်တစ်ဦး အတော်လေးကိုမှ ကြည့်မရသည့် လူများ ဖြစ်ကြပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ "မင်းသမီးယုက တကယ်ကို စဉ်းစားတတ်တာပဲ၊ ဒါပေမဲ့ မင်းသမီးယု အဲဒီလိုမျိုး ဟင်းချက်တတ်တယ်ဆိုတဲ့အကြောင်း သိရတာတော့ တကယ်ကို အံ့အားသင့်စရာပဲ"
ဖုယုမှာ ရန်ကိုင်အား ကြည့်ရင်းမှ ပြုံးကာ ပြန်ပြောလိုက်လေ၏။ "စီနီယာ အကြိုက်မတွေ့မှာကိုဘဲ စိတ်ပူနေတာပါ" ထိုသို့ပြောပြီးသည့်နောက် ကရားကို ကောက်ကိုင်၍ ရန်ကိုင်အတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ "စီနီယာ တစ်ချက် မြည်းကြည့်ပါဦး"
ရန်ကိုင်သည် တူကို ကောက်ကိုင်၍ အစားအသောက်များကို တစ်ချက် မြည်းလိုက်ပြီးသည့်နောက် ဖုယု ပေးလာသော ခွက်ထဲမှ အရက်ကို မြည်းစမ်းလိုက်လေသည်။ ရန်ကိုင် တစ်ခွက် ကုန်သွားပြီးသည့်နောက်တွင် ဖုယုမှာ ရန်ကိုင်အတွက် နောက်ခွက်တစ်ခွက် ထပ်ငှဲ့ပေးကာ အစားအသောက်များကိုလည်း ရန်ကိုင် အဆင်ပြေပြေ စားသောက်နိုင်စေရန်အတွက် တောက်လျှောက်ကို ဘေးနားတွင် ရပ်ကာ ကူညီပေးနေခဲ့လေ၏။
ငါးကြိမ် ငါးခါခန့် စားသောက်ပြီး သုံးကြိမ် သုံးခါခန့် သောက်ပြီးသွားသည့်နောက်တွင် အခန်းထဲရှိ အခြေအနေမှာ ယခင်ကလောက် တင်းကျပ်နေခြင်း မရှိတော့ပေ။ ရန်ကိုင်မှာ ယခင်ကကဲ့သို့ ပြောရဆိုရ လက်ပေါက်ကတ်လွန်းလှသည့် လူမျိုး မဟုတ်ဘဲ အတော်လေးကိုမှ ပြောရဆိုရ လွယ်ကူသည့် လူတစ်ဦး ဖြစ်ကြောင်းကိုလည်း ဖုယုမှာ သတိထားမိသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရဲရဲတင်းတင်းပင် မေးလိုက်တော့လေ၏။ "စီနီယာ အပြင်လောကကြီးက ဘယ်လိုမျိုးလဲ၊ ယုအာ အပြင်ကို တစ်ခါမှ မရောက်ဖူးတော့ နည်းနည်းစိတ်ပူနေလို့"
ရန်ကိုင်သည် တူကို စားပွဲပေါ် ပြန်ချလိုက်ရင်းမှ ပြုံးကာ ပြောလိုက်လေ၏။ "နင် ဘာကိုကြောက်နေတာလဲ"
ဖုယုသည် ယဲ့ယဲ့လေး ပြုံးရင်းမှ ပြန်၍ မေးလိုက်လေသည်။ "ယုအာ ကြားတာတော့ အပြင်ဘက်မှာ အချင်းချင်း သဘောမတူတာတွေ ရှိရင် ထပြီးတော့ တိုက်ခိုက်တတ်ကြတဲ့ ကြောက်ဖို့ကောင်းတဲ့လူတွေ အများကြီးပဲတဲ့၊ ယုအာရဲ့ ကျင့်ကြံခြင်းက နိမ့်နေတော့ အပြင်ဘက် ရောက်သွားရင် ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်မှာကို စိတ်ပူလို့ပါ"
ရန်ကိုင်က အော်ရယ်မော၍ ရှင်းပြလိုက်လေသည်။ "အဲဒီလို ကြောက်ဖို့ကောင်းတဲ့ လူတွေကတော့ အပြင်မှာ အများကြီးပဲ၊ ဟုတ်တယ်၊ သဘောမတူတာတွေ၊ ပစ္စည်းလုတာတွေ၊ အချင်းချင်း စကားများကြရင်းနဲ့ တိုက်ခိုက်ကြတဲ့လူတွေလည်း အများကြီးပဲ"
ဖုယု၏ မျက်နှာ ရုတ်ချည်း ဖြူရော်သွားခဲ့လေသည်။ "ကောလာဟလတွေက တကယ်ကြီး အမှန်တွေလား"
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ဒါပေမဲ့ မင်းသမီးယု အဲဒီကိစ္စတွေနဲ့ စိတ်ပူစရာ မလိုဘူး၊ မင်းသမီးယုရဲ့ ကျင့်ကြံခြင်းက ထိပ်တန်းနဲ့ အလယ်ကြားထဲမှာ ရှိတယ်လို့ ပြောလို့ရတယ်၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က လုံလောက်ပြီးသား"
"ထိပ်ဆုံးနဲ့ အလယ်ကြား၊ သိပ်တော့ မမြင့်ဘူးဘဲ" ဖုယု စိတ်ပူသွားလေသည်။
ရန်ကိုင်သည် ဖုယုကို ကြည့်၍ ဆက်ပြောလိုက်လေ၏။ "စိတ်ပူမနေနဲ့၊ တော်ဝင်မိသားစု အပြင်ကို ရောက်သွားရင် အားကောင်းတဲ့ ပညာရှင်တွေက တော်ဝင်မိသားစုကို လိုက်ပြီးစောင့်ရှောက်ပေးနေလိမ့်မယ်၊ ဒီတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး"
ဖုယုသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းမှ ရန်ကိုင်အား ပြန်ကြည့်၍ မေးလိုက်လေသည်။ "ဘာလို့လဲ"
ရန်ကိုင်ကမူ မပြောချင်ဟန်ဖြင့် ခေါင်းသာခါပြလိုက်သည်။ ထိုအချင်းအရာကို မြင်လိုက်သော် ဖုယု စိတ်ပျက်သွားရတော့လေသည်။ သို့ပါသော်ငြား ရန်ကိုင်အား မရမက အောက်အစ် မေးနေ၍ မရသည့်အတွက်ကြောင့် ရန်ကိုင် ခွက်ထဲသို့သာ အရက်များကို ထပ်၍ ငှဲ့ပေးနေလေသည်။ ရန်ကိုင် တဖြည်းဖြည်း မူးလာသည့်အခါမှသာလျှင် ရန်ကိုင်ဆီမှ သတင်းနှိုက်ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။
သို့ပါသော်ငြား ရန်ကိုင်ကဲ့သို့ လူတစ်ဦး မူးဖို့ရာ ထိုမျှ လွယ်ကူမည်လား။ ရန်ကိုင်သည် ဖုယု သယ်လာပေးသည့် အစားအသောက်များ အားလုံးကို စားပစ်ခဲ့ပြီး အရက် အားလုံးကိုလည်း သောက်ပစ်ခဲ့သည်။ သို့တိုင် သူ့အမူအရာမှာ တစ်ချက်မျှပင် ပြောင်းလဲခဲ့ခြင်း မရှိ။
နောက်ဆုံး ကြံရာမရတော့သည့် အဆုံး၌ ဖုယုက ပြောလိုက်လေသည်။ "နောက်ကျနေပြီ၊ စီနီယာရန် မနားချင်သေးဘူးလား"
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်နှင့် အကြည့်ချင်း မဆုံရဲတော့သည့်အလား ခေါင်းကို ငုံ့လိုက်လေ၏။
ရန်ကိုင်သည် ဖုယုအား တစ်ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေသည်။ "အင်း၊ နောက်ကျနေပြီ၊ မင်းသမီးယု အခန်းပြန်ပြီးတော့ နားရင်နားတော့လေ"
ဖုယုမှာမူ အပြစ်ဒဏ်မှ လွတ်ကင်းသွားသည့် အကျဉ်းသား တစ်ဦးပမာ ချက်ချင်း ထရပ်၍ စားသောက်ပြီးသား ဟင်းပန်းကန်များကို သိမ်းကာ ရန်ကိုင်အား ဦးညွှတ်၍ နှုတ်ဆက်စကား ဆိုလိုက်လေ၏။ "ဒါဆို ယုအာ သွားလိုက်ပါဦးမယ်" ထိုသို့ပြောပြီးသည့်နောက် အခန်းထဲမှ ချက်ချင်း ပြေးထွက်သွားလေ၏။
"မင်းသမီးယု" ရန်ကိုင်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။
ဖုယု၏ ခန္ဓာကိုယ်လေး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ပြီး နောက်သို့ ပြန်လှည့်လာလျက် အားတင်းပြုံးရင်းမှ မေးလိုက်လေ၏။ "စီနီယာ ဘာများပြောချင်သေးလို့လဲ"
ရန်ကိုင်သည် ဖုယုကို ကြည့်ရင်းမှ... "အခြားကိစ္စတွေနဲ့ ပတ်သက်ပြီး အာ မမခံနိုင်ပေမဲ့ အပြင်ဘက်မှာ ပါရမီရှင် လူငယ်လေးတွေ အများကြီးပဲ၊ မင်းသမီးယု ကြိုက်တဲ့ တစ်ယောက်ယောက်ကို အဲဒီမှာ ရှာတွေ့လိမ့်မယ်လို့ ကျုပ်ယုံတယ်"
ဖုယုမှာ ယာယီမျှ အံ့အားသင့်သွားခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်၏ စကားလုံးများသည် သူမ၏ မျှော်လင့်ချက်များနှင့် ထပ်တူညီနေသည့်အတွက်ကြောင့် ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"
ထို့နောက်တွင် ဖုယုမှာ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အပြင်သို့ ထွက်သွားလေသည်။
ရန်ကိုင် အခန်းထဲမှ ထွက်လာပြီး မကြာခင်တွင် ဖုယုသည် လူသားဧကရာဇ် နေသည့် အခန်းဆီသို့ လာကာ အကြောင်းစုံကို ပြန်လည် အစီရင်ခံတင်ပြလေ၏။ ရန်ကိုင်မှာ ဖုယုအား သူနှင့်အတူ မအိပ်ခိုင်းစေလိုသည့်အကြောင်း ကြားပြီးသည့်နောက် လူသားဧကရာဇ် သက်ပြင်းအမောကြီးသာ ချလိုက်တော့သည်။
ဖုယုအား ညသန်းခေါင်ကြီး ရန်ကိုင်ဆီသို့ ထမင်းဟင်း သွားပို့ခိုင်းသည့် အကြံအစည်မှာ သူ့အကြံသာ ဖြစ်လေသည်။ အပြင်လောကကြီး၏ အကြောင်းကို လူသားဧကရာဇ် လုံးဝ မသိပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အပေါ် အားကိုးရုံသာ ရှိတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင် တော်ဝင်မိသားစုနှင့် တစ်နည်းတစ်ဖုံ ဆက်နွှယ်သွားစေရန်အတွက် လူသားဧကရာဇ်မှာ ဖုယုအား ညသန်းခေါင်ကြီး ရန်ကိုင်အား သွားရောက် ဖြားယောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။
ဖုယုနှင့် ရန်ကိုင်သည်သာ ယနေ့ည တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုလျှင် အပြင်ဘက်သို့ ရောက်ပြီးသည့်နောက် ရန်ကိုင်မှ တော်ဝင်မိသားစုအား မစောင့်ရှောက်မည်ကို လူသားဧကရာဇ် စိတ်ပူစရာ လိုတော့လိမ့်မည် မဟုတ်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့သည့်အတွက်ကြောင့် လူသားဧကရာဇ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့လေသည်။
"ဖခမည်းတော်၊ စီနီယာရန်ကို ကြည့်ရတာ ဒီလောက်ကြီး ဆိုးတဲ့ပုံလည်း မပေါက်ပါဘူး၊ သမီးတော်တို့ကို အပြင်ခေါ်သွားဖို့ လုပ်နေတာ သူအခြား မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုကြောင့်တော့ မဟုတ်လောက်ဘူး"
လူသားဧကရာဇ်က ပြန်၍ ပြောလိုက်သည်။ "သူ ငါတို့ တော်ဝင်မိသားစုကို ရသမျှ နည်းလမ်းသုံးပြီးတော့ အပြင်ခေါ်ထုတ်သွားဖို့ ကြိုးစားနေတာ၊ ငါတို့ဆီက တစ်ခုခု လိုချင်နေလို့ပဲ၊ ဒါပေမဲ့ သူ ဘာကို လိုချင်နေလဲဆိုတာကို ငါ လုံးဝ မစဉ်းစားတတ်ဘူး၊ ဒါကြောင့်ပဲ နင့်ကို တစ်ခုခုများ သိရလေမလားဆိုပြီး သူ့ဆီလွှတ်လိုက်တာ၊ ဒါပေမဲ့ ဘာမှ မသိလိုက်ရပါဘူး"
"သမီးတော် ညံ့ဖျင်းသွားခဲ့ပါတယ်" ဖုယုမှာ နှုတ်ခမ်းလေးကို ကိုက်လိုက်လေသည်။
"ထားလိုက်ပါတော့၊ ရွေးချယ်စရာမှ မရှိတော့တာ၊ ကောင်းမလား ဆိုးမလား၊ သူ တကယ် ဘာကို လိုချင်နေလဲဆိုတာတွေကိုတော့ အပြင်ရောက်ရင် ငါတို့ သိရမှာပဲလေ" လူသားဧကရာဇ်မှာ သက်ပြင်းအမောကြီး ချလိုက်ပြီးသည့်နောက် ဖုယုအား ပြန်လွှတ်လိုက်လေ၏။ "ကဲ၊ နင် သွားလို့ရပြီ”