← Chapters

အခန်း ၃၄၀၃

Vol. 150 Ch. 3403

အခန်း ၃၄၀၃

Vol. 150 Ch. 3403

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၀၃)

ဘာသာပြန်သူ_တိမ်တိုက်

သုံးရက်ဟူသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် လူသားဧကရာဇ်မြို့တော်၏ သီးခြားမြေကွက်လပ်ကြီးထဲ၌ သိန်းနှင့်ချီသောလူများ အတူတကွ စုဝေးနေကြလေသည်။

မြေကွက်လပ်ထဲတွင်မူ သားရဲတစ်ကောင်၏ ပွင့်ဟနေသော ပါးစပ်ပေါက်ကြီးပမာ ဘယ်ဆီဘယ်ဝါသို့ ဦးတည်နေမှန်းမသိသည့် အနက်ရောင်ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခု ရှိနေခဲ့လေသည်။

ထိုဟင်းလင်းပြင်လိုဏ်ခေါင်းမှာ အခြားမဟုတ်။ လောကဓာတ်လုံးထဲသို့ ဦးတည်နေသော ဝင်ပေါက်သာ ဖြစ်လေသည်။ ဤကဲ့သို့သောနည်းလမ်းသည် သိန်းနှင့်ချီသောလူများကို လောကဓာတ်လုံးထဲသို့ ရွှေ့ပြောင်းဖို့ရာ ပိုမိုလွယ်ကူသည့်နည်းလမ်း ဖြစ်ပေသည်။ ရန်ကိုင်ဘာသာရန်ကိုင် သိန်းနှင့်ချီသောလူများအား လောကဓာတ်လုံးထဲသို့ စိတ်စွမ်းအင်ကိုသုံး၍ ကူးပြောင်းပေးရမည်ဆိုလျှင် အတော်လေးကိုမှ အားကုန်ရပေလိမ့်မည်။ ဤကဲ့သို့သောနည်းလမ်းသည် ပို၍ ထိရောက်မှုရှိ၏။

တော်ဝင်မိသားစုဝင်များသည် ထိုဟင်းလင်းပြင်လိုဏ်ခေါင်းအား မယုံကြည်နိုင်သည့်အကြည့်များဖြင့် ကြည့်နေကြလေသည်။ မည်ကဲ့သို့သောဝင်ပေါက်မျိုးဖြစ်၍များ ဤမျှများပြားလှသောလူများအား အကန့်အသတ်မရှိ ဝါးမျိုနိုင်နေရသလဲဆိုသည်ကို အကုန်လုံးမှာ နားမလည်နိုင်ဖြစ်နေကြသည်။ သို့ပါသော်ငြား ရန်ကိုင်က သူတို့အား အချိန်ကုန်ခံ၍ ရှင်းပြမနေခဲ့သလို သူတို့ကိုယ်တိုင်ကလည်း သွားမေးနေ၍မရ။

အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့လေသည်။

လူသားဧကရာဇ်မြို့တော်ထဲရှိ မြို့သူမြို့သားအားလုံးကို လောကဓာတ်လုံးထဲသို့ အပြီးတိုင် ရွှေ့ပြောင်းဖို့ရာ ရန်ကိုင်အနေဖြင့် တစ်ရက်နှင့်တစ်ည အချိန်ယူခဲ့ရသည်။ တော်ဝင်မိသားစုများနှင့် ဧကရာဇ်အဆင့်ပညာရှင်များကိုလည်း လောကဓာတ်လုံးထဲသို့ ရွှေ့ပြောင်းပေးလိုက်လေသည်။ သို့ပါသော်ငြား ထိုလူများကိုမူ လောကဓာတ်လုံးထဲရှိ သီးခြားနေရာတစ်ခုတွင် ထားလိုက်၏။ ကမ္ဘာနှစ်ခုစစ်ပွဲမှာ ဖြစ်ပွားနေပြီဖြစ်လေရာ တော်ဝင်မိသားစုများနှင့် ဧကရာဇ်အဆင့်ပညာရှင်များ၏ခရီးလမ်း၌ ဤနေရာ၌ အဆုံးသတ်လိမ့်ဦးမည်မဟုတ်ပေ။

ထို့အပြင် ရန်ကိုင်သည် နတ်သစ်ပင်အား ဆေးဥယျာဉ်ထဲ၌ ပြောင်းရွှေ့ကာ စိုက်ပျိုးထားလိုက်လေ၏။ ထိုသို့ဖြင့် နတ်သစ်ပင်၊ အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင်တို့မှာ တြိဂံပုံစံ ဖြစ်နေကြတော့လေသည်။

ကိစ္စအဝဝမှာ ပြင်ဆင်လို့ ပြီးသွားခဲ့လေပြီ။ ယခုဆိုလျှင် လူသားဧကရာဇ်မြို့တော်တစ်ခုလုံး လူသူအရောက်အပေါက်မရှိ ခွေးတစ်ကောင်ကြောင်တစ်မြီးပင်မရှိ ခြောက်ကပ်နေခဲ့လေပြီ။ နှစ်ပေါင်းများစွာကြာအောင် တည်တံ့လာခဲ့သော ဒွိလောကကမ္ဘာကြီးထဲရှိ လူသားဧကရာဇ်မြို့တော်ကြီးမှာ ရန်ကိုင်၏ရောက်ရှိလာမှုကြောင့် အလုံးစုံ ပြောင်းလဲသွားရတော့သည်။

ထို့နောက်တွင် ရန်ကိုင်သည် နတ်ဆိုးအမျက်မြို့တော်ဆီသို့ ဦးတည်ပျံသန်းသွားတော့လေ၏။

တစ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် နတ်ဆိုးအမျက်မြို့တော်ပေါ်သို့ ရောက်လာခဲ့လေသည်။ ထိုနေရာသို့ရောက်သော် မြို့အား ငုံ့ကြည့်လိုက်ပြီးသည့်နောက် မရဏသားရဲအား ဆင့်ခေါ်ကာ လွှတ်ပေးလိုက်လေ၏။

အားဝမ်မှာမူ အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး အနက်ရောင်အလင်းတန်းအသွင်သို့ပြောင်း၍ အောက်သို့ တဟုန်ထိုး ထိုးဆင်းသွားလေ၏။

တစ်ခဏမျှကြာပြီးသည့်နောက်တွင် နတ်ဆိုးအမျက်မြို့တော်တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်တော့လေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများမှာ ထိတ်လန့်တကြားအော်ဟစ်ရင်း ဘက်ပေါင်းစုံသို့ ထွက်ပြေးနေကြလေသည်။ မရဏသားရဲမှာမူ ၎င်း၏ပါးစပ်ကို ကျယ်ကျယ်ဟထားရင်းမှ သွားလေရာနေရာတွင်ရှိနေသော နတ်ဆိုးများကို ဝါးမျိုပစ်နေခဲ့လေရာ နတ်ဆိုးများမှာ တစ်ကောင်ပြီးတစ်ကောင် သူမ၏ဝမ်းဗိုက်ထဲသို့ ရောက်ကုန်ကြလေသည်။

နတ်ဆိုးမျိုးနွယ်စု၏ အိပ်မက်ဆိုးဆိုသည့်အတိုင်း အားအကောင်းဆုံးသော နတ်ဆိုးဘုရင်များသည်ပင်လျှင် အားဝမ်၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။

ယခင်တစ်ကြိမ် ရန်ကိုင် ဤနေရာကို ရောက်လာစဉ်က ဤလောကကြီးထဲမှ ထွက်သွားနိုင်မည့် ထွက်ပေါက်ကို ရှာရန်သာ စိတ်စောနေသည့်အတွက်ကြောင့် နတ်ဆိုးအမျက်မြို့တော်ထဲရှိ နတ်ဆိုးများကို ဂရုစိုက်မနေခဲ့ပေ။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ အနည်းငယ်မျှပင် ညှာတာမနေခဲ့။ နတ်ဆိုးမျိုးနွယ်စုသည် ကြယ်တာရာအစုအဝေးအား ကျူးကျော်နေခဲ့လေပြီ။ ဤနေရာတွင်ရှိနေသော နတ်ဆိုးများသည်သာ တစ်နည်းတစ်ဖုံ လွတ်မြောက်သွားခဲ့ပြီး ကြယ်တာရာအစုအဝေးသို့ ရောက်လာခဲ့မည်ဆိုလျှင် ခံစားရမည့်လူများမှာ ကြယ်တာရာအစုအဝေးမှ ဒေသခံများသာ ဖြစ်ကြသည်။

မရဏသားရဲသည် နတ်ဆိုးအမျက်မြို့တော်ထဲ တစ်ရက်တိတိ သောင်းကျန်းနေခဲ့လေရာ နတ်ဆိုးအမျက်မြို့တော်ထဲရှိ နတ်ဆိုးအရေအတွက်မှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ရလေသည်။ အားဝမ်လက်မှ နတ်ဆိုးအချို့ လွတ်မြောက်သွားခဲ့ပါသော်ငြား ရန်ကိုင်မှာမူ အချိန်ကုန်ခံ၍ ထိုနတ်ဆိုးများအား လိုက်ဖမ်းမနေခဲ့ပေ။ အားဝမ်ကိုခေါ်၍သာ ထွက်ပေါက်ရှိရာဆီသို့ ပျံသန်းလာခဲ့သည်။

ယခင်တစ်ကြိမ်ကကဲ့သို့ပင် ထွက်ပေါက်ရှိရာဆီမှ ဝိဉာဉ်ကိုပင်လျှင် အေးခဲစေလုမတတ် ပြင်းထန်လွန်းလှသည့် အရိုးခိုက်မတတ်လေပြင်းတို့ တိုက်ခတ်လာနေခဲ့သည်။ ရန်ကိုင်သည်ပင်လျှင် ဤကဲ့သို့သောနေရာမျိုး၌ အချိန်ကြာကြာ မနေနိုင်ပေ။

သို့ပါသော်ငြား အားဝမ်သည် သူမ၏ပါးစပ်ပေါက်ကိုဟ၍ တိုးဝင်လာသမျှလေပြင်းများကို ဝါးမျိုပစ်နေခဲ့လေရာ ရန်ကိုင်မှာ အနည်းငယ်မျှပင်လျှင် လေအေးများ၏ သက်ရောက်ခြင်း မခံရတော့ပေ။

ယခင်တစ်ကြိမ်က ရန်ကိုင်၊ ကျုချင်း၊ ကျုလဲ့နှင့် လီကျောက်တို့မှာ အားဝမ်အကူအညီဖြင့်သာ ဤလောကကြီးထဲမှ ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ အချိန်အတန်ကြာအောင် သွားပြီးသည့်နောက်တွင် အရှေ့တည့်တည့်ရှိဆီမှ လေဟာနယ်နိယာမစွမ်းအင်လှိုင်းတို့ ဖြာထွက်လာနေသည်ကို ရန်ကိုင် ခံစားမိလိုက်လေ၏။

ထွက်ပေါက်ဆီသို့ ရောက်လာပြီမှန်း ခံစားမိလိုက်သော် ရန်ကိုင်သည် အားဝမ်ကို မ ၍ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်သွားလေသည်။

ဟင်းလင်းပြင်ထဲ ကူးကလန်ခတ် သွားလာနေပြီးသည့်နောက် ယခင် လာရာလမ်းကြောင်းအတိုင်း ပြန်လာခဲ့လိုက်ရာ မကြာမီတွင် ကမ္ဘာကြီးနှစ်ခုဖြစ်သော ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေတို့၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုသဲလွန်စများမှတစ်ဆင့် ဒွိလောကကမ္ဘာသည် ကမ္ဘာကြီးနှစ်ခုနှင့် ဆက်သွယ်နေကြောင်း ကောက်ချက်ချနိုင်ပေသည်။

ဤဒွိလောကကမ္ဘာကြီးမှာ လန်ရွှင်းနှင့် အခြားသူများအား ပြန်လည်တွေ့ရှိခဲ့သည့် သီးခြားကမ္ဘာနှင့် အတူတူပင်ဖြစ်လေသည်။

ရုတ်တရက်ဆိုသလို ယခင်တစ်ကြိမ် ဒွိလောကကမ္ဘာကြီးထဲ ထွက်သွားစဉ်က အနောက်ဘက်နယ်မြေဆီသို့ တန်းရောက်သွားခဲ့ကြောင်းကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ ယခု နတ်ဆိုးနယ်မြေနှင့် ကြယ်တာရာအစုအဝေးအား ချိတ်ဆက်ပေးထားသော ပျက်စီးသွားသည့် သီးခြားကမ္ဘာကြီးသည်လည်း အနောက်ဘက်နယ်မြေတွင် ရှိနေလေသည်။ ထိုသီးခြားကမ္ဘာနှစ်ခုကြား ဆက်နွယ်ချက်တစ်ခုခုများ ရှိနေလေသလော။

ထိုသို့သာဆိုလျှင်တော့ ကြယ်တာရာအစုအဝေးအနေဖြင့် ရေခဲနယ်မြေကိုလည်း‌ စောင့်ကြည့်ထားရပေတော့မည်။ အခန့်မသင့်လျှင် နတ်ဆိုးနယ်မြေသည် မြောက်ဘက်နယ်မြေကိုလည်း ထိုနေရာမှတစ်ဆင့် ကျူးကျော်လာနိုင်ပေ၏။

ကြယ်တာရာအစုအဝေး၏ အရှိန်အဝါကို ခံစားမိရာလမ်းကြောင်းအတိုင်း ပျံသန်းလာလိုက်ရာ မကြာမီတွင် ရန်ကိုင်သည် အားနည်းနေပြီဖြစ်သော လောကအတားအဆီးကို ချိုးဖောက်၍ ထွက်လာလေ၏။ ထို့နောက်တွင် ရင်းနှီးနေသော အလင်းရောင်ကို ပြန်မြင်လိုက်ရလေသည်။

သို့ပါသော်ငြား နောက်မြင်လိုက်ရသည့်အရာကြောင့် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မည်းမှောင်အုံ့ဆိုင်းနေလေသည်။ ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ ကိစ္စမရှိသေးပေ။ အနောက်ဘက်နယ်မြေသည် အခြားသောနယ်မြေများထက် ပိုခေါင်သည့် နေရာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ပတ်ဝန်းကျင်အနေအထား ယခုကဲ့သို့ဖြစ်နေသည်မှာ အဆန်းမဟုတ်။ ရန်ကိုင် မျက်မှောင်ကျုံ့သွားရသည့်အချက်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ နတ်ဆိုးချီများနှင့် ပြည့်နေခြင်းပင်။ ဤနေရာတစ်ခုလုံးသည် နတ်ဆိုးကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ခပ်လှမ်းလှမ်းတွင် နတ်ဆိုးဗိုလ်ချုပ်မှူးတစ်ဦးမှ ဦးဆောင်သည့် နတ်ဆိုးအဖွဲ့တစ်ဖွဲ့သည် ဤနေရာတစ်ဝိုက် ကင်းလှည့်နေခဲ့လေသည်။

ရန်ကိုင်ရုတ်တရက်ပေါ်လာသည့်ဖြစ်ရပ်သည် ထိုနတ်ဆိုးအုပ်ကြီးအား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။ ချက်ချင်းပဲ နတ်ဆိုးဗိုလ်ချုပ်မှူးမှာ ရန်ကိုင်ရှိရာဆီသို့ လှမ်းကြည့်လာခဲ့ရာ ရန်ကိုင်ကိုမြင်သွားပြီးသည့်နောက် ညစ်ကျယ်ကျယ်ပြုံးလျက် ၎င်း၏ခန္ဓာကိုယ်ဆီမှ သွေးရောင်အရှိန်အဝါတို့ ဖြာထွက်လာခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာလေသည်။

သွေးရောင်အရှိန်အဝါ ရန်ကိုင်၏မျက်နှာကို လာရောက်ရိုက်ခတ်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏ စိတ်အခြေအနေကိုပါ ကသောင်းကနင်းဖြစ်အောင်လုပ်ရန် ကြိုးစားတော့လေသည်။

ဤနတ်ဆိုးမှာ အခြားမဟုတ်။ သွေးနတ်ဆိုးကလန်မှ နတ်ဆိုးတစ်ကောင်သာ ဖြစ်လေသည်။

ဤသွေးရောင်အရှိန်အဝါမှာ သွေးနတ်ဆိုးကလန်၏ သွေးနတ်ဆိုးများမှ ရန်သူများနှင့်ရင်ဆိုင်ရသည့်အခါတွင် အသုံးပြုသည့် နည်းလမ်းတစ်ရပ်လည်း ဖြစ်ပေသည်။ သွေးနတ်ဆိုးနှင့် သူ့ရန်သူသည်သာ ခွန်အားတူညီနေမည်ဆိုလျှင် သွေးနတ်ဆိုး၏ ဤသွေးရောင်အရှိန်အဝါသည် တစ်ဖက်ရန်သူ၏ အသက်စွမ်းအင်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် နှောင့်ယှက်ပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါတွင် တစ်ဖက်ရန်သူမှာ ခွန်အားအကုန်အစင်ကို ထုတ်သုံးနိုင်တော့လိမ့်မည်မဟုတ်ပေ။

သို့ပါသော်ငြား ရန်ကိုင်ကမူ ဂရုပင်စိုက်မနေခဲ့ဘဲ သူ့လက်ကိုမြှောက်၍သာ လေထုအား ကောက်ခါငင်ခါ ဖမ်းဆုပ်ချလိုက်လေ၏။

ရန်ကိုင်မှ သူ့လက်ကို ဆုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ရှေ့သို့ ရောက်နေပြီဖြစ်သော သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ကြီးမှာ တုံ့ခနဲ ရပ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သွေးနတ်ဆိုး၏မျက်လုံးများမှာ ကြောက်ရွံ့မှုအပြည့်ဖြင့် ပြူးကျယ်လာခဲ့လေသည်။ သွေးနတ်ဆိုးမှာ အသည်းအသန် ရုန်းကန်နေသည့်တိုင် မည်သို့မျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ သူ့လည်ပင်းကို မမြင်နိုင်သည့်လက်ကြီးတစ်ဖက်မှ ဖမ်းဆုပ်ထားသည်ဟုသာ ခံစားနေခဲ့ရသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း သွေးနတ်ဆိုးနောက်မှ လိုက်လာသော အခြားသောနတ်ဆိုးစစ်သည်များသည်လည်း တုံ့ခနဲ ရပ်သွားကြသည်။ သူတို့၏နတ်ဆိုးဗိုလ်ချုပ်မှူးသည်ပင်လျှင် တစ်ဖက်လူသား၏ အလွယ်တကူဖမ်းဆီးခြင်း ခံလိုက်ရလေရာ သူတို့အနေဖြင့် ထိုလူများ၏ပြိုင်ဘက် မည်ကဲ့သို့များ ဖြစ်နိုင်ပါမည်နည်း။ နတ်ဆိုးများသည် သွေးဆာပြီး အကြောက်အရွံ့ကင်းမဲ့ပါသော်ငြား အရူးများတော့မဟုတ်ကြပေ။ အသက်ရှိနေသည့် သက်ရှိတိုင်းတွင် အန္တရာယ်ကို ခွဲခြားသိမြင်ခံစားနိုင်သည့် မသိစိတ်ဟူသည်မှာ ရှိကြပေသည်။ ထိုအကြောင်းကြောင့် ဤနတ်ဆိုးအဖွဲ့မှာ အန္တရာယ်ကို ခံစားမိလိုက်သည်နှင့်တစ်ပြိုင်နက် ဉာဏ်အရှိဆုံးသောရွေးချယ်မှုကို လုပ်လိုက်ကြခြင်းဖြစ်လေ၏။

ရန်ကိုင်ကမူ သွေးနတ်ဆိုးနှင့် အချိန်ကုန်ခံမနေခဲ့ဘဲ သူ့လက်အား ဖျစ်ညှစ်ချလိုက်ရာ တောင့်တောင့်ကြီးရပ်နေသော သွေးနတ်ဆိုးမှာ ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသည့်ပမာ ဖုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့လေ၏။ ရန်ကိုင်ကိုယ်တိုင်မှာမူ သူ့ကိုယ်သူ ဧကရာဇ်ချီဖြင့် ကာကွယ်ထားသည့်အတွက်ကြောင့် သွေးနတ်ဆိုးဆီမှ ဖြာထွက်လာသော သွေးများမှာ သူ့အား လာစင်ခဲ့ခြင်းမရှိပေ။

သူတို့၏ခေါင်းဆောင် ပေါက်ကွဲထွက်သွားသည်ကို မြင်သည့်အခါတွင် သွေးနတ်ဆိုး၏ နောက်လိုက်ငယ်သားများမှာ ချက်ချင်း လှည့်ပြေးကြတော့လေ၏။

ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးလုမတတ် ကြီးမားလှသည့် ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထွက်ပြေးနေသည့်နတ်ဆိုးများအား စိစိညက်ညက် ဖိချေသွားခဲ့လေသည်။

ဤကဲ့သို့သောနတ်ဆိုးများမှာ လက်ရှိရန်ကိုင်အတွက် ဘာဆိုဘာမျှမဟုတ်ပေ။ ရန်ကိုင်မှာ ထိုကဲ့သို့သောနတ်ဆိုးများကို စိတ်ရှိလျှင် အလွယ်တကူသတ်ပစ်နိုင်ပေသည်။

သို့ပါသော်ငြား လက်ရှိအခြေအနေနှင့်ပတ်သက်၍ အနည်းငယ်ထူးဆန်းနေသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားနေရသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ လေဟာနယ်မှတ်တိုင်ကိုသုံး၍ သူ့မဟာမိတ်များဆီသို့ ချက်ချင်း ပြန်မသွားသေးဘဲ အရှေ့အရပ်တည့်တည့်ဆီသို့သာ ပျံသန်းထွက်သွားလိုက်လေသည်။ အနောက်ဘက်နယ်မြေထဲ မည်ကဲ့သို့ ပြောင်းလဲသွားသလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်နေမိလေသည်။

သူထွက်သွားသည်မှာ သိပ်မကြာသေးပေ။ အများဆုံးမှ တစ်လနှစ်လလောက်သည်သာ ရှိပေဦးမည်။ ထိုတစ်လနှစ်လသည်ပင်လျှင် ဒွိလောကကမ္ဘာကြီးထဲသို့ ဦးတည်နေသော ဝင်ပေါက်အား လိုက်ရှာနေရင်း အချိန်ကုန်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက အစောကြီးတည်းက ပြန်ရောက်နေလောက်ပေပြီ။

တစ်လနှစ်လဟူသောကာလသည် အတော်လေးကိုမှ တိုတောင်းလှပေသည်။ သို့ပါသော်ငြား ကြယ်တာရာအစုအဝေး၏အခြေအနေမှာတော့ များစွာပြောင်းလဲနေခဲ့သည်။ မဟာဧကရာဇ်ခုနှစ်ပါးပင်လျှင် ရှိနေလေရာ ဘာကြောင့်များ ယခုကဲ့သို့ ဖြစ်နေရလေသနည်း။

ပျံသန်းလေ ပျံသန်းလေ ရန်ကိုင်၏မျက်နှာ ပို၍အရုပ်ဆိုးလာလေပင်။ သူသွားသည့်နေရာတိုင်း နတ်ဆိုးချီများဖြင့် ပြည့်နေလေသည်။ ထိုအကြောင်းကြောင့် သူရောက်နေသည်မှာ ကြယ်တာရာအစုအဝေးမဟုတ်တော့ဘဲ နတ်ဆိုးနယ်မြေ ဖြစ်နေသလားဟုပင် ရန်ကိုင်စိတ်ထဲ အတွေးဝင်မိသွားရသည်။

နတ်ဆိုးကုန်းမြေကြီးမှာ မည်မျှပင် ကြီးမားနေလေသနည်း။ ယခင်က နတ်ဆိုးကုန်းမြေသည် အတော်လေးကိုမှ ကျယ်ဝန်းလှပါသော်ငြား မိုင်တစ်သိန်းနှစ်သိန်းလောက်သာ ရှိပေသည်။ သို့ပါသော်ငြား ယခုနတ်ဆိုးကုန်းမြေမှာတော့ ထိုထက်ကို များစွာ ပိုမိုကြီးမားနေခဲ့သည်။

(မဟာဧကရာဇ်တွေတောင် မတားနိုင်တာလား…)

စစ်ဆေးလေ စစ်ဆေးလေ ရန်ကိုင်မှာ ပို၍ ကြောက်မိလာလေပင်။ ယခုဆိုလျှင် နတ်ဆိုးကုန်းမြေကြီးမှာ အလွန်တရာကိုမှ ကျယ်ဝန်းနေလေရာ ရန်ကိုင်တွေ့သမျှ ရွာများ၊ မြို့များအားလုံး နတ်ဆိုးမျိုးနွယ်စုများ နေထိုင်ရာ သုခဘုံများ ဖြစ်နေကြသည်။ အချို့သောနေရာများတွင်ဆိုလျှင် နတ်ဆိုးချီတို့သည် မိုးကောင်းကင်ယံထိတိုင်ပင် တလူလူ လွင့်ပျံနေခဲ့လေရာ ထိုနေရာ၌ အားကောင်းလှသော နတ်ဆိုးများ ရှိနေကြောင်းကို မီးမောင်းထိုးပြနေခဲ့လေ၏။

နေ့ဝက်ခန့်ကြာပြီးသည့်နောက် ရန်ကိုင်၏မြင်ကွင်းထဲ နောက်ထပ်မြို့တစ်မြို့ ပေါ်လာခဲ့သည်။ သို့ပါသော်ငြား သေသေချာချာကြည့်ကြည့်လိုက်သည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားတော့သည်။ ကံကောင်းစွာဖြင့် ထိုမြို့မှာ နတ်ဆိုးချီများ၏ လွှမ်းမိုးခြင်း မခံရသေးပေ။ ထိုမြို့သည်သာ နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းနေခဲ့မည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် နတ်ဆိုးနယ်မြေထဲသို့ ရောက်နေသလားဟုပင် အမှန်တကယ် ထင်မိသွားပေလိမ့်မည်။

သို့ပါသော်ငြား မကြာမီ အခြားတစ်ခုကို ရန်ကိုင် သတိထားမိသွားခဲ့သည်။

နတ်ဆိုးချီတို့သည် မြို့နှင့် မိုင်တစ်ရာခန့်အကွာတွင် သိပ်သည်းနေခဲ့လေသည်။ ထိုနေရာ၌ နတ်ဆိုးစစ်တပ်ကြီး ရှိနေလေ၏။ အနည်းဆုံး နတ်ဆိုး သိန်းဂဏန်းခန့် ရှိနေပေသည်။

မြို့ထဲသို့ မဝင်ရသေးသည့်တိုင် မြို့သူမြို့သားများ မည်မျှထိတ်လန့်နေမလဲဆိုသည်ကို ရန်ကိုင် ခံစားမိနေလေသည်။

မျက်မှောင်ကျုံ့ရင်းမှ ရန်ကိုင်သည် မြို့တည့်တည့်ဆီသို့ ပျံသန်းသွားလိုက်လေသည်။

ခဏအကြာတွင် မြို့စပ်နားဆီသို့ ရောက်လာခဲ့ပြီး မြို့ဂိတ်ပေါက်အား လှမ်းကြည့်လိုက်ရာ ကျားဟိန်းသံဟူသော ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရလေသည်။

ဤသည်မှာ ဤမြို့၏ နာမည်ဖြစ်လေသည်။ သို့ပါသော်ငြား လက်ရှိအခိုက်အတန့်တွင်မူ ကျားဟိန်းသံမြို့တစ်ခုလုံး လုံးဝကို နိုးနိုးကြားကြား ဖြစ်နေခဲ့သည်။

မြို့နံရံများထက် မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိနေကြပြီး မြို့၏ အကာအကွယ်အစီအရင်မှာလည်း အသက်ဝင်နေခဲ့လေသည်။

လူတစ်ဦးရောက်လာသည်ကို မြင်သည့်အခါ မြို့နံရံထက် ကင်းလှည့်နေကြသည့်လူများ ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားခဲ့လေ၏။ သို့ပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့်နတ်ဆိုးချီမှ ဖြာထွက်နေခြင်းမရှိကြောင်း တွေ့လိုက်ရပြီးသည့်နောက် စိတ်သက်သာရာရသွားခဲ့ပြီး လှမ်းအော်ပြောလိုက်လေ၏။ “ဘယ်သူလဲ…”

“မြောက်ဘက်နယ်မြေ ထက်ကောင်းကင်နန်းတော်က ရန်ကိုင်…” ရန်ကိုင်က ပြန်အော်ပြောလိုက်သည်။

ရန်ကိုင်သည် မြောက်ဘက်နယ်မြေ၊ တောင်ဘက်နယ်မြေနှင့် အရှေ့ဘက်နယ်မြေများတွင် နာမည်ကျော်ကြားပေသည်။ အထူးသဖြင့် မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေတွင် လူတိုင်းလိုလိုမှာ ရန်ကိုင်ကိုသိကြပေသည်။ သို့ပါသော်ငြား အနောက်ဘက်နယ်မြေ၌ ရန်ကိုင်အား ကြားဖူးသည့်လူ များများစားစားမရှိပေ။ ယခု ရန်ကိုင်အား လှမ်းအော်မေးလိုက်သည့်လူမှာ အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူ ဖြစ်သည့်ပုံပင်။ ထိုအကြောင်းကြောင့် ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို မသိလောက်ပေ။ သို့ပါသော်ငြား လွန်ခဲ့သည့်ရက်များအတွင်း အခြားသောနယ်မြေများမှ ကျင့်ကြံသူများ နတ်ဆိုးများကို ခုခံတိုက်ခိုက်ရန်အတွက် အနောက်ဘက်နယ်မြေဆီသို့ ရောက်လာကြလေသည်။ ထိုလူများထဲ ထက်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများစွာလည်း ပါဝင်နေကြပေသည်။ ထိုအကြောင်းကြောင့် ယခုဆိုလျှင် ရန်ကိုင်၏နာမည်ကို အနောက်ဘက်နယ်မြေရှိ လူအတော်များများလည်း သိနေလောက်ပေသည်။

ရန်ကိုင်မှ သူ့နာမည်ကို အော်ပြောလိုက်သည့်အခါ ရန်ကိုင်အား အော်မေးလိုက်သည့်လူသည် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။ “ဆရာ… တစ်ချက်လောက်စောင့်ပါဦးနော်… ကျွန်တော် ဆရာ့ကို အတည်ပြုဖို့လိုသေးတယ်…”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်လေသည်။ ထိုနေရာတွင် ရပ်စောင့်နေရင်းမှ မိုင်တစ်ရာခန့်အကွာတွင် ရှိနေသော နတ်ဆိုးမျိုးနွယ်အား လှမ်း၍ စစ်ဆေးကြည့်နေလေသည်။

အသက်သုံးရှိုက်စာအတွင်းမှာပင် အစောပိုင်းက ရန်ကိုင်အား လှမ်းအော်မေးလိုက်သည့်လူ ပြန်ရောက်လာခဲ့ပြီး ပြောလိုက်လေ၏။ “အစီအရင်ကိုဖွင့်လိုက်…”

ချက်ချင်းဆိုသလို အစီအရင်ထဲတွင်ရှိနေသည့် အခြားလူတစ်ဦး၏ လက်ထဲ၌ ရှိနေသော ကျောက်စိမ်းပြားဆီမှ အလင်းတန်းတစ်ခု ပျံထွက်လာခဲ့ပြီး အစီအရင်ပေါ်သို့ ကျသွားခဲ့သည်။ ထို့နောက်တွင် အစီအရင်၏မျက်နှာထက် လူတစ်ဦးသာ ဝင်နိုင်မည့် အပေါက်လေးတစ်ပေါက် ဖြစ်ပေါ်လာခဲ့လေ၏။ ရန်ကိုင်လည်း ထိုအပေါက်ထဲမှတစ်ဆင့် ချက်ချင်း အထဲသို့ ပြေးဝင်သွားလေသည်။

အထဲသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ဦးသည် ရန်ကိုင်နားသို့ကပ်လာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ စီနီယာရန်…”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထိုလူက ဆက်၍ပြောလိုက်လေ၏။ “စီနီယာရန် မြို့သခင်စံအိမ်ဆီ မြန်မြန်သွားပေးလို့ရမလား… အဲ့မှာ အခြားစီနီယာတွေက အရေးကြီးတဲ့ကိစ္စတွေဆွေးနွေးဖို့ စီနီယာရန်ကို စောင့်နေကြတယ်…”

ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ “ဘယ်သူတွေလဲ…”

ထိုလူက ယဲ့ယဲ့လေးပြုံးလျက် “အဲ့စီနီယာတွေရဲ့နာမည်ကိုတော့ ကျုပ်မပြောရဲဘူး… တော်ကြာ မတော်တဆ သူတို့ကို ရန်စမိသလို ဖြစ်သွားမှာစိုးလို့… စီနီယာရန် တစ်ချက်သွားကြည့်လိုက်ပါ… စီနီယာရန် ရောက်ရင်သိပါလိမ့်မယ်…”

ထိုစကားကိုကြားသော် ရန်ကိုင်လည်း ထပ်၍ မေးမနေတော့ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ ရောက်လျှင် သိမည်ဖြစ်လေရာ ထိုနေရာဆီသို့ သွားရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် ရန်ကိုင်မှာ အခြားလူတစ်ဦး၏ ဦးဆောင်မှုနှင့်အတူ မြို့သခင်စံအိမ်ဆီသို့ ဦးတည်သွားလေ၏။

All Chapters