အခန်း ၃၄၀၄
Vol. 150 Ch. 3404
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၄)
ဘာသာပြန်သူ_တိမ်တိုက်
မြို့သခင်စံအိမ်သည် ကျားဟိန်းသံမြို့၏ အလယ်ဗဟိုတွင် ရှိနေခြင်း ဖြစ်လေသည်။ ဤမြို့လေးမှာ လူသားဧကရာဇ်မြို့တော်ထက် ပိုမို အရွယ်အစားသေးငယ်ကာ မြို့နေလူဦးရေမှာလည်း အကြမ်းဖျင်း နှစ်သိန်းမှ သုံးသိန်းခန့်လောက်သာ ရှိသည်။
ရန်ကိုင်သည် သူ့အား ဦးဆောင်ခေါ်သွားသည့်လူနောက်သို့ လိုက်လာခဲ့လေရာ မကြာမီ မြို့သခင်စံအိမ်အနားသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား စံအိမ်ထဲသို့ မဝင်ရသေးခင်မှာပင် ရင်းနှီးနေသည့် အရှိန်အဝါများစွာကို ခံစားမိလိုက်လေသည်။
မြို့သခင်စံအိမ်ထဲသို့ ဝင်လာပြီးသည့်နောက် သူထင်ထားသည့်အတိုင်းပင် သူသိနေသောလူများစွာကို တွေ့လိုက်ရလေ၏။
လီကျောက်သည် ရန်ကိုင်အား ပထမဦးဆုံး လာရောက်ကြိုဆိုလေသည်။ “ရောင်းရင်းရန်…”
ကောင်းရွှယ်ထင်းကလည်း ရန်ကိုင်အား အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။
ချီကွေ့ကမူ ယဲ့ယဲ့လေးပြုံးရင်းမှ “ရောင်းရင်းရန်ရောက်လာပြီဆိုမှတော့ ငါတို့ အေးအေးဆေးဆေးနဲ့ နားလို့ရပြီ… အခုမှပဲ ငါတို့ စိတ်အေးလက်အေးနဲ့ အိပ်ရတော့မယ်…”
ကျားဟိန်းသံမြို့လေးထဲဝယ် နယ်မြေကြီးသုံးခုမှ ဧကရာဇ်အဆင့်ပညာရှင်များ စုဝေးနေကြလေသည်။ ထိုသုံးဦးအပြင် အခြားသောဧကရာဇ်အဆင့်ပညာရှင်သုံးဦးလည်း ရှိကြနေပေသေးသည်။ တစ်ဦးမှာ ဒုတိယအဆင့်ဖြစ်ပြီး ကျန်နှစ်ဦးမှာတော့ ပထမအဆင့်များ ဖြစ်ကြသည်။ သို့ပါသော်ငြား ထိုသုံးဦးကို ရန်ကိုင်မသိပေ။ ထိုလူများဝတ်စားထားသည့် အဝတ်အစားအရ ထိုသုံးဦးသည် အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူများ ဖြစ်လောက်ပေသည်။ ပို၍ဖြစ်နိုင်သည်မှာ ကျားဟိန်းသံမြို့ထဲတွင် နေထိုင်ကြသော ပညာရှင်များ ဖြစ်လောက်သည်။
ရန်ကိုင်သည် သူ့မိတ်ဆွေများကို တစ်ယောက်ချင်းစီ လိုက်လံနှုတ်ဆက်လိုက်၏။ ထို့နောက်တွင် လူစိမ်းသုံးဦးအား ကြည့်၍ မေးလိုက်လေ၏။ “ဒီလူတွေက…”
လီကျောက်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်အား ညွှန်ပြရင်းမှ မိတ်ဆက်ပေးလိုက်လေ၏။ “ဒါက ကျားဟိန်းသံမြို့ရဲ့ မြို့သခင်လင်းတုန်…” ထို့နောက်တွင် အခြားနှစ်ဦးကိုညွှန်ပြ၍ ထပ်မံမိတ်ဆက်ပေးလိုက်သည်။ “သူတို့နှစ်ယောက်က ကျားဟိန်းသံမြို့ရဲ့ ဒုမြို့သခင်နှစ်ယောက်ဖြစ်တဲ့ ဝူကျိကျင်းနဲ့ မာယင်တို့ပဲ…”
ထို့နောက်တွင် လီကျောက်သည် ထိုသုံးဦးအား ရန်ကိုင်ကို ပြန်၍မိတ်ဆက်ပေးလိုက်လေ၏။ “ဒါကတော့ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ရန်ကိုင်ပဲ… ဒီလီ မကြာခဏပြောတဲ့တစ်ယောက်ပေါ့…”
ထိုလူသုံးဦးမှာ ရန်ကိုင်အား တလေးတစားဖြင့် ချက်ချင်းပဲ နှုတ်ဆက်လိုက်ကြလေ၏။ “မင်္ဂလာပါနန်းတော်သခင်ရန်…”
သိုင်းလောကကြီးတွင် ခွန်အားသည်သာ အရာရာဖြစ်ပေသည်။ ကျားဟိန်းသံမြို့တော်ထဲ၌ ရှိနေသူများအနက် ထိုသုံးဦးမှာ အားအကောင်းဆုံးမဟုတ်ကြ။ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးမှာ လီကျောက်ဖြစ်ပေသည်။ သို့ပါသော်ငြား လီကျောက်မှာ ရန်ကိုင်အပေါ် အလွန်အမင်းကို လေးစားနေလေရာ သူတို့အနေဖြင့် မည်ကဲ့သို့များ လက်လွတ်စပယ် ပြုမူရဲပါမည်နည်း။ ထို့အပြင် လီကျောက်မှာ ရန်ကိုင်အား မကြာမကြာကိုလည်း ချီးကျူးပြောဆိုခဲ့ဖူးသေး၏။ ထိုမျှသာမဟုတ်သေး ယခုကဲ့သို့သော နတ်ဆိုးမျိုးနွယ်စုမှ ကျူးကျော်လာနေချိန် ကျားဟိန်းသံမြို့ထဲသို့ နောက်ထပ်ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ရောက်လာသည်မှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည့် အခွင့်အရေးကို ပိုမိုမြင့်တက်သွားစေခဲ့လေသည်။
ထိုသုံးဦးအနက် မြို့သခင်လင်းတုန်နှင့် ဒုမြို့သခင်ဝူကျိကျင်းတို့မှာ ယောက်ျားဖြစ်ကြပြီး ဒုမြို့သခင်မာယင်မှာတော့ အမျိုးသမီးတစ်ဦးဖြစ်ပေသည်။ သူမပုံစံမှာ အနောက်ဘက်နယ်မြေသားတစ်ဦးနှင့် လုံးဝကို ဆင်တူပေသည်။ နှာခေါင်းရှည်ရှည်၊ မျက်လုံးကျယ်ကျယ်၊ အရပ်မြင့်မြင့်၊ ဆံပင်အား ကျစ်ဆံမြီးကျစ်ထားသည့် ပုံစံမျိုးပင်။ သူမ၏ ခါးနှင့် တင်ပါးတို့ကို သိသာထင်ရှားအောင် လုပ်ပေးထားသည့် သူမ၏ဝတ်စုံနှင့်ပါ ထပ်ပေါင်းလိုက်သော် ဤအမျိုးသမီး၏ ယောက်ျားတစ်ဦး၏ဆန္ဒကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်သည့် ပုံစံမျိုးကို ပိုင်ဆိုင်ထားသည်ဟု ပြော၍ရပေသည်။
ရန်ကိုင်သည် လက်သီးဆုပ်၍ ထိုသုံးဦးကို ပြန်နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် လီကျောက်ဘက်သို့လှည့်၍ မေးလိုက်လေ၏။ “ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ…”
လီကျောက်က သက်ပြင်းချ၍ ပြောလိုက်လေ၏။ “ပြောရရင်တော့ အရှည်ကြီးပဲ…”
“ဘာတွေဖြစ်သွားတာလဲ…” ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့သည်။ “ကျုပ် ဒီကိုလာနေတုန်း နတ်ဆိုးကုန်းမြေက တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာနေတာကို တွေ့လိုက်သေးတယ်… ဘာလဲ… မဟာဧကရာဇ်တွေက မတားနိုင်တော့တာလား… အခု အနောက်ဘက်နယ်မြေအခြေအနေ ဘယ်လိုဖြစ်နေပြီလဲ…”
ကောင်းရွှယ်ထင်းက ဝင်၍ ရှင်းပြလိုက်လေ၏။ “အနောက်ဘက်နယ်မြေတစ်ဝက်လောက်ကို နတ်ဆိုးတွေက သိမ်းပြီးသွားပြီ… အခု ကျန်တဲ့နယ်မြေတစ်ဝက်ကို ဆက်သိမ်းဖို့လုပ်နေပြီ…”
ရန်ကိုင် အံ့အားသင့်သွားတော့လေသည်။ “ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်သွားရတာလဲ…”
လီကျောက်က ရှင်းပြလိုက်သည်။ “မဟာဧကရာဇ်တွေက ပြန်ဆုတ်သွားတော့ နတ်ဆိုးမျိုးနွယ်စုက လုံးဝကို တရစပ် ထိုးစစ်ဆင်လာတော့တာပဲ… ရန်သူတွေက ဒီကိစ္စအတွက် ပြင်ဆင်လာတာ အကြာကြီးရှိနေပြီလေ… ဒီတော့ ငါတို့က သူတို့ပြိုင်ဘက် ဘယ်လိုမှမဖြစ်နိုင်ဘူး… နောက်ဆုံး တောက်လျှောက်ခုခံရင်းနဲ့ပဲ အဆက်မပြတ် ပြန်ဆုတ်နေရတာ…”
ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ “မဟာဧကရာဇ်တွေက ပြန်ဆုတ်သွားတယ်…”
လီကျောက်က ခေါင်းတခါခါဖြင့် ရှင်းပြလိုက်လေ၏။ “ငါလည်း သေချာတော့မသိဘူး… ဒါပေမယ့် ငါကြားတာတော့ မဟာဧကရာဇ်တွေက နတ်ဆိုးနယ်မြေက နတ်ဆိုးသူတော်စင်တွေနဲ့ သဘောတူညီချက် လုပ်ထားတယ်ဆိုပဲ… နှစ်ဖက်စလုံးက မဟာဧကရာဇ်တွေနဲ့ သူတော်စင်တွေက ဒီစစ်ပွဲမှာ ဝင်မပါဖို့ပေါ့… အခုစစ်ပွဲမှာ မဟာဧကရာဇ်နဲ့ နတ်ဆိုးသူတော်စင်အဆင့်အောက်ကလူတွေပဲ ဝင်ပါလို့ရမယ်… အဲ့ဒါကြောင့် အခုစစ်ပွဲမှာ မဟာဧကရာဇ်တွေက ငါတို့ကို ဆက်ပြီးတော့ ကူညီပေးနိုင်တော့မှာမဟုတ်ဘူး…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ထပ်၍ပြောလိုက်၏။ “မဟာဧကရာဇ်တွေကလည်း အခြေအနေမှ မပေးတော့တာ… သူတို့တွေသာ နတ်ဆိုးသူတော်စင်တွေနဲ့ တိုက်ခိုက်ကြမယ်ဆိုရင် အခုအခြေအနေက ပိုပြီးတော့ ဆိုးသွားမှာ… အခု နှစ်ဖက်စလုံးက အားအကောင်းဆုံးလူတွေက တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်နေကြတော့ ကျန်တဲ့လူတွေအတွက်ကတော့ ပိုပြီးတော့ အဆင်ပြေသွားရတာပေါ့…”
မဟာဧကရာဇ်များနှင့် နတ်ဆိုးသူတော်စင်များသည် အဆင့်တူပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့သည်သာ တကယ်ကြီး တိုက်ခိုက်မည်ဆိုလျှင် သူတို့တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် ဖြစ်ပေါ်လာမည့် အပျက်အစီးများသည် ကြယ်တာရာအစုအဝေးအား ဆိုးဆိုးရွားရွား ထိခိုက်စေပေလိမ့်မည်။ ဖြစ်နိုင်သည်မှာတော့ ဤစစ်ပွဲကြီးပြီးသွားလျှင် နှစ်ဖက်စလုံး မရေမတွက်နိုင်သော အကျအဆုံးများနှင့် ရင်ဆိုင်သွားရနိုင်ပေသည်။
ထို့အပြင် နတ်ဆိုးသူတော်စင်များသည်သာ ကြယ်တာရာအစုအဝေး၏ အတွင်းပိုင်းထဲသို့ ပြေးဝင်ပြီး စိတ်ကြိုက်သောင်းကျန်းခဲ့မည်ဆိုလျှင် မဟာဧကရာဇ်များမှာ နတ်ဆိုးသူတော်စင်များကို အလွယ်တကူ တားဆီးနိုင်လိမ့်မည်မဟုတ်။
ယခု နှစ်ဖက်စလုံးမှာ သဘောတူညီချက် ရထားပြီဖြစ်လေရာ လက်ရှိစစ်ပွဲအတွက် ထိုကဲ့သို့သောအခြေအနေမျိုးသည် အကောင်းဆုံးသော သဘောတူညီချက်သာ ဖြစ်လေသည်။ အကြောင်းမှာ ထိုသဘောတူညီချက်သည် ကြယ်တာရာအစုအဝေးကိုလည်း အကျိုးရှိစေသည့်အတွက်ကြောင့်ပင်။
ထိုအကြောင်းကိုစဉ်းစားပြီးသွားသည့်နောက် ရန်ကိုင်၏အမူအယာ အနည်းငယ်ပြေလျော့သွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “မဟာဧကရာဇ်တွေ အဲ့လိုမျိုး သဘောတူညီချက်လုပ်တာက အထူးအဆန်းတော့မဟုတ်ဘူး… ဒါပေမယ့် နတ်ဆိုးသူတော်စင်တွေက ဘာဖြစ်လို့ သဘောတူရတာလဲ…”
ကောင်းရွှယ်ထင်းက ပြန်၍ ရှင်းပြလိုက်၏။ “နတ်ဆိုးသူတော်စင်တွေလည်း မဟာဧကရာဇ်တွေကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူးလေ… ပြီးတော့ ဒီကြယ်တာရာအစုအဝေးကို သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတာ… ဒီတော့ အရမ်းကြီးပျက်စီးသွားမှာကို သူတို့မလိုချင်ဘူး…”
“လောဘကြီးတဲ့ခွေးသူတောင်းစားတွေ…” ရန်ကိုင်က ထဆဲလေ၏။ “ဒီတော့ အခု ကိုယ့်ဘာကိုယ်ပဲ အားကိုးရတော့မှာပေါ့…”
“ဟုတ်တယ်…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ “ပြီးတော့ အနောက်ဘက်နယ်မြေတစ်ဝက်လောက်က အသိမ်းခံထားရတော့ စစ်ဖြစ်နေတဲ့စစ်မြေပြင်တွေက အများကြီးဖြစ်သွားရော… ဒါကြောင့်ပဲ ရောက်လာတဲ့စစ်ကူတွေအကုန်လုံးကို နေရာဖြန့်ပြီးတော့ ခွဲပေးထားရတာ… အခု ငါတို့က ဒီနေရာကိုစောင့်ကြည့်ဖို့ တာဝန်ကျနေတာ…”
ရန်ကိုင်နားလည်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်းတို့သုံးဦး ဤနေရာသို့ ဘာကြောင့် ရောက်နေရသလဲဆိုသည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်လေ၏။ ယခုမှသာလျှင် သူတို့မှာ ဤနေရာ၌ တာဝန်ကျနေသူများဖြစ်ကြောင်း သဘောပေါက်သွားရတော့သည်။ ထိပ်တန်းစစ်မျက်နှာမှာ ကျယ်ပြန့်လာပြီဖြစ်သည့်အတွက်ကြောင့် နယ်မြေကြီးသုံးခုမှ စစ်ကူများသည်လည်း လူခွဲကာ စစ်မြေပြင်အသီးသီးသို့ သွားရောက်ကူညီရတော့လေသည်။ အကုန်လုံး တစ်နေရာထဲတွင် စုဝေးနေခြင်းသည် သူတို့၏ခွန်အားကို အကြီးအကျယ် တိုးမြှင့်နိုင်ပါသော်ငြား နတ်ဆိုးမျိုးနွယ်စု၏ ထိုးစစ်ကို တားဆီးနိုင်လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်သာလျှင် လူခွဲကာ နတ်ဆိုးမျိုးနွယ်စုအားလုံးကို တစ်ပြိုင်တည်း တားဆီးနေရခြင်းဖြစ်သည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေ၏။ “ကျုပ်ရောက်လာတုန်းက မိုင်တစ်ရာလောက်မှာ နတ်ဆိုးမျိုးနွယ်စုစစ်တပ် ကင်းချနေတာကိုတွေ့လိုက်တယ်… အနည်းဆုံး သုံးလေးသိန်းလောက်တော့ ရှိမယ်… ကျားဟိန်းသံမြို့က အဲ့စစ်တပ်ကို တားနိုင်မှာလား…”
လီကျောက်က ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်၏။ “အကာအကွယ်အစီအရင်ရယ် ငါတို့သုံးယောက်ခေါ်လာတဲ့ စစ်ကူတွေရယ်… ဒီမြို့ထဲမှာရှိနေတဲ့ ကျင့်ကြံသူတွေရယ် အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင်တော့ ငါးဆယ်ငါးဆယ်လောက်ပဲ ရှိလိမ့်မယ်…”
လီကျောက်မှာ လူတိုင်းအား စိတ်ဓာတ်ကျသွားအောင် လုပ်နေခြင်းမဟုတ်ပေ။ အမှန်တရားကိုသာ ပြောနေခြင်းဖြစ်သည်။ နတ်ဆိုးစစ်တပ်မှာ အလွန်ကိုမှ လူအင်အားများလွန်းလှသည်။ ကျားဟိန်းသံမြို့တော်ထဲဝယ် မြို့သူမြို့သားအရေအတွက် သိန်းဂဏန်းခန့်ရှိပါသော်ငြား ထိုလူအားလုံးသည် တိုက်ခိုက်နိုင်ကြသည့်လူများ မဟုတ်ကြ။ ထိုလူများထဲမှ တိုက်ခိုက်နိုင်သူများကို စစ်ထုတ်လိုက်မည်ဆိုလျှင် အနည်းအကျဉ်းလောက်သာ ရှိပေတော့မည်။
“ဒီမှာ တိုက်ခိုက်နိုင်တဲ့သူ ဘယ်လောက်လောက်ရှိလဲ…” ရန်ကိုင်က မေးလိုက်သည်။
“အများဆုံးမှ ငါးသောင်းလောက်ပဲရှိမယ်…”
ငါးသောင်းနှင့် သုံးလေးသိန်း…။ ကွာဟချက်မှာ အလွန်ကိုမှ ကြီးမားလွန်းလှသည်။ ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းနိုင်ပါသော်ငြား အခြားသောနေရာများမှ စစ်ကူများကို ခေါ်ဆောင်လာနိုင်လိမ့်မည်မဟုတ်ပေ။ ကျားဟိန်းသံမြို့တော်သည်ပင်လျှင် ယခုကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရလေရာ အခြားသောနေရာများတွင်လည်း အလားတူအခြေအနေမျိုးနှင့် ကျိန်းသေ ရင်ဆိုင်နေရပေလိမ့်မည်။
“ငါတို့မှာ ဧကရာဇ်အဆင့်ပညာရှင် ဘယ်လောက်ရှိလဲ…” ရန်ကိုင်က ထပ်၍မေးလိုက်သည်။
လီကျောက်က ပြန်၍ပြောလိုက်၏။ “ငါတို့ကလွဲရင် မြို့ထဲမှာ အခြားလေးယောက်ရှိသေးတယ်…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။ တစ်နည်းဆိုရသော် နတ်ဆိုးစစ်တပ်ထဲရှိ နတ်ဆိုးဘုရင်အရေအတွက်နှင့် ကျားဟိန်းသံမြို့ထဲရှိ ဧကရာဇ်အဆင့်ပညာရှင်အရေအတွက်မှာ ထိုမျှကွာခြားလိမ့်မည်မဟုတ်ပေ။ နတ်ဆိုးမျိုးနွယ်ထဲတွင် စစ်သည် သုံးလေးသိန်း ရှိပါသော်ငြား နတ်ဆိုးဘုရင်အဆင့်သို့ရောက်နေသော နတ်ဆိုးအရေအတွက်မှာမူ အနည်းအကျဉ်းလောက်သာ ရှိပေတော့မည်။
ထို့အပြင် ရန်ကိုင်မှာ တစ်ဦးတည်းဖြစ်နေသည့်ပုံ ပေါက်ပါသော်ငြား လောကဓာတ်လုံးထဲ၌ ရှိနေသော လူသားဧကရာဇ်မြို့မှ ပညာရှင်များကို အပြင်သို့ ခေါ်ထုတ်၍ ရပေသေးသည်။
ထိုစဉ် ဒုမြို့သခင် ဝူကျိကျင်းက ရုတ်တရက် ဝင်ပြောလာလေ၏။ “ကျားဟိန်းသံမြို့က တောင့်ခံနိုင်လောက်မှာတော့မဟုတ်ဘူး… အခြားအစီအစဉ်တွေ ကြိုပြီးတော့ ဆွဲထားသင့်လား…”
လူတိုင်းမှာ ဒုမြို့သခင်ဝူကျိကျင်းဘက်သို့ ကြည့်လာခဲ့သည်။
ရန်ကိုင်က ပြန်၍မေးလိုက်လေ၏။ “ရောင်းရင်းဝူက ဘာအစီအစဉ်များ စဉ်းစားထားမိလို့လဲ…”
ဝူကျိကျင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံး၍ ပြန်ရှင်းပြလိုက်လေသည်။ “အစီအစဉ်ဆွဲထားတာတော့ မဟုတ်ပါဘူး… ဒီတိုင်း ရိုးရိုးလေးပါပဲ… အခုလောလောဆယ်အခြေအနေက နတ်ဆိုးစစ်တပ်ဘက်မှာ လူအင်အားက အရမ်းများလွန်းတယ်… ကျားဟိန်းသံမြို့ထဲမှာက ဒီလောက်ရှိတာမဟုတ်ဘူး… ဒီတော့ အခန့်မသင့်ရင် သူတို့ရဲ့ထိုးစစ်ကို တောင့်မခံနိုင်ဘူးဆိုရင် မြို့ထဲကလူတွေ ဘယ်လိုမှ ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူး… ဒါကြောင့် စစ်ပွဲမစခင် မြို့ထဲကလူတွေကို အရင် ဆုတ်ထားခိုင်းမလားလို့… အဲ့ဒါဆိုရင် တောင့်မခံနိုင်တော့ဘူးဆိုရင် သူတို့ အဆင်ပြေသွားတာပေါ့…”
လီကျောက်က မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။ “ရောင်းရင်းဝူ… ငါတို့ တိုက်တောင်မတိုက်ရသေးတာကို… မင်းက ဘယ်လိုလုပ်ပြီး ရှုံးမယ်လို့ ကြိုပြောနေရတာလဲ… ပြီးတော့ အခုမတိုင်ခင်က နိုင်နိင်ချေက တစ်ဖက်ကို ငါးဆယ်ငါးဆယ်ပဲ… ဒါပေမယ့် အခု ရောင်းရင်းရန်ရောက်လာပြီဆိုတော့ နိုင်နိုင်ချေက ရှစ်ဆယ်နှစ်ဆယ်လောက်ဖြစ်သွားပြီ… ပြီးတော့ အဲ့စစ်တပ်သိန်းဂဏန်းလောက်ကိုမပြောနဲ့ သန်းဂဏန်းလောက်ဆိုရင်တောင် ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး…”
လီကျောက် ဒေါသထွက်သွားခဲ့သည်။ သူနှင့်အခြားသူများမှာ အနောက်ဘက်နယ်မြေကို ကူညီပေးရန်အတွက် အခြားသောနယ်မြေကြီးသုံးခုမှ အဝေးကြီးလာခဲ့ရသည်။ ရောက်လာသည့်စစ်ကူများမှာ ဘာမျှမပြောရသေးပါသော်ငြား ဒေသခံဖြစ်သော ဝူကျိကျင်းကမူ ကြောက်ရွံ့ကာ ပြန်ဆုတ်ရန် ကြိုးစားနေလေသည်။ ထိုအကြောင်းကြောင့် လီကျောက်မှာ ဒေါသထွက်ရခြင်းပင်ဖြစ်သည်။
ဝူကျိကျင်း၏အစီအစဉ်တိုင်းသာ လုပ်ဆောင်မည်ဆိုလျှင် မည်သူမျှ တိုက်ခိုက်လိုစိတ် ရှိကြတော့လိမ့်မည်မဟုတ်ချေ။ အစီအစဉ်အတိုင်းလုပ်ဆောင်မည်ဆိုလျှင် မည်သူက ပြန်ဆုတ်၍ မည်သူက ခုခံရန် နေရစ်ခဲ့ပါမည်နည်း။ ထိုသို့ဖြစ်သွားသည့်အခါတွင် နတ်ဆိုးမျိုးနွယ်မှ မတိုက်ခိုက်ရသေးပါသော်ငြား လူတိုင်း၏တိုက်ခိုက်လိုစိတ်မှာ ဟိုးအောက်သို့ ထိုးကျသွားပေတော့မည်။
ဝူကျိကျင်းက အလျင်စလို ပြန်ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ စီနီယာလီရယ်… ဒီဝူက ဒီတိုင်းပဲ အမှုမဲ့အမှတ်မဲ့နဲ့ ပြောလိုက်တာပါ… အဲ့အစီအစဉ်က မသင့်တော်ဘူးလို့ထင်ရင်တော့ ဒီဝူမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ…”
လီကျောက်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။ “အဲ့လိုစကားမျိုးက မပြောတာအကောင်းဆုံးပဲ…”
ဝူကျိကျင်း ရှက်သွားခဲ့ပြီး ဘာမှထပ်မပြောတော့ပေ။
မာယင်မှာတော့ ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်လာခဲ့လေသည်။ လီကျောက်မှာ ရန်ကိုင်အား ဤမျှအထင်ကြီးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခင်က နိုင်နိုင်ချေမှာ ငါးဆယ် ငါးဆယ်သာ ဖြစ်ခဲ့ပါသော်ငြား ရန်ကိုင်ရောက်လာသည့်နောက် ရှစ်ဆယ်နှစ်ဆယ်ဖြစ်သွားပြီဟု လီကျောက်မှပြောလာခဲ့သည်။ ဤလူတစ်ဦးသည် ဤမျှ စွမ်းဆောင်နိုင်မည်လော။
ခန်းမထဲတွင် အခြေအနေ အနည်းငယ်တင်းမာနေသည်ကို သတိထားမိလိုက်သော် မြို့သခင်လင်းတုန်က အလျင်စလို ဝင်ရောက်ဖျန်ဖြေပြောဆိုလိုက်လေ၏။ “အခုလောလောဆယ် နတ်ဆိုးမျိုးနွယ်က မတိုက်ခိုက်သေးတော့ သူတို့ရဲ့အခြေအနေကို စောင့်ကြည့်ထားတာ ကောင်းလိမ့်မယ်… သူတို့သာ တကယ်ကြီး လှုပ်ရှားလာမယ်ဆိုရင် ပိုပြီးတော့ စောစောသိနိုင်ရင် စစ်တပ်တွေကို သေသေချာချာ စီမံခန့်ခွဲဖို့ကလည်း ပိုပြီးအချိန်ရသွားတာပေါ့…”
လီကျောက်က ခေါင်းညိတ်လိုက်လေ၏။ “မြို့သခင်လင်းပြောတာ အမှန်ပဲ…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင်ကိုကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ငါတို့ စစ်ကူတွေထပ်ရနိုင်ရင်တော့ ပိုကောင်းလိမ့်မယ်… ငါတို့ အခုလက်ရှိခွန်အားနဲ့ နတ်ဆိုးမျိုးနွယ်ကို ခုခံဖို့က နည်းနည်းခက်လိမ့်မယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါကို ကျုပ်တာဝန်ထားလိုက်…”
ကောင်းရွှယ်ထင်းမပြောလျှင်ပင် ရန်ကိုင်မှာ ထိုကိစ္စကို စဉ်းစားပြီးနေလေပြီ။ လက်ရှိအခြေအနေအရ သူတို့အဖို့ စစ်ကူကို မြန်မြန်ရလျှင်ပင် ပိုကောင်းပေလိမ့်မည်။ စစ်ကူမရနိုင်လျှင်တော့ သူလုပ်နိုင်သည့်အရာ ဘာမှမရှိတော့ပေ။ ထို့အပြင် ဒွိလောကကမ္ဘာကြီးထဲမှ သူပြန်ခေါ်လာသော မှော်ဆရာများကိုလည်း အသုံးချရပေလိမ့်မည်။ ထိုမှော်ဆရာများကို ခေါ်လာဖို့ရာ မလွယ်ကူလှသဖြင့် ဤနေရာသို့ ခေါ်လာပြီးသည့်နောက် ကောင်းကောင်း အသုံးချရပေလိမ့်မည်။ တော်ဝင်မိသားစုထဲ အဖွဲ့ဝင် နှစ်ဆယ်မှ သုံးဆယ်ခန့်ရှိပြီး ထိုလူများအနက် ငါးဦးမှာ မှော်ဘုရင်များ ဖြစ်ကြသည်။ ထိုမှော်ဆရာများအားလုံးကို ကျားဟိန်းသံမြို့ထဲ၌ တစ်စုတစ်ဝေးထားစရာမလိုပင်။ ကျားဟိန်းသံမြို့တော်အတွက်မူ ရန်ကိုင်တစ်ဦးတည်းနှင့်ပင် လုံလောက်နေလေပြီ။
လေဟာနယ်မှတ်တိုင်တစ်ခုကို ဖန်တီးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုအရာကို ကောင်းရွှယ်ထင်းဆီသို့ ပေးကာ ပြောလိုက်လေ၏။ “နတ်ဆိုးစစ်တပ်ဘက်ခြမ်းမှာ တစ်ခုခုလှုပ်လှုပ်ရှားရှားဖြစ်လာရင် ကျုပ်ကို အကြောင်းကြားလိုက်…”
“ကောင်းပြီ…” ကောင်းရွှယ်ထင်းသည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် လေဟာနယ်မှတ်တိုင်ကို သူမ၏လက်ကောက်ဝတ်၌ ချီလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လင်းတုန်နှင့်အခြားသူများ အံ့အားသင့်သွားခဲ့ကြသည်။
မီတာတစ်သိန်းခန့်အကွာ၌ ရန်ကိုင်မှာ အခြားသောမြို့တစ်မြို့၏အပြင်ဘက်တွင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ သို့ပါသော်ငြား ပတ်ဝန်းကျင်သို့ သေချာအာရုံမစိုက်ရသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းလှသည့်စွမ်းအင်လှိုင်းများ သူ့အား လာရောက်ရိုက်ခတ်လေရာ ရန်ကိုင်မှာ မုန်တိုင်းထဲရောက်နေသည့် လှေငယ်လေးတစ်စင်းပမာ ခံစားလိုက်ရလေသည်။
ရန်ကိုင် ကြောင်သွားတော့လေ၏။ ထိုစွမ်းအင်လှိုင်းများမှာ မဟာဧကရာဇ်တစ်ပါး၏စွမ်းအားလောက် အားကောင်းခြင်း မရှိပါသော်ငြား မဟာဧကရာဇ်တစ်ပိုင်း၏ တိုက်ခိုက်မှုနှင့် အဆင့်တူတွင် ရှိနေပေသည်။
ရန်ကိုင်မှာ သူ၏ဧကရာဇ်ချီကို အလျင်စလိုလှည့်ပတ်၍ လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်လေ၏။
နားပင်းမတတ် ကျယ်လောင်သည့် အသံတစ်သံနှင့်အတူ ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများ ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်မှာမူ မီတာတစ်ထောင်ခန့်အကွာသို့ လွင့်စင်ထွက်သွားပြီးသည့်နောက်မှသာ ခက်ခက်ခဲခဲဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လည်ကြိုးစားလိုက်နိုင်၏။ သူ့လက်တစ်ခုလုံးမှာတော့ ကိုက်ခဲနေသလို ခံစားလိုက်ရလေသည်။
ရန်ကိုင် ခေါင်းမော့၍ကြည့်လိုက်ရာ လူကောင်ထွားထွားနတ်ဆိုးတစ်ကောင်သည် သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေကြောင်းကို တွေ့လိုက်ရလေ၏။ ထိုနတ်ဆိုးဆီမှ ထွက်ပေါ်နေသည့်အရှိန်အဝါမှာ နတ်ဆိုးဘုရင်တစ်ပါးထက် အဆပေါင်းများစွာ ပိုအားကောင်းလေသည်။
(မဟာဧကရာဇ်တစ်ပိုင်းအဆင့်နတ်ဆိုးလား…) ရန်ကိုင် မင်သက်သွားလေ၏။