အခန်း ၃၄၀၅
Vol. 150 Ch. 3405
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၅)
ဘာသာပြန်သူ_တိမ်တိုက်
ထိုစဉ် လေဟာနယ်နိယာမ စွမ်းအင်လှိုင်းတို့ လှုပ်ခတ်သွားခဲ့ပြီး လူတစ်ဦး ရန်ကိုင် အရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော မဟာဧကရာဇ်တစ်ပိုင်းအဆင့် နတ်ဆိုးအား လက်သီးဖြင့် ထိုးချကာ ပြန်ဆုတ်သွားအောင် လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "မင်း အဆင်ပြေလား"
လီဝူရီပင် ဖြစ်လေသည်။
လီဝူရီ ပေါ်လာသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်မျှပင် အံ့အားသင့်နေခြင်း မရှိခဲ့။ တကယ်တော့ ရန်ကိုင်သည် လီဝူရီ၏ လေဟာနယ်မှတ်တိုင်ဆီသို့ တည်နေရာ ခုန်ကူးလာခဲ့ခြင်းပင် မဟုတ်ပေလော။ သို့ပါသော်ငြား လီဝူရီသည် အခြားသော နတ်ဆိုးမျိုးနွယ်မှ ပညာရှင်တစ်ဦးနှင့် တိုက်ခိုက်နေလိမ့်မည်မှန်း ရန်ကိုင် မည်ကဲ့သို့များ ကြိုသိခဲ့ပါမည်နည်း။
"ဘာမှမဖြစ်ဘူး" ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။
လီဝူရီက ပြန်ပြောလိုက်သည်။ "ဘေးဖယ်နေဦး၊ နောက်မှစကားပြောမယ်"
ထိုသို့ ပြောပြီးသည့်နောက်တွင် လီဝူရီသည် နတ်ဆိုးမျိုးနွယ် ပညာရှင်ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့လေသည်။ ထို့နောက် သူတို့နှစ်ဦးမှာ စတင်၍ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြတော့သည်။ လီဝူရီမှာ ကြယ်တာရာအစုအဝေးထဲရှိ မဟာဧကရာဇ်များပြီးလျှင် အားကောင်းဆုံး ပညာရှင်ဟု ပြောစမှတ်ပြုရသူတစ်ဦး ဖြစ်သည်။ သူသည် မဟာဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသလို လေဟာနယ်တာအိုကိုလည်း ကျွမ်းကျင်ထားသည့်အတွက်ကြောင့် အလွန်ကိုမှ အားကောင်းသည်ဟု ပြော၍ ရသည်။ ဤနတ်ဆိုးမျိုးနွယ်ပညာရှင်မှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား လီဝူရီ၏ ပြိုင်ဘက်တော့ မဖြစ်နိုင်ခဲ့ပေ။
သို့ပါသော်ငြား ဤနတ်ဆိုးသည် ခွန်အားနတ်ဆိုးမျိုးနွယ်မှ ဖြစ်လောက်ပေသည်။ ၎င်း၏ ထုထည် ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် မာကျောလှသော ကြွက်သားများ အရေပြားတို့သည် ခန္ဓာကိုယ်ကို ကောင်းကောင်း ကာကွယ်ပေးထားခဲ့လေရာ လွယ်လွယ်နှင့် ဒဏ်ရာ မရနိုင်ပေ။ ထိုအကြောင်းကြောင့် လီဝူရီမှာ တိုက်ပွဲတွင် အသာရနေသည့်တိုင် ဤတိုက်ပွဲအား အချိန်တိုအတွင်း အဆုံးသတ်ဖို့ရာ မဖြစ်နိုင်သေးပေ။
လီဝူရီတို့ နှစ်ဦးသည်သာ တိုက်ခိုက်နေကြခြင်း မဟုတ်။ တစ်သန်းနီးပါးခန့် ရှိသော ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူများနှင့် နတ်ဆိုးမျိုးနွယ်စုဝင်များမှာလည်း တစ်ဖက်နှင့်တစ်ဖက် အသေအကျေ တိုက်ခိုက်နေကြလေသည်။ အခိုက်အတန့်တိုင်းတွင် တစ်စုံတစ်ဦးမှာ ဘဝတစ်ပါးသို့ ကြွေလွင့်နေကြရသည်။ ထိုအချိန်အတောအတွင်း မိုင်သုံးဆယ်ခန့် အကွာတွင် ရှိနေသော မြို့ကိုမူ အစီအရင် တစ်ခုလုံးမှ လွှမ်းခြုံထားခဲ့လေသည်။
ဤမြို့ဘက်ရှိ အခြေအနေမှာ ကျားဟိန်းသံမြို့ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ရန်ကိုင် ကြိုတွေးထားပြီးသားပင်။ သို့ပါသော်ငြား သူ မမျှော်လင့်ထားသည်မှာ ဤနေရာတွင် စစ်ပွဲ ဖြစ်နေပြီး ကျားဟိန်းသံမြို့ဘက်တွင်မူ နတ်ဆိုးမျိုးနွယ်စုမှာ အခြေအနေကို စောင့်ကြည့်နေဆဲကာလတွင်သာ ရှိနေခြင်းပင်။
အခြေအနေကို နားလည်လိုက်သော် ရန်ကိုင်လည်း ရပ်ကြည့် မနေတော့ဘဲ အနန္တဓားကို ဆွဲကိုင်၍ နတ်ဆိုးအုပ်စုထဲသို့ ပြေးဝင်သွားကာ နတ်ဆိုးများ၏ အသက်ကို စတင် ခြွေယူတော့လေ၏။
ဤနေရာရှိ နတ်ဆိုးစစ်တပ်မှာ ကျားဟိန်းသံမြို့ အပြင်ဘက်တွင် ကင်းချထားသော နတ်ဆိုးမျိုးနွယ်စစ်တပ်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပေသည်။ ထိုအပြင် ပညာရှင် အရေအတွက်လည်း ပိုမို များပြားသေး၏။ ဤနတ်ဆိုးစစ်တပ်ထဲဝယ် မဟာဧကရာဇ်တစ်ပိုင်းအဆင့် နတ်ဆိုးတစ်ဦးပင် ရှိနေလေသည်။ သို့ပါသော်ငြား ထိုကဲ့သို့သော နတ်ဆိုးမျိုးမှာ တစ်ကောင်တည်းသာ ရှိနေခြင်း ဖြစ်ပြီး ကျန်နတ်ဆိုးများမှာ နတ်ဆိုးဘုရင်အဆင့်လောက်သာ ရှိကြပေသည်။
ရန်ကိုင်၏ လက်ရှိခွန်အားအရ မည်သည့် နတ်ဆိုးဘုရင်အဆင့် နတ်ဆိုးကိုမှ ကြောက်နေစရာ မလိုပေ။ ထိုအကြောင်းကြောင့် နတ်ဆိုးစစ်တပ်ထဲသို့ ပြေးဝင်သွားခဲ့ပြီး စတင်၍ သတ်ဖြတ်တော့လေသည်။
နေ့ဝက်ခန့် ကြာပြီးသည့်နောက် နှစ်ဖက်စလုံး အသီးသီး ပြန်ဆုတ်သွားခဲ့ကြ၏။ စစ်ဖြစ်ပွားခဲ့ရာ စစ်မြေပြင်တွင်မူ အလောင်းများ တောင်နှယ်ပုံကာ ကျန်ရစ်ခဲ့လေသည်။ ကြယ်တာရာအစုအဝေးသည် အဆုံးအရှုံး ကြီးကြီးမားမားနှင့် ကြုံခဲ့ရပါသော်ငြား နတ်ဆိုးမျိုးနွယ်စုသည်လည်း အခြေအနေ ကောင်းမနေခဲ့ပေ။ လီဝူရီမှာလည်း နတ်ဆိုးစစ်တပ် အနောက်သို့ ပြေးလိုက်မသွားခဲ့ပေ။ တကယ်တော့ သူတို့၏ လတ်တလော တာဝန်မှာ နတ်ဆိုးမျိုးနွယ်စုအား ဆက်၍ မကျူးကျော်လာနိုင်အောင် တားဆီးထားရန်သာလျှင် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ကျန်သည့် လူများကို ပြန်ဆုတ်ကာ မြို့ထဲ၌ အနားယူ အားပြန်ဖြည့်ရန် အမိန့်ပေးလေသည်။
မြို့သခင်စံအိမ်ထဲဝယ် လီဝူရီသည် သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီးသည့်နောက် အဝတ်အစားအသစ် တစ်စုံ ထုတ်ဝတ်လိုက်သည်။ ထို့နောက် ရန်ကိုင်နှင့် စကားလာပြောလေ၏။
"စီနီယာလီ၊ မဟာဧကရာဇ်တွေဘက်က အခြေအနေ ဘယ်လိုလဲ" ရန်ကိုင်မှာ မဟာဧကရာဇ်နှင့် နတ်ဆိုးသူတော်စင်များ မည်ကဲ့သို့ သဘောတူညီချက် လုပ်ထားသလဲဆိုသည်ကို အမှန်တကယ် သိချင်နေမိလေသည်။
လီဝူရီက ပြန်ပြောလိုက်၏။ "မင်း အဲဒီအကြောင်း ကြားပြီးသွားပြီလား"
ရန်ကိုင်က ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။ "အခုလေးတင် ကျားဟိန်းသံမြို့ကနေ လာခဲ့တာ၊ အဲဒီမှာ လီကျောက်၊ စီနီယာမာကောင်းနဲ့ အခြားသူတွေနဲ့ တွေ့ပြီးတော့ သူတို့ပြောပြတာ ကြားလာခဲ့တာ"
လီဝူရီက ခေါင်းညိတ်လိုက်သည်။ "အဲဒါဆိုရင်တော့ အကြောင်းအရင်းကို သူတို့ မင်းကို ရှင်းပြပြီးသွားလောက်ပြီပေါ့၊ တကယ်တော့ မဟာဧကရာဇ်တွေရဲ့ အခြေအနေက သူတို့ ပြောသလောက် မရိုးရှင်းဘူး"
"အခြား အကြောင်းအရင်း ရှိသေးတာလား" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့၏။
လီဝူရီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ အခြား အကြောင်းအရင်းကတော့ စီနီယာလမင်းပဲ"
"စီနီယာလီ၊ ကျုပ်ကို တစ်ချက်လောက် ရှင်းပြပေးလို့ရမလား" ရန်ကိုင်က ပြောလိုက်လေသည်။
လီဝူရီက သက်ပြင်းချ၍ ရှင်းပြလိုက်လေ၏။ "အခုလောလောဆယ် စီနီယာလမင်းက နတ်ဆိုးနယ်မြေထဲက တစ်နေရာရာမှာ ပိတ်မိနေတာ၊ နတ်ဆိုးသူတော်စင်တွေက ပြောတယ်၊ မဟာဧကရာဇ်တွေသာ ဒီတိုက်ပွဲမှာ ဝင်ပါမယ်ဆိုရင် နတ်ဆိုးနယ်မြေထဲ ချက်ချင်းပြန်သွားပြီးတော့ စီနီယာလမင်းကို အရင်ဆုံး ရှင်းပစ်မယ်တဲ့၊ ဒါပေမဲ့ မဟာဧကရာဇ်တွေ ဘေးထွက်နေပေးမယ်ဆိုရင်တော့ သူတို့အနေနဲ့ အဲဒီလိုမျိုး မဆင်မခြင် မလှုပ်ရှားဘူးတဲ့"
ထိုစကားကို ကြားသော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ "ဒီတော့ ပြောချင်တာက နတ်ဆိုးမျိုးနွယ်ဘက်က အရင်ဆုံး စပြီးတော့ ကမ်းလှမ်းလာခဲ့တာပေါ့"
လီဝူရီက ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ မဟာဧကရာဇ်တွေမှာလည်း ရွေးစရာ မရှိဘူးလေ၊ စီနီယာလမင်း နတ်ဆိုးနယ်မြေထဲမှာ ကျန်ခဲ့တာက ကျန်တဲ့ စီနီယာသုံးပါး ထွက်ပြေးလွတ်မြောက်အောင်လို့ကိုး၊ ဒီတော့ စီနီယာလမင်း အခုလိုမျိုး ဒုက္ခရောက်နေတာကို ကျန်တဲ့ စီနီယာသုံးပါးက လျစ်လျူမရှုနိုင်ဘူး၊ စီနီယာတွေသာ အဲဒီနတ်ဆိုးသူတော်စင်တွေ ကမ်းလှမ်းလာတာကို လက်မခံဘူးဆိုရင် စီနီယာလမင်း ဘယ်လောက်ပဲ အားကောင်းနေပါစေ အဆုံးသတ်ကတော့ ကောင်းမှာ မဟုတ်ဘူး၊ တကယ်တော့ သူပိတ်မိတာက နတ်ဆိုးနယ်မြေထဲမှာလေ၊ ပြီးတော့ အဲဒီမှာ နတ်ဆိုးသူတော်စင် တစ်ပါးတည်း မဟုတ်ဘူး"
ရန်ကိုင်က ဇဝေဇဝါ အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "ဒါပေမဲ့ နတ်ဆိုးသူတော်စင်တွေက အခုလိုမျိုး ကမ်းလှမ်းလာလို့ ဘာရမှာမလို့လဲ၊ သူတို့က ဒီကြယ်တာရာအစုအဝေးကို သိမ်းပိုက်ဖို့ လာတာ မဟုတ်ဘူးလား၊ ဒီနေရာကို သိမ်းပိုက်ချင်တယ်ဆိုရင် မဟာဧကရာဇ်တွေကို ကျော်ဖြတ်ရမှာက သဘာဝပဲလေ"
လီဝူရီကမူ သူ မသိကြောင်း ခေါင်းခါပြလိုက်လေသည်။ နတ်ဆိုးသူတော်စင်များ ဘာကြောင့်များ ယခုကဲ့သို့ နည်းလမ်းကို သုံး၍ အချိန်ဆွဲချင်နေရသလဲဆိုသည်ကို သူတို့ အမှန်တကယ်ကို နားမလည်ပေ။
ရန်ကိုင်ကမူ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ "မဟာဧကရာဇ်တွေကရော ဘာတွေ စဉ်းစားနေတာလဲ၊ သူတို့ တကယ်ကြီး လိုလိုလားလားနဲ့ သဘောတူလိုက်တာလား"
"အခုလောလောဆယ်တော့ အခြေအနေ ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဦးမယ်နဲ့ တူတယ်" လီဝူရီက ပြန်ပြောလိုက်သည်။
"စီနီယာလမင်း လွတ်မြောက်လာမယ်ဆိုရင်ရော"
လီဝူရီက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်၏။ "အဲဒါကတော့ သိပ်ပြီးတော့ ဖြစ်နိုင်ခြေ မရှိဘူး"
"ဖြစ်နိုင်ခဲ့မယ်ဆိုရင်ရော" ရန်ကိုင်က ပြန်၍ မေးလိုက်၏။
လီဝူရီက ထပ်ပြောလိုက်သည်။ "မီးမရှိဘဲနဲ့ မီးခိုးဆိုတာလည်း ရှိလာမှာ မဟုတ်ဘူးလေ၊ နတ်ဆိုးသူတော်စင်တွေရဲ့ ကမ်းလှမ်းချက်က ကြယ်တာရာအစုအဝေးအတွက် အကျိုးရှိတယ်ဆိုပေမဲ့ ရှင်းရှင်းပြောရရင်တော့ နတ်ဆိုးနယ်မြေအတွက် ပိုပြီး အကျိုးရှိတယ်လို့ ပြောလို့ရတယ်၊ စီနီယာလမင်းသာ တကယ်ကြီး လွတ်မြောက်လာနိုင်မယ်ဆိုရင်တော့ မဟာဧကရာဇ်တွေ အကုန်လုံး ကျိန်းသေလှုပ်ရှားကြမှာ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ နတ်ဆိုးနယ်မြေဘက်မှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ မသိဘူး၊ မဟာဧကရာဇ်တွေတောင် မသိဘူး"
ထိုစကားကို ကြားသော် ရန်ကိုင် မျက်လုံးမှေးစင်းသွားပြီး အတွေးနက်သွားခဲ့လေ၏။
လီဝူရီက ထပ်၍ ပြောလိုက်သည်။ "အခု လောလောဆယ်တော့ အဲဒီအကြောင်း မပြောဘဲ နေကြရအောင်၊ စီနီယာလမင်း ကိစ္စကိုတော့ မဟာဧကရာဇ်တွေပဲ စိတ်ပူပါစေ၊ သူတို့ဘာသာသူတို့ အစီအစဉ်နဲ့ ရှိပြီးသား၊ အခု မင်းအကြောင်း ပြောကြရအောင်၊ ရေခဲနယ်မြေထဲ သွားတာ အခြေအနေ ဘယ်လိုလဲ"
ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးရင်းမှ ပြန်ပြောလိုက်၏။ "အဆင်ပြေသွားတယ်"
လီဝူရီ၏ မျက်လုံးများ တောက်ပသွားလေသည်။ "အဲဒါဆို သူတို့ ဘယ်မှာလဲ"
ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမထဲ လူများစွာ ပေါ်လာကြလေသည်။ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့လေရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခန်းမထဲ၌ လူတစ်ရာကျော် ထွက်ပေါ်လာလေ၏။
လူသားဧကရာဇ်နှင့် အခြားသူများမှာတော့ ပေါ်လာပြီးသည့်နောက် ဘာတွေဖြစ်လို့ ဖြစ်နေမှန်း နားမလည်သေးပေ။ လီဝူရီကမူ ထိုလူများကို မြင်ပြီးသည့်နောက် မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်လေ၏။ "သူတို့ အကုန်လုံးလား"
ရန်ကိုင် ရေခဲနယ်မြေဆီသို့ ဘာကြောင့် သွားရသလဲဆိုသည်ကို လီဝူရီ သိပေသည်။ ထိုအကြောင်းကြောင့် ထိုလူတစ်ရာကျော်စလုံးမှာ မှော်ဆရာများ ဖြစ်ကြသည်ဟု ထင်သွားခြင်းပင်။
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို အောင့်အည်းရင်းမှ ပြန်ပြောလိုက်လေ၏။ "သူတို့ အကုန်လုံး မဟုတ်ဘူး၊ တော်ဝင်မိသားစုတွေလောက်ပဲ၊ စုစုပေါင်း အယောက်နှစ်ဆယ်ပေါ့၊ ကျန်တဲ့ လူတွေကတော့ ဒီအတိုင်း ရိုးရိုးကျင့်ကြံသူတွေပဲ"
လူသားဧကရာဇ်နှင့် အခြားသူများမှာ ဇဝေဇဝါ အမူအရာများဖြင့် ရန်ကိုင်နှင့် လီဝူရီတို့ စကားပြောနေသည်ကို လှည့်ကြည့်လာကြလေသည်။
ရန်ကိုင်သည် ထိုလူအုပ်ကြီးကို ဝေ့ကြည့်ရင်းမှ မိတ်ဆက်ပေးလိုက်လေ၏။ "အကုန်လုံး၊ ဒီနေရာက အပြင်လောကကြီးပဲ၊ ဒါပေမဲ့ အခုလောလောဆယ် အခြေအနေက ခင်ဗျားတို့ ထင်ထားတာတွေနဲ့ နည်းနည်းလေး ကွဲပြားရင် ကွဲပြားနေလိမ့်မယ်၊ အခု ဒီလောကကြီးကို နတ်ဆိုးမျိုးနွယ်က ကျူးကျော်လာနေတာ၊ ဒီတော့ အဲဒီနတ်ဆိုးတွေကို တွန်းလှန်ဖို့အတွက် ခင်ဗျားတို့ရဲ့ ခွန်အားတွေကို လိုအပ်တယ်၊ အထူးသဖြင့် တော်ဝင်မိသားစုက လူတွေပဲ"
ထိုစကားကို ကြားသည့်အခါ လူသားဧကရာဇ်၏ နှုတ်ခမ်းမဲ့တက်သွားခဲ့လေသည်။ ရန်ကိုင် လူသားဧကရာဇ်မြို့တော်ထဲသို့ ရောက်လာစဉ်ကတည်းက ကောင်းသည့် ရည်ရွယ်ချက်နှင့် ရောက်လာခြင်း မဟုတ်မှန်း လူသားဧကရာဇ် သိပြီးသားပင်။ သို့ပါသော်ငြား ရန်ကိုင် ဘာကြောင့် ရောက်လာရသလဲဆိုသည်ကိုမူ လုံးဝ မသိခဲ့ပေ။ ယခုအခါမှသာလျှင် အကြောင်းအရင်းကို နားလည်သွားတော့သည်။
[ဒီတော့ အပြင်လောကကြီးကလည်း ငါတို့ ဒုလောကကမ္ဘာကြီးလိုပဲ နတ်ဆိုးမျိုးနွယ်စု ကျူးကျော်တာခံနေရတာကိုး၊ ဒီရန်ကိုင်ကွာ] သူ့စိတ်ထဲ ရန်ကိုင်အား မကျေမနပ် ဖြစ်နေလင့်ကစား တစ်ဖက်လူမှာ သူ့ထက် ပို၍ အားကောင်းနေသည့်အတွက်ကြောင့် လူသားဧကရာဇ်မှာ ဘာမျှ ပြန်မပြောရဲခဲ့ပေ။ တကယ်တော့ လက်ရှိ သူတို့ ရှိနေသည့် နေရာမှာ လူသားဧကရာဇ်မြို့တော်မှ မဟုတ်တော့လေဘဲ။ ထိုအကြောင်းကြောင့် မှုန်ကုပ်ကုပ် အမူအရာဖြင့်သာ ပြန်၍ ပြောလိုက်လေ၏။ "စီနီယာရန် ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ ကျုပ်တို့ တော်ဝင်မိသားစု ကျိန်းသေ အတတ်နိုင်ဆုံး ကူညီပေးပါမယ်"
ထိုအခါမှသာလျှင် ရန်ကိုင် ကျေကျေနပ်နပ် ပြုံးသွားခဲ့လေသည်။ လူသားဧကရာဇ်သာ ခေါင်းမာနေဦးမည်ဆိုလျှင်တော့ ရန်ကိုင်မှာ အခြားသူများ နမူနာ ရသွားလေအောင် လူသားဧကရာဇ်အား ပထမဦးစွာ သင်ခန်းစာပေးရန် ပြင်ဆင်ထားပေသည်။ သို့ပါသော်ငြား ဤလူအိုကြီးမှာတော့ အခြေအနေ အချိန်အခါအလျောက် ကောင်းကောင်းကို ပြုမူတတ်ပေ၏။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း အလုပ်ရှုပ်ခံနေစရာ မလိုတော့ပေ။
"စီနီယာလီ၊ ဒီလူတွေကို စီနီယာလီနဲ့ ထားခဲ့လိုက်မယ်နော်၊ သူတို့ကို အဆင်ပြေသလိုသာ နေရာခွဲခြမ်းပေးလိုက်၊ ကျုပ်ကတော့ ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တွေကို တစ်ချက် သွားကြည့်ကြည့်လိုက်ဦးမယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် ထွက်သွားလေ၏။
မည်သို့ပင် ဖြစ်နေစေကာမူ လီဝူရီမှာ မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည့်အတွက်ကြောင့် လူသားဧကရာဇ်မြို့တော်ထဲမှ လူများကို ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်နိုင်ပေလိမ့်မည်။ ရန်ကိုင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်မပူ။ သူ့တာဝန်မှာ ထိုလူများကို ဒုလောကကမ္ဘာကြီးထဲမှ ခေါ်ထုတ်လာရန်သာ ဖြစ်ပေသည်။
ရှင်းပြစရာ ရှိသည်များကို ရှင်းပြပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကောက်ဝတ်၌ ဆွဲထားသော လေဟာနယ်မှတ်တိုင်ကို အသက်သွင်းကာ ခန်းမထဲမှ ထွက်သွားခဲ့လေ၏။
အနောက်ဘက်နယ်မြေ၏ စစ်မြေပြင်မှာ အလွန်ကိုမှ ရှည်လျားလွန်းလှသည်။ ထက်ကောင်းကင်နန်းတော်မှ ရောက်ရှိလာသော စစ်ကူများ အခြေအနေ မည်ကဲ့သို့ ရှိနေသလဲဆိုသည်ကို ရန်ကိုင် မသိပေ။ ထိုအကြောင်းကြောင့် သူ့လူများ၏ အခြေအနေကို သွားရောက်စစ်ဆေးကြည့်ရပေမည်။
တစ်ခဏအကြာတွင် ရန်ကိုင်မှာ အခြားသော မြို့တစ်မြို့ထဲတွင် ရှိနေသော ရွှယ့်ယွယ် ဘေးနား၌ ပေါ်လာခဲ့လေသည်။ ရုတ်တရက် ပေါ်လာသည့် ရန်ကိုင်ကို ကြည့်ရင်း ရွှယ့်ယွယ် အံ့အားသင့်သွားခဲ့လေ၏။ ထို့နောက်တွင် ချက်ချင်းပဲ ရှန်ချင်းလော့နှင့် စုယန်တို့အား လှမ်းခေါ်လိုက်လေသည်။
အခြေအနေ အကြောင်းအရင်းကို မေးမြန်းကြည့်ပြီးသည့်နောက် ဤနေရာ၌ ဘာတွေဖြစ်နေသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။
ရန်ကိုင် မျှော်လင့်ထားသည့်အတိုင်းပင် ထက်ကောင်းကင်နန်းတော်မှ စေလွှတ်လိုက်သော စစ်ကူများသည် အနောက်ဘက်နယ်မြေထဲရှိ အခြားသော မြို့တစ်မြို့၌ တာဝန်ကျနေခဲ့လေသည်။ လက်ရှိ အခိုက်အတန့်တွင် ထက်ကောင်းကင်နန်းတော်မှ ရောက်ရှိလာသော စစ်ကူများသည် ဒေသခံများနှင့်အတူ ပူးပေါင်းကာ မြို့အား ဝိုင်းရံတိုက်ခိုက်နေသော နတ်ဆိုးမျိုးနွယ်စုများကို ခုခံတော်လှန်နေကြခြင်း ဖြစ်သည်။
သို့ပါသော်ငြား ဤနေရာရှိ အခြေအနေမှာ ကျားဟိန်းသံမြို့နှင့် လီဝူရီ ရှိနေသည့် မြို့ထက် အများကြီး ပိုကောင်းနေသည်။ အကြောင်းမှာ ဤနေရာ၌ မွန်းစတားဘုရင်ခြောက်ပါး ရှိနေရုံသာလျှင် မဟုတ်။ ရေခဲနှလုံးသားတောင်ကြားမှ ပညာရှင်များလည်း ရှိနေသည့်အတွက်ကြောင့်ပင်။
မွန်းစတားဘုရင်ခြောက်ပါးမှာ ထက်ကောင်းကင်နန်းတော်၌ ရှိနေသော မွန်းစတားဘုရင်ခြောက်ပါးကို ဆိုလိုပေသည်။ မွန်းစတားဘုရင် တစ်ပါးချင်းစီသည် အဆင့်တစ်ဆယ့်နှစ် အဆင့်မြင့် မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အပြင် ရေခဲနှလုံးသားတောင်ကြားမှ ဧကရာဇ်အဆင့်ပညာရှင်များလည်း ရှိနေကြသေးသည့်အတွက်ကြောင့် ဤနေရာရှိ လူအင်အားမှာ အတော်လေးကိုမှ တောင့်တင်းသည်ဟု ပြော၍ ရသည်။
ထိုအပြင် မြို့ထဲရှိ ကျင့်ကြံသူ အရေအတွက်မှာလည်း တစ်သိန်းနီးပါးခန့်ကို ရှိနေပေသည်။
ဤနေရာရှိ တိုက်ပွဲမှာမူ လွန်ခဲ့သော နေ့ဝက်ခန့်က ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။ ထိုတိုက်ပွဲ အတောအတွင်း ကြယ်တာရာအစုအဝေးဘက်မှ အပြတ်အသတ်ကို အနိုင်ရခဲ့ပြီး သိန်းနှင့်ချီသော နတ်ဆိုးများကို သတ်ပစ်နိုင်ခဲ့သည်။ နတ်ဆိုးများမှာလည်း မရှုမလှဖြင့် မိုင်ရာဂဏန်းခန့် အကွာသို့ ပြန်ဆုတ်သွားခဲ့ရသည်။ သို့ပါသော်ငြား အပြီးတိုင် ပြန်ဆုတ်သွားခဲ့ခြင်း မရှိဘဲ ခပ်ဝေးဝေး၌ စခန်းချကာ စစ်ကူများ ရောက်လာမည်ကို စောင့်နေလေ၏။
သို့သော်ငြား လက်ရှိ အခြေအနေအရ နတ်ဆိုးမျိုးနွယ်စုဘက်မှ မဟာဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးကိုသာ မစေလွှတ်လာခဲ့လျှင် ဤမြို့ကို သိမ်းပိုက်ဖို့ရာ မဖြစ်နိုင်ပေ။ မွန်းစတားဘုရင် ခြောက်ပါးနှင့်ပင်လျှင် တစ်သိန်းခန့်ရှိသော နတ်ဆိုးစစ်တပ်ကို ရှင်းပစ်ဖို့ရာ လုံလောက်နေလေပြီ။
အခြေအနေ အကြောင်းအရင်းကို မေးမြန်းပြီးသည့်နောက် ရန်ကိုင် စိတ်သက်သာရာရသွားခဲ့လေ၏။ ထက်ကောင်းကင်နန်းတော်မှ စေလွှတ်လိုက်သော စစ်ကူများအဖို့ လတ်တလော၌ ဘာကိုမျှ စိတ်ပူနေစရာ မလိုသေးပေ။ သို့ပါသော်ငြား ကျားဟိန်းသံမြို့တော်မှာမူ အခြေအနေ သိပ်မကောင်းလှ။ အနောက်ဘက်နယ်မြေထဲ ကျားဟိန်းသံမြို့တော်ကဲ့သို့သော အလားတူမြို့များ ထပ်ရှိနေကောင်း ရှိနေပေလိမ့်ဦးမည်။ သို့ပါသော်ငြား ရန်ကိုင်မှာ မြို့အားလုံးကို မကူညီပေးနိုင်ပေ။
ကျားဟိန်းသံမြို့ ရန်ကိုင်အတွက် အရေးကြီးနေရခြင်းမှာ ထိုမြို့၌ လီကျောက်နှင့် ကောင်းရွှယ်ထင်းတို့ ရှိနေသည့်အတွက်ကြောင့်ပင်။ ထိုသို့သာ မဟုတ်ပါက ရန်ကိုင်မှာ ထိုမြို့အား ထိုမျှ ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ မဟာဧကရာဇ်များသည် ကြယ်တာရာအစုအဝေးမှ အင်အားစုများအား နေရာချပေးခြင်းကို စီမံကိုင်တွယ်နေရပေလိမ့်မည်။ သူတို့အနေဖြင့် တိုက်ပွဲတွင် ဝင်မပါနိုင်သည့်အတွက်ကြောင့် နောက်ကွယ်မှ နေ၍သာ အစီအစဉ်များကို ချမှတ်ကာ အမိန့်များ ပေးနေကြပေလိမ့်မည်။
နတ်ဆိုးများနှင့် အတန်ကြာအောင် တိုက်ခိုက်နေပြီးသည့်နောက်တွင် စုယန်နှင့် အခြားသူများ၏ အရှိန်အဝါမှာ ယခင်ကထက်ကို ပိုမို အားကောင်းကာ တည်ငြိမ်လာခဲ့ပေသည်။
ရန်ကိုင်မှာ သူ့မိန်းမ သုံးဦးနှင့်အတူ စကားပြောနေစဉ် အခန်းတံခါး ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ချောက်ချားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသော အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေ၏။
စုယန်နှင့် အခြားသူများမှာလည်း ထိုအမျိုးသမီးအား တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့ ပြန်လှည့်ကြည့်လာခဲ့လေ၏။
ရန်ကိုင်မှာမူ ရှက်ကိုးရှက်ကန်း အမူအရာဖြင့်သာ ချောင်းဟန့်နေခဲ့လေသည်။
ယုရုမန်သည် ရုတ်တရက် သူမ၏ အေးစက်စက် အကြည့်ကို ပြန်ရုပ်သိမ်းကာ သိမ်မွေ့စွာ ပြုံးလျက် ပြောလိုက်လေ၏။ "ညီမလေးတို့၊ ကျေးဇူးပြုပြီးတော့ အပြင်တစ်ချက်လောက် ထွက်ပေးလို့ရမလား၊ အစ်မ တစ်ယောက်တည်း စကားပြောချင်လို့"
ရှန်ချင်းလော့ကမူ ယုရုမန်အား တစ်ချက် စောင့်ကြည့်လိုက်ပြီးသည့်နောက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ "ပြောချင်တာ ရှိရင် ဒီမှာပဲ ပြောလိုက်လေ၊ ဘာဖြစ်လို့ တစ်ကိုယ်တည်း ပြောချင်နေရတာလဲ"
ရွှယ့်ယွယ်ကလည်း ဝင်ပြောလိုက်၏။ "ဟုတ်တယ်၊ ကျွန်မတို့အားလုံးက တစ်မိသားစုတွေပဲ၊ ယောက်ျားက ကျွန်မတို့ဆီကနေ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး"
ထိုနှစ်ဦးမှာ ယုရုမန် ရန်ကိုင်နှင့် မည်ကဲ့သို့ အချိတ်အဆက် ရှိသွားလို့ ရှိသွားမှန်း မသိသည့်အလျောက် ယုရုမန်အပေါ် ရန်လိုနေပေသည်။ ထိုအပြင် ယုရုမန်မှာ ရန်ကိုင်ဘေးနားမှ တစ်ဖဝါးပင် မခွာခဲ့ပေ။ ယခု ရန်ကိုင် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို လူလုံးပြလာခဲ့သည်။