← Chapters

အခန်း ၃၄၀၇

Vol. 150 Ch. 3407

အခန်း ၃၄၀၇

Vol. 150 Ch. 3407

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၀၇)

ဘာသာပြန်သူ_တိမ်တိုက်

"နတ်ဆိုးစစ်တပ် ချီတက်လာနေပြီ" ကောင်းရွှယ်ထင်းက ပြောလိုက်သည်။

ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေ၏။ "နတ်ဆိုးစစ်တပ် တိုက်ခိုက်လာနေပြီဆိုရင် တိုက်ပွဲဝင်ဖို့ ပြင်နေရမှာ မဟုတ်ဘူးလား၊ ဒီမှာ ဘာလာလုပ်နေကြတာလဲ"

ကောင်းရွှယ်ထင်းက အရှေ့ကို မေးငေါ့ပြလိုက်ရင်းမှ... "ထွက်ပြေးဖို့ လုပ်နေကြတာလေ"

ရန်ကိုင်က မျက်မှောင်ကြုတ်လျက်... "ဒီအချိန်ကြီးမှ"

ကျားဟိန်းသံမြို့ အကြောင်းကို ရန်ကိုင် အနည်းအကျဉ်း သိထားသည်။ မြို့ထဲ၌ ဧကရာဇ်အဆင့်ပညာရှင် အတော်လေး ရှိပါသော်ငြား တကယ် တိုက်ခိုက်နိုင်သည့် လူအရေအတွက်မှာ သိပ်မများလှပေ။ ထိုအပြင် ဧကရာဇ်တတိယအဆင့်ဆို၍လည်း တစ်ယောက်သာ ရှိပေသည်။ တိုက်ခိုက်နိုင်သည့် လူအရေအတွက်မှာမူ ငါးသောင်းလောက်သာ ရှိ၏။ သို့ပါသော်ငြား နတ်ဆိုးစစ်တပ်ဘက်တွင်မူ နတ်ဆိုးစစ်သားပေါင်း လေးသိန်းခန့် ရှိနေလေသည်။

ထိုကဲ့သို့ လူအင်အား အလွန်အမင်း ကွာခြားနေသည့် အခါမျိုးတွင် ကျားဟိန်းသံမြို့တော်အနေဖြင့် အောင်ပွဲရဖို့ရာ အကာအကွယ်အစီအရင်ကိုသာ အားကိုးရတော့ပေလိမ့်မည်။

တစ်နည်းဆိုရသော် သူတို့အနေဖြင့် ရှုံး၍ မဖြစ်သလို အစီအရင်အား အပျက်အစီးခံ၍လည်း မဖြစ်ပေ။

သို့ပါသော်ငြား ဤကဲ့သို့သော အရေးကြီးသည့် အချိန်မျိုးတွင် အထူးသဖြင့် နတ်ဆိုးစစ်တပ်က တိုက်ခိုက်လာမည့် အချိန်မျိုးတွင် လူအချို့မှာ မြို့ထဲမှ ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ ဤသည်မှာ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းလိုက်ခြင်းပင် မဟုတ်လေလော။ ထိုသို့လုပ်ခြင်းသည် အစီအရင်အပေါ်၌ အပေါက် ဖြစ်ပေါ်လာစေပေလိမ့်မည်။ အစီအရင်အား တစ်ခဏလေး ဖွင့်ကာ ချက်ချင်း ပြန်ပိတ်၍ ရပါသော်ငြား ထိုအခိုက်အတန့်တွင် အခြား မည်သည့်ကိစ္စမျှ ဖြစ်မသွားပါဟု မည်သူမျှ အာမ မခံနိုင်ပေ။

ပို၍ အရေးကြီးသည်မှာ လက်ရှိအချိန်သည် ကျားဟိန်းသံမြို့တော်ထဲရှိ ကျင့်ကြံသူများ အတူတကွ စည်းစည်းလုံးလုံးဖြင့် နတ်ဆိုးစစ်တပ်အား ခုခံရမည့် အချိန်မျိုး ဖြစ်ပေသည်။ ထိုသို့ဖြစ်လေရာ ကျင့်ကြံသူအုပ်လိုက်ကြီးသာ ထွက်ပြေးသွားခဲ့မည်ဆိုလျှင် ကျန်လူများမှာ မည်ကဲ့သို့များ တိုက်ခိုက်ချင်စိတ် ရှိပါတော့မည်နည်း။

ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းရွှယ်ထင်းမှာ နေမင်းပြာကျောင်းတော် တပည့်များကို စေလွှတ်၍ ထိုအဖွဲ့အား တားထားခိုင်းခြင်း ဖြစ်လေသည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် အကာအကွယ်အစီအရင်အား ဖွင့်၍ မဖြစ်ကြောင်းကို ကောင်းရွှယ်ထင်း သေသေချာချာ သိထားပေသည်။

"ဘယ်သူတွေ ထွက်ပြေးချင်နေတာလဲ" ရန်ကိုင်သည် ထိုလူအုပ်ကို လှမ်းကြည့်ရင်းမှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ လူအုပ်အရေအတွက်မှာ သိပ်မများလှ။ ရာဂဏန်းလောက်သာ ရှိပေသည်။ သို့ပါသော်ငြား ထိုလူများထဲ တာအိုသခင်အဆင့် ကျင့်ကြံသူများစွာ ပါနေပေသည်။ ကံကောင်းစွာဖြင့် ဧကရာဇ်အဆင့် ပညာရှင်များမှာမူ တစ်ယောက်ပင် ပါမနေခဲ့ပေ။

"ကျားဟိန်းသံမြို့ရဲ့ မိသားစုကြီး ငါးခုပဲ၊ အဲဒီလူတွေ အကုန်လုံးက မိသားစုကြီးငါးခုကပဲ"

"မိသားစုကြီးငါးခု" ရန်ကိုင် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထိုကဲ့သို့သော မိသားစုများမှာ ကြယ်တာရာအစုအဝေးထဲ မရေမတွက်နိုင်အောင် ရှိကြသည်။ ထိုကဲ့သို့သော မိသားစုများသည် သက်ဆိုင်ရာ မြို့များတွင် နေရာကောင်းများကို အပိုင်စား ယူထားကြလေသည်။ ပုံမှန်အားဖြင့် အခွင့်အာဏာကို အသုံးချကာ သူတို့ လုပ်ချင်တိုင်း လုပ်လေ့ရှိကြသည်။ ယခုအချိန်တွင်လည်း စစ်ပွဲ မစခင်ကတည်းက ထွက်ပြေးချင်ကြသည့်ပုံပင်။ သို့ပါသော်ငြား နတ်ဆိုးစစ်တပ် မလှုပ်ရှားလာခင်အထိ သေသေချာချာ မဆုံးဖြတ်ရသေးခြင်း ဖြစ်လောက်သည်။

"အစီအရင်ကို ဖွင့်ပေးနော်"

"အစီအရင်ကို မြန်မြန် ဖွင့်ပေးတော့၊ မဟုတ်ရင် ငါတို့ကို ရိုင်းတယ်လို့ဆိုပြီး လာမပြောနဲ့နော်"

"အဲဒီကောင်တွေနဲ့ အကျိုးသင့်အကြောင်းသင့် ပြောမနေတော့နဲ့၊ အစီအရင်ကို ဖွင့်မပေးရင် အစီအရင်တံဆိပ်ပြားကိုသာ လုယူလိုက်တော့"

မြို့နံရံအောက်တွင် ရပ်နေ‌သော လူအုပ်ကြီးသည် မြို့နံရံပေါ်တွင် ရှိနေကြသော တာအိုသခင်အဆင့် ပညာရှင်များအား လှမ်းအော်ပြောနေကြလေသည်။ ဤနေရာဘက်တွင် ရှိနေသော အကာအကွယ်အစီအရင်အား တာဝန်ယူထားရသည့် လူမှာ ကျားဟိန်းသံမြို့၏ တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ လက်ရှိတွင် ထိုပညာရှင်မှာ အောက်ဘက်တွင် အော်ဟစ်နေသည့် လူအုပ်ကြီးအား အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာမျိုးဖြင့် ကြည့်နေလေ၏။ လက်သီးကို တင်းတင်းဆုပ်ထားရင်းမှ ပြန်၍ ပြောလိုက်လေသည်။ "မိသားစုခေါင်းဆောင်တွေ ကျေးဇူးပြုပြီး ကျုပ်ကို အကျပ်ရိုက်အောင် မလုပ်ပါနဲ့လား၊ ခင်ဗျားတို့ ထွက်သွားချင်တယ်ဆိုရင် မြို့သခင်ကို သွားပြောလိုက်လေ၊ မြို့သခင် ကိုယ်တိုင် ခွင့်ပြုပေးမယ်ဆိုရင် ကျုပ် အစီအရင်ကို ချက်ချင်းဖွင့်ပေးလိုက်မယ်၊ မဟုတ်ရင်တော့ ဒီလူအိုကြီး ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး"

"နတ်ဆိုးမျိုးနွယ်စုက တိုက်ခိုက်လာနေတာကို မြို့သခင်က ဘယ်လိုလုပ်ပြီး အခြားကိစ္စတွေကို အာရုံစိုက်ချိန် ရှိနေမှာလဲ၊ အပိုတွေ ပြောမနေတော့နဲ့၊ ငါမင်းကို အသက် ဆယ်ရှိုက်စာ အချိန်ပေးမယ်၊ အဲဒီအချိန်အတွင်းမှာ အစီအရင်ကို ဖွင့်မပေးရင် ငါတို့ကို အရင် ဆက်ဆံရေးကို မထောက်ထားလို့ဆိုပြီးတော့ လာမပြောနဲ့တော့"

ထိုလူ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရာနှင့်ချီသော လူအုပ်ကြီးမှာ အစီအရင်ကိုသာ ဖွင့်မပေးလျှင် တကယ်တမ်း တိုက်ခိုက်ကြမည့် ပုံစံမျိုး လုပ်ပြလာကြလေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါ အစီအရင်အား တာဝန်ယူထားရသည့် လူအိုကြီး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့သည်။ သူသည်လည်း တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား မိသားစုကြီးငါးခုမှ ပညာရှင်များအား သူတစ်ယောက်တည်းဖြင့် မည်ကဲ့သို့များ တိုက်ခိုက်နိုင်ပါမည်နည်း။ လူအုပ်ကြီးသာ တစ်ပြိုင်တည်း တိုက်ခိုက်လာမည်ဆိုလျှင် သူ့အနေဖြင့် မျက်တောင်တစ်ခတ်အတွင်း တမလွန်ဘဝသို့ ရောက်သွားနိုင်ပေသည်။

လူအိုကြီးမှာတော့ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည့်အလား သူ့မျက်လုံးထဲ ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူ့အနေဖြင့် အစီအရင်ကိုသာ ဖွင့်ပေးလိုက်မည်ဆိုလျှင် မြို့သခင်၏ အပြစ်ပေးခြင်း ခံရနိုင်ပါသော်ငြား အသတ်ခံရသည့်အထိတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် အစီအရင်တံဆိပ်ပြားကို တင်းတင်းဆုပ်ကိုင်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။ သို့ပါသော်ငြား အစီအရင်ကို ဖွင့်တော့မည်အပြု လူတစ်ဦး သူ့ဘေးနား၌ ရုတ်တရက် ပေါ်လာပြီး သူ့ပခုံးကို ပုတ်လိုက်၏။

ထိုလူအိုကြီး ထိတ်လန့်သွားခဲ့ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လူငယ်လေးတစ်ဦး သူ့ဘေးနား၌ ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ သူဘာမျှ မပြောနိုင်သေးခင်မှာပင် အစီအရင်တံဆိပ်ပြားမှာ လူငယ်လေး၏ လက်ထဲသို့ ရောက်သွားခဲ့လေ၏။ ထိုအချင်းအရာကို မြင်လိုက်သော် လူအိုကြီးမှာ အလွန်ကိုမှ ကြောက်ရွံ့သွားတော့သည်။ လူငယ်လေး၏ ကျင့်ကြံခြင်းမှာ သူ့ထက် အများကြီး ပိုမြင့်နေမှန်းလည်း သိလိုက်လေ၏။ ထိုသို့သာ မဟုတ်ပါက အစီအရင်တံဆိပ်ပြားအား ထိုလူငယ်လေးမှ လုယူသွားသည်ကို သူ့အနေဖြင့် မည်ကဲ့သို့များ သတိမထားမိဘဲ နေပါမည်နည်း။ ထိုအကြောင်းကြောင့် လူအိုကြီးမှာ စိုးရိမ်တကြီးဖြင့် အလျင်စလို ပြန်၍ မေးလိုက်လေ၏။ "ခင်ဗျားက"

"ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင် ရန်ကိုင်ပဲ" ရန်ကိုင်သည် လူအိုကြီးကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။ "လူအိုကြီး၊ ခင်ဗျား အခု နောက်ဆုတ်နေလိုက်တော့၊ ဒီက ကိစ္စကို ကျုပ်ဆက်ပြီး ကိုင်တွယ်လိုက်မယ်"

ထိုစကားကို ကြားသည့်အခါ လူအိုကြီးမှာ အပြစ်ပေးခံရမည့် ဘေးမှ လွတ်သွားသည့် အကျဉ်းသားတစ်ဦးပမာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်၏ အသံမှာ သိပ်မကျယ်လှပါသော်ငြား အောက်ဘက်တွင် ရှိနေသော လူများမှာမူ ရန်ကိုင် ပြောလိုက်သည်ကို သေသေချာချာ ကြားလိုက်ရလေသည်။ အစီအရင်တံဆိပ်ပြား ရန်ကိုင် လက်ထဲသို့ ရောက်သွားသည်ကို မြင်သော် ရာနှင့်ချီသော လူအုပ်ကြီး မျက်မှောင်ကြုတ်သွားကြလေ၏။ ထိုလူအုပ်ကြီးကို ဦးဆောင်လာသည့် လူအချို့မှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီးသည့်နောက်တွင် မျက်နှာဝါကျင့်ကျင့်နှင့် သက်လတ်ပိုင်းလူကြီး တစ်ဦးသည် အရှေ့သို့ ထွက်လာ၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ စီနီယာရန်"

ရန်ကိုင်မှာ ခေါင်းညိတ်ပြလိုက်ပါသော်ငြား ဘာမျှတော့ ပြန်မပြောခဲ့ပေ။ ထိုလူသည် မိသားစုကြီးငါးခုအနက် မိသားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်၏ မချေမငံ တုံ့ပြန်မှုမှာ ရာနှင့်ချီသော လူများအား မပျော်မရွှင် ဖြစ်သွားစေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်တွင် ထိုကဲ့သို့ လုပ်နိုင်သည့် အရည်အချင်း ရှိကြောင်းကိုလည်း သိထားကြပေသည်။ တကယ်တော့ ရန်ကိုင်သည် နန်းတော်သခင်တစ်ဦး ဖြစ်သလို ဧကရာဇ်အဆင့်ပညာရှင် တစ်ဦးလည်း ဖြစ်သည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ရန်ကိုင်အား မကျေမနပ် သွားမလုပ်ရဲခဲ့ပေ။ ထိုအစား မျက်နှာဝါကျင့်ကျင့်နှင့် လူမှာ အလွန်ကိုမှ ယဉ်ကျေးသည့် အမူအရာဖြင့် ပြန်၍ ပြောလိုက်လေ၏။ "စီနီယာ၊ ကျုပ်တို့တွေက မိသားစုကြီးငါးခုက လူတွေပါ၊ အခု ဒီကျားဟိန်းသံမြို့ကနေ ထွက်သွားချင်လို့၊ စီနီယာရန် ကျေးဇူးပြုပြီးတော့ အစီအရင်ကို ဖွင့်ပေးလို့ရမလား"

ရန်ကိုင်သည် အစီအရင်တံဆိပ်ပြားကို သူ့လက်ထဲ ဆော့ကစားရင်းမှ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။ "အသက်ရှင်နေတုန်း ကျားဟိန်းသံမြို့ကနေ ထွက်သွားချင်တယ်ပေါ့၊ အခု အပြင်ဘက်မှာ ဘယ်လိုအခြေအနေ ရှိလဲဆိုတာကို ခင်ဗျားတို့ သိရဲ့လား"

သက်လတ်ပိုင်းလူကြီးက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "မသိပါဘူး၊ ဒါပေမဲ့ ကျားဟိန်းသံမြို့ အန္တရာယ် ရှိနေပြီဆိုတာကိုတော့ သိပါတယ်၊ ကျုပ်တို့သာ အခုနေ ထွက်မသွားရင် ဒီကနေ ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ခင်ဗျားတို့က အပြင်ဘက်က အခြေအနေကို မသိမှတော့ ကျုပ်ကပဲ ပြောပြရသေးတာပေါ့၊ အခု နတ်ဆိုးစစ်တပ်က ကြယ်တာရာအစုအဝေးကို ကျူးကျော်လာတာ အနောက်ဘက်နယ်မြေ တစ်ဝက်လောက်ကို သိမ်းပိုက်ပြီးသွားပြီ၊ အခုဆိုရင် ရှေ့တန်း စစ်မျက်နှာက မိုင်ပေါင်း သန်းရာနဲ့ မချီရင်တောင် သန်းဆယ်ဂဏန်းနဲ့တော့ ချီနေပြီ၊ သူတို့လက်အောက်ကို ရောက်သွားတဲ့ မြို့တွေကလည်း နည်းတော့တာ မဟုတ်ဘူး၊ အခု ကျုပ်တို့ စကားပြောနေတဲ့ တစ်ခဏလေးအတွင်းမှာတောင် စစ်ပွဲတွေက နေရာအနှံ့မှာ တောက်လျှောက် ဖြစ်နေတာ၊ ဒီတော့ ခင်ဗျားတို့ ကျားဟိန်းသံမြို့ထဲကနေ ထွက်သွားမယ်ဆိုရင်တောင် ခပ်လှမ်းလှမ်းကို ရောက်မှာ မဟုတ်ဘူး၊ နတ်ဆိုးတွေရဲ့ လက်ထဲကို ရောက်သွားမှာ၊ အဲဒီအချိန်ကျရင် ခင်ဗျားတို့ ဘက်က သေတာတွေထက် ပိုဆိုးသွားမှာဆိုတော့ အဲဒီလို အဖြစ်ခံမဲ့အစား ဒီမှာပဲနေပြီး နတ်ဆိုးတွေကို တိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်"

ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ လူတိုင်း၏ အမူအရာ ပြောင်းလဲသွားကုန်ကြလေသည်။ အပြင်ဘက်ရှိ အခြေအနေကို သူတို့ သေချာ မသိကြပေ။ နတ်ဆိုးမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်လ မရှိတတ်သည့် အချိန်က စတင် ကျူးကျော်လာခဲ့ခြင်း ဖြစ်ပေသည်။ သို့ပါသော်ငြား နတ်ဆိုးများ ကျူးကျော်လာသည့်သတင်းမှာ ထင်ထားသည်ထက် ပို၍ နှေးသည့် နှုန်းဖြင့် ပျံ့နှံ့လာခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာမူ ဤလောကကြီးအနှံ့ လွတ်လွတ်လပ်လပ် ခြေဆန့်သွားလာနိုင်သလို နေရာပေါင်းများစွာဆီကိုလည်း ရောက်ထားဖူးသည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသည့် လူများထက် လက်ရှိ အခြေအနေအကြောင်းကို ပို၍ သိပေသည်။

အနောက်ဘက်နယ်မြေ တစ်ဝက်လောက်သည် နတ်ဆိုးများ လက်အောက်ထဲသို့ ရောက်သွားပြီ ဖြစ်ကြောင်း ကြားသိလိုက်ရချိန် လူတိုင်း ထိတ်လန့်သွားကုန်ကြလေသည်။

တစ်ခဏမျှ ထိတ်လန့်တုန်လှုပ်နေပြီးသည့်နောက်တွင် မျက်နှာဝါကျင့်ကျင့်နှင့် သက်လတ်ပိုင်းလူကြီးမှာ အားတင်းပြုံး၍ ပြန်ပြောလိုက်လေသည်။ "စီနီယာရန်၊ ကျုပ်တို့တွေကို အဲဒီလိုမျိုး ဖြဲခြောက်နေစရာ မလိုပါဘူး"

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ကျုပ် ခင်ဗျားတို့ကို ခြောက်ဖို့သက်သက်နဲ့ အပိုတွေ ပြောနေတယ်လို့ ထင်နေတာလား၊ အဲဒီလို ပြောဖို့က လိုလို့လား၊ ဒီနန်းတော်သခင် ပြောသွားတဲ့ စကားတွေ အကုန်လုံးက အမှန်တွေချည်းပဲ၊ ယုံတာ မယုံတာတော့ ခင်ဗျားတို့အပိုင်း"

သက်လတ်ပိုင်းလူကြီးသည် တစ်ခဏမျှ တိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ "အဲဒီလိုဆိုရင်တောင် ကျုပ်တို့ ထွက်သွားချင်သေးတယ်"

"ခင်ဗျား တကယ်ကို မရမက ထွက်သွားချင်နေတာလား" ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်၏ အကြည့်ကို မြင်သော် သက်လတ်ပိုင်းလူကြီး၏ လက်ဝါးများ ချွေးစေးပြန်လာခဲ့လေသည်။ သို့ပါသော်ငြား ရဲဆေးတင်၍ ခေါင်းညိတ်ပြလိုက်လေ၏။

"အဲဒါဆိုရင်တော့ ခင်ဗျား ဆန္ဒအတိုင်း ဖြစ်လာဖို့ မျှော်လင့်မနေတော့ရင် ကောင်းလိမ့်မယ်" ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "နတ်ဆိုးစစ်တပ်က တိုက်ခိုက်လာနေပြီ၊ အခုအချိန်မှာ ဒီမြို့ကို ကာကွယ်ပေးထားတဲ့ အစီအရင်က အရမ်းအရေးကြီးတယ်၊ ဒီတော့ တိုက်ပွဲ မပြီးခင်အထိ ဘယ်သူမှ မြို့ထဲကနေ ထွက်သွားလို့ မရဘူး၊ ထွက်သွားချင်ရင် တိုက်ပွဲပြီးတော့မှပဲ လာပြောတော့"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ "တိုက်ပွဲပြီးသွားရင် ကျားဟိန်းသံမြို့က နတ်ဆိုးတွေရဲ့ လက်အောက်ထဲ ရောက်နေပြီဟာကို ဘယ်လိုလုပ်ပြီး ထွက်သွားလို့ရတော့မှာလဲ"

ရန်ကိုင်သည် စကားပြောလိုက်သည့် လူအား လှမ်းကြည့်လိုက်ရာ မြင်းနှင့် ဆင်တူသော သားရဲတစ်ကောင်ပေါ်တွင် ထိုင်နေသည့် သားနားစွာ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုလူငယ်လေးသည် မည်သည့် မိသားစုမှ သခင်လေးတစ်ဦး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ဂရုတော့ စိုက်မနေခဲ့ပေ။ ထိုအစား အေးစက်စက် လေသံဖြင့်သာ ပြန်ပြောလိုက်လေ၏။ "နတ်ဆိုးမျိုးနွယ်စုက အနောက်ဘက်နယ်မြေကို စပြီးတော့ ကျူးကျော်လာလို့ ဒီမှာရှိနေတဲ့ လူတွေ အကုန်လုံး အတောမသတ်နိုင်တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာ၊ အဲဒါကြောင့်မလို့ မဟာဧကရာဇ်တွေရဲ့ အမိန့်နဲ့ ငါတို့ တောင်ဘက်၊ မြောက်ဘက်နဲ့ အရှေ့ဘက်နယ်မြေမှာ ရှိတဲ့ ကျင့်ကြံသူတွေက မင်းတို့ကို လာပြီး ကူညီတယ်၊ ငါတို့ မင်းတို့ဆီကနေ ဘာမှ ပြန်မတောင်းဆိုဘူး၊ မင်းတို့ ငါတို့ကို တစ်ခုခု ပြန်ပေးလာဖို့လည်း ဘာမှ မမျှော်လင့်နေဘူး၊ အဲဒီလိုမျိုး ငါတို့က ကိုယ့်အသက်ကိုယ် ရှေ့တန်းတင်ပြီးတော့ တိုက်ခိုက်နေရတဲ့ အချိန်မှာ မင်းတို့ ဒေသခံလူတွေကတော့ ကိုယ့်အိမ်ကိုယ့်ရွာကို ကာကွယ်ဖို့ နည်းနည်းလေးတောင် မကြိုးစားချင်ဘူး၊ ဒီလောက်ပဲဆိုရင် ငါ မပြောလိုသေးဘူး၊ ဒါပေမဲ့ ရန်သူတွေ ရောက်လာတော့မှ မင်းတို့က ထွက်ပြေးချင်နေတယ်၊ အဲဒီလောက်ဆိုရင်လည်း ဒီနန်းတော်သခင် သည်းခံလို့ရသေးတယ်၊ တကယ်တော့ ကိုယ့်အသက်ကို ကိုယ်ပိုင်တာပဲလေ၊ ထွက်ပြေးချင်ရင် ကိုယ့်ဘာသာကိုယ် ထွက်ပြေးမှာပေါ့၊ သူများတွေနဲ့ ဘာဆိုင်မှာမလို့လဲ၊ အဲဒီလိုဆိုပေမဲ့ မင်းတို့ရဲ့ ကြောက်သွေးပါတဲ့ လုပ်ရပ်က ဒီမြို့ကို ခုခံကာကွယ်ဖို့ ကြိုးစားနေတဲ့ လူတွေရဲ့ စိတ်ဓာတ်ကို ဟိုးအောက်အထိ ထိုးကျသွားစေမယ်ဆိုရင်တော့ အဲဒီလိုမျိုး လုပ်ရပ်က ဘယ်လိုမှ သည်းခံလို့ မရတော့ဘူး၊ ဒီတော့ မင်းပါးစပ်ကို ပိတ်ထားလိုက်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်၊ မင်း နောက်ထပ် မဟုတ်တရုတ်တွေ ဆက်ပြီးပြောနေမယ်ဆိုရင် ငါမင်းကို သတ်ပစ်တော့မှာ"

ထိုစကားကို ကြားသော် ထိုလူငယ်လေး လည်တိုင် ကျုံ့သွားခဲ့သည်။ သို့ပါသော်ငြား ခေါင်းမာမာနှင့် ပြန်၍ ပြောလိုက်လေ၏။ "ဒီသခင်လေး အခြားသူတွေ စိတ်ဓာတ်ကျအောင်လို့ ဘယ်တုန်းက လုပ်ဖူးလို့လဲ၊ အဲဒီလူတွေ စိတ်ဓာတ်မကျဘူးဆိုရင်တောင် ဒီလူအင်အားလေးနဲ့ နတ်ဆိုးစစ်တပ်ကို ခုခံနိုင်မယ်လို့ ထင်လို့လား"

"မင်းပါးစပ်ကို ထပ်ဟရဲဟကြည့်၊ ငါမင်းကို မသတ်ရဲဘူးများ မှတ်နေတာလား" ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့ပြီး လူငယ်လေးအား လှမ်းဖမ်းကိုင်လိုက်လေသည်။

"မင်း လုပ်ရဲလား" သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား တားဆီးရန်အတွက် ချက်ချင်းဆိုသလို ပျံသန်းလာလေသည်။ သက်လတ်ပိုင်းလူကြီး၏ ပုံစံကို ကြည့်ရသလောက် လူငယ်လေးမှာ သူနှင့် သွေးသားတော်စပ်သည့်ပုံပင်။ သူတို့နှစ်ဦးမှာ သားအဖများပင် ဖြစ်ကောင်း ဖြစ်နေနိုင်သေးသည်။

သို့ပါသော်ငြား သက်လတ်ပိုင်းလူကြီးသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ ရန်ကိုင်အား မည်ကဲ့သို့များ တားဆီးနိုင်ပါမည်နည်း။ မမြင်နိုင်သည့် အားတစ်ရပ် ထွက်ပေါ်လာခဲ့ပြီး သက်လတ်ပိုင်းလူကြီးအား ရိုက်ခတ်သွားခဲ့ရာ သက်လတ်ပိုင်းလူကြီးမှာ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့လေသည်။ ထိတ်လန့်တကြား အော်ဟစ်သံများမှာလည်း ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့လေ၏။

သက်လတ်ပိုင်းလူကြီး လှမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူ့မျက်လုံးထဲ ယူကျုံးမရဖြစ်မှု ဒေါသတရားတို့ဖြင့် ပြည့်နှက်လာလေ၏။ အစောပိုင်းက မြင်းပုံစံ မွန်းစတားသားရဲကို စီးနင်းနေသော လူငယ်လေးမှာ လက်ရှိအချိန်တွင် ခေါင်းမရှိသည့် အလောင်းကောင်တစ်ခု ဖြစ်နေခဲ့လေပြီ။ သွေးများမှာ လည်ပင်းဆီမှ ရေပန်းပမာ ပန်းထွက်နေခဲ့ပြီး ခေါင်းမရှိတော့သည့် အလောင်းကောင် ခန္ဓာကိုယ်ကြီးမှာလည်း မြင်းပုံစံ မွန်းစတားသားရဲ ကိုယ်ပေါ်ထက် ယိမ်းထိုးနေပြီးသည့်နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။

ထိုသခင်လေး၏ အနီးအနားတွင် ရှိနေကြသော လူအုပ်ကြီးမှာတော့ ကြောက်လန့်တကြားဖြင့် ထအော်ကြလေသည်။

"ငါ့သားကို သတ်ရဲတယ်လား" သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား အလွန်ကိုမှ မုန်းတီးစက်ဆုပ်သည့် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်သည်။

ရန်ကိုင်၏ လက်ထဲတွင်မူ မျက်လုံးများ ပြူးကျယ်နေသည့် ခေါင်းတစ်ခေါင်း ရှိနေခဲ့လေသည်။ ရန်ကိုင်မှာ သူရပ်နေသော နေရာမှ တစ်လက်မလေးပင် လှုပ်ရှားသွားခဲ့ခြင်း မရှိလေရာ ထိုခေါင်းမှာ သူ့လက်ထဲ မည်ကဲ့သို့များ ပေါ်လာလေသနည်း။

ထိုစကားကို ကြားသော် ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။ "အဲဒီတော့ ဘာဖြစ်လဲ"

သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာ တရစပ် ပြောင်းလဲနေပြီးသည့်နောက်တွင် ရုတ်တရက် ထအော်ပြောလိုက်လေ၏။ "သူ့ကိုသတ်"

သက်လတ်ပိုင်းလူကြီးမှ ထိုကဲ့သို့ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်ဆီသို့ ပထမဦးဆုံး ပြေးဝင်သွားလေသည်။ ဒေါသနှင့် အမုန်းတရားတို့ကြောင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကိုပင် ဆုံးရှုံးသွားသည့်ပုံပင်။ ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူကြီးမှာ သူနှင့် ရန်ကိုင်အကြား ခွန်အားကွာခြားချက် မည်မျှ ကြီးမားကြောင်းကို လုံးဝ သတိမမူမိတော့ပေ။ သူ့စိတ်ထဲ ရန်ကိုင်အား သတ်ပစ်လိုစိတ်သာ ရှိနေတော့သည်။ သက်လတ်ပိုင်းလူကြီးမှာ ဦးဆောင်၍ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားသော မိသားစုကြီးငါးခုမှ အဖွဲ့သားများသည်လည်း အရူးတစ်ပိုင်း ဖြစ်နေသည့် ပုံစံမျိုးဖြင့် ရန်ကိုင်အား တိုက်ခိုက်ကြတော့လေ၏။

"သေချင်နေတဲ့ ပုရွက်ဆိတ်တွေ" ရန်ကိုင်သည် မှုန်ကုပ်ကုပ် အမူအရာဖြင့် မြို့နံရံပေါ်တွင် ရပ်နေခဲ့လေသည်။ ရာနှင့်ချီသော လူများ သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သည့်အခါ သူလက်အား ဝှေ့ယမ်းချလိုက်လေ၏။

ချက်ချင်းဆိုသလို ခေါင်းများ တစ်ခေါင်းပြီးတစ်ခေါင်း လေပေါ်သို့ ပျံထွက်လာခဲ့ပြီး ခေါင်းမပါသော အလောင်းများ မြေပြင်ပေါ်သို့ တဖုန်းဖုန်း လဲပြိုကုန်ကြလေသည်။ မြို့နံရံ အနီးတစ်ဝိုက်သည်လည်း ချက်ချင်းဆိုသလို သွေးများဖြင့် နီစွေးသွားတော့လေ၏။

ထိုမြင်ကွင်းအား ကြည့်နေကြသည့် လူအုပ်ကြီးမှာမူ ဆောင်းတွင်းရောက်သည့် ပုစဉ်းကောင်များပမာ တိတ်ဆိတ်သွားကုန်ကြလေသည်။ လူအုပ်ကြီးသည် လူတစ်ဦး၏ လက်ဝှေ့ယမ်းမှုကြောင့် တစ်ပြိုင်တည်း သေသွားကြသည့် မြင်ကွင်းမျိုးကို သူတို့အနေဖြင့် တစ်ခါမျှ မမြင်ဖူးကြပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတစ်ရာကျော် အသက်ဆုံးရှုံးသွားခဲ့ရပြီး ရန်ကိုင်ဆီသို့ ပြေးဝင်သွားသည့် သက်လတ်ပိုင်းလူကြီးမှာတော့ ပထမဦးဆုံး သေသွားခဲ့သည့်လူ ဖြစ်ပေသည်။

ထိုအခါမှသာလျှင် မိသားစုကြီးငါးခုမှ လက်ကျန် အသက်ရှင်ကျန်ရစ်နေသော လူများမှာ ရန်ကိုင်နှင့် သူတို့အကြား ခွန်အားကွာခြားချက် မည်မျှ ကြီးမားကြောင်းကို သဘောပေါက်သွားခဲ့ကြသည်။ သခင်လေးနှင့် သခင်မလေးများမှာ ကြောက်လန့်တကြား အော်ဟစ်လာကြသလို အသက်ရှင်ကျန်ရစ်နေသော တာအိုသခင်အဆင့် ပညာရှင်များမှာလည်း စတင်၍ အသနားခံကြတော့လေသည်။ ရန်ကိုင်၏ မျက်နှာမှာမူ ရေခဲတမျှ အေးစက်နေခဲ့ပြီး အခြားသူများ ပြောနေသည့် စကားကို မကြားချင်ယောင်ဆောင်ထားခဲ့သည်။ လက်ရှိအချိန်တွင်တော့ သူ့စိတ်ထဲ ယနေ့ တိုက်ပွဲမစခင် သူ၏ အာဏာစက်ကို သေချာအောင် ဖြန့်ကျက်ထားရမည်ဟု ဆုံးဖြတ်ထားခဲ့လေသည်။

All Chapters