အခန်း ၃၄၀၈
Vol. 150 Ch. 3408
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၀၈)
ဘာသာပြန်သူ_တိမ်တိုက်
မြို့ဂိတ်ပေါက် အနီးတစ်ဝိုက်ရှိ မြေပြင် တစ်ခုလုံးမှာ ငရဲခန်း တစ်ခုအသွင်သို့ ပြောင်းလဲသွားသည့်အလား ထိုအနီးနားတစ်ဝိုက်သည် သွေးညှီနံ့များဖြင့် ပြည့်နေတော့လေသည်။ ရာနှင့်ချီသော အလောင်းများသည်လည်း နေရာအနှံ့တွင် ပြန့်ကျဲနေပြီး ခန္ဓာကိုယ် မပါသည့် ခေါင်းများသည်လည်း တောင်ပမာ ပုံထပ်နေခဲ့သည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် ကျန်ရှိနေသည့် လူများအား ခြေဖျားလက်ဖျားများ အေးစက်သွားစေကုန်ကြလေသည်။
ထိုလူများထဲ အချို့မှာ မိသားစုကြီးငါးခုကဲ့သို့ ထွက်ပြေးချင်ကြသည့် လူများ ဖြစ်ကြပေသည်။ သူတို့သည်လည်း ကျားဟိန်းသံမြို့မှ ထွက်ပြေးချင်ကြပေသည်။ ထိုသို့သာ မဟုတ်ပါက ဤနေရာ၌ လာရောက် စုဝေးနေစရာ အကြောင်းမရှိပေ။ သို့ပါသော်ငြား မိသားစုကြီးငါးခုမှ ပေးသွားသော ဥပမာသည် ကျားဟိန်းသံမြို့ထဲမှ ယခုကဲ့သို့သော အချိန်မျိုး၌ ထွက်သွားခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်တစ်ခု မဟုတ်ကြောင်းကို ထိုလူများအား သဘောပေါက်သွားစေခဲ့လေသည်။
[မြောက်ဘက်နယ်မြေက လာတဲ့ ဒီနန်းတော်သခင်တွေက လူတွေသတ်တာ မျက်တောင်တစ်ချက်တောင် မခတ်ဘူး၊ နည်းနည်းလေးမှ လူသားဆန်စိတ် မရှိဘူး] လူတိုင်းမှာ ရန်ကိုင်အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်လာကြသည်။
ရန်ကိုင်ကမူ အေးစက်စက် မျက်နှာထားဖြင့်သာ သူ့လက်ထဲရှိ အစီအရင်တံဆိပ်ပြားကို ဆော့ကစားနေခဲ့သည်။ ထိုသို့လုပ်နေရင်းမှ ရုတ်တရက်ဆိုသလို ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "စီနီယာ အစ်မကောင်း၊ အကာအကွယ်အစီအရင်ကို ကြီးကြပ်နေတဲ့ လူတွေ အကုန်လုံးကို ဖယ်ပြီးတော့ နေမင်းပြာကျောင်းတော်က တပည့်တွေနဲ့ အစားထိုးပစ်လိုက်တော့" ထိုသို့ပြောနေရင်းမှ အစီအရင်တံဆိပ်ပြားကို ကောင်းရွှယ်ထင်းဆီသို့ လှမ်းပစ်ပေးလိုက်လေသည်။
ထိုစကားကို ကြားသော် ကောင်းရွှယ်ထင်းလည်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်းကို စတင် စီစဉ်တော့လေသည်။
မြို့အရွယ်အစားမှာ အတော်လေး ကြီးလှသည့်အတွက်ကြောင့် အကာအကွယ်အစီအရင်အား စီမံကြီးကြပ်နေသည့် လူများမှာ တစ်ယောက်တည်း မဟုတ်ကြပေ။ အနည်းဆုံး လူပေါင်းများစွာ ရှိကြပြီး ထိုလူများမှာ အစီအရင်တံဆိပ်ပြားများကို ကိုင်ဆောင်ထားကြသည်။ မြို့သခင်ဖြစ်သော လင်းတုံမှာမူ ပင်မ အစီအရင်တံဆိပ်ပြားဖြင့် အစီအရင် တစ်ခုလုံးကို ထိန်းချုပ်ထားပေသည်။
မိသားစုကြီးငါးခုသည်ပင်လျှင် ယခုကဲ့သို့ လှုပ်ရှားလာနေပြီ ဖြစ်လေရာ သတိဆိုသည်မှာ ပိုသည် မရှိတော့ပေ။ နေမင်းပြာကျောင်းတော်မှ တပည့်များသည်သာ အစီအရင်အား ကိုင်တွယ်နေမည်ဆိုလျှင် ထိုကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားနိုင်ပေလိမ့်မည်။ ရန်ကိုင်အတွက်မူ ကျားဟိန်းသံမြို့မှ ကျင့်ကြံသူများမှာ အပြင်လူများသာ ဖြစ်ကြပေသေးသည်။ ထိုအကြောင်းကြောင့် အစီအရင်အား ကြီးကြပ်နေသည့် လူများသည် သူ့လူများ မဟုတ်ပါက ယုံကြည်စိတ်ချ၍ မရသေးပေ။
နတ်ဆိုးစစ်တပ်သည် ဂိတ်ဝအနားသို့ ရောက်နေပြီ ဖြစ်လေရာ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေကို တင်းကြပ်စွာ ဆောင်ရွက်မှသာလျှင် တော်ကာကျပေလိမ့်မည်။
ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ လီကျောက်အား ဆက်သွယ်ကာ နတ်ဆိုးမျိုးနွယ် စစ်တပ်အကြောင်း မေးမြန်းကြည့်ပေသည်။
ထိုအခိုက်အတန့်မှာပင် ထူးဆန်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် ကျားဟိန်းသံမြို့၏ ဂိုဏ်းကာကွယ်ရေး အစီအရင်အထက် လှိုင်းတွန့်လေးများ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
ရန်ကိုင်က ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "ဘာဖြစ်တာလဲ"
ကောင်းရွှယ်ထင်းကလည်း သူမ မသိကြောင်း ခေါင်းခါပြလိုက်သည်။
ယခင်က ဤနေရာရှိ အစီအရင်ကို ကိုင်တွယ်နေသော တာအိုသခင်အဆင့် လူအိုကြီးကမူ ဝင်၍ ပြောလိုက်လေသည်။ "တစ်ယောက်ယောက်က အစီအရင်ကို အခြားတစ်နေရာမှာ ဖွင့်လိုက်တာနဲ့ တူတယ်"
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏ မျက်နှာ အေးစက်သွားခဲ့လေ၏။ "သေချင်နေတာပဲ"
ကောင်းရွှယ်ထင်းအား အစီအရင်အား စီမံကိုင်တွယ်နေသော လူများအား သူမ လူများနှင့် အစားထိုးပစ်ရန် ပြောခဲ့ရခြင်းမှာ မိသားစုကြီးငါးခုကဲ့သို့သော အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်လာမည်ကို ကာကွယ်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သို့ပါသော်ငြား သူ့အစီအစဉ်အား အကောင်အထည် မဖော်ရသေးခင်မှာပင် ထိုကဲ့သို့သော အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့သည်။ ရန်သူ့ အရေအတွက်သည် ကိုယ့်ထက် အဆပေါင်းများစွာ သာလွန်နေသည့် အချိန်မျိုးတွင် စစ်ပွဲမှ ထွက်ပြေးခြင်းသည် ကျန်ရစ်သူများ၏ တိုက်ခိုက်လိုစိတ်ကို လျော့ကျသွားစေနိုင်ပေသည်။ ဤတိုက်ပွဲမှာ မည်သည့်နည်းနှင့်မဆို လွယ်ကူသည့် တိုက်ပွဲမျိုး မဟုတ်။ တိုက်ခိုက်လိုစိတ်သာ လျော့ကျနေမည်ဆိုလျှင် ကျားဟိန်းသံမြို့မှာ နတ်ဆိုးစစ်တပ်အား လုံးဝ တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာသည့်အခါတွင် နေမင်းပြာကျောင်းတော်ဖြစ်စေ မီးနဂါးနန်းတော်၏ တပည့်များဖြစ်စေ အားယန်ကျောင်းတော်မှ တပည့်များဖြစ်စေ အကုန်လုံး သေဆုံးကြရပေလိမ့်မည်။
"ဘယ်နေရာမှာလဲ" ရန်ကိုင်သည် လူအိုကြီးဘက်သို့ လှည့်၍ မေးလိုက်လေသည်။
လူအိုကြီးသည် တစ်ခုသော အရပ်ဆီသို့ ချက်ချင်း ညွှန်ပြလိုက်လေ၏။ "ဒီလူအိုကြီး ထင်တာ မှန်မယ်ဆိုရင်တော့ အဲဒီဘက်ကနေ ဖြစ်လောက်တယ်"
လူအိုကြီး ညွှန်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ပုံရိပ်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျားဟိန်းသံမြို့၏ အရှေ့ဘက်ခြမ်းတွင် ရှိနေသော မြို့နံရံအထက်၌ ရန်ကိုင် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် အစီအရင်ပေါ်တွင် အပေါက်ကြီး တစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအပေါက်မှတစ်ဆင့် လူတစ်ဦးသည် မိုင်ပေါင်းများစွာ အကွာသို့ အလျင်စလို ထွက်ပြေးနေကြောင်းကိုလည်း တွေ့လိုက်ရ၏။ ထိုလူကို ရန်ကိုင် စိတ်ထဲ မြင်ဖူးသလိုလို ခံစားနေရလေသည်။
တစ်ချိန်တည်းတွင် မြို့နံရံအထက်၌ ကျားဟိန်းသံမြို့၏ မြို့သခင် လင်းတုံမှာလည်း မှုန်ကုပ်ကုပ် အမူအရာဖြင့် ထွက်ပြေးနေသည့် လူအား စိုက်ကြည့်နေခဲ့လေသည်။ မြို့သခင်ဘေးနားတွင် တင်ပျဥ်ခွေ ထိုင်နေသည့် လူမှာတော့ ဒုမြို့သခင်ဖြစ်သော မာယင် ဖြစ်ပေသည်။ လက်ရှိအခိုက်အတန့်တွင် မာယင်မှာ ဒဏ်ရာရထားသည့်အလား သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေလေ၏။
"ဘယ်သူလဲ" ရန်ကိုင်က အေးစက်စက် လေသံဖြင့် မေးလိုက်လေ၏။
မြို့သခင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ "ဝူကျိကျင်း"
ထိုအကြောင်းကြောင့်ပင်လျှင် ထွက်ပြေးနေသည့် လူကို မြင်ဖူးနေသည်ဟု ခံစားနေရခြင်းပင် ဖြစ်လေသည်။ ထွက်ပြေးနေသည့် လူမှာ ဝူကျိကျင်းပင် ဖြစ်နေသည်ကိုး။
ဒုမြို့သခင် တစ်ဦးသည်ပင်လျှင် စစ်ပွဲမှ ထွက်ပြေးသွားသည့်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက ကျားဟိန်းသံမြို့မှ ကျင့်ကြံသူများအနေဖြင့် နတ်ဆိုးစစ်တပ်အား မည်ကဲ့သို့များ ဆက်၍ ရင်ဆိုင်ရဲပါဦးမည်နည်း။
ဒုမြို့သခင် ဝူကျိကျင်းသည် အရှေ့ဆုံးမှ ဦးစီးဦးဆောင် လုပ်ပြရမည့် လူတစ်ဦး ဖြစ်ပါသော်ငြား ယခုတွင်မူ သူမှ စတင်၍ ထွက်ပြေးပြနေလေသည်။ ထိုသို့ထွက်ပြေးရန်အတွက် ဝူကျိကျင်းမှာ မာယင်ကိုပင်လျှင် အလစ်ချောင်း တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် မာယင် ဒဏ်ရာရထားခြင်း ဖြစ်လေ၏။
လှည့်ပတ်ကြည့်လိုက်ရာ ကျားဟိန်းသံမြို့မှ ကျင့်ကြံသူများ ပျာယာခတ်နေကြောင်းကိုလည်း တွေ့လိုက်ရလေသည်။ ဝူကျိကျင်း၏ ထွက်ပြေးမှုသည် သူတို့၏ စိတ်အခြေအနေအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိပေသည်။
ထိုအခါမှသာလျှင် ဝူကျိကျင်းမှာ မြို့သခင်စံအိမ်၌ တွေ့ဆုံစဉ်က ကျားဟိန်းသံမြို့မှ လူများအား အရင်ဦးစွာ ရွှေ့ပြောင်းရန်အတွက် အကြံဉာဏ်ပေးခဲ့ကြောင်းကို ပြန်သတိရသွားခဲ့သည်။ ကြည့်ရသလောက် ဝူကျိကျင်းမှာ ကျားဟိန်းသံမြို့မှ ထွက်သွားရန်အတွက် အစောကြီးကတည်းက စီစဉ်နေခြင်း ဖြစ်လောက်ပေသည်။
ရန်ကိုင် ရုတ်တရက်ဆိုသလို စိတ်ညစ်သွားခဲ့လေသည်။ ကျားဟိန်းသံမြို့မှ ဒေသခံ ကျင့်ကြံသူများနှင့် မိသားစုကြီးငါးခုမှာ နတ်ဆိုးစစ်တပ်အား ယှဉ်ပြိုင်တိုက်ခိုက်ရဲသည့် သတ္တိပင် ရှိမနေခဲ့ပေ။ ထိုသို့ဖြစ်လေရာ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်နယ်မြေမှ စစ်ကူလာတော့ရော ဘာများ ထူးပါဦးမည်နည်း။
ရန်ကိုင်သည် လင်းတုံဘက်သို့ လှည့်၍ မေးလိုက်လေသည်။ "မြို့သခင်ရော ဘာစီစဉ်ထားလဲ၊ ထွက်သွားချင်သေးလား၊ ထွက်သွားချင်ရင် အခု ထွက်ပြေးဖို့က နောက်မကျသေးဘူးနော်"
လင်းတုံသည် ရန်ကိုင်ကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "လူတစ်ယောက် အသက်ရှင်နေသေးသရွေ့ ဒီမြို့က တည်ရှိနေဦးမှာပဲ၊ အကုန်လုံး သေသွားတဲ့အခါမှပဲ ဒီမြို့လည်း ကျဆုံးသွားလိမ့်မယ်"
မာယင်ကလည်း မျက်လုံးဖွင့်လာ၍ ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေ၏။ "ဒီမှာလည်း မြို့သခင်လိုပဲ နောက်ဆုံးအထိ တိုက်ခိုက်သွားမယ်လို့ နန်းတော်သခင်ရန်ကို ကတိပေးတယ်"
ထိုစကားကို ကြားသည့်အခါမှသာ ရန်ကိုင် ပြုံးသွားတော့လေသည်။ "ကြည့်ရတာ ကျားဟိန်းသံမြို့က လူတွေ အကုန်လုံး သေရမှာကို ကြောက်နေတဲ့ လူတွေချည်းပဲ မဟုတ်သေးဘူးဘဲ"
မာယင်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။ "ခွေးအိုကြီးဝူအစား ကျွန်မ တကယ်ကို ရှက်တယ်၊ ဘာမှတော့ မဖြစ်ပါဘူး၊ သူ ဒီနေ့ မသေရင် နောက်တစ်ခါ သူနဲ့ တွေ့တာနဲ့ သူ့အသက်ကို ကျိန်းသေယူပစ်မယ်"
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "အဲဒါဆိုရင်တော့ ခင်ဗျား နောက်တစ်ကြိမ် တွေ့မှာကို စောင့်နေစရာ မလိုတော့ဘူး"
ရန်ကိုင် ဘာပြောချင်လို့ ပြောချင်နေမှန်းကို မာယင် နားမလည်နိုင်သေးခင်မှာပင် ရန်ကိုင် ထပ်ပြောသည်ကို ကြားလိုက်ရလေ၏။ "ကျုပ် အခုပဲ ပြန်လာခဲ့မယ်၊ ကျုပ်သွားနေတုန်း မြို့သခင် အစီအရင်ကို မြန်မြန်လေး ပြန်ပြင်ထားနော်"
ထို့နောက်တွင် ရန်ကိုင်၏ ပုံရိပ်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ကြောင်တောင်တောင် ဖြစ်နေသည့် မာယင်မှာတော့ ဝိုးတိုးဝါးတား ပုံရိပ်တစ်ခု အဝေးတစ်နေရာဆီသို့ ရုတ်တရက် ပြေးထွက်သွားခဲ့ပြီး သူမ၏ မြင်ကွင်းမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ရန်ကိုင်၏ ပုံရိပ် သူမ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့်အခါမှသာလျှင် မာယင် အသိပြန်ဝင်လာခဲ့ပြီး ပြောလိုက်လေ၏။ "သူ အဲဒီခွေးအိုကြီးဝူနောက် လိုက်သွားတာလား"
[မီရော မီမှာမလို့လား၊ ခွေးအိုကြီးဝူ ပြေးသွားတာ အစောကြီးကတည်းက ပြေးသွားတာ၊ နန်းတော်သခင်ရန်ရဲ့ ကျင့်ကြံခြင်းက သူ့ထက်ပိုပြီး တစ်ဆင့်မြင့်တယ်ဆိုပေမဲ့ ပြေးသွားတာ ကြာပြီဖြစ်တဲ့ ခွေးအိုကြီးဝူ အနောက်ကို လိုက်ဖို့ကတော့ ဒီလောက် လွယ်မှာ မဟုတ်ဘူး၊ ပြီးတော့ ဒီမြို့ကို နတ်ဆိုးတွေက ဝိုင်းထားတာ၊ နန်းတော်သခင်က အဲဒီခွေးအိုကြီးဝူ အနောက်ကို လိုက်သွားတော့ ငါတို့ မြို့ထဲမှာ နောက်ထပ် ပညာရှင်တစ်ဦး ထပ်ပြီးတော့ ဆုံးရှုံးလိုက်ရပြီပေါ့]
လင်းတုံကမူ ပြန်၍သာ ပြောလိုက်လေသည် "ငါကြားတာတော့ နန်းတော်သခင်ရန်က လေဟာနယ်တာအိုကို ကျွမ်းကျင်တယ်တဲ့၊ ဒီနေ့ မြင်လိုက်တော့မှပဲ တကယ်ကို ဟုတ်နေမှန်း သိလိုက်တော့တယ်"
"လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ပညာရှင်လား" မာယင် မျက်ခုံးပင့်သွားခဲ့လေသည်။ ယခုမှသာလျှင် ရန်ကိုင်၏ အမြန်နှုန်း ဘာကြောင့် ဤမျှ မြန်ဆန်နေရသလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။
ရန်ကိုင်မှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်တစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်ပင်ကိုး။
"တစ်ယောက်ယောက် လာနေတယ်" မာယင်၏ မျက်နှာ ရုတ်တရက် ဖြူရော်သွားခဲ့ပြီး အရှေ့တည့်တည့်သို့ ညွှန်ပြလိုက်သည်။ သူမ စကားပြောနေချိန်တွင် မိုးကုပ်စက်ဝိုင်းအောက်၌ အနက်ရောင် အစက်ကလေး တစ်စက်သာ ရှိနေသေးပါသော်ငြား သူမ စကားဆုံးသွားချိန်တွင်တော့ အနက်ရောင် အစက်ကလေးမှာ လက်သီးဆုပ် အရွယ်အစားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
မျက်တောင်တစ်ခတ် ကြာပြီးသည့်နောက် လူတစ်ဦး သူမ အရှေ့သို့ ရောက်နေလေ၏။
ထိုလူမှာ အစောပိုင်းက ထွက်သွားသော ရန်ကိုင်မှ လွဲ၍ အခြားမဟုတ်ပေ။
သူမ အရှေ့တွင် ရုတ်တရက် ပေါ်လာသော ရန်ကိုင်ကို ကြည့်ရင်း မာယင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
ရန်ကိုင်မှာ ယခုပင် ပြန်လာခဲ့မည်ဟု ပြောသွားပြီး တကယ်တမ်း ပြန်လာခဲ့ပေသည်။ ရန်ကိုင် ထွက်သွားသည်မှာ အသက် ဆယ်ရှိုက်စာလောက်ပင် ရှိပေသေးသည်။ သို့ပါသော်ငြား ပြန်လာသည့်အခါတွင်မူ သူနှင့်အတူ လူတစ်ယောက်ပါ ပါလာခဲ့သည်။ ထိတ်လန့်နေရာမှ အသိ ပြန်ဝင်လာချိန်ပြီးတွင်တော့ မာယင်မှာ ချက်ချင်းဆိုသလို ဒေါသထွက်လာရတော့သည်။ အကြောင်းမှာ ရန်ကိုင် ပြန်သယ်လာသည့် လူသည် အခြားမဟုတ်။ ခွေးအိုကြီးဝူသာ ဖြစ်နေသည့်အတွက်ကြောင့်ပင်။
အသက် ဆယ်ရှိုက်စာအတွင်းမှာပင် ရန်ကိုင်သည် ထွက်သွားပြီး ပြန်လာရုံသာလျှင် မဟုတ်။ သူနှင့်အတူ အစောကြီးကတည်းက ထွက်ပြေးသွားသော ဝူကျိကျင်းကိုပါ ပြန်ဖမ်းခေါ်လာခဲ့သည်။ ကိုယ်တိုင်သာ မမြင်ရလျှင် မာယင်အနေဖြင့် အမှန်တကယ်ကို ယုံနိုင်လိမ့်မည် မဟုတ်ပေ။
လင်းတုံမှာလည်း စိတ်လှုပ်ရှားသွားသည့်အလား ထိုမြင်ကွင်းကို ငေးကြောင်ကြောင် အမူအရာဖြင့် ကြည့်နေလေသည်။
လက်ရှိ အခိုက်အတန့်တွင် ဝူကျိကျင်းမှာ အားနည်းဖျော့တော့သည့် အရှိန်အဝါဖြင့် အဆက်မပြတ်ကို သွေးအန်နေခဲ့ရလေသည်။ ကြည့်ရသလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသည့်ပုံပင်။
ရန်ကိုင်သည် ထိုလူအား မာယင် အရှေ့သို့ ပစ်ချပေးလိုက်လေ၏။
ဝူကျိကျင်းသည် မြေကြီးပေါ် ခက်ခက်ခဲခဲဖြင့် တွားသွားရင်းမှ သူ့ရင်ဘတ်ကို လက်ဖြင့် ကိုင်၍ လင်းတုံနှင့် မာယင်ကို ကြည့်လိုက်လေသည်။ ထို့နောက် သူ့မျက်နှာ ဖြူရော်သွားတော့သည်။
မြို့ထဲမှ ခက်ခက်ခဲခဲဖြင့် ထွက်ပြေးရန် ကြိုးစားပြီးသည့်နောက် မျက်တောင်တစ်ခတ်အတွင်း ပြန်ဖမ်းခံရပြီး မာယင်တို့ အရှေ့သို့ ပြန်ရောက်လာရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အားတင်းပြုံးရင်းမှ ဝူကျိကျင်းက ပြောလိုက်လေသည်။ "ဒုမြို့သခင်မာ၊ ဒဏ်ရာ အခြေအနေ ဘယ်လိုလဲ"
မာယင်သည် ဖြည်းဖြည်းချင်း ထရပ်၍ ဝူကျိကျင်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ရှင့်အပူ မပါဘူး" ပြောပြီးသည့်နောက် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသော ကြာပွတ်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
ထိုကြာပွတ်ကို မြင်သည့်အခါ ဝူကျိကျင်း ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ "စိတ်မစောပါနဲ့၊ ဒီဝူ အလျင်စလို လှုပ်ရှားမိလိုက်တာ မှန်တယ်၊ ဒါပေမဲ့ ခင်ဗျားကို တကယ်ဒဏ်ရာရအောင် လုပ်လိုစိတ် မရှိဘူးလေ"
မာယင်ကမူ မကြားချင်ယောင်သာဆောင်လျက် ကြာပွတ်ထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်လေ၏။
ထိုအခါ ဝူကျိကျင်းသည် လင်းတုံဘက်သို့ လှည့်၍ တောင်းဆိုလိုက်ပြန်ပေသည်။ "မြို့သခင်၊ ကျုပ်ကို ချမ်းသာပေးပါနော်၊ မြို့သခင် ဒီဝူကို ချမ်းသာပေးမယ်ဆိုရင် ဒီဝူ အစွမ်းကုန်ပေးဆပ်ပြီးတော့ မြို့သခင်တို့ဘက်ကနေ တိုက်ခိုက်ပေးပါမယ်"
လင်းတုံက ဝူကျိကျင်းအား စက်ဆုပ်ရွံရှာသည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်လေ၏။ "ဒီမြို့သခင် မင်းလိုလူမျိုးနဲ့ အတူတူ မတိုက်ခိုက်ရဲဘူး"
ယနေ့တွင် သူ့အဆုံးသတ် ကောင်းတော့လိမ့်မည် မဟုတ်မှန်း ဝူကျိကျင်း သိနေခဲ့လေသည်။ ထိုအကြောင်းကြောင့် ယတိပြတ် ဆုံးဖြတ်လိုက်သည့်အလား ချက်ချင်းပဲ ပုဆိန်ကြီး တစ်လက်ကို ထုတ်၍ မာယင်အား ခုတ်ချလိုက်လေသည်။ လင်းတုံ၏ ကျင့်ကြံခြင်းမှာ သူ့ထက် ပိုမြင့်သည့်အတွက်ကြောင့် လင်းတုံအား မတိုက်ခိုက်ရဲခဲ့ပေ။ မာယင်မှာတော့ အစောပိုင်းက သူအလစ်ချောင်း တိုက်ခိုက်ထားသည့်အတွက်ကြောင့် ဒဏ်ရာ ရနေသလို နှစ်ဦးသားမှာလည်း အဆင့်တူ ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအတွက်ကြောင့် ထွက်ပြေးလိုပါက မာယင်ကို ဓားစာခံအဖြစ် အသုံးချဖို့သာ ရှိတော့လေသည်။
သို့ပါသော်ငြား ချက်ချင်းဆိုသလို လေဟာနယ်နိယာမတို့ ဖြာထွက်လာခဲ့ပြီး မမြင်နိုင်သည့် စွမ်းအားတစ်ရပ်မှာ ဝူကျိကျင်းအား လှုပ်မရအောင် ချုပ်နှောင်သွားခဲ့လေရာ ဝူကျိကျင်းမှာ သူ၏ ပုဆိန်အား ကိုင်မြှောက်လျက်သား အနေအထားဖြင့် တောင့်တောင့်ကြီး ဖြစ်သွားလေ၏။
ထိုအခိုက်အတန့်တွင် မာယင်၏ ကြာပွတ်သည် ဝူကျိကျင်း၏ လည်ပင်းကို ရစ်ပတ်လာခဲ့လေသည်။ ထို့နောက် မာယင်မှ သူမ ကြာပွတ်အား ဆွဲဆောင့်ချလိုက်ရာ ဝူကျိကျင်း၏ ခေါင်းမှာ လေပေါ်သို့ မြှောက်တက်သွားခဲ့ပြီး သွေးများမှာ လည်ပင်းနေရာမှ ရေတံခွန်ပမာ ပန်းထွက်လာခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း မာယင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ဝူကျိကျင်းအား ဤမျှ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ပါသော်ငြား ချက်ချင်းဆိုသလိုပင် ရန်ကိုင်မှ သူမအား တိတ်တဆိတ် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း သိသွားခဲ့သည့်နောက် ရန်ကိုင်ဘက်သို့ လှည့်၍ ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်လေ၏။
ထို့နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ "ပြောဖို့ ကျန်သေးတာက ခင်ဗျားတို့ ကျားဟိန်းသံမြို့က မိသားစုကြီးငါးခုလည်း အခုလိုမျိုး ထွက်ပြေးဖို့ ကြိုးစားသေးတယ်၊ အခုတော့ သူတို့ အကုန်လုံး ကျုပ်သတ်လို့ သေသွားပြီ"
ထိုစကားကို ကြားသော် လင်းတုံက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ "အဲဒါ နည်းတောင် နည်းသေးတယ်၊ နတ်ဆိုးမျိုးနွယ်စုက တိုက်ခိုက်နေတာကို ရန်သူကို ခုခံရမဲ့အစား ထွက်ပြေးဖို့ပဲ ကြိုးစားနေတာ၊ သူတို့ သေတာလည်း အေးတာပဲ၊ နန်းတော်သခင် သူတို့ကို မသတ်ရင်တောင် ဒီလင်း ကိုယ်တိုင် သူတို့ကို သတ်ပစ်မိမှာ"
မိသားစုကြီးငါးခုသည် ကျားဟိန်းသံမြို့၏ ဒေသခံများ ဖြစ်ကြသည်။ ဝူကျိကျင်းဆိုလျှင် ဒုမြို့သခင်တစ်ဦးပင် ဖြစ်လေသည်။ သို့ပါသော်ငြား သူတို့အနေဖြင့် ကျူးကျော်လာနေသည့် နတ်ဆိုးစစ်တပ်များကို ခုခံရန် မကြိုးစားဘဲ ကိုယ်လွတ်ရုန်းပြေးရန် ကြိုးစားခဲ့သည်။ ထိုလူများ၏ လုပ်ရပ်မှာ လင်းတုံအား အမှန်တကယ်ကို မျက်နှာပျက်စေခဲ့လေသည်။
ရန်ကိုင်က ထပ်၍ ပြောလိုက်လေ၏။ "မြို့သခင်က နောက်ဆုံးအထိ ဒီနတ်ဆိုးစစ်တပ်ကို ခုခံဖို့ ဆုံးဖြတ်ထားတယ်ဆိုမှတော့ ကျုပ်တို့ မြောက်ဘက်၊ တောင်ဘက်နဲ့ အရှေ့ဘက်နယ်မြေက စစ်ကူတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီပေးရသေးတာပေါ့"
လင်းတုံက လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်ရန်၊ နန်းတော်သခင်ရန်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ဒီနေ့ ကျုပ်တို့ ကျားဟိန်းသံမြို့ ဒုက္ခရောက်နေတော့မှာ"
ရန်ကိုင်က ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည်။ "နတ်ဆိုးမျိုးနွယ်စု အခုလိုမျိုး ကြယ်တာရာအစုအဝေးကို ကျူးကျော်လာတာက အနောက်ဘက်နယ်မြေ တစ်ခုတည်းကို သိမ်းပိုက်ဖို့ မဟုတ်ဘူး၊ အနောက်ဘက်နယ်မြေကို သိမ်းပိုက်ပြီးသွားရင် ကျန်တဲ့ နယ်မြေတွေကိုလည်း ဆက်ပြီးတော့ သိမ်းပိုက်လာဦးမှာ၊ ဒီတော့ ကျုပ်တို့ကလည်း မဖြစ်သင့်တာတွေ မဖြစ်လာရအောင် ကြိုတင်ပြီးတော့ ကာကွယ်ထားရတာပေါ့"
လင်းတုံက ပြန်၍ ပြောလိုက်လေ၏။ "နန်းတော်သခင်ရန်ရဲ့ စိတ်ဓာတ်ကိုတော့ တကယ် လေးစားတယ်"
မာယင်က သက်ပြင်းချ၍ ပြောလိုက်လေ၏။ "ကံမကောင်းစွာနဲ့ပဲ အခုလောလောဆယ်တော့ ကျားဟိန်းသံမြို့က လူတွေက တော်တော်လေး တိုက်ခိုက်လိုစိတ် ရှိနေတော့မှာ မဟုတ်တော့ဘူး" မာယင်မှ လှည့်ပတ်ကြည့်လိုက်ရာ သူမနှင့် အကြည့်ချင်းဆုံသွားသည့် လူတိုင်း ချက်ချင်း အကြည့်လွှဲသွားကြလေသည်။ သူမ ပြောခဲ့သလိုပင် လူတိုင်း၏ စိတ်ဓာတ်မှာ အတော်လေးကိုမှ ထိုးကျနေခဲ့လေပြီ။ နတ်ဆိုးမျိုးနွယ်စုမှ တိုက်ခိုက်လာသည့် ကိစ္စကပင်လျှင် အကုန်လုံးအား အကြောက်ကြောက်အလန့်လန့် ဖြစ်နေစေခဲ့လေရာ ယခု ဝူကျိကျင်း၏ သွေးကြောင်မှုသည် လူတိုင်း၏ စိတ်ဓာတ်ကို ပိုလို့ပင် ညှိုးငယ်သွားစေတော့သည်။