← Chapters

အခန်း ၃၄၀၉

Vol. 150 Ch. 3409

အခန်း ၃၄၀၉

Vol. 150 Ch. 3409

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၀၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှာလည်း အခြေအနေ အကြောင်းအရင်းကို နားလည်ထားခဲ့လေရာ အကြံပေးလိုက်လေသည်။ “မြို့သခင်လင်း… အခုလိုအခြေအနေမျိုးမှာ နည်းနည်းလေးမှ ပေါ့ဆနေလို့မရဘူး… ဒီတော့ စည်းကမ်းတင်းကြပ်ရမယ်ဆိုရင်လည်း ကြပ်ရမှာပဲ… ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ ကျုပ် အကြံပေးချင်တယ်…”

လင်းတုန် မျက်ခုံးပင့်သွားခဲ့ပြီး ဇဝေဇဝါအမူအယာဖြင့် ပြန်မေးလိုက်သည်။ “စည်းကမ်းထိန်းသိမ်းရေးအဖွဲ့…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ရှင်းပြလိုက်လေသည်။ “ဟုတ်တယ်… အခုလိုမျိုး မျိုးနွယ်စုနှစ်ခု စစ်ဖြစ်နေတဲ့ကာလမျိုးမှာ လူတိုင်းရဲ့ပူးပေါင်းမှုက အရမ်းကို အရေးကြီးလာပြီ… ဒီတော့ စစ်ရေးဥပဒေကို ပြဌာန်းရတော့မှာပဲ… အဲ့ဥပဒေကို မနာခံတဲ့လူပဲဖြစ်ဖြစ် ဥပဒေကို နှောင့်ယှက်ဖို့ကြိုးစားတဲ့လူပဲဖြစ်ဖြစ် အပြစ်ပေးခံရမယ်… စစ်ပွဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့လူတွေကတော့ သေဒဏ်ပဲ… စစ်တပ်ရဲ့စည်းလုံးမှုကို ပျက်စီးအောင် စစ်တပ်ရဲ့တိုက်ခိုက်လိုစိတ်ကို လျော့ကျအောင် လုပ်တဲ့လူတွေလည်း သေဒဏ်ပဲ… ပြီးတော့ ရေသာခိုအချောင်လိုက်နေတဲ့လူတွေလည်း သေဒဏ်ပဲ…” ရန်ကိုင်သည် လင်းတုန်ကိုကြည့်ရင်းမှ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “အဲ့လိုအပြစ်ဒဏ်တွေကို ပေးရမယ့်တာဝန်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားတွေရဲ့တာဝန်ပဲ…”

ထိုစကားကိုကြားသော် လင်းတုန်နှင့် မာယင်တို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။ သူတို့သည်သာ ရန်ကိုင်ပြောသည့်အတိုင်း လုပ်မည်ဆိုလျှင် စစ်ပွဲမစသေးခင်မှာပင် လူပေါင်းများစွာကို သတ်မိပေလိမ့်မည်။

သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် လက်ရှိအခက်အခဲကို ဖြေရှင်းနိုင်မည့် အမှန်တကယ်ကို ကောင်းမွန်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း သိသွားခဲ့သည်။ ရန်သူ၏ စစ်တပ်အရေအတွက်မှာ သူတို့ထက် အဆပေါင်းများစွာ ပိုမိုသာလွန်နေသလို လူတိုင်း၏တိုက်ခိုက်လိုစိတ်မှာလည်း လျော့နည်းနေလေသည်။ ထိုအကြောင်းကြောင့် ကျားဟိန်းသံမြို့မှာ အန္တရာယ်တွင်းထဲ ကျနေပြီဟုပင် ပြော၍ရသည်။ သူတို့သည်သာ ဤမြို့အတွက်ခုခံလိုပါက အကုန်လုံး စည်းလုံးညီညွှတ်နေမှသာ အဆင်ပြေပေလိမ့်မည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သာ ရှိနေမည်ဆိုလျှင် လူတိုင်း၏တိုက်ခိုက်လိုစိတ်ကို မမြှင့်တင်ပေးနိုင်ပါသော်ငြား အနည်းဆုံး ကျင့်ကြံသူများ မြို့အတွက် ခုခံလာအောင် တွန်းအားပေးနိုင်ပေလိမ့်မည်။

ထိုအချက်ကိုနားလည်လိုက်သော် လင်းတုန်က ပြန်ပြောလိုက်လေ၏။ “နန်းတော်သခင်ရန်ပြောတာ အမှန်ပဲ… ဒါပေမယ့် ကျုပ်ရဲ့ကျားဟိန်းသံမြို့က ကျင့်ကြံသူတွေ ဒီတာဝန်ကို ယူလို့မရဘူး…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “မြို့သခင်လင်း ဒီနန်းတော်သခင်ကို ယုံတယ်ဆိုရင် အဲ့တာဝန်ကို ကျုပ်ယူလိုက်မယ်…”

“အဲ့ဒါဆိုရင်လည်း နန်းတော်သခင်ရန်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့…” လင်းတုန်က ခေါင်းညိတ်လိုက်သည်။

မြို့ပြင်ဘက်တွင် နတ်ဆိုးစစ်တပ်သည် စစ်အင်အားပေါင်းများစွာနှင့် ချီတက်လာနေပါသော်ငြား မြို့ထဲရှိလူများမှာမူ ထိတ်လန့်တုန်လှုပ်နေကြလေသည်။ လူအုပ်ကြီးတစ်ဖွဲ့မှာလည်း မြို့နံရံပေါ်တွင် စုဝေးနေကြရင်း အဝေးအား လှမ်း၍ ငေးမျှော်ကြည့်နေကြလေသည်။ အတော်များများမှာ ဘာလုပ်လျှင်ကောင်းမလဲ ဘယ်ဆီသို့ ထွက်ပြေးလျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားတွေးပူရင်း သောကများနေကြ၏။

ထိုစဉ် လူတစ်ဦးသည် မြို့တစ်ဝိုက် ပျံသန်းရင်းမှ အေးစက်စက်လေသံဖြင့် ကြေညာလိုက်လေသည်။ “နတ်ဆိုးမျိုးနွယ်စုက ကျူးကျော်လာနေပြီဖြစ်တာမလို့ တိုက်ပွဲက တိုက်ခိုက်ရတော့မယ်… ဒီတိုက်ပွဲက ကျားဟိန်းသံမြို့တော်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတယ်… ဒီတိုက်ပွဲအပေါ်မှာပဲ သိန်းနှင့်ချီတဲ့ မြို့သူမြို့သားတွေရဲ့အသက် မူတည်နေတာ… ဒါကြောင့် မြို့သခင်က စစ်ရေးဥပဒေကို ပြဌာန်းဖို့ အမိန့်ပေးလိုက်ပြီ… အခုလိုတိုက်ပွဲမျိုးမှာ လုံးဝကို ရှုံးနိမ့်လို့မရဘူး… ဒါကြောင့် စစ်ရေးဥပဒေကို လွန်ဆန်တဲ့ ဘယ်သူမဆို အပြစ်ရှိတယ်လို့ သတ်မှတ်ပြီးတော့ သေဒဏ်ချခံရမယ်… စစ်ပွဲကနေထွက်ပြေးတဲ့လူမှန်သမျှလည်း သေဒဏ်ချခံရမယ်… စစ်တပ်ရဲ့စည်းလုံးမှုကို ပျက်ပြားအောင်လုပ်တဲ့လူတွေ၊ စစ်တပ်ရဲ့တိုက်ခိုက်လိုစိတ်ကို လျော့ကျအောင် လုပ်တဲ့သူတွေမှန်သမျှလည်း အသတ်ခံရမယ်… မတိုက်ခိုက်တဲ့လူတွေမှန်သမျှလည်း အသတ်ခံရမယ်…”

အသံမှာ အတော်လေးကိုမှ ကျယ်လောင်လှလေရာ အောက်ဘက်တွင်ရှိနေသည့်လူအားလုံး ကြားလိုက်ကြရလေသည်။

ထိုကြေညာချက် ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် နားထောင်နေသည့်လူအားလုံး တစ်ဦးကိုတစ်ဦး အထိတ်တလန့်အမူအယာများဖြင့် ကြည့်လိုက်ကြသည်။ အတော်များများမှာ အခြေအနေမကောင်းလျှင် ထွက်ပြေးရန် စဉ်းစားနေကြခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား ထိုကြေညာချက်ကို ကြာပြီးသည့်နောက်တွင် လူပေါင်းများစွာမှာ မျက်မှောင်ကျုံ့သွားကုန်ကြလေ၏။ သို့ပါသော်ငြား ထိုကြေညာချက်အား အလေးအနက် မမှတ်ယူသေးပေ။ တကယ်တော့ လက်ရှိအခြေအနေကို မည်သူမဆို မြင်နိုင်သည်မဟုတ်ပေလော။ ကျားဟိန်းသံမြို့ ပျက်စီးရတော့မည်မှာ အချိန်သာ လိုပေတော့မည်။ ထိုအချိန်ကျလျှင် ထွက်ပြေးချင်သည့်လူမှာ တစ်ဦးနှစ်ဦးသာ ရှိနေတော့လိမ့်မည်မဟုတ်ဘဲ မြောက်မြားစွာ ရှိနေပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် စစ်ရေးဥပဒေမှာ လူမည်မျှကိုများ အပြစ်ပေးနိုင်ပါမည်နည်း။ မြို့သခင်ကိုယ်တိုင်ကရော ထိုကဲ့သို့သောအရာများအား ဂရုစိုက်နေရန် အချိန်ရှိမည်လား။

ထိုကဲ့သို့တွေးရင်းမှ လူပေါင်းများစွာသည် ကြေညာလာသောစစ်ရေးဥပဒေအား မျက်ကွယ်ပြုထားကြလေသည်။

သို့ပါသော်ငြား သူတို့စိတ်ထဲ ထိုကဲ့သို့အတွေးမျိုး တွေးနေစဉ်မှာပင် ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအဖွဲ့ထဲတွင် လူပေါင်းတစ်ထောင်ခန့် ရှိပေသည်။ ထိုလူများ ဝတ်စားထားသည့် ပုံစံအရ ထိုလူများမှာ ကျားဟိန်းသံမြို့၏ ဒေသခံများ မဟုတ်ကြဘဲ အခြားသောနယ်မြေများမှ လာရောက်ကူညီကြသော စစ်ကူများ ဖြစ်ကြပေသည်။ ထိုအဖွဲ့ကို ရှေ့ဆုံးမှ ဦးဆောင်လာနေသည့်လူမှာမူ အနီရောင်ဆံပင်နှင့်လူငယ်လေးသာ ဖြစ်လေ၏။

ထိုလူငယ်လေးမှာ အခြားမဟုတ်။ အရှေ့ဘက်နယ်မြေမှ အားဟန်ကျောင်းတော်၏ ချီကွေ့ပင် ဖြစ်လေသည်။

လူပေါင်းများစွာမှာ ချီကွေ့အား မှတ်မိသွားကြလေသည်။ ချီကွေ့ ထိုမျှ နာမည်ကျော်နေသည်မဟုတ်။ ထို့အစား သူ့ပုံစံကကို မှတ်မိလွယ်လွန်းနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ လူအတော်များများမှာ ချီကွေ့နှင့်ပတ်သက်၍ ကောလာဟာလများကိုသာ ကြားဖူးမည်ဆိုလျှင်ပင် သူ့ကိုမြင်လိုက်သည်နှင့် အလွယ်တကူ မျက်မှန်းတန်းမိနိုင်ပေသည်။ တကယ်တော့ ကျားဟိန်းသံမြို့ထဲတွင် အနီရောင်ဆံပင်ကို ပိုင်ဆိုင်သည့်လူဆို၍ ချီကွေ့တစ်ဦးသာ ရှိသည်မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ထိုတစ်ထောင်ခန့်ရှိသော ကျင့်ကြံသူအဖွဲ့မှာ အားဟန်ကျောင်းတော်မှ အဖွဲ့သားများ ဖြစ်ကြမည်မှန်း လူတိုင်း သိသွားကြသည်။

လူတိုင်းအာရုံစိုက်သွားသည့်အချက်မှာတော့ ထိုအချက်မဟုတ်ပေ။ အမှန်တကယ်အာရုံစိုက်သွားရသည့်အချက်မှာ ချီကွေ့နှင့်အတူ သူဦးဆောင်လာသော ထောင်နှင့်ချီသည် လူအင်အားစုကြီးသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေကြသည့်ပုံပင်။ ချီကွေ့သည် စုဝေးနေသည့်လူအုပ်ကြီးအား ကြမ်းကြုတ်ခက်ထန်သည့်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူနှင့်အတူ ပါလာကြသည့် ကျင့်ကြံသူများမှာလည်း ပြတ်နေသည့်ခေါင်းများကို ကိုင်ဆောင်လာကြသည်။

အနည်းဆုံး ခေါင်းပေါင်း ရာနှင့်ချီကာ ရှိပေသည်။ သေနေကြသည့် ခေါင်းအများစုမှာတော့ မျက်လုံးများ ပြူးနေကြလေ၏။ သွေးများမှာလည်း လည်ပင်းပြတ်နေသည့်နေရာမှ တစ်တောက်တောက်နှင့် စီးကျနေလေရာ အတော်လေးကိုမှ ခြောက်ခြားဖွယ်ကောင်းလှလေသည်။

လူအတော်များများမှာ ထိုခေါင်းများကို မြင်ဖူးနေသလို ခံစားနေကြရသည်။

ထိုခေါင်းများကို သေသေချာချာ စစ်ဆေးကြည့်ရန် ကြိုးစားနေစဉ်မှာပင် အစောပိုင်းက စစ်ရေးဥပဒေကို ကြေညာသွားသော ကျင့်ကြံသူက ဆက်၍ အော်ပြောလိုက်လေသည်။ “မိသားစုကြီးငါးခုက စစ်တပ်ရဲ့စိတ်ဓာတ်ကို နိမ့်ပါးအောင် ပြုလုပ်တဲ့အတွက် ခေါင်းဖြတ်သတ်ခံလိုက်ရပြီ… ဝူကျိကျင်းလည်း စစ်ပွဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် သေဒဏ်ချခံလိုက်ရပြီ…”

ထိုအသံသည် ကျားဟိန်းသံမြို့တော်တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားခဲ့လေရာ လူတိုင်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ တောင့်တောင့်ကြီး ဖြစ်ကုန်ကြလေသည်။

(အဲ့ဒါကြောင့်မလို့ အဲ့ခေါင်းတွေကို မြင်ဖူးနေတယ်လို့ ခံစားနေရတာကို… လက်စသတ်တော့ မိသားစုကြီးငါးခုနဲ့ ဒုမြို့သခင်ဝူကျိကျင်းရဲ့ ခေါင်း ဖြစ်နေတာကိုး…)

ယခုမှသာလျှင် အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သော စစ်ရေးဥပဒေမှာ အပိုစကားသက်သက်သာမဟုတ်ကြောင်းကို လူတိုင်း သဘောပေါက်သွားကြသည်။ ထိုစစ်ရေးဥပဒေမှာ အမှန်တကယ်ကို ထုတ်ပြန်ကြေညာထားသည့် ဥပဒေတစ်ရပ် ဖြစ်ပေသည်။ ထိုစစ်ရေးဥပဒေကို ချိုးဖောက်သည့်အတွက်ကြောင့် မိသားစုကြီးငါးခုနှင့် ဒုမြို့သခင်သည်ပင်လျှင် အသတ်ခံလိုက်ရလေရာ ကျန်လူများမှာ အပြစ်ဒဏ်မှ မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

တစ်နည်းဆိုရသော် ကျားဟိန်းသံမြို့သည်သာ အန္တရာယ်ရှိနေခြင်းမဟုတ်ဘဲ ယခုဆိုလျှင် တိုက်ခိုက်နိုင်သော ကျင့်ကြံသူများအနေဖြင့် သူတို့၏အသက်ကို အချိန်မရွေးနှုတ်ယူမည့် သားသတ်သမားအဖွဲ့၏ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရလေသည်။ သူတို့သည်သာ စစ်ရေးဥပဒေကို မတော်တဆ ချိုးဖောက်မိသွားမည်ဆိုလျှင် သားသတ်သမား၏ဓါးသည် သူတို့၏လည်တိုင်များကို ဖြတ်သွားပေလိမ့်မည်။ လူတိုင်းမှာ နမူနာများကို တွေ့လိုက်ရပြီးသည့်နောက် အလွန်ကိုမှ ထိတ်လန့်သွားကြကာ ထွက်ပြေးမည့်အတွေးများကို စွန့်လွှတ်လိုက်ကြတော့လေသည်။ သူတို့ကိုယ်သူတို့ မိသားစုကြီးငါးခုနှင့်ယှဉ်လိုက်သော် မည်မျှ တန်ဖိုးမဲ့ကြောင်းကို ထိုလူများသိကြသည်။ ဒုမြို့သခင်ဝူကျိကျင်းဆိုလျှင် ပြောနေစရာပင်မလို‌။ ထိုကဲ့သို့သောလူများသည်ပင်လျှင် အသတ်ခံရလေရာ သူတို့ဆိုလျှင်မူ ပြောနေစရာပင်မလိုတော့ပေ။

မြို့နံရံထက်တွင် လင်းတုန်မှာ မြို့နေရာအနှံ့ဆီမှ တင်ပြလာသော အစီအရင်ခံစာများကို နားထောင်ရင်းမှ စိုးရိမ်တကြီးအမူအယာဖြင့် အလုပ်ရှုပ်နေခဲ့လေသည်။

တစ်ခဏအကြာ၌ သူ့မျက်နှာထက်ရှိ စိုးရိမ်နေသည့်အမူအယာ ပြေလျော့သွားခဲ့ပြီး ရန်ကိုင်အားကြည့်ကာ ချီးကျူးလိုက်လေ၏။ “နန်းတော်သခင်ရန်က ခေါင်းဆောင်ဖြစ်ဖို့ မွေးလာတဲ့လူပဲ…”

မာယင်သည် မြို့သခင်လင်းတုန်အား ကြည့်ရင်းမှ မေးလိုက်လေ၏။ “မြို့ထဲမှာ အခြေအနေဘယ်လိုလဲ…”

လင်းတုန်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အတော်များများက စိတ်ပူနေသေးတယ်ဆိုပေမယ့် အနည်းဆုံးတော့ အခြေအနေကို ထိန်းလို့ရသွားပြီ…”

ထိုအခါမှသာလျှင် မာယင်လည်း သက်ပြင်းချ၍ ခေါင်းညိတ်လိုက်လေ၏။ “အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့…”

ထို့နောက်တွင် ရန်ကိုင်ဘက်သို့လှည့်၍ ကျေးဇူးတင်တကြီးဖြင့် ပြောလိုက်သည်။ “ဒီနေ့ ကျားဟိန်းသံမြို့သာ တောင့်ခံနိုင်ခဲ့မယ်ဆိုရင် နန်းတော်သခင်ရန်က အကြီးမားဆုံးသောကျေးဇူးရှင်ဖြစ်သွားပြီ…”

ရန်ကိုင်ကမူ ခေါင်းခါ၍ ပြန်လည်ငြင်းဆိုလိုက်သည်။ “ခင်ဗျား ကျုပ်ကို ချီးကျူးလွန်းနေပြီ… အခုချိန်က သတိပေါ့လျော့လို့ရတဲ့အခြေအနေမျိုး မဟုတ်သေးဘူး… မြို့ထဲကကျင့်ကြံသူတွေက ဟိုခေါင်းတွေကို မြင်ပြီးတော့ ကြောက်သွားတာပဲ ရှိသေးတာ… မြို့ကို တကယ် ခုခံချင်တယ်ဆိုရင် နောက်လာမယ့်တိုက်ပွဲကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာရှိသေးတယ်… ဒီပထမထိုးစစ်မှာတင် တစ်မြို့လုံးကျသွားမယ်ဆိုရင် ကျုပ်တို့ပြောထားတဲ့ ခြိမ်းခြောက်စကားတွေကလည်း အကုန် အလဟဿဖြစ်သွားမှာပဲ…”

လင်းတုန်က ရယ်မော၍ ပြန်ပြောလိုက်သည်။ “ကျုပ်ရဲ့ ကျားဟိန်းသံမြို့က မြို့ထဲမှာ ကျင့်ကြံသူများများစားစား မရှိဘူးဆိုပေမယ့် ကျုပ်တို့အကုန်လုံးသာ အတူပူးပေါင်းနေမယ်ဆိုရင်တော့ ကျုပ်တို့ကိုအနိုင်ယူဖို့က ဒီလောက်လွယ်မှာမဟုတ်ဘူး… အဲ့နတ်ဆိုးကောင်တွေကို ကျားဟိန်းသံမြို့က ဘာလဲဆိုတာကို သိသွားအောင် လုပ်ပြပေးလိုက်မယ်…”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “မြို့သခင် အခုလိုမျိုး ယုံကြည်ချက်ရှိတာတော့ တကယ်ကိုကောင်းပါတယ်…”

ပြောနေရင်းမှ မာယင်သည် ဆက်သွယ်ရေးမှော်ရတနာကို ရုတ်တရက် ထုတ်ယူ၍ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အလေးအနက်အမူအယာဖြင့် ပြန်လည်တင်ပြလိုက်လေ၏။ “နတ်ဆိုးတွေကိုကြည့်ရတာ ကျွန်မတို့တွေကို တော်တော်လေး အထင်သေးနေတဲ့ပုံပဲ… သူတို့စစ်တပ်တွေအကုန်လုံးကို အရှေ့ဘက်မှာစုပြီးတော့ တစ်ခါတည်း ထိုးဖောက်ဖို့ လုပ်နေတယ်…”

“အဲ့ဒါဆိုရင်တော့ သူတို့ကို သွားပြီးတော့ နှုတ်ဆက်ပေးရမှာပေါ့…” လင်းတုန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထိုသို့ဖြင့် ရန်ကိုင်တို့အဖွဲ့သည် အရှေ့အရပ်ဆီသို့ အမြန်ထွက်သွားကြသည်။ မကြာမီ ဂိတ်ပေါက်ဆီသို့ ရောက်လာခဲ့လေ၏။ လက်ရှိအခိုက်အတန့်တွင် မြို့နံရံမှာ လူများဖြင့် ပြည့်ကြပ်နေခဲ့သည်။ အထူးသဖြင့် ကျားဟိန်းသံမြို့၏ ဒေသခံကျင့်ကြံသူများပင် ဖြစ်လေသည်။ လင်းတုန်နှင့် မာယင်တို့ ရောက်လာသည့်အခါတွင် ထိုလူများအနက် လင်းတုန်နှင့် မဟာဧကရာဇ်အား ချက်ချင်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။

ရန်ကိုင်သည် ထိုနှစ်ဦးဘေးနားတွင် ရပ်ရင်းမှ လှမ်း၍ ကြည့်လိုက်ရာ ဆယ်မိုင်ခန့်အကွာ၌ သူတို့ဆီသို့ တရွေ့ရွေ့ ချီတက်လာနေသော နတ်ဆိုးစစ်တပ်ကြီးကို မြင်တွေ့လိုက်ရသည်။ လက်ရှိ နတ်ဆိုးစစ်တပ်ကြီးမှာ မနှေးလွန်းမမြန်လွန်းဖြင့် သူတို့ဆီသို့ တဖြည်းဖြည်း ချီတက်လာနေလေ၏။

ရှေ့ဆုံးမှ ချီတက်လာနေသော နတ်ဆိုးသားရဲများကို စီးနင်းထားသည့် နတ်ဆိုးစစ်တပ်ကြီးမှာ လုံးဝကို တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေပါသော်ငြား သူတို့နောက်တွင် ပါလာသည့် နတ်ဆိုးစစ်သားများမှာမူ လုံးဝကို ကသောင်းကနင်း ပြန့်ကျဲနေကြသည်။ သို့ပါသော်ငြား အကုန်လုံးမှာ တိတ်ဆိတ်နေကြလေသည်။ ထိုနတ်ဆိုးများ၏ ကောင်းကင်ထက်တွင်မူ အနက်ရောင်တိမ်စိုင်တိမ်တိုက်များ အုံ့ဆိုင်းမှုန်မှိုင်းနေကြလေ၏။

“ဂလု…”

တံတွေးမျိုချသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် အကုန်လုံးမှာ လင်းတုန်အား လှမ်းကြည့်လာခဲ့လေသည်။

လင်းတုန်မှာ မြို့နံရံထက်တွင် ရပ်ရင်းမှ ထိုမြင်ကွင်းအား မျက်နှာသေအမူအယာဖြင့် စိုက်ကြည့်နေလေသည်။ သူ၏ မီးခိုးရောင်ဆံပင်များသည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့သည်။

ဆယ်မိုင်…။ ရှစ်မိုင်…။ ငါးမိုင်…။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျားဟိန်းသံမြို့၏ ဒေသခံများ စတင်၍ စိတ်ဂနာမငြိမ်ဖြစ်လာကြသည်။ အချို့ဆိုလျှင် မှော်ရတနာများကိုပင်လျှင် ထုတ်ထားပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြလေသည်။ အချို့လူများမှာတော့ ယနေ့သည် သူတို့ဘဝ၏ နောက်ဆုံးနေ့ရက်ဖြစ်သည့်အလား သူတို့ရင်းနှီးသည့်လူများကို နှုတ်ဆက်စကားပြောနေကြလေ၏။

လက်ရှိချီတက်လာနေသော နတ်ဆိုးစစ်တပ်ကြီး၏ပုံစံမှာ လူတိုင်း၏စိတ်ဓာတ်များကို ရိုက်ချိုးနေသလို ဖြစ်နေခဲ့သည်။

သုံးမိုင်ခန့်အကွာသို့အရောက်တွင် ရှေ့မှဦးဆောင်လာနေသော နတ်ဆိုးမျိုးနွယ်စု၏ ပညာရှင်သည် ရုတ်တရက် မြို့နံရံပေါ်တွင် ရပ်နေသော လူအုပ်ကြီးအား ပြုံးဖြီးပြလိုက်၏။ ထို့နောက် သူ့လက်ကိုမြှောက်၍ အောက်သို့ တဖြည်းဖြည်းချင်း လွှဲယမ်းချလိုက်လေသည်။

ချက်ချင်းဆိုသလို မညီမညာဖြင့် ချီတက်လာနေသော သူ့နောက်ဘက်ရှိစစ်တပ်မှာ အရိုင်းအစိုင်းများပမာ မာန်သွင်းအော်ဟစ်ရင်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တဟုန်ထိုး ပြေးတက်သွားကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူပေါင်းများစွာ၏မျက်နှာများ ဖြူလျော်သွားကုန်ကြသည်။ အချို့ဆိုလျှင် လူအုပ်ကြားထဲသို့ မသိမသာလေးပင် နောက်ဆုတ်တိုးဝင်သွားကြလေသည်။ တိုက်ပွဲမှာ မစရသေးပါသော်ငြား လူတိုင်းမှာ ကြောက်နေကြလေပြီ။

ထိုမြင်ကွင်းကိုကြည့်ရင်း နတ်ဆိုးစစ်တပ်ကြီးအား ဦးဆောင်လာသည့် နတ်ဆိုးမှာ ဝါးလုံးကွဲအော်ရယ်မောတော့သည်။ ထိုနတ်ဆိုး၏အော်သံမှာ မိုးခြိမ်းသံတမျှ ပဲ့တင်ထပ်သွားခဲ့လေသည်။

“ရွှစ်… ရွှစ်… ရွှစ်…”

အေးစက်စက်အလင်းများ တစ်ချက်ပြီးတစ်ချက် လက်သွားခဲ့ပြီးသည့်နောက် ခေါင်းပေါင်းများစွာ လေပေါ်သို့ ပျံတက်လာခဲ့သည်။ တစ်ချိန်တည်း၌ သွေးများမှာလည်း ရေပန်းအလား ပန်းထွက်လာခဲ့လေသည်။ ထို့နောက်တွင် ဓာတ်လိုက်နေသည့်အလား တွန့်လိမ်နေသော ခေါင်းမပါသည့်အလောင်းများသည် မြေပြင်ပေါ်သို့ တဖုန်းဖုန်း လဲကျကုန်လေ၏။ ရုတ်တရက်ပန်းထွက်လာသော သွေးများကြောင့် ထိုအလောင်းများအနားတွင် ရှိနေကြသည့် ကျင့်ကြံသူများအားလုံး သွေးများဖြင့် စိုရွှဲကုန်ကြလေသည်။

ထိုအခိုက်အတန့်ဝယ် ချီကွေ့၏အေးစက်စက်လေသံ ထွက်ပေါ်လာခဲ့သည်။ “ကြောက်နေတဲ့ဘယ်သူမဆို ခေါင်းဖြတ်သတ်ခံရမယ်…”

ထို့နောက် သွေးစွန်းနေသည့် ဦးခေါင်းကို မြေပြင်ပေါ်သို့ လွှဲယမ်းချလိုက်လေ၏။ ချီကွေ့အနီးတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ သူနှင့် အကြည့်ချင်းမဆုံအောင် ထိန်းနေကြလေသည်။ ချီကွေ့ကဲ့သို့ပင် လူပေါင်းများစွာအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေကြသော အခြားသောလူများစွာလည်း ရှိနေကြလေသည်။ သူတို့သည်လည်း တဖြည်းဖြည်းဖြင့် နောက်ပြန်ဆုတ်ရန် ကြိုးစားနေကြသော ကျင့်ကြံသူများအား သတ်ပစ်ထားခဲ့သည်။

ထိုအခိုက်အတန့်ဝယ် ချီကွေ့တို့အဖွဲ့သားများ၏ ဆယ်မီတာဝန်းကျင်ပတ်လည်တွင် အခြားမည်သူမျှ မရှိကြတော့ပေ။

ယခုအခါမှသာလျှင် ထိုလူများမှာ သူတို့၏အသက်ကို အချိန်မရွေးချွေယူသွားမည့် သားသတ်သမား သူတို့နောက်တွင် သားသတ်ဓါးကိုကိုင်ကာ စောင့်နေကြောင်း ပြန်သတိရသွားခဲ့သည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်က အော်ပြောလိုက်လေ၏။ “အခု မြို့ထဲမှာ အခြေအနေကိုစောင့်ကြည့်နေတဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားငါးထောင်ရှိတယ်… တစ်ယောက်ယောက်က စစ်ရေးဥပဒေကို ကျူးလွန်မယ်ဆိုရင် လုံးဝကို သက်ညှာနေမှာမဟုတ်ဘူး… ကဲ… ဒီတော့ အကုန်လုံး တိုက်ခိုက်ကြပေတော့…”

(စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သား ငါးထောင်…) ထိုအရေအတွက်မှာ လူတိုင်းအား ထိတ်လန့်သွားစေခဲ့လေသည်။

All Chapters