အခန်း ၃၄၁၀
Vol. 150 Ch. 3410
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၁၀)
ဘာသာပြန်သူ_တိမ်တိုက်
ကျားဟိန်းသံမြို့ထဲရှိ မြို့သူမြို့သားအရေအတွက်မှာ သုံးသိန်းဝန်းကျင်ခန့် ရှိပါသော်ငြား တကယ်တမ်းတိုက်ခိုက်နိုင်သည့်လူအရေအတွက်မှာ ငါးသောင်းလောက်သာ ရှိပေသည်။ ထိုပမာဏသည် အခြားနယ်မြေကြီးသုံးခုမှလာသော စစ်ကူများကိုပါ ထည့်ပေါင်းထားခြင်းလည်း ဖြစ်လေ၏။ ယခု ငါးသောင်းအနက် ငါးထောင်မှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများ ဖြစ်သွားခဲ့လေပြီ။
(ဒီလိုအကြံမျိုး စဉ်းစားတတ်တဲ့ဘယ်သူမဆို အကုန်အရူးပဲ…)
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများ၏ တာဝန်မှာ အတွင်းရေးအခြေအနေကို စောင့်ကြည့်ရန်သက်သက်သာဖြစ်ပြီး ပြင်ပရေးရာကိစ္စများတွင် ပါဝင်လေ့မရှိပေ။ ထို့အပြင် စစ်ပွဲအတွင်း စစ်တပ်၏အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်သည့်အတွက်ကြောင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများမှာ အားနည်းနေ၍မဖြစ်။ အားအကောင်းဆုံးလူများထဲမှသာ ဖြစ်နေရပေလိမ့်မည်။ တစ်နည်းဆိုရသော် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သား ငါးထောင်လုံးသည် လက်ရွေးစင်များ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးစစ်တပ်နှင့် ရင်ဆိုင်မည့် ကျားဟိန်းသံမြို့၏ခွန်အားမှာ တစ်ဆယ်ရာခိုင်နှုန်းသာလျှင်မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားပြီဟု ပြော၍ရပေသည်။ ထို့အပြင် ထိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့သားများအနက် ဧကရာဇ်အဆင့်ပညာရှင်ဖြစ်သော ချီကွေ့လည်း ရှိနေသေး၏။
ထိုအချက်ကိုစဉ်းစားမိလိုက်သော် လူတိုင်းသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲတော့သည်။
သို့ပါသော်ငြား နတ်ဆိုးစစ်တပ်မှာ ကျူးကျော်လာနေပြီ ဖြစ်သည့်အတွက်ကြောင့် လက်ရှိအခိုက်အတန့်တွင် သူတို့အနေဖြင့် ထိုကိစ္စအပေါ် သေသေချာချာ အာရုံမစိုက်နိုင်ခဲ့ပေ။
လေခွင်းသံများနှင့်အတူ အနက်ရောင်အလင်းတန်းများသည် နတ်ဆိုးစစ်တပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့ပြီး ကျားဟိန်းသံမြို့အား ကာကွယ်ပေးထားသော အကာအကွယ်အစီအရင်အား လာရောက်ထိမှန်လေရာ အစီအရင်မျက်နှာပြင်ထက် လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အစီအရင်ကို စီမံထိန်းချုပ်နေကြသော တာအိုသခင်အဆင့် ကျင့်ကြံသူများမှာလည်း သက်ဆိုင်ရာအစီအရင်တံဆိပ်ပြားများကို ထုတ်၍ မြို့အား ကာကွယ်ပေးထားသော အစီအရင်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေကြလေ၏။
ထိုအခိုက်အတန့်ဝယ် ကျားဟိန်းသံမြို့ထဲရှိ စစ်ပွဲမှာ တရားဝင်စတင်ခဲ့လေပြီ။
လင်းတုန်သည် လက်ကိုမြှောက်၍ အော်ပြောလိုက်လေ၏။ “တိုက်ခိုက်ကြ…”
မြို့နံရံထက်တွင် ရှိနေကြသော ကျင့်ကြံသူများသည် သက်ဆိုင်ရာမှော်ရတနာများ သိုင်းပညာရပ်များ အသီးသီးကို ထုတ်သုံး၍ အဝေးပစ်တိုက်ကွက်များဖြင့် တိုက်ခိုက်လိုက်ကြလေသည်။ ထို့နောက်တွင် ရောင်စုံအလင်းတန်းများသည် ကျားဟိန်းသံမြို့အား ကာကွယ်ပေးထားသော အစီအရင်အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးစစ်တပ်ဆီသို့ မိုးသီးမိုးပေါက်များပမာ ကြွေဆင်းကျသွားလေ၏။ ကျင့်ကြံသူများအနေဖြင့် ၎င်းတို့၏တိုက်ခိုက်မှုများကို ချိန်ရွယ်နေစရာမလိုပေ။ နတ်ဆိုးစစ်တပ်အရွယ်အစားမှာ အလွန်ကိုမှ ကြီးမားလွန်းလှသည့်အတွက်ကြောင့် ဤအတိုင်း သာမန်ကာလျှံကာ ပစ်လိုက်မည်ဆိုလျှင်ပင် ကြုံရာနတ်ဆိုးတစ်ကောင်ကို သွားရောက်ထိမှန်ပေလိမ့်မည်။
နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြပါသော်ငြား သေဆုံးသွားသောနတ်ဆိုးများနေရာတွင် အခြားသောနတ်ဆိုးများက အစားထိုးဝင်ရောက်လာခဲ့သည်။ ၎င်းတို့၏ကလန်သားများ သေဆုံးသွားသည့်အတွက်ကြောင့် နတ်ဆိုးများမှာ အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိသည့်အပြင် ပို၍ပင် သွေးဆာလာခဲ့လေသည်။ နတ်ဆိုးတိုင်းသည် သေရမည်ကို ကြောက်ရွံ့သည့်လူများ မဟုတ်ကြ။
တဖြည်းဖြည်းနှင့် မြို့နံရံ၏အောက်ဘက်တွင် အလောင်းများ တောင်နှယ် ပုံထပ်လာခဲ့သည်။
နှစ်ဖက်စလုံးမှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေကြလေသည်။ သို့ပါသော်ငြား ကျားဟိန်းသံမြို့အား အစီအရင်မှ ကာကွယ်ပေးထားသလို အစီအရင်မှာလည်း ပျက်စီးခြင်းမရှိသည့်အတွက်ကြောင့် ကျားဟိန်းသံမြို့ဘက်၌ အကျအဆုံးမရှိသေး။ သို့ပါသော်ငြား နတ်ဆိုးစစ်တပ်ဘက်တွင်မူ အကျအဆုံးများစွာ ရှိလာခဲ့လေသည်။
ဤသည်မှာ အစကောင်းနေပြီဟု ပြော၍ရပေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများ စိတ်ဓာတ်တက်ကြွသွားကုန်ကြပြီး အားတက်သရောဖြင့် တိုက်ခိုက်ကြတော့လေသည်။ ထိုသို့ဖြင့် ပိုပို၍များပြားလှသော နတ်ဆိုးများ စတင်၍ သေကြေကုန်ကြလေ၏။
အသက်သုံးဆယ်ရှိုက်စာပင် မရှိတတ်သေးပါသော်ငြား ထောင်နှင့်ချီသောနတ်ဆိုးများ သေဆုံးပြီးနေလေပြီ။
မရေမတွက်နိုင်သော တိုက်ခိုက်မှုများမှာ အစီအရင်အား လာရောက်ထိမှန်နေသည့်အတွက်ကြောင့် အစီအရင်၏မျက်နှာပြင်မှာ တဖြည်းဖြည်းနှင့် မှိန်သထက် မှိန်လာခဲ့ပြီး အချို့သောနေရာများတွင် အက်ကွဲတော့မည့် အရိပ်အယောင်များပင် ပြသလာခဲ့သည်။ ကျားဟိန်းသံမြို့၏အစီအရင်မှာ မဆိုးလှပါသော်ငြား နတ်ဆိုးစစ်တပ်အရွယ်အစားမှာ အလွန်ကိုမှ ကြီးမားလွန်းလှပေသည်။ ထို့အတွက်ကြောင့် စုပေါင်းတိုက်ခိုက်မှုများမှာလည်း အလွန်တရာကိုမှ အားကောင်းလှသည်ဟု ပြော၍ရပေသည်။ အစီအရင်သည်သာ ပျက်စီးသွားခဲ့မည်ဆိုလျှင် ကျားဟိန်းသံမြို့၏ အကြီးမားဆုံးသော အထောက်အပံ့မှာ ကုန်ဆုံးသွားပြီဟု ပြော၍ရသည်။ ထိုသို့သာဖြစ်သွားခဲ့မည်ဆိုလျှင်တော့ မြို့ထဲ၌ရှိနေသော ကျင့်ကြံသူများအနေဖြင့် တစ်ဖက်နတ်ဆိုးများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြလိမ့်မည်မဟုတ်ပေ။
လင်းတုန်လည်း ထိုအချက်ကိုသိပေသည်။ သို့ပါသော်ငြား ရွေးစရာမရှိတော့သည့်အတွက်ကြောင့် ရနိုင်သမျှနည်းလမ်းကိုသုံး၍ နတ်ဆိုးများ၏အရေအတွက်ကို လျော့နိုင်သမျှ လျော့ကျအောင်သာ ကြိုးစားနေရလေသည်။
ထိုအခိုက်အတန့်ဝယ် ဧရာမနတ်ဆိုးတစ်ကောင်သည် ပိန်းပိန်းပိတ်နက်မှောင်သာ အနက်ရောင်တူကြီးတစ်လက်ကိုကိုင်ရင်း ခုန်ဝင်လာခဲ့လေသည်။ တူ၏အရွယ်အစားမှာ တံခါးပေါက်တစ်ချပ်စာမျှရှိပြီး တူတစ်ဝိုက်တွင် နတ်ဆိုးချီများ ရစ်သိုင်းနေခဲ့လေသည်။ ထို့နောက် ထိုတူကြီးဖြင့် အစီအရင်အား အားပါးတရ ထုချလိုက်လေ၏။ တူ၏ ထုရိုက်ခြင်း ခံလိုက်ရသည့် အစီအရင်မျက်နှာပြင်ထက်တွင် အက်ရာများ စတင်ထွက်ပေါ်လာတော့လေသည်။ ထိုအက်ရာများမှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ ပင့်ကူအိမ်ပမာ ပြန့်နှံ့ကုန်ကြလေသည်။
ထိုနတ်ဆိုးမှာမူ ပြန်ကန်အားကြောင့် နောက်သို့ လွင့်စင်ထွက်သွားခဲ့သည်။ သို့ပါသော်ငြား အနည်းငယ်မျှပင် တုံ့ဆိုင်းသွားခဲ့ခြင်းမရှိဘဲ မာန်သွင်းအော်ဟစ်၍ ၎င်း၏တူကြီးကိုမြှောက်ကာ နောက်တစ်ကြိမ် ထပ်ထုရန် ကြိုးစားတော့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း မျက်လုံးပြူးကုန်ကြလေသည်။ ထိုနတ်ဆိုးသည်သာ တူဖြင့် နောက်တစ်ကြိမ် ထပ်ထုပါက ထုခံလိုက်ရမည့်နေရာမှာ လုံးဝကို ပေါက်ထွက်သွားပေလိမ့်မည်။ အပေါက်လေးတစ်ပေါက်သည် မပြောပလောက်သလို ထိုအပေါက်လေးအား ပြန်ဖာထေးရန် သိပ်မကြာလှပါသော်ငြား ယခုကဲ့သို့သောအခြေအနေမျိုးတွင် ထိုအပေါက်လေးတစ်ပေါက်သည် စစ်ပွဲ၏အနိုင်အရှုံးကို အဆုံးဖြတ်ပေးသွားနိုင်ပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် မည်သူမျှပင် အမိန့်ပေးနေစရာမလို။ လူတိုင်းသည် ထိုနတ်ဆိုးအား အမျိုးမျိုးသော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်လိုက်ကြလေ၏။
သို့ပါသော်ငြား ထိုနတ်ဆိုးမှာ တိုးဝင်လာသမျှ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ဘဲ လှောင်ပြုံးပင် ပြုံးနေခဲ့သည်။ ရုတ်တရက်ဆိုသလို နတ်ဆိုး၏ခန္ဓာကိုယ်မှ အရောင်တလက်လက် တောက်ပလာခဲ့ပြီး ကျောက်တုံးအကာအကွယ်များ နတ်ဆိုးခန္ဓာကိုယ်ထက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအကာအကွယ်ကြောင့် ထိုနတ်ဆိုးများမှာ တိုက်ခိုက်မှုများစွာနှင့် ကြုံနေရသည့်တိုင် အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ ထိုနတ်ဆိုးမှာ အခြားမဟုတ်။ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သလို ကျောက်တုံးနတ်ဆိုးတစ်ကောင်လည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ၎င်း၏ခုခံနိုင်စွမ်းမှာ အလွန်ကိုမှမြင့်မားသည်ဟု ပြော၍ရပေသည်။
ထိုအချင်းအရာကိုမြင်သော် လင်းတုန်ရင်ထိတ်သွားတော့သည်။
တူကြီး အောက်သို့ ကျဆင်းလာချိန် မရေမတွက်နိုင်သောလူများမှာ စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်လိုက်ကြလေသည်။
ထိုအခိုက်အတန့်ဝယ် လူတစ်ဦးသည် နတ်ဆိုးဘုရင်ရှေ့၌ ရုတ်တရက်ပေါ်လာခဲ့ပြီး ၎င်း၏လက်ဖြင့် တူကို လှမ်းဖမ်းကိုင်လိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း မာယင် မျက်လုံးပြူးသွားခဲ့သည်။ ကျောက်တုံးနတ်ဆိုး၏တူကို လှမ်းတားလိုက်သည့်လူမှာ ရန်ကိုင်မှလွဲ၍ အခြားမဟုတ်ပေ။ ထို့အတွက်ကြောင့် လှမ်းအော်၍ သတိပေးလိုက်လေ၏။ “သတိထား…”
ထိုနတ်ဆိုးဘုရင်၏တိုက်ခိုက်မှုမှာ အလွန်ကိုမှ အားကောင်းလှပေသည်။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးကို ဧကရာဇ်တတိယအဆင့်ပင်လျှင် လက်ဗလာဖြင့် သွားဖမ်းလိုက်မည်ဆိုပါက စိစိညက်ညက် ကြေသွားရနိုင်ပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လင်းတုန်လည်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးချင်းစီတိုင်းသည် ကျားဟိန်းသံမြို့၏ လုံခြုံရေးကို ကိုယ်စားပြုနေပေသည်။ ထို့အပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်သည့် လူတစ်ဦးလည်း ဖြစ်ပေ၏။ ရန်ကိုင်သည်သာ ဤနေရာ၌ သေသွားခဲ့မည်ဆိုလျှင် ကျားဟိန်းသံမြို့အနေဖြင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအား ဆုံးရှုံးလိုက်ရသလောက် ရိုးရှင်းလိမ့်မည်မဟုတ်ဘဲ လူတိုင်းမှာ ထိုအဖြစ်အပျက်ကြောင့် အလွန်ကိုမှ စိတ်ဓာတ်ကျသွားနိုင်ပေသည်။
“ဘုန်း…”
သို့ပါသော်ငြား အကုန်လုံး၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်အောက်တွင် ရန်ကိုင်မှာ အကောင်းပကတိအတိုင်းသာ ရှိနေခဲ့သည်။ ရန်ကိုင်အား စိစိညက်ညက်ကြေအောင် ထုချေ၍ အကာအကွယ်အစီအရင်အား လာရောက်ထိမှန်သင့်သော တူကြီးမှာလည်း ရှေ့သို့ တစ်စက်ကလေးမှပင် ဆက်မတိုးနိုင်တော့ဘဲ ရန်ကိုင်၏လက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခြင်း ခံထားရလေ၏။
(တားလိုက်တာလား… သူတကယ်ကြီး တားလိုက်တာလား…)
လင်းတုန်မှာ သူ့မျက်လုံးသူ မယုံကြည်နိုင် ဖြစ်နေလေသည်။ ဤသည်မှာ လူသားတစ်ဦးမှ ရုပ်ခွန်အားသက်သက်ဖြင့် လုပ်နိုင်သည့်အရာမျိုးမှ ဟုတ်ပါလေသလော။ သို့ပါသော်ငြား မကြာမီ အလျင်စလို အမိန့်ပေးလိုက်လေ၏။ “အစီအရင်ကို မြန်မြန်ပြန်ပြင်ကြ…”
ရန်ကိုင် မည်မျှ တောင့်ခံထားနိုင်မလဲဆိုသည်ကို သူမသိပေ။ အန္တရာယ်ရှိမှန်းသိသည့်တိုင် ရန်ကိုင်သည် အစီအရင်အပြင်ဘက်သို့ ထွက်၍ ထိုတိုက်ခိုက်မှုကို သူ့ခွန်အားဖြင့် တားဆီးခဲ့သည့်အတွက်ကြောင့် ကျားဟိန်းသံမြို့အနေဖြင့် တစ်ခဏမျှ အသက်ရှုချောင်သွားခဲ့ရပြီး အစီအရင်အား ပြန်ပြင်ဖို့ရာ အချိန်ရသွားခဲ့သည်။
အစီအရင်အား စီမံကိုင်တွယ်နေသော ကျင့်ကြံသူများသည်လည်း ထိုအခါမှသာ အသိပြန်ဝင်လာခဲ့ပြီး အလျင်စလို လှုပ်ရှားကြတော့လေသည်။
“ဟမ်…” ရန်ကိုင်နှင့် ဆန့်ကျင်ဘက်တွင်ရှိနေသော ကျောက်တုံးနတ်ဆိုးမှာတော့ ရန်ကိုင်အား မျက်ခုံးပင့်ကာ ကြည့်နေလေသည်။ ဤအားနည်းလှသည့်လူသားသည် သူ၏တူချက်ကို လက်ဗလာဖြင့် ခုခံထားသည့်တိုင် အနည်းငယ်မျှပင် ဒဏ်ရာမရဘဲ နေလိမ့်မည်ဟု လုံးဝ မထင်ထားသည့်အတွက်ကြောင့်ပင်။
ထိုမြင်ကွင်းကိုကြည့်ရင်း အနီးအနားတစ်နေရာ၌ ရှိနေသော နတ်ဆိုးဘုရင်က အော်ရယ်မောရင်းမှ လှောင်ပြောင်လိုက်လေ၏။ “ကျရှာ… မင်းက တကယ်ကို အမှိုက်ကောင်ပဲကွ… ဟိုကဝေနတ်ဆိုးတွေနဲ့ တစ်ညလုံးပျော်ပါးပြီးတော့ မင်းတစ်ကိုယ်လုံး အားမရှိဖြစ်နေတာလား… ဟမ်… လူသားတစ်ယောက်ကတောင် မင်းရဲ့တူကို တားထားနိုင်ရတယ်လို့ကွာ…”
ထိုလှောင်ပြောင်သံကိုကြားသော် နတ်ဆိုးဘုရင်ကျရှာမှာ ရှက်ရှက်ဖြင့်ဒေါသထွက်သွားခဲ့ပြီး ပြန်အော်ပြောလေ၏။ “အပိုတွေလာပြောမနေနဲ့… ငါကပဲ အဲ့မိန်းမပျက်မတွေကို မလှုပ်နိုင်အောင် လုပ်ခဲ့တာကွ… ဘယ်ကသာ ငါအားကုန်နေရမှာလဲ…”
အစောပိုင်းကပြောလိုက်သည့် နတ်ဆိုးဘုရင်က ပြန်မေးလိုက်လေသည်။ “အဲ့ဒါဆို အခု ဘာဖြစ်ရတာလဲ…”
ကျရှာသည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်နေရင်းမှ ပြန်ပြောလိုက်၏။ “ဒီကောင်လေးက မရိုးရှင်းဘူးကွ… တော်တော်ကို အားကောင်းတဲ့ကောင်…”
အစောပိုင်းက စကားပြောခဲ့သော နတ်ဆိုးဘုရင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “မြန်မြန် အဲ့ကောင်ကို သတ်ပစ်လိုက်တော့ကွာ… အချိန်တွေဆွဲမနေတော့နဲ့… ဟိုမှာ အစီအရင်ကို ပြန်ပြင်နေပြီ…”
ကျရှာက ပြန်ပြောလိုက်၏။ “မင်း ငါ့ကို လာပြောမနေစရာမလိုဘူး…”
ရန်ကိုင်ကမူ ပြုံးဖြီးရင်းမှ နတ်ဆိုးနှစ်ကောင် နှစ်ဦးသားပြောနေသော စကားဝိုင်းထဲ ဝင်ပြောလိုက်လေသည်။ “ခင်ဗျားတို့မှာ စကားပြောဖို့အချိန်ရှိသေးလား… အဲ့ဒါဆို ကျုပ်ကိုလည်း ပြောခွင့်ပေးဦးလေ… ရှင်းရှင်းပြောရရင် ခင်ဗျားတို့ပြောတဲ့ကဝေနတ်ဆိုးတွေကို ကျုပ် တော်တော်လေး စိတ်ဝင်စားတာ… အခု အခွင့်အရေးရတုန်းလေး အဲ့အကြောင်းကို ထိုင်ပြီး ဆွေးနွေးကြမလား…”
ကျရှာက အော်ရယ်မောရင်းမှ “မင်းရဲ့ မဖြစ်စလောက်ခန္ဓာကိုယ်လေးနဲ့ အဲ့ကဝေနတ်ဆိုးတွေနဲ့ သွားပျော်ချင်တယ်ပေါ့ ဟုတ်လား… ဟျောင့် မင်း နောက်တစ်နေ့နေထွက်ရင် အရိုးတောင်ကျန်မှာမဟုတ်ဘူးကွ…”
ရန်ကိုင်က ပုခုံးတွန့်ရင်းမှ ပြန်ပြောလိုက်သည်။ “အခုလိုစိတ်ပူပေးလို့ ကျေးဇူးပါပဲ… ဒါပေမယ့် ကျုပ် အဆင်ပြေမယ်လို့ ထင်တာပဲ…”
ကျရှာက လှောင်ပြုံးပြုံးလိုက်လေသည်။ “ဆိုးတာပဲ… မင်းမှာ အဲ့လိုအခွင့်အရေးမျိုး မရှိတော့ဘူး…” ပြောပြီးသည့်နောက် သူ့တူကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သည်။ သို့ပါသော်ငြား ချက်ချင်းဆိုသလို သူ့အမူအယာ ပြောင်းလဲသွားတော့၏။ အကြောင်းမှာ သူ့ဘက်မှ မည်မျှအားသုံး၍ တူကို ဆွဲယူနေစေကာမူ တူမှာ ဤလူသား၏လက်ထဲမှ တစ်ချက်ကလေးမျှပင် ပြုတ်ထွက်မလာသည့်အတွက်ကြောင့်ပင်။
နောက်ဆုံးတွင် ကျရှာမှာ တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်ပမာ ဖြစ်သွားတော့လေသည်။
သူသည် ကျောက်တုံးနတ်ဆိုးဖြစ်ပေသည်။ သူ့ခွန်အားမှာ မွေးရာပါ အားကောင်းပြီးသားဖြစ်သော ခွန်အားနတ်ဆိုးများထက် အနည်းငယ်မျှ နိမ့်ကျနေလိမ့်မည်ဖြစ်ပါသော်ငြား ရုပ်ခွန်အားသက်သက်ခြင်း ယှဉ်မည်ဆိုလျှင်တော့ ထိုမျှကွာခြားချက်မရှိတော့ပေ။
(ဒီကောင့်လက်ထဲကနေ ငါ့မှော်ရတနာကို ပြန်လုယူလို့မရပါလား… ဘာလဲဟ… ဒီကောင် လူရောဟုတ်သေးရဲ့လား… ဒီကောင် ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် အားကောင်းနေရတာလဲ…)
“ဒီတူက မဆိုးဘူးပဲ…” ရန်ကိုင်မှ သူ့အား ရုတ်တရက် ပြုံးပြလာခဲ့ရာ ရန်ကိုင့်အပြုံးကိုမြင်ပြီးသည့်နောက် ကျရှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ သို့ပါသော်ငြား သူမတုံ့ပြန်နိုင်သေးခင်မှာပင် သူ့လက်မှာ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် ကြည့်ကြည့်လိုက်ရာ သူ့တူကို တစ်ဖက်လူသားမှ လုယူသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။
ရန်ကိုင်သည် တူကို မြှောက်ကြည့်လိုက်ရင်းမှ ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်လေ၏။ “မဆိုးဘူး မဆိုးဘူး…”
လေခွင်းသံနှင့်အတူ ရန်ကိုင်မှာ တူအား နတ်ဆိုးဘုရင်ဆီသို့ ပြန်၍ ပစ်လွှတ်လိုက်လေ၏။
ကျရှာ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ပြန်ဆုတ်ရန် ကြိုးစားလိုက်လေ၏။ သို့ပါသော်ငြား သူလှုပ်ခါနီးမှာပင် ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် ရုတ်တရက်ဆိုသလို အလွန်ကိုမှ မာကျောကျစ်လျစ်လာခဲ့လေရာ ကျရှာကိုယ်တိုင်မှာလည်း နွံအိုင်တစ်ခုထဲသို့ ကျသွားသည့်ပမာ လှုပ်ရှားရခက်သွားတော့သည်။ ထို့နောက်တွင် တူတစ်ခုလုံး သူ့ကိုယ်ထဲသို့ ကျွံဝင်သွားခဲ့ပြီး သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့လေ၏။
ကသောင်းကနင်းဖြစ်ကာ ဆူညံယောက်ယက်ခတ်နေသော စစ်မြေပြင်မှာလည်း ရုတ်တရက်ဆိုသလို ယာယီမျှ တိတ်ကျသွားခဲ့လေသည်။
ချက်ချင်းဆိုသလို အကြည့်ပေါင်းများစွာသည် ရန်ကိုင်ဆီသို့ စုပြုံရောက်ရှိလာကြလေသည်။ အထူးသဖြင့် နတ်ဆိုးမျိုးနွယ်စုများမှ ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်နေကြလေသည်။ အစောပိုင်းက ကျရှာအား လှောင်ပြောင်နေခဲ့သော နတ်ဆိုးဘုရင်သည်လည်း မျက်လုံးကျွတ်ထွက်လုမတတ်အမူအယာဖြင့် ရန်ကိုင်အား ကြောင်ကြည့်နေလေသည်။
ထိုအခိုက်အတန့်ဝယ် အသားစအသားနများ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။ ကျောက်တုံးနတ်ဆိုးကျရှာမှာတော့ သူ့တူကြောင့်ပင်လျှင် တစ်စစီပေါက်ကွဲထွက်ပြီး သေဆုံးသွားခဲ့ရသည်။ နတ်ဆိုးမျိုးနွယ်စုမှာ အလွန်ကိုမှ အသက်ပြင်းလှပါသော်ငြား ဤကဲ့သို့ တိုက်ခိုက်ခံလိုက်ရပြီးသည့်နောက်တွင် ကျရှာအနေဖြင့် အသက်မရှင်လောက်တော့ပေ။
“နောက်တစ်ယောက်…” ရန်ကိုင်သည် ကျရှာ၏တူကို ကိုင်ရင်းမှ လေထဲတွင် အေးအေးဆေးဆေးဝဲနေလျက် ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်လေသည်။ လက်ရှိ ရန်ကိုင်နောက်ဘက်ရှိ အစီအရင်ပေါ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေပါသော်ငြား ရန်ကိုင်မှာတော့ အကုန်လုံးကို တစ်ကိုယ်တည်းရင်ဆိုင်နိုင်သည့် ဧရာမဘီလူးကြီးတစ်ကောင်ပမာ ထိုအပေါက်ဝရှေ့၌ မားမားမတ်မတ် ရပ်တည်နေခဲ့လေသည်။
ချက်ချင်းဆိုသလို မြို့တွင်းဆီမှ အော်ဟစ်သံများ ဝါးလုံးကွဲ ထွက်ပေါ်လာခဲ့သည်။ လင်းတုန်မှာလည်း ယခုမှသာလျှင် စိတ်သက်သာရာ ရနိုင်တော့လေသည်။ မာယင်၏မျက်လုံးလေးများမှာတော့ ထူးဆန်းသည့်အရောင်တို့ဖြင့် တလက်လက် တောက်ပနေလေ၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ယုရုမန်သည် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် မာယင် ရန်ကိုင်အား မကြည့်နိုင်စေရန်အတွက် သူမရှေ့တွင် သွားပိတ်ရပ်နေလိုက်လေသည်။
“သူ့ကိုသတ်…” ထိုစဉ် ဒေါသတကြီးအော်သံတစ်သံ ဟိန်းထွက်လာခဲ့ပြီးသည့်နောက် နတ်ဆိုးမျိုးနွယ်စုဝင်များသည် ကိုယ့်အသက်ကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြလေသည်။ ကျရှာသေသွားသည့်ကိစ္စသည် နတ်ဆိုးများအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါသော်ငြား နတ်ဆိုးများအား ကြောက်ရွံ့သွားစေခဲ့ခြင်းတော့ မရှိပေ။ နတ်ဆိုးဘုရင်၏အမိန့်အောက်တွင် မည်သည့်နတ်ဆိုးမဆို ရန်ကိုင်ဆီသို့ ပြေးဝင်လာကြလေ၏။
ချက်ချင်းဆိုသလို ရန်ကိုင်ဘေးပတ်ဝန်းကျင်တစ်ခုလုံး နတ်ဆိုးများဖြင့် ပြည့်နှက်သွားတော့သည်။
“ဘုန်း… ဘုန်း… ဘုန်း…”
တဘုန်းဘုန်းပေါက်ကွဲသံများနှင့်အတူ ရန်ကိုင်ဆီသို့ပြေးဝင်လာကြသည့် နတ်ဆိုးအားလုံး ပေါက်ကွဲထွက်သွားကုန်ကြလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်ပတ်လည် ဆယ်မီတာဝန်းကျင်အတွင်းတွင် မည်သည့်နတ်ဆိုးမှ မကျန်ရစ်တော့ပေ။
ရန်ကိုင်တစ်ကိုယ်လုံးမှာမူ နတ်ဆိုးများ၏သွေးများနှင့် ညစ်ပတ်ပေရေနေပြီး သူ့ကိုယ်ပတ်လည်၌လည်း နတ်ဆိုးချီများ ရစ်သိုင်းနေခဲ့လေရာ ရန်ကိုင်ကိုယ်တိုင်မှာ နတ်ဆိုးတစ်ကောင်ဖြင့်ပင် တူနေပေတော့သည်။
အပေါင်းအပါများစွာ အလွယ်တကူသတ်ဖြတ်ခြင်း ခံလိုက်ရသည့်တိုင် နတ်ဆိုးများမှာ သေခြင်းတရားကို မသိသည့်ပမာ ရန်ကိုင်ဆီသို့ ဆက်လက်တိုးဝင်နေကြဆဲ။ တိုက်ပွဲဖြစ်နေသည့်နေရာကြီးမှာလည်း အသားကြိတ်စက်တစ်ခုအသွင်သို့ ပြောင်းသွားသည့်ပမာ တိုးဝင်လာနေသည့် နတ်ဆိုးအားလုံးကို စိစိညက်ညက် ချေပစ်နေတော့သည်။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှာ စစ်ဗိုလ်ချေတစ်သောင်းကို တစ်ကိုယ်တည်းရင်ဆိုင်နိုင်သော စစ်သူရဲတစ်ဦး ပြန်လည်ဝင်စားသည့်ပမာ တိုးဝင်လာနေသည့် နတ်ဆိုးစစ်တပ်အားလုံးကို တစ်ကိုယ်တည်း ခုခံထားနေခဲ့လေသည်။