← Chapters

အခန်း ၃၄၁၁

Vol. 150 Ch. 3411

အခန်း ၃၄၁၁

Vol. 150 Ch. 3411

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၁)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် အကာအကွယ်အစီအရင် အပြင်ဘက်တွင် ရပ်ရင်းမှ မုန်တိုင်းပမာ တိုးဝင်လာနေသော နတ်ဆိုးစစ်တပ်ကြီးအား သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးပမာ သတ်ဖြတ်နေခဲ့လေသည်။ ရန်ကိုင်မှာ တစ်ဦးတည်း ဖြစ်ပါသော်ငြား သူထုတ်ပြသွားသည့် ခွန်အားသည် ရန်သူများ ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။

မြို့နံရံပေါ်တွင်မူ ကျားဟိန်းသံမြို့၏ ကျင့်ကြံသူများမှာ အကာအကွယ်အစီအရင်အား ပြန်ပြင်ရင်း အလုပ်ရှုပ်နေကြရာ မကြာမီမှာပင် အစီအရင်အား ပြန်ပြင်လို့ ပြီးသွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သော် လင်းတုံက အော်ပြောလိုက်၏။ "နန်းတော်သခင်ရန် ပြန်ဝင်လာလို့ရပြီ"

ရန်ကိုင်ကမူ ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ "ကျုပ် ပြန်လာလို့ ရတော့မှာ မဟုတ်ဘူး"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ပုံရိပ်သည် ရုတ်တရက်ဆိုသလို အခြားတစ်နေရာသို့ ရောက်ရှိသွားခဲ့သည်။ သူရောက်ရှိသွားသည့် နေရာ၏ အကာအကွယ်အစီအရင်ပေါ်တွင် အက်ရာများ ရှိနေကြလေသည်။ ရန်ကိုင်၏ အလျင်အမြန် တုံ့ပြန်မှုကြောင့် ရန်ကိုင်မှာ ထိုအက်ရာအား အလျင်အမြန် သွားဖုံးနိုင်ခဲ့လေ၏။ ထိုသို့သာ မဟုတ်ပါက တဟုန်ထိုး တိုးဝင်လာနေသော နတ်ဆိုးစစ်တပ်ကြီးမှာ မြို့ထဲသို့ ဝင်ရောက်နေနှင့်လောက်ပေပြီ။

ယခင်တစ်ကြိမ်ကဲ့သို့သော အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာခဲ့သည်။ နတ်ဆိုးစစ်တပ်ကြီးမှာ အက်ရာ ရှိရာဆီသို့ အရူးအမူး တိုးဝင်လာပါသော်ငြား ရန်ကိုင်၏ တားဆီးခြင်း ခံခဲ့ရလေသည်။ ရှေ့ဆက်တိုး၍ မရတော့သည့်အဆုံး မရေမတွက်နိုင်သော နတ်ဆိုးများ၏ အလောင်းများသာ တောင်နှယ် ပုံထပ်လာခဲ့ရ၏။

ရန်ကိုင်၏ အနောက်ဘက်တွင်မူ ကျင့်ကြံသူ အချို့မှာ အကာအကွယ်အစီအရင်အား ပြန်ပြင်ရင်း အလုပ်ရှုပ်နေကြသည်။

အော်ဟစ်ကြွေးကြော်သံတို့မှာ စစ်မြေပြင်အနှံ့ ပျံ့နှံ့နေခဲ့သည်။ နတ်ဆိုးများ၏ ရက်စက်ကြမ်းကြုတ်မှုသည် ယနေ့တွင် မျက်ဝါးထင်ထင် ထွက်ပေါ်နေခဲ့လေပြီ။ စစ်ပွဲစသည်မှာ တစ်ဆယ့်ငါးမိနစ်ခန့်လောက်သာ ရှိပါသေးသော်ငြား ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင်မှာ နှစ်ကြိမ်တိုင်တိုင် ပျက်စီးခါနီး ဖြစ်ခဲ့ရသည်။

သို့ပါသော်ငြား ဤလောကကြီးထဲ ရန်ကိုင်ကဲ့သို့သော လူမျိုး မည်မျှ များများ ရှိပါမည်နည်း။ မြို့ထဲ၌ ဧကရာဇ်အဆင့်ပညာရှင် ဆယ်ဦးကျော် ရှိပါသော်ငြား မည်သည့် ဧကရာဇ်အဆင့်ပညာရှင်မျှ ရန်ကိုင်ကဲ့သို့ အစီအရင် အပြင်ဘက်သို့ ပြေးထွက်ကာ နတ်ဆိုးစစ်တပ်ကြီး တစ်ခုလုံးအား တစ်ကိုယ်တည်း မရင်ဆိုင်ရဲပေ။ လင်းတုံမှာတော့ နတ်ဆိုးများအား တိုက်ခိုက်နေရင်းမှ တိုးဝင်လာနေသည့် နတ်ဆိုးများကို စိုးရိမ်တကြီး အမူအရာဖြင့် ကြည့်နေခဲ့လေသည်။ ကျားဟိန်းသံမြို့၏ မြို့သခင် ဖြစ်သည့်အလျောက် သူ့ဘက်ခြမ်း၏ အားနည်းချက်ကို သိသိသာသာ သတိထားမိပေသည်။ နတ်ဆိုးစစ်တပ်သည်သာ နည်းလမ်းပြောင်း၍ ဘက်ပေါင်းစုံမှ တိုက်ခိုက်လာနေမည်ဆိုပါက ကျားဟိန်းသံမြို့ တောင့်ခံနိုင်မလား မတောင့်ခံနိုင်မလားဆိုသည်မှာ မေးစရာ ဖြစ်သွားခဲ့လေပြီ။

လင်းတုံ ထိတ်လန့်နေသည့် အရာမှာ မကြာမီ အမှန်တကယ်ကို ဖြစ်လာတော့သည်။ အစဦးအကြိမ် ကြိုးစားမှု မအောင်မြင်သည့်နောက် အထူးသဖြင့် ရန်ကိုင် ရှိနေသည့် ဘက်ခြမ်းအား မည်သည့်နည်းနှင့်မျှ ထိုးဖောက်၍ မရကြောင်း သိလိုက်ရပြီးသည့်နောက်တွင် နတ်ဆိုးစစ်တပ်မှာ ရုတ်တရက် လူခွဲကာ ကျားဟိန်းသံမြို့အား ဘက်ပေါင်းစုံမှ တိုက်ခိုက်လာကြတော့လေသည်။

ထိုအချင်းအရာကို မြင်သော် လင်းတုံ ရင်တဒုန်းဒုန်း ခုန်သွားတော့သည်။ နတ်ဆိုးစစ်တပ်သည်သာ အရပ်မျက်နှာ တစ်ခုတည်းကိုသာ အာရုံစိုက်၍ တိုက်ခိုက်နေမည်ဆိုပါက ရန်ကိုင် ရှိနေသည့်အတွက်ကြောင့် ကျားဟိန်းသံမြို့မှာ တစ်ဖက်၏ ထိုးစစ်ကို ခုခံဖို့ရာ မျှော်လင့်ချက် ရှိပေသေးသည်။ ရန်ကိုင်မှ ရှေ့မျက်နှာစာတွင် ရပ်၍ တိုးဝင်လာသမျှ နတ်ဆိုး အားလုံးကို ရှင်းပစ်နေလေရာ အစီအရင်အား ထိုးဖောက်ဖို့ရာ မဖြစ်နိုင်ပေ။

သို့ပါသော်ငြား နတ်ဆိုးစစ်တပ်မှ လူခွဲလိုက်သည့်အတွက်ကြောင့် အကာအကွယ်အစီအရင်သည်သာ နေရာများစွာ၌ ပေါက်သွားခဲ့မည်ဆိုလျှင် ထိုပေါက်ရာ အားလုံးကို ဖာထေးဖို့ရာ ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ပေ။

နတ်ဆိုးများမှာ အရူး မဟုတ်ကြောင်း သိသာလှပေသည်။ လင်းတုံ မြင်နေသည့် အရာကို သူတို့လည်း သတိထားမိသွားခဲ့ပြီး ထိုအစီအစဉ်ကို ချက်ချင်းဆိုသလို အကောင်အထည်ဖော်လေ၏။

တစ်ခဏအကြာ၌ နတ်ဆိုးစစ်တပ်သည် အခြားသော နေရာတစ်ခုရှိ အစီအရင်ကို ထပ်မံ၍ ထိုးဖောက်လေသည်။ ရန်ကိုင်လည်း ထိုအရပ်ဆီသို့ ချက်ချင်း အပြေးသွား၍ ကျူးကျော်လာနေသည့် နတ်ဆိုးများကို တားဆီးလေ၏။ သို့ပါသော်ငြား ချက်ချင်းဆိုသလို မလှမ်းမကမ်းဆီမှ တုန်လှုပ်ချောက်ချားဖွယ် အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသည်။ အသံကြားသဖြင့် လှမ်းကြည့်လိုက်ရာ အစီအရင်မျက်နှာပြင်ထက် အက်ရာ တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေ၏။ လက်ရှိအခိုက်အတန့်တွင် ရူးသွပ်နေသော နတ်ဆိုးများမှာ ထိုအက်ရာဆီသို့ အမောတကော ပြေးလာနေကြလေသည်။

ရန်ကိုင်လည်း သက်ပြင်းချ၍ သူ့လက်ကို ဝှေ့ယမ်းကာ ကျောက်တုံးကိုယ်ပွားကို ဆင့်ခေါ်လိုက်ရတော့သည်။ ကျောက်တုံးကိုယ်ပွားအား သူကာကွယ်နေသည့် နေရာကို ကာကွယ်ခိုင်းလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ထိုအရပ်ဆီသို့ အလျင်စလို ပြေးသွားလေ၏။

ကျောက်တုံးကိုယ်ပွား ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးများအား အရူးအမူး စတင်သတ်ဖြတ်တော့သည်။ မီတာပေါင်းများစွာ ကြီးမားလှသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကို ပေးစွမ်းနေလေသည်။ အထူးသဖြင့် ၎င်း၏ ခန္ဓာကိုယ်အထက်တွင် ရှိနေသော ဆူးချွန်များနှင့် ကြောက်မက်ဖွယ်ကောင်းလှသော မီးတောက်များသည်ပင်။

နတ်ဆိုးတိုက်ပွဲတူကို ဝှေ့ယမ်းရင်းမှ ကျောက်တုံးကိုယ်ပွားမှာ အရူးအမူး သတ်ဖြတ်နေခဲ့ရာ ကျောက်တုံးကိုယ်ပွား ပတ်ပတ်လည်ဝန်းကျင်သည် သေခြင်းဇုန် ဖြစ်လာခဲ့လေသည်။ နတ်ဆိုးတူ တစ်ချက် ဝှေ့ယမ်းသွားတိုင်း ဝှေ့ယမ်းသွားတိုင်း သွေးစများ လေပေါ်သို့ ပန်းထွက်လာခဲ့လေ၏။ ထိုမျှသာ မဟုတ်သေး။ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် နတ်ဆိုးချီများမှာ ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူဝါးမျိုခြင်း ခံရတော့လေ၏။

ထိုအသစ်ရောက်လာသည့် ကျောက်တုံးကိုယ်ပွားကို ကြည့်ရင်း နတ်ဆိုးမျိုးနွယ်စုဝင်များ ကြောင်နေကြလေသည်။ ဤကျောက်တုံးလူသားကြီးသည် အစောပိုင်းက သူတို့၏ လမ်းကို ပိတ်၍ ကာကွယ်နေခဲ့သော လူသားထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေပေသေးသည်။ ဤကျောက်တုံးလူသားကြီး မည်ကဲ့သို့ ပေါ်လာသလဲ မည်သည့်နေရာမှ လာသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ကျောက်တုံးကိုယ်ပွား အကာအကွယ်အစီအရင်ဘက်ခြမ်းကို ထိုးဖောက်ဖို့ရာတော့ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။

ထိုနှစ်ဦးမှ ဟာပေါက်များကို လိုက်လံ ကာကွယ်ပေးနေသည့်အတွက်ကြောင့် နတ်ဆိုးမျိုးနွယ်စုဝင်များမှာ အကာအကွယ်အစီအရင်ထဲသို့ ထိုးဖောက်နိုင်ခဲ့ခြင်း မရှိဘဲ အကျအဆုံး ထောင်ပေါင်းများစွာနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ သို့ပင်ဖြစ်လင့်ကစား တစ်ချက်ကလေးမျှပင် နောက်တွန့်သွားခဲ့ခြင်း မရှိဘဲ ရဲရဲဝံ့ဝံ့နှင့် အရှေ့သို့ ဆက်လက်တိုးဝင်လာနေသေး၏။

သို့ပါသော်ငြား မကြာမီတွင် တတိယဟာကွက်တစ်ခု ပေါ်လာခဲ့ပြီး နတ်ဆိုးစစ်တပ်အဖို့ ထိုးဖောက်နိုင်ဖို့ရာ အခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။

လင်းတုံသည် ထိုအရပ်ဆီသို့ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပြေးသွားလေ၏။ သို့ပါသော်ငြား သူ့အကြောင်းသူ သိသည့်အလျောက် ရန်ကိုင်ကဲ့သို့ အပြင်သို့ ပြေးထွက် မသွားရဲခဲ့ပေ။ သူသည် သာမန် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာလျှင် မဟုတ်ပေလော။ ရန်ကိုင်ကဲ့သို့ဟာ အပြင်သို့ ပြေးထွက်သွားခဲ့မည်ဆိုလျှင် ရန်သူများ၏ အမဲဖျက်ခြင်း ခံရပေလိမ့်မည်။

ထိုအကြောင်းကြောင့် ဉာဏ်ရှိရှိနှင့်ပင် အစီအရင်ထဲ၌ နေကာ တတိယအပေါက်ကို သူ့ခန္ဓာကိုယ်ဖြင့် ပိတ်ကာကွယ်ထားလိုက်သည်။ လင်းတုံမှ မာန်သွင်းအော်ဟစ်လိုက်ရာ သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်ကြီးမှာ ပူဖောင်းတစ်လုံးပမာ ဖောင်းတက်လာခဲ့ပြီး ကြွက်သားများမှာလည်း အစိုင်လိုက် အစိုင်လိုက် ကြီးထွားလာခဲ့သည်။ ခန္ဓာကိုယ် အရွယ်အစားမှာ ယခင်ကထက် ပိုမိုကြီးမားလာခဲ့လေရာ ဝတ်ထားသည့် အဝတ်အစားများ စုတ်ပြဲထွက်ကုန်လေ၏။ တစ်ချိန်တည်း၌ အလွန်တရာကို ပြင်းထန်လှသည့် အရှိန်အဝါတစ်ရပ် သူ့ခန္ဓာကိုယ်မှ စီးထွက်လာခဲ့ပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်၍ သာမန်လူတစ်ဦးထက်ပင် ပို၍ ရှည်လျားလှသော ဓားပြားကြီး တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

ဓားသွားမှ ရောင်ဝါများ တဖျတ်ဖျတ် ဖြာထွက်လာနေခဲ့လေရာ တိုးဝင်လာနေသော နတ်ဆိုးမျိုးနွယ်စုဝင်များမှာ ရောင်ဝါများ၏ ဖြတ်တောက်ခြင်း ခံရပြီး တစ်စစီ ဖြစ်ကုန်လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း သက်ဆိုင်ရာ နေရာအသီးသီးအား စောင့်ကြည့်နေကြသော မာယင်နှင့် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များ၏ အမူအရာ လေးနက် တည်ကြည်သွားကုန်ကြလေသည်။ လင်းတုံနှင့် အနီးအနားတွင် ရှိနေကြသော လူများသည် ဧကရာဇ်ချီကို အရူးအမူး လှည့်ပတ်ရင်း တိုးဝင်လာနေသည့် နတ်ဆိုးစစ်တပ်ကြီးကို လင်းတုံနှင့်အတူ ခုခံကာကွယ်ရန် ကြိုးစားကြလေ၏။

ကံကောင်းစွာဖြင့် အစီအရင်မှာ အပြီးတိုင် ဖျက်ဆီးခံရခြင်း မရှိသေးပေ။ ဟာပေါက်များမှာလည်း ထိုမျှ ကြီးမားခြင်း မရှိလှ။ ထိုအကြောင်းကြောင့် နတ်ဆိုး များများစားစား ဝင်လာနိုင်ခြင်း မရှိပေ။ ကျားဟိန်းသံမြို့မှ ဧကရာဇ်အဆင့်ပညာရှင်များမှ ထောက်ပံ့ပေးနေသည့်အခါတွင် တောင့်ခံရုံ တောင့်ခံနိုင်ခဲ့သည်။

ထိုအချင်းအရာကို မြင်သည့်အခါ ကျင့်ကြံသူပေါင်းများစွာ စိတ်ဓာတ်တက်ကြွလာကြပြီး ယခင်ကထက် ပို၍ ရဲစွမ်းသတ္တိ ရှိလာကာ ၎င်းတို့၏ တိုက်ခိုက်မှုများမှာလည်း ပို၍ ကြမ်းတမ်းလာခဲ့ကြလေသည်။

မကြာမီ လေးခုမြောက် အပေါက်တစ်ပေါက် ပေါ်လာခဲ့လေ၏။

လီ‌ကျောက်နှင့် ကောင်းရွှယ်ထင်းမှာ ချက်ချင်း ထိုအပေါက်ဆီသို့ ပြေးသွားပြီး အပေါက်ဝကို ပိတ်ကာ နတ်ဆိုးစစ်တပ် ဆက်လက် မကျူးကျော်လာအောင် တားဆီးလိုက်ကြသည်။ သူတို့ နှစ်ဦးတည်းသာ ရှိပါသော်ငြား သူတို့ နှစ်ဦးမှာ လင်းတုံထက်စာလျှင် ပို၍ပင် အဆင်ပြေနေပေသေးသည်။

တကယ်တော့ လီ‌ကျောက်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို နဂါးနွယ်ဖွားတစ်ဦးလည်း မဟုတ်ပေလော။ မဟာဧကရာဇ်တစ်ပိုင်းကဲ့သို့ အားကောင်းခြင်း မရှိပါသော်ငြား သာမန် ဧကရာဇ်တတိယအဆင့် ပညာရှင်များထက် အနည်းငယ်ပို၍ အားကောင်းနေပေသေးသည်။

လီကျောက်မှာ အရှေ့မှ တောင့်ခံ၍ ကောင်းရွှယ်ထင်းမှ အနောက်မှ ကူညီပေးနေလေရာ နတ်ဆိုးများမှာ ထိုအပေါက်မှတစ်ဆင့် အထဲသို့ ကျူးကျော်ဝင်လာနိုင်ခြင်း မရှိတော့ဘဲ အပေါက်ဝမှာတင် သတ်ဖြတ်ခြင်း ခံရလေ၏။

မြို့နံရံပေါ်တွင် အစီအရင်အား ပြန်ပြင်ပေးရန် တာဝန်ကျထားသော ကျင့်ကြံသူများမှာ တစ်ချက်ကလေးမျှပင် အနားမနေရဘဲ တရစပ်ကို ပြေးလွှားနေခဲ့ရသည်။ အစီအရင်၌ အပေါက်တစ်ပေါက် ပေါ်လာတိုင်း သူတို့သည် ထိုအပေါက်များကို ပြန်ပြင်ရန်အတွက် အပြေးအလွှား သွားကြရသည်။ ထိုအပေါက်ကို ပြင်ပြီးပြီးချင်းမှာပင် နောက်ထပ် အပေါက် တစ်ပေါက် ထွက်ပေါ်လာသဖြင့် ထိုအသစ်ပေါ်လာသည့် အပေါက်ဆီသို့ ထပ်မံ ပြေးလွှားရပြန်လေ၏။

ကံကောင်းစွာဖြင့် နတ်ဆိုးစစ်တပ်၏ ခွန်အားမှာလည်း ဤမျှလောက်သာ ရှိတော့သည်ပုံပင်။ ထိုသို့သာ မဟုတ်ဘဲ နောက်ထပ် အပေါက် နှစ်ပေါက် သုံးပေါက် ထပ်ပေါ်လာခဲ့မည်ဆိုလျှင် ကျားဟိန်းသံမြို့အနေဖြင့် ဆက်လက်၍ တောင့်ခံထားနိုင်တော့လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားသည် နေရာချင်း လဲရင်းမှ အပေါက်အသစ်များသို့ ပြေးလွှားကာ ကာကွယ်ပေးနေကြလေသည်။

အခိုက်အတန့်တိုင်း အခိုက်အတန့်တိုင်းတွင် အစီအရင်မှာ ပျက်စီးခါနီး ဖြစ်သွားခဲ့ပါသော်ငြား အဆုံးတွင်တော့ ပျက်စီးသွားခဲ့ခြင်း မရှိဘဲ တောင့်ခံထားနိုင်ခဲ့ပေသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် နတ်ဆိုးစစ်တပ်ဘက်၌ အကျအဆုံး သောင်းနှင့်ချီကာ ရှိလာခဲ့ပါသော်ငြား ကျားဟိန်းသံမြို့ဘက်တွင်မူ အကျအဆုံး တစ်ဦးပင် မရှိသေးပေ။ ဤသည် အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ သို့ပါသော်ငြား ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ကျားဟိန်းသံမြို့အား ကာကွယ်ပေးထားသော အကာအကွယ်အစီအရင်ကြောင့် ဖြစ်မှန်း လူတိုင်း သိနေခဲ့ကြလေသည်။ အစီအရင်သည်သာ မပျက်စီးသေးသရွေ့ သူတို့အနေဖြင့် အန္တရာယ်ရှိလိမ့်မည် မဟုတ်။ သို့ပါသော်ငြား နာရီဆက်တိုက် တောက်လျှောက်ကို စွမ်းအားများ သုံးစွဲနေခဲ့ရလေရာ လူများစွာမှာ စတင်၍ အားအင် ကုန်ခန်းလာကြလေသည်။ လက်ရှိ လူအတော်များများမှာ အားပြန်ဖြည့်ရန်အတွက် ဆေးလုံးများကို သုံးစွဲနေရပြီး အချို့ဆိုလျှင် အကန့်အသတ်သို့ ရောက်သွားသည့်အတွက်ကြောင့် ဆက်မတိုက်ခိုက်နိုင်တော့ဘဲ နောက်သို့ ပြန်ဆုတ်ကာ အနားယူ အားပြန်ဖြည့်နေရသည်။

စစ်ပွဲ အခြေအနေသည်သာ ဤနှုန်းအတိုင်း ဆက်သွားနေ၍ မည်သည့် မတော်တဆ အဖြစ်အပျက်မျှ ဖြစ်ပျက်မလာခဲ့လျှင် ကျားဟိန်းသံမြို့ ယနေ့ ရှင်သန်နိုင်ပေလိမ့်မည်။

သို့ပါသော်ငြား အန္တရာယ် အခိုက်အတန့်များသည် မကြေညာဘဲ ရောက်ရောက်လာတတ်ပေသည်။

မြို့နံရံ အပြင်ဘက်တွင် ရန်ကိုင်မှာ လေဟာနယ်နိယာမများကိုပါ အသုံးချရင်း တိုးဝင်လာနေသည့် ရန်သူ မှန်သမျှကို သတ်ဖြတ်နေခဲ့လေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများမှာလည်း သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်ကုန်ကြကာ ရန်ကိုင်၏ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို စုတ်တံဖြင့် ပန်းချီခြယ်သနေတော့လေသည်။

ရုတ်တရက်ဆိုသလို မာယင်၏ အလန့်တကြား အော်သံထွက်ပေါ်လာခဲ့လေ၏။ "မြို့သခင်၊ သတိထား"

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာမှာ မျက်ဆန်များ ချက်ချင်း ကျုံ့ဝင်သွားခဲ့သည်။ လက်ရှိအခိုက်အတန့်တွင် လင်းတုံမှာ အံ့အားသင့်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ခြေထောက်မှာ အကြောင်းအရင်း အချို့ကြောင့် မြေကြီးထဲသို့ ကျွံဝင်သွားနေခဲ့၏။ သူမည်သို့ပင် ကြိုးစားနေစေကာမူ မြေကြီးထဲမှ ပြန်ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့နောက်တွင် သွေးရောင် အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေသော သွေးနတ်ဆိုး နတ်ဆိုးဘုရင် တစ်ပါးသည် အနီးအနား ဟာပေါက် တစ်ပေါက်ဆီမှ ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့် လင်းတုံဆီသို့ ပြေးဝင်လာနေလေသည်။

ထိုသို့ပင် ဖြစ်နေလင့်ကစား လင်းတုံမှာ ထိတ်လန့်သွားခဲ့ခြင်း မရှိဘဲ ဝါရင့်သမ္ဘာရင့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ ဟိတ်ဟန်ကို ထုတ်ပြလာခဲ့ကာ သူ၏ ဓားသွားရှည်ကြီးဖြင့် အားမာန်အပြည့် ခုတ်ချလိုက်လေသည်။

သွေးနတ်ဆိုးမှာတော့ လင်းတုံ၏ ဓားချက်ကို ရှောင်ပင် ရှောင်မနေခဲ့ပေ။ ဓားသွားရှည်ကြီးမှာ သွေးနတ်ဆိုး၏ ခန္ဓာကိုယ်အား ထိမှန်သွားခဲ့ပြီး သွေးနတ်ဆိုး ခန္ဓာကိုယ် တစ်ခုလုံး သွေးမြူများ အဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက်တွင် ထိုသွေးမြူများသည် လင်းတုံ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ လင်းတုံ၏ မွေးညင်းပေါက်နှင့် ဒွါရ ခုနစ်ပေါက်ဆီမှ သူ့ကိုယ်ထဲသို့ စိမ့်ဝင်သွားကုန်ကြလေ၏။

လင်းတုံ၏ မျက်နှာအမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး နာကျင်စွာ အော်ဟစ်သံများဟာလည်း သူ့ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဘာလုပ်လို့ လုပ်ရမှန်း မသိသည့်အလျောက် မာယင်နှင့် အခြားသူများမှာ ကြောင်တောင်တောင် ဖြစ်နေကြလေသည်။

သူတို့မှာ နတ်ဆိုးမျိုးနွယ်စုအား ပထမဦးဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်း ဖြစ်လေရာ နတ်ဆိုးမျိုးနွယ်စုထဲရှိ ရာနှင့်ချီသော ကလန်များအကြောင်းကို သေချာ မသိကြပေ။ နတ်ဆိုးများနှင့် ပတ်သက်၍ သတင်းအချက်အလက် အချို့ ကြားဖူးထားလိမ့်မည် ဖြစ်ပါသော်ငြား တကယ် လက်တွေ့ ကြုံလာချိန်တွင်တော့ အကုန်လုံးမှာ ပြောင်းလဲသွားရတော့သည်။

သွေးနတ်ဆိုးသည်သာ လင်းတုံနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေမည်ဆိုပါက သူတို့အနေဖြင့် အကူအညီ ပေးကောင်း ပေးနိုင်သေးပါသော်ငြား ယခုကဲ့သို့ အခြေအနေမျိုးနှင့် ပတ်သက်၍မူ မည်သို့ ကူညီပေးလို့ ပေးရမှန်း မသိတော့ပေ။ အနီးအနားရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေကြစဉ် နတ်ဆိုးအုပ်ကြီးမှာ ပေါက်နေသော အပေါက်မှ တစ်ဆင့် ပြေးဝင်လာကုန်ကြလေ၏။

လင်းတုံသည် ရုတ်တရက်ဆိုသလို ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်ရင်းမှ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် အော်ပြောလိုက်လေ၏။ "နန်းတော်သခင်ရန်၊ ကျားဟိန်းသံမြို့ကို ခင်ဗျားဆီ အပ်ထားခဲ့မယ်နော်"

ထိုသို့ပြောပြီးသည့်နောက် သူ့ဓားဖြင့် ခြေထောက်ကို ဖြတ်ချလိုက်လေသည်။

ထို့နောက် သွေးစိမ်းများ ပန်းထွက်လာခဲ့ပြီး လင်းတုံ၏ ခြေထောက်သည် ဒူးအရင်းနားမှ နေ၍ ပြတ်ထွက်သွားခဲ့လေ၏။ ထို့နောက်တွင် လင်းတုံသည် ဒေါမာန်တကြီး အော်ဟစ်ရင်းမှ နတ်ဆိုးစစ်တပ်အုပ်ကြီးဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။

ကြောက်မက်ဖွယ်ရာ စွမ်းအင် အရှိန်အဝါတို့မှာလည်း လင်းတုံ၏ ခန္ဓာကိုယ်ဆီမှ အဆက်မပြတ် ဖြာထွက်လာနေခဲ့လေရာ အနီးအနားတွင် ရှိနေကြသော နတ်ဆိုးများအားလုံး အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြလေသည်။

လင်းတုံ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော် ဝင်ရောက်လာသော သွေးနတ်ဆိုးမှာလည်း အလျင်စလို ပြန်ဆုတ်ရန် ကြိုးစားရင်းမှ အော်ဆဲလိုက်လေ၏။ "ခွေးသူတောင်းစား"

သို့ပါသော်ငြား လင်းတုံမှာ သွေးနတ်ဆိုးအား မည်ကဲ့သို့များ အလွတ်ပေးနိုင်ပါမည်နည်း။ ဧကရာဇ်ချီကို အရူးအမူး လှည့်ပတ်ရင်း သွေးနတ်ဆိုးအား ထွက်မပြေးနိုင်အောင် တင်းတင်းကျပ်ကျပ် ဖမ်းဆွဲထားခဲ့သည်။ သွေးနတ်ဆိုးမှာ ထိတ်လည်း ထိတ်လန့် ကြောက်လည်း ကြောက်လန့်လာခဲ့ပြီး အရူးအမူး ရုန်းကန်ရင်းမှ သွေးမြူများကို လက်သည်းများ အသွင်သို့ ပြောင်းလျက် လင်းတုံ၏ ရင်ဘတ်ကို ဆုတ်ဖြဲပစ်တော့သည်။

သို့ပါသော်ငြား သူ၏ ကြိုးစားမှုမှာ အချည်းနှီးသည်သာ။ လင်းတုံ၏ ခန္ဓာကိုယ်မှာမူ တဖြည်းဖြည်းနှင့် ဖောင်းကားတက်လာခဲ့လေ၏။

ထို့နောက်တွင် နားပင်းမတတ် ပေါက်ကွဲသံကြီးနှင့်အတူ လင်းတုံ ပတ်ပတ်လည် မီတာငါးရာအတွင်း ရှိနေသည့် အရာမှန်သမျှ ဗလာနတ္ထိအသွင်သို့ ပြောင်းသွားကုန်ကြလေသည်။ ထိုအတွင်းတွင် ရှိနေသော နတ်ဆိုးများ၏ အရိုးများ အသားများပင် ကျန်ရစ်ခဲ့ခြင်း မရှိခဲ့။ ရှိသမျှ နတ်ဆိုးအားလုံးမှာ အငွေ့ပြန် ပျောက်ကွယ်သွားကုန်ကြသည်။

"မြို့သခင်" မာယင်မှာတော့ ဝမ်းနည်းတကြီး အမူအရာဖြင့် လှမ်း၍ အော်ခေါ်လိုက်လေသည်။ ယနေ့တွင် ကျားဟိန်းသံမြို့မှာ ပထမဦးဆုံး အကျအဆုံးနှင့် ရင်ဆိုင်ခဲ့ရလေပြီ။ သို့ပါသော်ငြား ပထမဦးဆုံး သေသွားသည့် လူမှာ ကျားဟိန်းသံမြို့၏ မြို့သခင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

ထိုမြင်ကွင်းကြောင့် အကုန်လုံးမှာ အနည်းငယ် စိတ်လွတ်သလို ဖြစ်နေစဉ် လက်တစ်စုံသည် မာယင်၏ ခြေထောက် အောက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး မာယင်၏ ခြေထောက်များကို ဖမ်းဆွဲလိုက်သည်။

အစောပိုင်းက လင်းတုံအား ဖမ်းဆီးသွားခဲ့သော လက်များမှာ ထိုလက်များသာ ဖြစ်ကြလေသည်။

ဝမ်းနည်းမှုကြောင့် စိတ်လွတ်သလို ဖြစ်နေသည့် မာယင်မှာ တိုးဝင်လာနေသည့် အန္တရာယ်ကို သတိမထားမိခဲ့ပေ။

သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် မာယင် ဘေးနား၌ ပေါ်လာပြီး မာယင်ကို တွန်းဖယ်၍ လေဟာနယ်နိယာမတို့ကို အသက်သွင်းကာ သူ့ခြေထောက်ဖြင့် မြေပြင်အား ဆောင့်ချလိုက်လေသည်။

မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်သွားခဲ့ပြီး မြေကြီးထဲဆီမှ ဝိုးတိုးဝါးတား အသံတစ်သံလည်း ထွက်လာခဲ့သည်။ တစ်ခုခု ပျက်စီးသွားခဲ့သည့်ပုံပင်။

ထိုအခါမှသာလျှင် မာယင် အသိပြန်ဝင်လာခဲ့ပြီး ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကိုင်သည် မာယင်ကို ကြည့်ရင်းမှ ပြောလိုက်လေ၏။ "သဲနတ်ဆိုးတွေက မြေလျှိုးတဲ့ နေရာမှာ ဆရာတစ်ဆူပဲ၊ ဒီတော့ အဲဒီကောင်တွေကို သတိထား”

All Chapters