← Chapters

အခန်း ၃၄၁၂

Vol. 150 Ch. 3412

အခန်း ၃၄၁၂

Vol. 150 Ch. 3412

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၂)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်၏ သတိပေးချက်ကို ကြားပြီးသည့်နောက် လင်းတုံ ဘာဖြစ်သွားခဲ့သလဲဆိုသည်ကို မာယင်နှင့် အခြားသူများ နားလည်သွားခဲ့ကြလေသည်။

လင်းတုံကဲ့သို့သော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးကို မြေကြီးထဲမှ ရုန်းမထွက်နိုင်အောင် ချုပ်နှောင်ထားသည့် သဲနတ်ဆိုးမှာ အနည်းဆုံး နတ်ဆိုးဘုရင်အဆင့် သဲနတ်ဆိုး ဖြစ်ရပေလိမ့်မည်။ သို့ပါသော်ငြား ထိုကဲ့သို့သော သဲနတ်ဆိုးကို ရန်ကိုင်သည် ခြေဆောင့်၍ သတ်ပစ်သွားခဲ့သည်။ ရန်ကိုင် မည်မျှပင် အားကောင်းနေလိုက်လေသနည်း။

သို့ပါသော်ငြား အကာအကွယ်အစီအရင်၏ အပေါက်မှ တစ်ဆင့် နတ်ဆိုးများစွာသည် အထဲသို့ ပြေးဝင်လာနေပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် ထိတ်လန့်တုန်လှုပ်နေဖို့ရာ အချိန်မရှိပေ။

ရန်ကိုင် မရှိစဥ် အတောအတွင်း ရန်ကိုင် ကာကွယ်နေသော အပေါက်မှတစ်ဆင့် နတ်ဆိုးများသည်လည်း အထဲသို့ ဝင်လာနေကြသေး၏။

ပို၍ များပြားလှသော နတ်ဆိုးများ မြို့ထဲသို့ ပြေးဝင်လာကြပြီး ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများနှင့် အနီးကပ်တိုက်ပွဲကို စတင်ဆင်နွှဲကြတော့သည်။ ထိုသို့ဖြင့် နှစ်ဖက်စလုံးတွင် အကျအဆုံးများ စတင်၍ ထွက်ပေါ်လာလေ၏။ ဤသည်မှာ ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများအဖို့ နတ်ဆိုးများနှင့် ပထမဦးဆုံးအကြိမ်အဖြစ် အမှန်တကယ် အနီးကပ် တိုက်ခိုက်ဖူးခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား စိတ်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော ကျင့်ကြံသူများမှာ အကြောက်အရွံ့ ကင်းမဲ့လှသော နတ်ဆိုးများအား မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ ပထမဦးဆုံးအကြိမ် တိုက်ခိုက်မှုမှာတင်ပင် အတော်များများ ကျဆုံးကုန်ကြလေသည်။

ဤကဲ့သို့သော အခိုက်အတန့်မျိုးတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ တာဝန်မှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်လာတော့လေသည်။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သား ငါးထောင်အား နေရာအနှံ့တွင် ဖြန့်ကျက်ထားသည်ဟု ရန်ကိုင် ပြောခဲ့ခြင်းမှာ အလကားသက်သက် ပြောနေခြင်း မဟုတ်ပေ။

အနောက်သို့ ပြန်ဆုတ်သည့် မည်သူမဆို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ၏ ကွပ်မျက်ခြင်း ခံရပေလိမ့်မည်။

နတ်ဆိုးများသည် အရှေ့တွင် ရှိနေသလို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှာ အနောက်တွင် ရှိနေကြသည်။ ထိုအကြောင်းကြောင့် မြို့ထဲရှိ ကျင့်ကြံသူများမှာ သူတို့၏ အခြေအနေကို နားလည် သဘောပေါက်သွားကြတော့လေသည်။ သူတို့သည်သာ နောက်ဆုတ်လိုက်မည်ဆိုလျှင် ကျိန်းသေ သေရပေလိမ့်မည်။ သို့ပါသော်ငြား အရှေ့တိုး၍ တိုက်ခိုက်မည်ဆိုလျှင်တော့ အသက်ရှင်နိုင်ခြေ ရှိပေသေးသည်။ ထိုအခိုက်အတန့်ဝယ် သူတို့၌ ရွေးချယ်စရာ တစ်ခုသာ ရှိတော့လေသည်။ ထိုအပြင် အစောပိုင်းက လင်းတုံ၏ ရဲရဲဝံ့ဝံ့ အသေခံပေးသွားသည့် ဖြစ်ရပ်ကို ပြန်စဉ်းစားမိလိုက်သော် ကျင့်ကြံသူများမှာ သွေးများ ဆူပွက်လာကြပြီး မာန်သွင်းအော်ဟစ်ရင်းမှ နတ်ဆိုးများဆီသို့ ပြေးဝင်သွားကြလေ၏။ သူတို့အနေဖြင့် သေရမည်ဆိုလျှင်ပင် အနည်းဆုံး နတ်ဆိုးများကိုပါ သူတို့နှင့်အတူ ဆွဲခေါ်သွားရပေလိမ့်မည်။

ရန်ကိုင်ကလည်း အချိန်ကိုက် ဓားကို မြှောက်၍ အော်ပြောလိုက်သည်။ "လူတစ်ယောက် အသက်ရှင်နေသေးသရွေ့ မြို့က ဆက်ပြီး ရှိနေဦးမှာပဲ၊ လူတိုင်း သေတဲ့အခါမှပဲ ဒီမြို့ ပျက်စီးသွားမှာ၊ တိုက်ခိုက်ကြ"

တစ်ခဏတာ ထိတ်လန့်တုန်လှုပ်ကာ ပရမ်းပတာ ဖြစ်နေပြီးသည့်နောက် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများသည် စတင်၍ စစ်သွေးကြွလာကြတော့လေသည်။ ထိုသို့ဖြင့် နတ်ဆိုးများအား တန်ပြန် ထိုးစစ်ဆင်ကြတော့လေသည်။ မာယင်သည်လည်း မိန်းမသားတစ်ဦး ဖြစ်သည့်တိုင် ယောက်ျားသားများအောက် နိမ့်ကျနေခြင်း မရှိဘဲ အရှေ့မှ ဦးဆောင်ပြေးဝင်ကာ နမူနာ လုပ်ပြလေသည်။

ထိုစဉ် နက်နဲဆန်းကြယ်သည့် မန္တန်တို့ ထွက်ပေါ်လာခဲ့ပြီး အလင်းစက်ကွင်း တစ်ခုသည် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများကို လွှမ်းခြုံသွားခဲ့လေသည်။ ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းလိုက်သည့်အခိုက် မှော်ပညာရပ်နှစ်ခု ဖြစ်သော သွေးစတေးခြင်းပညာရပ်နှင့် သွေးလောင်ကျွမ်းခြင်းပညာရပ်တို့ အသက်ဝင်လာခဲ့လေ၏။

သွေးစတေးခြင်းပညာရပ်၏ လွှမ်းမိုးမှုအောက်တွင် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာ ရဲသွေးကြွလာကြပြီး တိုက်ခိုက်လိုစိတ် ပြင်းပြလာကြသည်။ အသက်ချိတ်ကြိုးပညာရပ်၏ အကူအညီကြောင့် သူတို့အနေဖြင့် ဒဏ်ရာများ ရနေသည့်တိုင် ယခင်ကကဲ့သို့ အလွယ်တကူ မသေနိုင်တော့ဘဲ ပို၍ ဒူပေနာပေ ခံနိုင်လာခဲ့လေသည်။

ဤခံစစ်မှာ လုံးဝ ပျက်စီးသွား၍ မဖြစ်ပေ။

အကာအကွယ်အစီအရင် နေရာပေါင်းများစွာ၌ ပျက်စီးသွားခဲ့သည့်တိုင် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများသည် ဤလူအင်အား အနည်းငယ်လေးဖြင့် နတ်ဆိုးစစ်တပ်ကြီးအား တောင့်ခံနိုင်ခဲ့သည့်အပေါ် လူတိုင်းမှာ အံ့အားသင့်နေမိကြလေသည်။ နတ်ဆိုး အနည်းငယ်လောက်သည်သာ မြို့အတွင်းပိုင်းဆီသို့ ရောက်သွားနိုင်လေ၏။ ထိုအဖြစ်အပျက်ကို ကြည့်ရင်း လူတိုင်းမှာ ယခင်ကထက် ပို၍ ယုံကြည်ချက် ရှိလာခဲ့လေသည်။ နတ်ဆိုးများနှင့် တကယ်တမ်း တိုက်ခိုက်ခဲ့ပြီးသည့်နောက် နတ်ဆိုးများမှာ ထင်ထားသလောက် ကြောက်မက်ဖွယ်ရာကောင်းသည့် အကောင်များ မဟုတ်ကြမှန်းလည်း သဘောပေါက်သွားကြလေ၏။

ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေသည့် နေရာများမှာမူ တားမြစ်ဇုန်များ ဖြစ်ကုန်ကြလေသည်။ နတ်ဆိုးစစ်တပ် မည်မျှပင် အရေအတွက် များနေစေကာမူ ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေသည့် နေရာများအား ထိုးဖောက်နိုင်ကြခြင်း မရှိချေ။ ထိုးဖောက်ရန် ကြိုးစားသည့် နတ်ဆိုးများသည်သာ သေကျေ ကုန်ကြလေ၏။ နတ်ဆိုးဘုရင်များမှာ ထိုအချက်ကို သတိထားမိသွားသည့်နောက်တွင် ကျားဟိန်းသံမြို့ထဲရှိ ဧကရာဇ်အဆင့်ပညာရှင်များကို အထူးတလည် စတင်တိုက်ခိုက်ကြတော့လေသည်။

ဤသည်မှာလည်း ရန်ကိုင် လိုချင်နေသည့် အရာ ဖြစ်လေ၏။

နတ်ဆိုးဘုရင်များသည်သာ ရန်သူစစ်တပ် အတွင်းပိုင်းထဲ ပုန်းအောင်းနေမည်ဆိုပါက ဤကဲ့သို့သော ပရမ်းပတာ အခြေအနေကြီးထဲ ရန်ကိုင်အနေဖြင့် နတ်ဆိုးဘုရင်များကို လိုက်ရှာနိုင်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ တိုက်ခိုက်နေသည့် လူအရေအတွက်မှာ အလွန်ကိုမှ များလွန်းလှသည် မဟုတ်ပေလော။ သို့ပါသော်ငြား နတ်ဆိုးဘုရင်များမှာ သူတို့ဘာသာသူတို့ လူလုံးထွက်ပြလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တွင် နတ်ဆိုးဘုရင်များကို သတ်ပစ်ဖို့ရာ အခွင့်အရေးရလာခဲ့လေပြီ။

ရန်ကိုင်၏ ပုံရိပ်သည် စစ်မြေပြင်ထဲ ကူးကလန်ခတ် သွားလာနေခဲ့လေသည်။ ရန်ကိုင် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နတ်ဆိုးများ အတုံးတုံးအရုံးရုံး လဲပြိုကုန်ကြလေသည်။ နတ်ဆိုးဘုရင်များသည်လည်း ရန်ကိုင်လက်ချက်ဖြင့် တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြလေသည်။ နတ်ဆိုးဘုရင်များ၏ အမိန့် မရှိတော့သည့်အလျောက် မူလက စည်းစနစ်ကျကျ ရှိနေသော နတ်ဆိုးစစ်တပ်ကြီးမှာ စတင်၍ ဝရုန်းသုန်းကား ဖြစ်လာခဲ့သည်။ သို့ပါသော်ငြား ရက်စက်ကြမ်းကြုတ်လှသလို အကြောက်အရွံ့ ကင်းမဲ့လှသူများပီပီ နတ်ဆိုးများမှာ ခေါင်းဆောင်များ မရှိသည့်တိုင် ကျားဟိန်းသံမြို့ထဲသို့ ဆက်လက်၍ ပြေးဝင်နေကြဆဲ။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် နတ်ဆိုးစစ်တပ်မှာ တိုက်ခိုက်နေသေးပါသော်ငြား အခြေအနေမှာမူ ပြောင်းလဲသွားခဲ့လေပြီ။ ကျားဟိန်းသံမြို့၏ မြို့နံရံများမှာ ပြတ်နေသော ခေါင်းများဖြင့်သာ လွှမ်းခြုံနေတော့လေ၏။ ထိုခေါင်းများမှာ အခြားမဟုတ်။ ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများ၏ ခေါင်းများသာ ဖြစ်ကြသည်။ ထိုနေရာ အနီးအနား တစ်ဝိုက်တွင် မည်သည့် နတ်ဆိုးမျိုးနွယ်စုဝင်မျှ ရှိမနေခဲ့ပေ။ အကာအကွယ်အစီအရင် ပေါက်နေသော အပေါက်များမှ တစ်ဆင့် အထဲသို့ ပြေးဝင်လာကုန်ကြသော နတ်ဆိုးအားလုံးမှာ ခြွင်းချက်မရှိ ရှင်းပစ်ခံလိုက်ရလေပြီ။

နတ်ဆိုးစစ်တပ်၏ အရွယ်အစားမှာလည်း တစ်ဝက်မက လျော့ကျသွားခဲ့၏။

နောက်ဆုံးတွင် နတ်ဆိုးများအနက် အချို့မှာ တစ်ခုခု မှားယွင်းနေကြောင်းကို သဘောပေါက်သွားရသည်။ အကြောင်းမှာ စစ်မြေပြင်အထက် မည်သည့် နတ်ဆိုးဘုရင်ကိုမျှ မတွေ့ရတော့သည့်အတွက်ကြောင့်ပင်။ ယခင်က အနောက်ဘက်မှ နေ၍ အမိန့်ပေးနေသော နတ်ဆိုးဘုရင်များသည်ပင်လျှင် ပျောက်ခြင်းမလှ ပျောက်နေကြလေသည်။

ထိုသို့ဖြစ်လာသည့်အလျောက် ရန်သူ့ တပ်ဖွဲ့ကြီးမှာ ခေါင်းမပါသည့် ယင်ကောင်ပမာ ဖြစ်သွားတော့လေ၏။

နတ်ဆိုးမျိုးနွယ်စုမှာ သေရမည်ကို မကြောက်ပါသော်ငြား အလကားသက်သက် စတေးခံလိမ့်မည်တော့ မဟုတ်ပေ။ နိုင်ဖို့ရာ မျှော်လင့်ချက် မရှိတော့သည့်နောက်တွင် ပြန်ဆုတ်ရန်သာ ရွေးချယ်လိုက်သည်။

ထိုသို့ဖြင့် နတ်ဆိုးစစ်တပ်ကြီးမှာ တဖြည်းဖြည်းနှင့် နောက်ပြန်ဆုတ်သွားကြတော့လေ၏။

ထိုအခိုက်အတန့်တွင် ကျားဟိန်းသံမြို့အား ကာကွယ်ပေးထားသည့် အစီအရင်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျင့်ကြံသူ တစ်သောင်းကျော်ကို ဦးဆောင်၍ ထွက်ပြေးနေသော နတ်ဆိုးများ အနောက်သို့ လိုက်လံ အမဲလိုက် သတ်ဖြတ်ကြတော့လေသည်။ မိုင်တစ်ထောင်ခန့် အကွာလောက်သို့ ရောက်ပြီးသည့်အခါမှသာလျှင် ရပ်တန့်လိုက်ပြီး ပြန်ဆုတ်လာခဲ့လေသည်။

လက်ရှိ အခိုက်အတန့်တွင် လူသားကျင့်ကြံသူတိုင်းမှာ အမောတကော အသက်ရှူရှိုက်နေရသည်။ အကုန်လုံး၏ ခန္ဓာကိုယ်မှာလည်း သွေးများဖြင့် နီစွေးနေလေ၏။ သို့ပါသော်ငြား မည်သူမည်ဝါ ဖြစ်ပါစေ အကုန်လုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။

[ငါတို့ နိုင်သွားပြီ]

ယနေ့တွင် ကျားဟိန်းသံမြို့သည် တစ်ဖက်ရန်သူ၏ စစ်တပ်မှာ အရေအတွက် အပြတ်အသတ် သာလွန်နေသည့်တိုင် တိုက်ပွဲအား အောင်နိုင်ခဲ့လေသည်။ အရေးကြီးသည့် အချက်မှာ နတ်ဆိုးများကို ပြန်လည်တွန်းလှန်နိုင်ဖို့ရာ တန်ဖိုးအနည်းငယ်သာ ပေးဆပ်ခဲ့ရခြင်းပင်။ ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု စစ်ပွဲ မစခင်က မည်သူမျှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

အကုန်လုံးမှာ ယနေ့သည် သူတို့၏ နောက်ဆုံးနေ့ ဖြစ်ပြီး ကျားဟိန်းသံမြို့သည်လည်း နတ်ဆိုးကုန်းမြေ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်နေခဲ့ခြင်းသာ ဖြစ်လေသည်။ သို့ပါသော်ငြား တကယ့် လက်တွေ့မှာမူ လူတိုင်းအား အကြီးအကျယ်ကို အံ့အားသင့်သွားစေခဲ့သည်။

ထိုကဲ့သို့ ရလဒ်မျိုးအား ရအောင် လုပ်ခဲ့သည့် လူမှာလည်း တစ်ဦးသာ ဖြစ်ပေသည်။

ထိုအခိုက်အတန့်ဝယ် သွေးများဖြင့် နီရဲနေသော ရန်ကိုင်ဆီသို့ အကြည့်ပေါင်း မြောက်မြားစွာ ရောက်ရှိလာခဲ့ကြသည်။ အကုန်လုံး၏ မျက်နှာအထက် လေးစားအားကျမှုတို့ကို မြင်တွေ့နေခဲ့ရလေသည်။ ရန်ကိုင်သည်သာ ပေါက်နေသော အကာအကွယ်အစီအရင် အရှေ့တွင် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်ပေးခဲ့ခြင်း မရှိပါက ကျားဟိန်းသံမြို့အနေဖြင့် တကယ့်တိုက်ပွဲ မစမီ နတ်ဆိုးအရေအတွက်ကို ထိုမျှ လျော့ချနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထိုသို့သာ မဟုတ်လျှင် လက်ကျန် နတ်ဆိုးစစ်တပ်ကြီးကိုလည်း တိုက်ခိုက်ဖို့ရာ လွယ်လိမ့်မည် မဟုတ်။ ရန်ကိုင်သည်သာ နတ်ဆိုးစစ်တပ်၏ အတွင်းပိုင်းထဲသို့ ပြေးဝင်၍ နတ်ဆိုးဘုရင်များကို ရှင်းမပစ်ခဲ့လျှင် နတ်ဆိုးစစ်တပ်မှာ ယခုကဲ့သို့ ရှုံးနိမ့်သွားစရာ အကြောင်း မရှိပေ။ ထိုအပြင် သူတို့အနေဖြင့် ဤစစ်ပွဲကို နိုင်ဖို့ရာ ရန်ကိုင် ထုတ်သုံးသွားသော မှော်ပညာရပ် နှစ်ခုအပေါ်လည်း အားကိုးခဲ့ရပေသေးသည်။ ထိုပညာရပ် နှစ်ခုကြောင့်သာ မဟုတ်ပါက အကျအဆုံးမှာ ယခုထက် ပိုများလိမ့်မည် ဖြစ်သလို နတ်ဆိုးစစ်တပ်ကို တွန်းလှန်ဖို့ရာလည်း ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်။

အဆုံးတွင် ရန်ကိုင်မှာ သူနှင့်အတူ အခြားသော စစ်ကူများကို ခေါ်ဆောင်လာခဲ့ခြင်း မရှိပါသော်ငြား သူတစ်ကိုယ်တည်းနှင့် တိုက်ပွဲအခြေအနေကို အထက်အောက် ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။

ယခုဆိုလျှင် ကျားဟိန်းသံမြို့ထဲမှ ကျင့်ကြံသူများဖြစ်စေ နယ်မြေကြီးသုံးခုမှ စစ်ကူများဖြစ်စေ အကုန်လုံးမှာ ရန်ကိုင်အား အလွန်ကိုမှ လေးစားနေမိကြလေသည်။

မာယင်သည် အရှေ့သို့ ထွက်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ "မြို့သခင်၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို အမိန့်ပေးပါ"

သူ့ကိုယ်သူ မစတေးပစ်ခင် လင်းတုံသည် မြို့သခင်ရာထူးကို ရန်ကိုင်ဆီသို့ အပ်သွားခဲ့သည်။ ယခု ရန်ကိုင် ထုတ်ပြသွားသည့် စွမ်းဆောင်ရည်နှင့်ပါ ပေါင်းလိုက်သော် ကျားဟိန်းသံမြို့၏ မြို့သခင်ရာထူးနှင့် သင့်တော်သည့် လူမှာ ရန်ကိုင်မှအပ အခြား မရှိတော့ပေ။

ထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်တစ်ဦး ဖြစ်နေသည်နှင့်အညီ ရန်ကိုင်မှာ ဤကဲ့သို့သော ရာထူးလောက်ကိုတော့ ဂရုစိုက်မနေသလို ငြင်းလည်း ငြင်းပယ်နေခြင်း မရှိခဲ့ပေ။ ခေါင်းညိတ်၍သာ အမိန့်ပေးလိုက်လေ၏။ "ကျုပ်တို့ ပြန်ကြမယ်၊ နတ်ဆိုးစစ်တပ်က နောက်တစ်ကြိမ် ပြန်လာဦးမှာ၊ ဒီတော့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အနားယူ အားပြန်ဖြည့်ထားရမယ်"

"ကောင်းပါပြီ" အကုန်လုံး ခေါင်းညိတ်လိုက်ကြလေသည်။

နေ့ဝက်ကြာပြီးသည့်နောက် စစ်တပ်ကြီးမှာ မြို့ဆီသို့ ပြန်လာခဲ့သည်။ ထို့နောက်တွင် အကျအဆုံးများကို ရေတွက်၍ ဒဏ်ရာရသူများကို စတင်ကုသပေးလေ၏။ ကျားဟိန်းသံမြို့၏ မြို့နံရံများနှင့် အကာအကွယ်အစီအရင်ကိုလည်း စတင်၍ ပြန်လည်ပြင်ဆင်ကြတော့သည်။

ယခုဆိုလျှင် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများ၏ စိတ်အခြေအနေမှာ ယခင်နှင့် မတူညီတော့ပေ။ ယခင်ကမူ နတ်ဆိုးစစ်တပ်ကို ရင်ဆိုင်ဖို့ရာ ကြောက်ရွံ့နေမိကြသည်။ သို့ပါသော်ငြား ယခု အချိန်တွင်မူ လူတိုင်း၏ စိတ်ထဲ ဝမ်းသာပျော်ရွှင်စိတ်များ ထွက်ပေါ်နေကြလေ၏။ သွေးစတေးခြင်းပညာရပ် အာနိသင် ကုန်ဆုံးသွားသည့်တိုင် လူတိုင်း၏ စိတ်မှာ တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့လေသည်။

မြို့သခင်စံအိမ်ထဲဝယ် ရန်ကိုင်မှာ ရေကန်တစ်ကန်ထဲ ထိုင်ကာ အတွေးနက်နေခဲ့သည်။ ယုရုမန်မှာ ရေကန်ဘေးနားတွင် ထိုင်၍ သူမ၏ ခြေထောက်ကလေးကို ရေစိမ်ကာ ရန်ကိုင်အား မကြာမကြာ လှမ်းလှမ်း၍ ကြည့်နေလေသည်။

ယုရုမန်မှာ အမှန်တကယ်ကိုမှ အရေထူလှသည်ဟု ပြော၍ ရသည်။ ရှက်ရမည်ဟူသည့် စကားကိုလည်း လုံးဝ မသိသည့်ပုံပင်။ ရန်ကိုင်မှာ သူ့အရှေ့တည့်တည့်၌ ရေချိုးနေသည့်တိုင် အနည်းမျှပင် ထွက်သွားမည့် အရိပ်အယောင်မပြ။

"နင် ဒီမှာဆက်နေပြီးတော့ မြို့ကို ကာကွယ်ချင်သေးလား" ယုရုမန်က ရုတ်တရက် ရန်ကိုင်အား ရေနှင့် လှမ်းပက်ရင်းမှ မေးလိုက်၏။

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ငါ့ကို တာဝန်ပေးထားတာပဲဟာကို၊ ဒီတော့ အတတ်နိုင်ဆုံး လုပ်ရမှာပေါ့"

ယုရုမန်က ပြုံးကာ ပြောလိုက်လေ၏။ "အဲဒီလူအိုကြီးက သူ မသေခင် ဒီအတိုင်းပဲ စိတ်ထဲပေါက်ရာတွေ ပြောသွားတာ၊ နင်က တကယ်ကြီး အတည်ယူနေတာလား"

ရန်ကိုင်က မျက်လုံးမှေးစင်းလျက်... "မြို့သခင် ပြောသွားတဲ့ စကားကို ထည့်မတွက်ရင်တောင် ဒီကျားဟိန်းသံမြို့က လုံးဝကို ကာကွယ်ဖို့လိုတယ်" ရန်ကိုင်မှ မြို့သခင်လင်းတုံအား ပြောခဲ့သကဲ့သို့ပင် နယ်မြေကြီးသုံးခုမှ စစ်ကူများသည် အနောက်ဘက်နယ်မြေကို ကယ်ဆယ်ဖို့ရာ သက်သက်အတွက် လာခဲ့ခြင်း မဟုတ်။ အခြားသော နယ်မြေများကိုပါ နတ်ဆိုးစစ်တပ်၏ ဘေးမှ ကာကွယ်နိုင်ရန်အတွက် လာခဲ့ကြခြင်း ဖြစ်လေ၏။

ယုရုမန်ကမူ နှုတ်ခမ်းလေးဆူ၍ ပြန်ပြောလိုက်သည်။ "နတ်ဆိုးစစ်တပ်က အလျှော့ပေးမှာ မဟုတ်ဘူး၊ နောက်တစ်ကြိမ်ကျရင် ပိုအားကောင်းတဲ့ စစ်တပ်နဲ့ လာမှာ၊ အဲဒီအချိန်ကျရင် နင် တောင့်ခံနိုင်ဦးမှာလား"

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "နင့် ကြည့်ရတာ နတ်ဆိုးစစ်တပ် အကြောင်းကို တော်တော်လေး သိတဲ့ပုံပဲနော်"

ယုရုမန်က ပြန်ပြောလိုက်လေသည်။ "အဲဒါ ဘာဆန်းလို့လဲ၊ နင်လည်း သိတာပဲ၊ နင် သူတို့ကို တစ်ကြိမ်တော့ တားနိုင်တယ်၊ ဒါပေမဲ့ ဒုတိယအကြိမ် တတိယအကြိမ်ကျရင်ရော၊ နတ်ဆိုးစစ်တပ်က ပိုပိုပြီး များတဲ့ အရေအတွက်နဲ့ တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်လာနေမှာ၊ တစ်ကြိမ်တစ်ကြိမ်တိုင်းမှာလည်း ပိုပြီးအားကောင်းတဲ့ ပညာရှင်တွေ ပါလာမှာ"

ရန်ကိုင်က ပြုံးဖြီး၍... "အဲဒါဆိုရင်တော့ သူတို့ ပြန်မသွားနိုင်အောင် တစ်ခါတည်း ဆုံးမပေးလိုက်မှာပေါ့"

ယုရုမန်က ရန်ကိုင်အား မျက်စောင်းလေး ထိုးရင်းမှ... "နင်က တကယ်ကို အကြောသန်လွန်းတာပဲ"

ရန်ကိုင်သည် ယုရုမန်အား စိတ်ဝင်တစားဖြင့် ကြည့်ရင်းမှ လက်ညှိုးလေးကွေးလျက် ပြောလိုက်လေ၏။ "ကဝေမလေး၊ ဒီကိုလာဦး"

ယုရုမန်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "နင် ဘယ်လိုခေါ်လိုက်တာ၊ ကဝေမလို့ ခေါ်လိုက်တာ၊ ဟုတ်လား"

"ကဝေမလို့ ခေါ်တော့ရော ဘာဖြစ်လို့လဲ" ရန်ကိုင်က ယုရုမန်အား အံ့ဩတကြီးဖြင့် ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။

ယုရုမန်က ခေါင်းခါ၍... "ဘာမှတော့ မဖြစ်ပါဘူး၊ ဒီအတိုင်းပဲ အသစ်အဆန်းလေး ဖြစ်နေလို့"

"တကယ်ကြီးလား" ရန်ကိုင် အော်ရယ်မောလိုက်ပြီးသည့်နောက် ယုရုမန်အား လှမ်းဆွဲခေါ်လိုက်သည်။ ယုရုမန်မှာလည်း အလန့်တကြား အော်ဟစ်ရင်း ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့လေ၏။ လက်ရှိ အခိုက်အတန့်တွင် သူမ၏ လက်ကလေးများမှာ ရန်ကိုင်၏ ရင်ဘတ်ပေါ်သို့ ရောက်နေလေသည်။ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ သတိထားနေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ "နင် ဘာလုပ်နေတာလဲ"

ရန်ကိုင်ကမူ ဘာမျှ ပြန်မပြောခဲ့ဘဲ ယုရုမန်ကိုသာ သူ့အနား ဆွဲခေါ်၍ သူမ၏ နှုတ်ခမ်းကို ကောက်နမ်းချလိုက်လေသည်။

ချက်ချင်းဆိုသလို အလန့်တကြား အော်ဟစ်သံနှင့်အတူ ရန်ကိုင်မှာ ယုရုမန်အား ရေကန်ထဲသို့ ပစ်ထည့်လိုက်လေ၏။

ယုရုမန်မှာ ရေကန်ထဲမှ ကုန်းရုံးထလာပြီး ရန်ကိုင်၏ ကျောပြင်ကို စိုက်ကြည့်ရင်းမှ အံကြိတ်ကာ ပြောလိုက်လေသည်။ "နင် ငါ့ကို ကိုက်ရဲတယ်"

ရန်ကိုင်သည် ထရပ်၍ ဧကရာဇ်ချီကို သုံးကာ သူ့ကိုယ်သူ ခြောက်သွေ့အောင် လုပ်လိုက်ပြီးသည့်နောက် အဝတ်အစားအသစ် တစ်စုံ ဝတ်ကာ နောက်သို့ပင် ပြန်မကြည့်ဘဲ ထွက်သွားလေ၏။

"နင် ဘာဖြစ်လို့ ငါ့ကို ကိုက်တာလဲ" ယုရုမန်သည် ရေကန်ထဲတွင် ရပ်နေရင်းမှ လှမ်းအော်မေးလိုက်သည်။ သို့ပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့် ပြန်ထူးသံမျှ မကြားခဲ့ရပေ။ တဖြည်းဖြည်းနှင့် ရန်ကိုင်မှာ သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့လေ၏။

"အကျင့်မကောင်းတဲ့ကောင်၊ နင် တစ်နေ့နေ့ အနှေးနဲ့အမြန် ပြန်ပြီးတော့ ပေးဆပ်ရမယ်" ယုရုမန်မှာ အတော်ကြာအောင် ညည်းတွားနေပြီးသည့်နောက် အဆုံးတွင် ရေကန်ထဲမှ ထွက်လာခဲ့သည်။ ထို့နောက်တွင် ရေစိုနေသော အဝတ်အစားများကို ချွတ်၍ အသစ်တစ်စုံ လဲဝတ်လိုက်လေ၏။

လက်ရှိ အခိုက်အတန့်တွင် မြို့တစ်ခုလုံးမှာ အလွန်ကိုမှ သက်ဝင်လှုပ်ရှားနေလေ၏။ ကျားဟိန်းသံမြို့၏ မြို့သခင်အသစ် ဖြစ်သည်နှင့်အညီ ရန်ကိုင်သည် မာယင်နှင့်အတူ မြို့ထဲတွင် လျှောက်သွားရင်းမှ အခြေအနေကို စစ်ဆေးသုံးသပ်နေခဲ့သည်။ အကျအဆုံး အရေအတွက်ကိုလည်း မာယင်မှ ရန်ကိုင်အား အစီရင်ခံ တင်ပြလာခဲ့လေသည်။ ကျားဟိန်းသံမြို့သည် ယခုတစ်ကြိမ် တိုက်ပွဲကို အောင်နိုင်ခဲ့ပါသော်ငြား အကျအဆုံးများမှာ မသေးလှ။ တစ်သောင်းကျော်ခန့်ပင် ရှိနေခဲ့သည်။ သို့ပါသော်ငြား တိုက်ပွဲရလဒ်နှင့် ယှဉ်လိုက်သော် ထိုကဲ့သို့သော အကျအဆုံးမှာ လက်ခံနိုင်သည့် ဘောင်အတွင်းတွင် ရှိနေပေသည်။

အတော်များများမှာလည်း ဒဏ်ရာ ရထားကြပြီး နတ်ဆိုးချီများ၏ ကူးစက်ခြင်း ခံရသည့်အတွက်ကြောင့် အသိစိတ် ပျောက်ဆုံးမည့် အရေးနှင့် ရင်ဆိုင်နေရလေသည်။

မာယင်သည် နတ်ဆိုးချီ ကူးစက်ထားခြင်း ခံရသည့် လူအားလုံးကို တစ်နေရာတည်းတွင် စုဝေး၍ သေသေချာချာ စောင့်ကြည့်ထားရန် အမိန့်ပေးထားခဲ့သည်။ တစ်စုံတစ်ဦးသည်သာ နတ်ဆိုးဖြစ်တော့မည့် အရိပ်အယောင် ပြလာမည်ဆိုပါက ထိုလူအား ချက်ချင်း သတ်ပစ်ရန်လည်း အမိန့်ပေးထားသေး၏။

ရန်ကိုင်သည် ထိုလူများအား ဖမ်းဆီးထားသည့် နေရာဆီသို့ ခေါ်သွားပေးရန် မာယင်အား ပြောလိုက်သည်။ ထိုနေရာသို့ ရောက်ပြီးသည့်နောက်တွင် နတ်ဆိုးနှင်ပညာရပ်ကို သုံး၍ ထိုလူများ၏ ကိုယ်ထဲမှ နတ်ဆိုးချီကို ဖယ်ထုတ်ပေးလိုက်လေ၏။ ရန်ကိုင် လုပ်ပြသွားသည့် ပုံစံကို ကြည့်ရင်း မာယင်မှာ လုံးဝကို အံ့သြတကြီး ဖြစ်နေခဲ့လေသည်။

All Chapters