အခန်း ၃၄၁၃
Vol. 150 Ch. 3413
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၁၃)
ဘာသာပြန်သူ_တိမ်တိုက်
နေ့ဝက်ခန့် အလုပ်ရှုပ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် မြို့သခင်စံအိမ်ဆီသို့ ပြန်လာခဲ့သည်။ မြို့ထဲတွင် ရှိနေသည့် ကိစ္စအဝဝကို အခြားသော ဧကရာဇ်အဆင့်ပညာရှင်များမှ ကိုင်တွယ်သွားပေလိမ့်မည်။
မြို့သခင်စံအိမ်ထဲရှိ သင့်တော်သည့် နေရာတစ်ခုတွင် ဟင်းလင်းပြင်အစီအရင်ကို ခင်းကျင်းပြီးသည့်နောက် ရန်ကိုင်သည် ထိုဟင်းလင်းပြင်အစီအရင်မှ တစ်ဆင့် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာခဲ့သည်။ ထို့နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ သတင်းပို့ကာ စောင့်နေလေ၏။
မကြာမီ နန်မန်တကျွင်း ရန်ကိုင်ဆီသို့ အမောတကော ရောက်လာပြီး မေးလိုက်လေ၏။ "နန်းတော်သခင် ဘာကိစ္စရှိလို့လဲ"
"ကျုပ်နောက်လိုက်ခဲ့" ရန်ကိုင်က ပြောလိုက်၏။
နန်မန်တကျွင်းက ပြန်၍ မေးလိုက်၏။ "အစီအရင် ခင်းကျင်းပေးဖို့ လိုလို့လား"
သူသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင် တစ်ဦး ဖြစ်ပေသည်။ အစီအရင် ကိစ္စများနှင့် ပတ်သက်သည့် ကိစ္စ မဟုတ်လျှင် ရန်ကိုင်မှာ သူ့အား လာတွေ့လေ့ မရှိပေ။ ထိုအကြောင်းကြောင့် ရန်ကိုင် လာရင်း အကြောင်းကို ခန့်မှန်းဖို့ရာ မခက်ခဲလှ။
ရန်ကိုင် ခေါင်းညိတ်ပြသည်ကို မြင်သော် နန်မန်တကျွင်းက ပြောလိုက်လေ၏။ "အဲဒါဆိုရင်တော့ နန်းတော်သခင် ကျုပ်ကို ခဏလောက် စောင့်ပေးဦး၊ ကျုပ်ရဲ့ ဟိုကောင်လေးတွေကိုပါ သွားခေါ်လိုက်ဦးမယ်"
နန်မန်တကျွင်း ပြောသည့် ဟိုကောင်လေးများဆိုသည်မှာ သူ လက်ခံထားသော တပည့်များကို ဆိုလိုခြင်းပင် ဖြစ်ပေသည်။ ထက်ကောင်းကင်နန်းတော်ထဲ တပည့်ပေါင်း တစ်သိန်းကျော် ရှိလေရာ ထိုလူတစ်သိန်းကျော်ထဲ အစီအရင်တာအိုတွင် ပါရမီပါသည့် လူအချို့ ရှိနေသည်မှာ အဆန်း မဟုတ်ပေ။ နန်မန်တကျွင်းမှာ ထက်ကောင်းကင်နန်းတော်မှ ထွက်သွားဖို့ရာ မဆုံးဖြတ်ထားတော့။ ထိုအကြောင်းကြောင့်ပင်လျှင် သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းရန်အတွက် တပည့်အချို့ကို လက်ခံထားခြင်းလည်း ဖြစ်သည်။
နန်မန်တကျွင်းသာလျှင် မဟုတ်။ ဟို့ယုသည်လည်း ပါရမီပါသည့် တပည့်အချို့ကို လက်ခံထားပေသေးသည်။
တစ်ခဏအကြာ၌ တပည့်ငါးဦး အပြေးအလွှား ရောက်ရှိလာကြသည်။ ထို့နောက်တွင် သူတို့၏ ဆရာအား တလေးတစားဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်လေ၏။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့သည်။ ထိုလူများ၏ နာမည်ကို သူ မသိပါသော်ငြား ထိုလူများမှာ ဟုန်းလော့ကြယ်စီရင်စုမှ သူခေါ်လာသည့် လူများ ဖြစ်ကြပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် နန်မန်တကျွင်း သူ့တပည့်များနှင့်အတူ ဟင်းလင်းပြင်အစီအရင်မှ တစ်ဆင့် ကျားဟိန်းသံမြို့ဆီသို့ ပြန်လာခဲ့လေ၏။
ယခင်တစ်ကြိမ် တိုက်ပွဲပြီးသွားပြီးနောက် ကျားဟိန်းသံမြို့၏ မူလ အကာအကွယ်အစီအရင်ကို ထပ်မံ၍ အသုံးပြုလို့ ရတော့မည် မဟုတ်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ဤအကာအကွယ်အစီအရင်အား ထပ်မံ မွမ်းမံ၍ အဆင့်မြှင့်တင်ရပေလိမ့်မည်။ နန်မန်တကျွင်းသည် ဧကရာဇ်အဆင့် အစီအရင်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ဤကဲ့သို့သော တာဝန်မျိုးအတွက် အသင့်တော်ဆုံးသော လူတစ်ယောက် ဖြစ်ပေသည်။
နန်မန်တကျွင်းအား မြို့တစ်ဝိုက် လှည့်ပတ်ပြသပေးပြီးသည့်နောက် နန်မန်တကျွင်းမှာ ကျားဟိန်းသံမြို့၏ အစီအရင် မည်မျှ စုတ်ပဲ့ကြောင်း ဝေဖန် အပြစ်တင်တော့သည်။ အစီအရင် တစ်ခုလုံးကို ဖျက်ဆီး၍ အသစ်တစ်ခု ပြန်လည်ခင်းကျင်းရန်လည်း ပြောလာခဲ့လေသည်။
ထိုအခါ ရန်ကိုင်က နန်မန်တကျွင်း၏ ပခုံးကို ပုတ်ပေးရင်းမှ ခေါင်းခါ၍ ပြောလိုက်လေ၏။ "အခု အဲဒီလိုမျိုးလုပ်ဖို့ အချိန် မရှိသေးဘူး၊ တတ်နိုင်သလောက်ပဲ ဒီအစီအရင်ကို ပိုပြီးတော့ကောင်းအောင် လုပ်ပေး"
နန်မန်တကျွင်းသည် သူ့ရင်ဘတ်ကို ပုတ်၍ အာမခံပေးလိုက်လေသည်။ "စိတ်မပူနဲ့ နန်းတော်သခင်၊ ဒီအစီအရင်ကို အရင်ကထက် ဆယ်ဆမက ပိုပြီး ကောင်းအောင် လုပ်ပေးလိုက်မယ်"
ရန်ကိုင်မှာလည်း နန်မန်တကျွင်းအပေါ် ယုံကြည်ချက် အပြည့်ရှိပေသည်။ သူသိထားသည့် အစီအရင်ပညာရှင်များအနက် ယန်ယန်မှ လွဲ၍ နန်မန်တကျွင်းထက် ပိုတော်သည့် အစီအရင်ပညာရှင် မရှိပေ။
ရန်ကိုင်သည် ကျားဟိန်းသံမြို့ထဲ အကြာကြီး နေမနေခဲ့။ လုပ်စရာကိစ္စများကို နန်မန်တကျွင်းအား ရှင်းပြပြီးသည့်နောက် လေဟာနယ်မှတ်တိုင်မှ တစ်ဆင့် လီဝူရီ ဘေးနားသို့ တည်နေရာ ခုန်ကူးလာလိုက်သည်။
နှစ်ဦးသား တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်တော့လေ၏။ "စီနီယာ ကျုပ် လူအင်အား ထပ်လိုတယ်"
လီဝူရီသည် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်းမှ... "အဲဒီတော့ ငါ့ဆီကို လာခဲ့တာပေါ့"
ရန်ကိုင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်းမှ ပြန်မေးလိုက်လေ၏။ "စီနီယာ့ဆီ မလာရင် ဘယ်သူ့ဆီ သွားရမှာလဲ"
လီဝူရီမှာ ရယ်ရခက်ငိုရခက် အမူအရာဖြင့် "ငါကိုယ်တိုင်လည်း လူလိုနေတာကွ၊ မင်းက ငါ့ဆီကနေ လူလာတောင်းနေမှတော့ ငါက ဘယ်သူ့ဆီ သွားတောင်းရမှာလဲ"
ရန်ကိုင် ထိတ်လန့်သွားတော့သည်။ "တကယ်ကြီးလား"
လီဝူရီက ခေါင်းကိုက်နေသည့် ပုံစံမျိုးဖြင့်... "မင်း အရင်တစ်ခါ လာတုန်းကလည်း တွေ့တာပဲ၊ ငါတို့ ရင်ဆိုင်နေရတဲ့ နတ်ဆိုးစစ်တပ်မှာ အရေအတွက်က တစ်သန်းကျော်မက ရှိနေတာ၊ အဲဒီအထဲမှာ အားကောင်းတဲ့ ပညာရှင်တွေလည်း အများကြီးပဲ၊ အခု ငါ့မှာရှိတဲ့ လူအရေအတွက်နဲ့တင် ဒီမြို့ကို မနည်း ကာကွယ်ရုံလေး ကာကွယ်နေရတာ၊ ဒီတော့ မင်းကိုသာ ငါ့လူတွေ ပေးလိုက်ရင် ငါ ဘယ်လိုလုပ်ပြီး ဆက်ပြီးတော့ တိုက်ခိုက်တော့မှာလဲ"
ရန်ကိုင်မှာလည်း သေသေချာချာ စဉ်းစားလိုက်ပြီးသည့်နောက် သဘောမတူချင် တူချင်ဖြင့် သဘောတူလိုက်ရသည်။ လီဝူရီတွင် ကျားဟိန်းသံမြို့နှင့် ယှဉ်လိုက်သော် ကျင့်ကြံသူ အရေအတွက် ပိုများများ ရှိနေပါသော်ငြား သူတို့ ရင်ဆိုင်နေရသည့် နတ်ဆိုးစစ်တပ်မှာလည်း ကျားဟိန်းသံမြို့ ရင်ဆိုင်နေရသည့် နတ်ဆိုးစစ်တပ်ထက် အရွယ်အစား ပိုမိုကြီးမားပေသည်။ ယခင်တစ်ကြိမ် သူရောက်လာသည့် အခါတွင်ဆိုလျှင် နတ်ဆိုးစစ်တပ်သည် လီဝူရီတို့နှင့် ရင်ဆိုင်ရန်အတွက် မဟာဧကရာဇ်တစ်ပိုင်းအဆင့် နတ်ဆိုးကိုပင်လျှင် စေလွှတ်ထားပေသေးသည်။
လီဝူရီက ပြန်မေးလိုက်၏။ "မင်း အခု ဘယ်မှာ နေရာကျနေတာလဲ၊ အဲဒီဘက်မှာ အခြေအနေရော ကောင်းလား"
ရန်ကိုင်က သက်ပြင်းချ၍ ပြန်ပြောလိုက်၏။ "ကျားဟိန်းသံမြို့ပဲ၊ အခုလေးတင် တိုက်ပွဲတစ်ပွဲ ပြီးတာ၊ ဒါပေမဲ့ အဆုံးအရှုံးက နည်းနည်းများတော့ လူထပ်ဖြည့်ဖို့ လိုနေလို့"
"ကျားဟိန်းသံမြို့" လီဝူရီ မျက်ခုံးပင့်သွားခဲ့ပြီး တောင်နှင့်မြစ်ပုံရိပ်ဆီသို့ သွားကာ တစ်ချက် ကြည့်ကြည့်လိုက်သည်။ တောင်နှင့်မြစ်ပုံရိပ်ကို ဖန်တီးထားသည်မှာ မကြာလောက်သေးပေ။ ထိုအကြောင်းကြောင့် ဤတောင်နှင့်မြစ်ပုံရိပ်သည် အနောက်ဘက်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုနေသည်ဟု ပြော၍ ရသည်။ ထိုအပြင် တောင်နှင့်မြစ်ပုံရိပ်ကို စစ်ပွဲ မတိုင်ခင် အလျင်စလို ဖန်တီးခဲ့ရသည့်အတွက်ကြောင့် နေရာအပြည့်အစုံကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ တစ်ခဏမျှ ပတ်ရှာနေပြီးသည့်နောက် လီဝူရီမှာ ကျားဟိန်းသံမြို့၏ တည်နေရာကို ရှာတွေ့သွားခဲ့ပြီး ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ "အဲဒီနေရာကလည်း အရေးကြီးတယ်၊ အဲဒီမြို့ ကျသွားရင် အတွင်းပိုင်းကို ဖောက်ဝင်လာပြီးတော့ ငါတို့ကို အနောက်ဘက်ကနေ တိုက်ခိုက်လာလိမ့်မယ်"
"စီနီယာပြောတာ အမှန်ပဲ၊ ဒါကြောင့် စီနီယာ့ဆီကနေ အကူအညီနည်းနည်း လာတောင်းတာ" ရန်ကိုင်က သံကို ပူတုန်းထုရန် ကြိုးစားလိုက်သည်။
လီဝူရီကမူ အော်ဆဲချင်သည့် ပုံစံမျိုးဖြင့် ရန်ကိုင်အား လက်ညှိုးငေါက်ငေါက် ထိုးလိုက်လေသည်။ သို့ပါသော်ငြား အဆုံးတွင်မူ သက်ပြင်းချ၍သာ ပြန်ပြောလိုက်၏။ "ငါ့ကို လာပြောနေလို့တော့ အပိုပဲ၊ ငါ မင်းကို ဘယ်လူမှ ပေးလို့ရမှာ မဟုတ်ဘူး၊ မင်း ထက်ကောင်းကင်နန်းတော်က လူတွေရော"
ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ တောင်နှင့်မြစ်ပုံရိပ်ကို လှည့်ပတ်ရှာလိုက်သည်။ ထို့နောက် တစ်နေရာဆီသို့ ညွှန်ပြ၍ ပြန်ပြောလိုက်လေ၏။ "သူတို့က အဲဒီဘက်မှာ စခန်းကျနေတာ"
"သူတို့က မကူညီနိုင်ဘူးလား"
ရန်ကိုင်က ခေါင်းခါ၍... "သူတို့လည်း ကူညီနိုင်မှာ မဟုတ်ဘူး၊ သူတို့မှာလည်း သူတို့ ရန်သူတွေနဲ့ သူတို့"
လီဝူရီက သက်ပြင်းချ၍... "နတ်ဆိုးစစ်တပ်က အရမ်းအားကောင်းလွန်းတယ်၊ ပြီးတော့ သူတို့ ကြိုတင်ပြင်ဆင်ထားတာ အကြာကြီးပဲ၊ ဒီတော့ သူတို့နဲ့ တိုက်ခိုက်နေရတဲ့ အနောက်ဘက်နယ်မြေက မြို့တွေ အကုန်လုံးက လူအင်အား မမျှဘူး ဖြစ်နေကြတာ"
ရန်ကိုင်က မျက်မှောင်ကြုတ်၍... "အဲဒါဆိုရင် ဘာဖြစ်လို့ နောက်ဆုတ်ပြီး စစ်တပ်ကို ပိုပြီးတော့ ကျစ်လစ်သွားအောင် မလုပ်တာလဲ"
လီဝူရီက ခေါင်းခါ၍... "အဲဒီလို လုပ်လိုက်ရင် နယ်မြေတွေကို အလျင်စလို အလျှော့ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်၊ နတ်ဆိုးစစ်တပ်ကလည်း သူတို့ရဲ့ လူအင်အားတွေကို ဖြန့်ကျက်ဖို့ ပိုပြီးလွယ်သွားပြီ၊ အဲဒီလိုလုပ်တာ အကျိုးမရှိတာက ပိုများတယ်"
"အခုအခြေအနေက သိပ်မကောင်းသေးဘူးဆိုပေမဲ့ ငါတို့သာ တောင့်ခံထားနိုင်မယ်ဆိုရင် မျှော်လင့်ချက်က ရှိနေသေးတယ်" တစ်ချက်မျှ ရပ်ပြီးသည့်နောက် လီဝူရီက ဆက်၍ ပြောလိုက်လေ၏။ "ယန်ယန်ဆီသွား၊ အခုလောလောဆယ် သူက ကြယ်တာရာအစုအဝေးက ကျင့်ကြံသူတွေကို ခွဲဝေချပေးတဲ့အလုပ်ကို တာဝန်ယူထားတာ၊ အနောက်ဘက်နယ်မြေထဲက အဓိက မြို့ကြီးတွေရဲ့ အခြေအနေကို သူသိတယ်၊ ဒီတော့ အချို့လူပိုနေတဲ့ နေရာတွေဆီကနေ မင်းကို နည်းနည်းလူခွဲပေးလို့ရရင် ရလိမ့်မယ်၊ ငါလည်း အရင်တစ်ကြိမ် မင်းခေါ်လာတဲ့ ဧကရာဇ်အဆင့်ပညာရှင်တွေနဲ့ မှော်ဆရာတွေကို လူခွဲပေးလို့ရအောင် သူ့ဆီပဲ ပို့လိုက်တာ"
"ယန်ယန်လား" ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ "သူ့ကို ဘယ်မှာ သွားရှာရမှာလဲ"
"ငါမင်းကို အခုပဲ ပို့ပေးလိုက်မယ်" ပြောပြီးသည့်နောက် လီဝူရီသည် ရန်ကိုင်၏ ပခုံးအပေါ် သူ့လက်ကို တင်လိုက်လေသည်။ ထို့နောက် လေဟာနယ်နိယာမတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်မှာ ပျောက်ကွယ်သွားခဲ့လေ၏။
သူ့ကိုယ်သူ ဟန်ချက် သေချာ မထိန်းနိုင်သေးခင်မှာပင် အော်ပြောသံများကို ရန်ကိုင် ကြားလိုက်ရသည်။
အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။
လက်ရှိ အခိုက်အတန့်တွင် ခန်းမတစ်ခု အရှေ့၌ လူပေါင်းများစွာ ရပ်နေကြသည်။ ထိုအပြင် ထိုလူအားလုံးမှာ အင်အားစုအသီးသီး၏ ဧကရာဇ်တတိယအဆင့်ပညာရှင်များ ဖြစ်ကြပေသည်။ ထိုလူတစ်ဦးချင်းစီတိုင်းသည် လူပေါင်းများစွာမှ လေးစားအားကျရသည့် လူများ ဖြစ်ကြပါသော်ငြား လက်ရှိ အခိုက်အတန့်တွင်တော့ ထိုလူများသည် ခန်းမ အရှေ့၌ မျက်နှာကြီး နီလာသည်အထိ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းခုံအော်ဟစ်ပြောဆိုနေကြလေသည်။
ထိုလူများထဲ သူရင်းနှီးနေသည့် လူများစွာကိုပင်လျှင် ရန်ကိုင် မြင်တွေ့လိုက်ရသည်။
ဝမ်ကျိရှန်းနှင့် မာချင်တို့မှာ တစ်ဦးအင်္ကျီကော်လာကို တစ်ဦး ဆွဲကိုင်ရင်းမှ တစ်ယောက်နှင့်တစ်ယောက် ထသတ်ကြတော့မည့် ပုံစံမျိုးဖြင့် ငြင်းခုံနေကြလေသည်။
ရန်ကိုင်ကမူ ထိုအရှုပ်အထွေးထဲ ပါမသွားရလေအောင် ဘေးမှ အေးအေးဆေးဆေးသာ ရပ်ကြည့်နေလိုက်လေ၏။
လူသစ်တစ်ဦး ပေါ်လာသည့် ကိစ္စသည် အခြားလူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အကုန်လုံး လှမ်းကြည့်လိုက်ရာ ရန်ကိုင်အား မြင်ပြီးသည့်နောက် အပေါင်းအပါများက ခေါင်းညိတ်ပြလိုက်လေ၏။ မီချီသည် ရန်ကိုင်ဆီသို့ ရောက်လာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "နန်းတော်သခင်ရန်"
ရန်ကိုင်ကလည်း ပြန်၍သာ နှုတ်ဆက်လိုက်သည်။
"ဟဲ့ကောင်လေး၊ နင်ရော ဘာဖြစ်လို့ ဒီကို ရောက်လာရတာလဲ" စိတ်ဓာတ်ကျနေသည့် အသံတစ်သံ ခန်းမထိပ်ပိုင်းဆီမှ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လည်း အသံကို ရင်းနှီးနေသလို ရှိသည်ဟု ခံစားရသည့်အတွက်ကြောင့် လှမ်းမော့၍ ကြည့်လိုက်ရာ စကားပြောလိုက်သည့် လူမှာ ယန်ယန် ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။
သို့ပါသော်ငြား ရန်ကိုင်နှင့်အတူ အချိန်အကြာကြီးနေမှ ပြန်တွေ့ရသည့်တိုင် ယန်ယန်မှာ အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်း မရှိခဲ့။ ထိုအစား ခေါင်းပင်ကိုက်နေသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ မေးလိုက်လေ၏။ "ဟိုခွေးသူတောင်းစား လီဝူရီ နင့်ကို ဒီပို့လိုက်တာလား"
ရန်ကိုင်အနေဖြင့် ဤနေရာဆီသို့ ဗြုန်းစားကြီး ရောက်လာနိုင်ရခြင်းမှာ လီဝူရီ၏ လေဟာနယ်မှတ်တိုင်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် ဝမ်ကျိရှန်းနှင့် မာချင်တို့ကို အံ့သြတကြီးဖြင့် ကြည့်၍ မေးလိုက်လေ၏။ "ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ဝမ်ကျိရှန်းနှင့် မာချင်တို့မှာ မသိလျှင် ထသတ်ကြတော့မည့် ပုံစံမျိုး ပေါက်နေကြလေသည်။
မီချီသည် ရန်ကိုင် အနားသို့ ကပ်လာပြီး တိုးတိုးလေး ပြောလိုက်လေ၏။ "နန်းတော်သခင်ရန်လည်း ဒီကို လူအင်အား ထပ်တောင်းဖို့ လာခဲ့တာလား"
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် မီချီကို ကြည့်၍ ပြန်မေးလိုက်လေ၏။ "ခင်ဗျားလည်း အဲဒါကြောင့် ရောက်လာတာလား"
မီချီက ခါးသက်သက် အမူအရာဖြင့် ပြုံး၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်" ထို့နောက်တွင် ဝမ်ကျိရှန်းကို မေးငေါ့ပြလျက် ဆက်၍ ပြောလိုက်လေ၏။ "သူတို့ အကုန်လုံးပဲ၊ ဒါပေမဲ့ စီနီယာယန်ယန်က အခု ငါတို့ လူလိုသလောက် မပေးနိုင်ဘူး ဖြစ်နေတယ်၊ လူက နည်းနည်းလေးပဲ ရှိတာလေ၊ လိုချင်နေတဲ့ လူက အများကြီးဆိုတော့ ခွဲပေးဖို့က ခက်နေတာ၊ အခု ကျောင်းသခင်ဝမ်နဲ့ တော်ဝင်သခင်မာက သူတို့အခြေအနေက ပိုဆိုးနေပါတယ်ဆိုပြီးတော့ အပြန်အလှန် ငြင်းခုံပြီးတော့ လူတောင်းဖို့ လုပ်နေတာ၊ အခြေအနေ ပိုဆိုးတဲ့ လူတွေကိုပဲ လူပိုပေးနိုင်မှာလေ၊ အခြေအနေက ခံသာနေသေးရင်တော့ လူမပေးလည်း ရတာကိုး"
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ဝါးလုံးကွဲ အော်ရယ်မောလုမတတ် ဖြစ်သွားခဲ့သည်။ သို့ပါသော်ငြား ရုတ်တရက် ဝမ်းနည်းသွားပြီးသည့်နောက် မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏။ "ဒီတော့ လက်ဗလာနဲ့ပဲ ပြန်ရတော့မှာပေါ့"
မီချီက ဝမ်းနည်းနေသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ "အဲဒီလိုပဲ ရှိလိမ့်မယ်"
သူတို့ နှစ်ဦး စကားပြောနေစဉ် အတောအတွင်း ဝမ်ကျိရှန်းနှင့် မာချင်မှာ စ၍ပင် တိုက်ခိုက်နေကြပေလေပြီ။ သို့ပါသော်ငြား အပေါ်ယံ တိုက်ခိုက်ခြင်းသာ ဖြစ်ပြီး တကယ်ဧကရာဇ်ချီကို အသုံးပြုခြင်း မရှိကြပေ။ လက်ဝှေ့ပွဲထိုးနေသည့်အလား တစ်ဦးကိုတစ်ဦး ခြေလက်များကို သုံး၍သာ ကန်ကျောက်နေကြ၏။
ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦး လမ်းဘေး လူရမ်းကားများနှယ် ရန်ဖြစ်နေကြသည်ကို မြင်ရသည်မှာ အမှန်တကယ်ကို ရှားပါးလွန်းလှသည်။ ထိုအကြောင်းကြောင့် အခြားသူများမှာ သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို စိတ်ဝင်တစားဖြင့် ရပ်ကြည့်နေကြလေ၏။
မကြာမီတွင် ယန်ယန်မှာ စိတ်မရှည်နိုင်တော့ဘဲ ဒေါမာန်တကြီးဖြင့် ထအော်တော့လေ၏။ "နင်တို့ ရပ်လိုက်ပေတော့"
ချစ်ချစ်တောက် ပူလောင်သည့် အရှိန်အဝါတစ်ရပ် ခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရာ ဝမ်ကျိရှန်းနဲ့ မာချင်တို့မှာလည်း ထိုအခါမှသာလျှင် လူချင်း ခွာလိုက်ကြပေသည်။ သို့ပါသော်ငြား မကျေနပ်သေးသည့် အမူအရာဖြင့် တစ်ဦးကိုတစ်ဦး မာန်စောင်ကာ စိုက်ကြည့်နေကြသေးသည်။
ယန်ယန်သည် သူမ၏ မဟာဧကရာဇ်တစ်ပိုင်းအဆင့် အရှိန်အဝါဖြင့် ခန်းမထဲရှိ လူအားလုံးကို လွှမ်းခြုံထားရင်းမှ လူအုပ်ကြီးကို ဝေ့ကြည့်၍ ပြောလိုက်လေ၏။ "လူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ်ပဲ၊ ဒါပေမဲ့ အခုလောလောဆယ် ဒီဘုရင်မမှာ ရှင်တို့ကို ပေးနိုင်တဲ့ လူအင်အား မရှိသေးဘူး၊ ဒီတော့ အကုန်လုံး ပြန်သွားလိုက်ကြပေတော့"
မာချင်က ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေသည်။ "မဒမ် အခုလေးတင် ကျုပ်ဘက်ကို ကျင့်ကြံသူ သုံးသောင်း စေလွှတ်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး တစ်ယောက်မှ မရှိရတော့တာလဲ"
ဝမ်ကျိရှန်းကလည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ဘယ်လိုလုပ်ပြီး ဘယ်သူမှ မရှိတော့တာလဲ၊ ကျုပ်လည်း များများစားစား မလိုဘူး၊ တစ်သောင်းလောက်ဆို အဆင်ပြေပြီ"
မာချင်က ပြန်၍ အော်ပြောလိုက်၏။ "ကျုပ်လည်း တစ်သောင်း လိုချင်တယ်"
အားယန်ကျောင်းတော်၏ ကျောင်းသခင်ကလည်း အသာအယာ ချောင်းဟန့်ရင်းမှ ဝင်ပြောလိုက်လေ၏။ "ကျုပ်လည်း တစ်သောင်းလောက် လိုချင်တယ်"
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြလေသည်။
ယန်ယန်ကမူ နှာခေါင်းရှုံ့၍သာ ပြန်ပြောလိုက်၏။ "ရှင်တို့အားလုံးက တစ်ယောက်တစ်သောင်းစီ လိုချင်နေတာ၊ ကျွန်မက အဲဒီ တစ်ယောက်တစ်သောင်းစီကို ဘယ်ကနေသွားရှာပြီး ရှင်တို့ကို ပေးရမှာလဲ၊ အခုလောလောဆယ် မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်နယ်မြေက လူစုနေတုန်းပဲ ရှိသေးတယ်၊ ရှင်တို့လိုချင်နေတဲ့ လူတွေ နောက်တစ်လနေမှ ရမယ်"
မာချင်က ပြန်၍ ပြောလိုက်၏။ "မဒမ်၊ တစ်လနေမှရမယ်ဆိုရင်တော့ အစောပိုင်းက ပြောခဲ့တဲ့ လူသုံးသောင်းလေးကလေ"
ယန်ယန်သည် မာချင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏။ "နောက်ထပ်တစ်ခွန်း ထပ်ပြောရဲ ပြောကြည့်၊ နောက်တစ်လ ရှင် ဘာလူမှ မရတော့ဘူးမှတ်"
မာချင် ချက်ချင်း ပါးစပ်ပိတ်သွားတော့လေသည်။
ယခု အခြေအနေအရ သူတို့အနေဖြင့် ယန်ယန်ဆီမှ မည်သည့်လူမျှ ရနိုင်တော့လိမ့်မည် မဟုတ်ကြောင်း လူတိုင်း သိသွားကြသည်။ ထိုအကြောင်းကြောင့် မကျေမနပ်ဖြင့် ထွက်သွားရုံသာ ရှိတော့ပေသည်။ ကံကောင်းစွာဖြင့် မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်နယ်မြေသည် စစ်ကူများကို စေလွှတ်နိုင်ရန်အတွက် လူများ စုဆောင်းနေသည်ဟု ယန်ယန်မှ ပြောလာခဲ့သည်။ ထိုအကြောင်းကြောင့် နောက်လသို့ ရောက်သည့်အခါတွင် စစ်ကူများ ရောက်ရှိလာကြပေလိမ့်မည်၊ သူတို့အနေဖြင့် လက်ရှိ လူအင်အားဖြင့် တောင့်ခံထားဖို့သာ ရှိတော့သည်။
ယန်ယန်သည် လက်ရှိအချိန်တွင် ကြယ်တာရာအစုအဝေး၏ လူဖြန့်ဝေမှုကို တာဝန်ယူထားရသည့် လူတစ်ဦး ဖြစ်သလို သူမ ကိုယ်တိုင်သည်လည်း မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် မည်သူမျှ သူမအား သွား၍ ရန်မစရဲကြပေ။ တစ်ခဏမျှ ရစ်သီရစ်သီ လုပ်နေပြီးသည့်နောက် အကုန်လုံး နှုတ်ဆက်ကာ ပြန်ထွက်သွားကြလေ၏။
ရန်ကိုင်ကမူ ထွက်မသွားသေးဘဲ အကုန်လုံး ထွက်သွားသည့်အထိ ရပ်စောင့်နေပြီးသည့်နောက် ယန်ယန်အား ပြုံးကာ ကြည့်လာခဲ့သည်။