← Chapters

အခန်း ၃၄၁၄

Vol. 150 Ch. 3414

အခန်း ၃၄၁၄

Vol. 150 Ch. 3414

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၄)

ဘာသာပြန်သူ_တိမ်တိုက်

“ငါ နင့်ကိုပေးဖို့လူ မရှိတော့ဘူးလို့ ပြောနေတယ်လေ… နင် ငါပြောတာကို နားမလည်တာလား…” ယန်ယန်သည် ရန်ကိုင်အား စောင်းကြည့်လိုက်ရင်းမှ မေးလိုက်သည်။

“နားလည်တယ် နားလည်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ယန်ယန်သည် ရန်ကိုင်အား မယုံသင်္ကာဖြင့်ကြည့်လျက် “နင်တကယ်နားလည်တာလား…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… တကယ်ကိုနားလည်တယ်… ငါနင့်ကို ဘာမှ အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး…”

အဓိကမြို့ကြီးများကို ကာကွယ်နေကြသည့်လူတိုင်းတွင် ကိုယ့်အခက်အခဲနှင့်ကိုယ် ရှိကြပေသည်။ ထိုလူများ၏ပြဿနာများသည် ယန်ယန်၏ပြဿနာများ ဖြစ်ကြသည်။ ယန်ယန်မှာ အစောကြီးတည်းက အခြေအနေကို သေချာ ရှင်းအောင် ပြောပြသွားပြီးဖြစ်လေရာ ရန်ကိုင်အနေဖြင့် နားမလည်ဘဲ ဘယ်နေပါမည်နည်း။

“နင်နားလည်ရင် တော်သေးတာပေါ့…” ယခုမှသာလျှင် ယန်ယန် သက်ပြင်းချနိုင်တော့သည်။ ရန်ကိုင် သူမဆီမှ လူထပ်တောင်းလာမည်ကို သူမ အမှန်တကယ် စိတ်ပူနေမိပေသည်။ အခြားတစ်ဦးသာဆိုလျှင် ငြင်းလိုက်၍ရပါသော်ြငား ရန်ကိုင်ကိုငြင်းဖို့ရာ ခက်လှပေသည်။ ရန်ကိုင်သည်သာ တကယ်ကြီးတောင်းဆိုလာခဲ့မည်ဆိုလျှင် သူမအနေဖြင့် ရန်ကိုင်အတွက် နည်းလမ်းတစ်ခုခု စဉ်းစား၍ လူရှာပေးရပေတော့မည်။

ယန်ယန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “နင့်ဘက်က အခြေအနေအရမ်းဆိုးလား…”

“အရမ်းကြီးဆိုးတဲ့အထဲမပါပေမယ့် ကောင်းတဲ့အထဲတော့မပါဘူး…” ရန်ကိုင်မှာ လိုတိုရှင်းသာ ရှင်းပြလိုက်လေ၏။ ထို့နောက်တွင် ပြုံး၍ ဆက်ပြောလိုက်သည်။ “လူကတော့ ငါ့ဘာသာငါပဲ ကြည့်ကျက်ပြီးတော့ ရှာလိုက်မယ်… နင်စိတ်ပူနေစရာမလိုဘူး…”

ယန်ယန်က ပြန်မေးလိုက်သည်။ “နင် ဘယ်ကနေလူသွားရှာမှာလဲ…” မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်နယ်မြေမှ လူအင်အားအားလုံးကို စုဝေးနေခဲ့ပါသော်ငြား တစ်စုံတစ်ဦးအနေဖြင့် စစ်ကူများကို ရှာတွေ့မည်ဆိုလျှင် သူမဆီသို့ အရင်ဆုံး လာအစီအရင်ခံတင်ပြရန် လိုအပ်ပေသည်။ ထိုအခါမှသာလျှင် ယန်ယန်သည် ထိုစစ်ကူများကို ပြန်လည်၍ ခွဲဝေပေးပေလိမ့်မည်။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ထက်ကောင်းကင်နန်းတော်ကနေ နောက်ထပ်လူငါးထောင်လောက်ကို ပို့လို့ရသေးတယ်… ပြီးတော့ စစ်ကူတွေ သွားတောင်းလို့ရမယ့် တစ်နေရာရှိသေးတယ်…”

“ဘယ်နေရာလဲ…” ယန်ယန်သည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်၏။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “ငါ နင့်ကို မပြောနိုင်ပါဘူး… မပြောနိုင်ဘူး… အချိန်တန်ရင် နင်သိလိမ့်မယ်… ဒါပေမယ့် ငါ နင့်ကို အရင်ဆုံး ကြိုပြောထားလိုက်မယ်… အဲ့လူတွေက ငါ့လူတွေနော်… သူတို့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ငါပဲဆုံးဖြတ်မှာ… နင်လာဆုံးဖြတ်လို့မရဘူး…”

ယန်ယန်မှာ ရန်ကိုင်အား မျက်စောင်းထိုးရင်းမှ ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။ သို့ပါသော်ငြား သူမတတ်နိုင်သည့်အရာ ဘာမှမရှိပေ။

တစ်ခဏမျှ စကားပြောနေပြီးသည့်နောက် ရန်ကိုင်မှာ အနောက်ဘက်နယ်မြေထဲရှိ အဓိကမြို့ကြီးများ၏ အကြမ်းဖျင်းအခြေအနေကို နားလည်သွားရတော့သည်။ မြို့တစ်မြို့စီတိုင်းကို ပညာရှင်ပေါင်းများစွာမှ ကာကွယ်ပေးထားကြပြီး ထိုပညာရှင်များမှာလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ခြင်း မရှိကြပေ။ အကြောင်းမှာ နတ်ဆိုးစစ်တပ်သည် ထိုမြို့များကို တောက်လျှောက် မျက်စောင်းထိုးနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

နေ့ဝက်ကြာပြီးသည့်နောက် ရန်ကိုင်သည် ယန်ယန်ကို နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။ ထို့နောက်တွင် လေဟာနယ်မှတ်တိုင်ကို အသုံးပြု၍ ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်လာပြီးသည့်နောက် ဟွာချင်းစီအား လက်ကျန်လူငါးထောင်ကို ကျားဟိန်းသံမြို့ဆီသို့ ပို့ပေးရန် ပြောလိုက်သည်။ ထို့နောက်တွင် ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တစ်ယောက်တည်း တက်လိုက်လေ၏။

ယန်ယန်အား အားကိုး၍ မရတော့သည့်အတွက်ကြောင့် သူ့နည်းသူ့ဟန်ဖြင့် လူရှာရန်သာ ရှိပေတော့သည်။

ရန်ကိုင်မှာ သူ၏နောက်ဆုံးဝှက်ဖဲကို အမှန်တကယ် ထုတ်မသုံးချင်ပေ။ သို့ပါသော်ငြား သူသည်သာ ထိုဝှက်ဖဲကို ထုတ်မသုံးလျှင် နောက်တစ်ကြိမ် နတ်ဆိုးစစ်တပ်ပြန်လာသည့်အခါ ကျားဟိန်းသံမြို့ တောင့်ခံနိုင်တော့လိမ့်မည်မဟုတ်။

ထို့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ရတော့သည်။

သူသွားရန်ကြံနေသည့်နေရာမှာတော့ အခြားမဟုတ်။ နဂါးကျွန်းသာ ဖြစ်လေသည်။ ဤလောကကြီးသိထားကြသည်မှာ နဂါးကျွန်းတွင် နဂါးများ နေသည်ဟူ၍သာ။ သို့ပါသော်ငြား လူအနည်းငယ်သည်သာ နဂါးကျွန်းပေါ်တွင် နဂါးများအပြင် နဂါးနွယ်ဖွား ဧကရာဇ်အဆင့်ပညာရှင်များလည်း ရှိနေသေးသည်ကို သိထားကြပေသည်။ နဂါးတစ်ပိုင်းမြို့ထဲရှိ အင်အားစုများမှာ ပေါ့သေးသေးတွက်၍ရသည့် အင်အားစုမဟုတ်ပေ။

အခြားသူတစ်ဦးသာဆိုလျှင်တော့ နဂါးကျွန်းအား အချိန်ကုန်ခံ၍ သွားနေလိမ့်မည်မဟုတ်ပေ။ သို့ပါသော်ငြား ရန်ကိုင်မှာ ယခုဆိုလျှင် နဂါးကျွန်းနှင့် အတော်လေးကိုမှ ဆက်ဆံရေးကောင်းနေသည့် လူတစ်ဦး ဖြစ်သည့်အလျောက် သူ့အနေဖြင့် ထိုလူများကို တောင်းဆိုဖို့ရာ သိပ်ခက်လှလိမ့်မည်မဟုတ်။

ရန်ကိုင်အား ခေါင်းကိုက်စေသည့်အရာမှာ နဂါးကျွန်းသို့ရောက်သည့်အခါတွင် ဖုကျွင်းနှင့် မျက်နှာချင်းဆိုင်ရမည့် ကိစ္စသာဖြစ်လေသည်။

ထိုကောင်လေးရန်ရှောင်သည် ဥတုလေးမျိုးနယ်မြေထဲသို့ ချုန်းချီနှင့်အတူ ဝင်သွားပြီးချိန်မှစ၍ ယခုအချိန် သူနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မကြားရသေးပေ။ ဖုကျွင်းသည်သာ ထိုအကြောင်းကို သိသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အား သူမသားကို သေသေချာချာ ဂရုမစိုက်ရကောင်းလားဟု အပြစ်တင်ပေတော့မည်။ ထိုနဂါးမကြီးသာ ဒေါသထွက်သွားခဲ့မည်ဆိုလျှင် သူ့အတွက် သိပ်၍ အခြေအနေမကောင်းလှပေ။

သို့ပါသော်ငြား နဂါးကျွန်းသို့သွားလျှင် သူမနှင့် ကျိန်းသေကို တွေ့ရလိမ့်မှန်း ရန်ကိုင်သိနေခဲ့လေသည်။ ထိုအကြောင်းကြောင့် တစ်ကြိမ်တွင် တစ်လှမ်းသာ လှမ်းရန် တတ်နိုင်တော့လေ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အရှေ့ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်၌ လူတစ်ဦးပေါ်လာခဲ့သည်။

ရန်ကိုင်သည် လိုဏ်ဂူထဲမှ ထွက်လာပြီးသည့်နောက် ဦးတည်ရာလမ်းကြောင်းရှာကာ ပျံသန်းလာခဲ့လေ၏။ မကြာမီ ပင်လယ်ထဲသို့ ထိုးဆင်းသွားတော့သည်။

နဂါးကျွန်းဆီသို့ သွားသည့်လမ်းနှင့်ပတ်သက်၍ ရင်းနှီးနေပြီးသား ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ နဂါးကျွန်းရှိနေသော သီးခြားကမ္ဘာထဲသို့ အလွယ်တကူ ဝင်ရောက်လာခဲ့သည်။ အထဲသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖုလင်၏ အံ့အားသင့်နေသည့်အသံကို ကြားလိုက်ရလေ၏။ “ခဲအိုမှန်းသိသားပဲ… ဟား ဟား… ငါထင်တာမှန်နေတာပဲ…”

ရန်ကိုင်သည် လက်ကိုမြှောက်ရင်းမှ ထိုနဂါးမလေးနှင့် ဆယ်မီတာအကွာတွင် ရပ်လိုက်ပြီး မေးလိုက်လေ၏။ “ငါမှန်းသိနေတာလား…”

ဖုလင်က ဆရာကြီးပုံစံမျိုးဖမ်းလျက် လက်နောက်ပစ်ရင်းမှ ပြန်ပြောလိုက်သည်။ “ဒါပေါ့… ခဲအိုကလွဲပြီး ဘယ်သူက နဂါးကျွန်းကိုလာမှာလဲ… ပြီးတော့ ဒီကို ခဲအိုကလွဲပြီးတော့ အခြား လာနိုင်တဲ့လူလည်း မရှိဘူးလေ…” ထို့နောက်တွင် ရန်ကိုင်အား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကြည့်ရင်းမှ “ခဲအို အစ်မချင်းကို လွမ်းလို့လား…”

“အင်း… ငါသူ့ကို အရမ်းလွမ်းတာပေါ့…” ရန်ကိုင်က ပြန်၍ပြောလိုက်သည်။

“ဒါဆို ကျွန်မကိုရော လွမ်းလားဟင်…” ဖုလင်သည် ရှက်ကိုးရှက်ကန်းအမူအယာလေးဖြင့် မေးလိုက်လေသည်။ “ငါက ဘာလို့ နင့်ကိုလွမ်းရမှာလဲ…” ရန်ကိုင်သည် ဖုလင်အား မျက်စောင်းထိုးလိုက်သည်။ ထို့နောက်တွင် ဖုလင်နှင့် အချိန်ကုန်ခံမနေတော့ဘဲ ပြောလိုက်လေ၏။ “ဒီမှာ အေးအေးဆေးဆေးနေ… ငါ အရင်သွားတော့မယ်…”

“နေပါဦး… ကျွန်မ ခဲအိုကို ပြောစရာရှိသေးတယ်…” ဖုလင်သည် နောက်မှနေ၍ လှမ်းအော်ခေါ်လိုက်သည်။ သို့ပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့်ပြန်ထူးသံမှ မကြားရသည့်အတွက်ကြောင့် ဒေါသတကြီးဖြင့်သာ ခြေဆောင့်ရင်း ကျန်ရစ်ခဲ့ရလေ၏။

နဂါးကျွန်းပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လခြမ်းကွေးကျွန်းပေါ်၌ ဆင်းလိုက်လေ၏။ ထိုကျွန်းပေါ်တွင်ရှိနေသော ကျုချင်းမှာ အပြင်ဘက်မှ လှုပ်လှုပ်ရှားရှားအသံများကို ကြားပြီးသည့်နောက် လာကြည့်လိုက်ရာ ရန်ကိုင်မှန်းတွေ့သွားသည့်နောက် အံ့အားသင့်သွားဟန်ဖြင့် “နင်ရောက်လာတာလား…”

ရန်ကိုင်ကမူ ဘာမျှပြောမနေတော့ဘဲ ကျုချင်းဆီသို့ လျှောက်သွားလိုက်ပြီး သူမခါးကို တင်းတင်းဖက်ကာ သူမနှုတ်ခမ်းကို ကောက်နမ်းလိုက်လေသည်။ ကျုချင်း၏ခန္ဓာကိုယ်လေး ချက်ချင်း ပျော့ခွေကျသွားခဲ့ပြီး သူမ၏မျက်လုံးများမှာလည်း အသိစိတ်မကပ်တော့သည့်ပမာ ဖြစ်သွားလေ၏။

အတန်ကြာပြီးသည့်နောက်မှသာလျှင် ရန်ကိုင်မှာ ကျုချင်းကို လွှတ်ပေးလိုက်ပြီးသည့်နောက် သူမ၏ဆံပင်ကို ပွတ်ပေးလျက် ပြောလိုက်လေသည်။ “ကိစ္စရှိလို့ရောက်လာတာ… ဒီတစ်ခါတော့ နင်နဲ့ အချိန်အကြာကြီး နေပေးနိုင်မှာမဟုတ်ဘူး…”

ကျုချင်းက ပြန်မေးလိုက်သည်။ “ဘာကိစ္စလဲ…”

“လာခဲ့… ပထမအကြီးအကဲဆီ သွားတွေ့ကြမယ်… သွားရင်းနဲ့မှ ငါ နင့်ကို ရှင်းပြမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကျုချင်း၏လက်ကိုကိုင်ကာ မိုးပြာသစ်ပင်ကျွန်းဆီသို့ ပျံသန်းသွားလေ၏။

သွားနေရင်းမှ ရန်ကိုင်သည် ကြယ်တာရာအစုအဝေး၏ လတ်တလောအခြေအနေကို ကျုချင်းအား အကျဉ်းချုံး ရှင်းပြလိုက်သည်။ ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် ကျုချင်းမှာ လုံးဝကို မင်သက်သွားခဲ့လေသည်။ နဂါးကျွန်းသည် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်ပါသော်ငြား ကြယ်တာရာအစုအဝေးနှင့် အဆက်အသွယ်မရှိပေ။ ထိုအကြောင်းကြောင့် နတ်ဆိုးနယ်မြေ ကျူးကျော်လာသည့်ကိစ္စနှင့်ပတ်သက်၍ ကြယ်တာရာအစုအဝေးထဲ သတင်းများ ပလူပျံအောင် ပြန့်နေပါသော်ငြား နဂါးကျွန်းမှာမူ ထိုအကြောင်းကိုမသိ။

ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် ဘာကြောင့် ဤနေရာတွင် ကြာကြာမနေနိုင်မှန်းကို ကျုချင်း သဘောပေါက်သွားခဲ့လေသည်။

မကြာမီတွင် ရန်ကိုင်တို့နှစ်ဦးသည် မိုးပြာသစ်ပင်ကျွန်းဆီသို့ ရောက်ရှိလာခဲ့ပြီး ကျုရန်နှင့် သွားတွေ့လေ၏။

ရန်ကိုင်မှ အကြောင်းအရင်းအကုန်အစင်ကို ရှင်းပြလိုက်သည့်အခါ ကျုရန်၏မျက်နှာကြီး လေးနက်တည်ကြည်သွားခဲ့လေသည်။ နဂါးကျွန်းသည် ပြင်ပရေးရာကိစ္စများကို ဂရုမစိုက်ပါသော်ငြား နတ်ဆိုးနယ်မြေ ကျူးကျော်လာသည့်ကိစ္စသည် နဂါးကျွန်းအတွက်လည်း အရေးကြီးပေသည်။ ယခုကိစ္စသည် ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ သေရှေးရှင်ရေးနှင့် ပတ်သက်နေသော ကိစ္စတစ်ရပ်ဖြစ်သည်။ နဂါးကျွန်းမှာ ထိုကဲ့သို့သောကိစ္စမျိုးမှ ခေါင်းရှောင်နေ၍မဖြစ်ပေ။

အတန်ကြာအောင် စဉ်းစားနေပြီးသည့်နောက် ကျုရန်က ပြန်မေးလိုက်လေ၏။ “မင်း ငါတို့နဂါးကလန်ကို ရှေ့ထွက်ပေးဖို့ လာပြောတာလား…”

ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်၏။ “အဲ့လိုရှေ့ထွက်ပေးရင်တော့ ကောင်းမှာပေါ့… ဒါပေမယ့် အခုအခြေအနေက နဂါးကလန် ရှေ့ထွက်ရလောက်တဲ့အထိ မလိုသေးဘူး… အခုလောလောဆယ်ကတော့ နဂါးကလန်က နောက်မှာနေပြီးတော့ ဝှက်ဖဲတစ်ခုအဖြစ်ပဲ နေနေလိုက်ရင် အကောင်းဆုံးပဲ… မဟာဧကရာဇ်ကိုယ်တိုင်ကလည်း နဂါးကျွန်းကို အကြောင်းမကြားသေးဘူးဆိုတော့ သူတို့လည်း နဂါးကျွန်းဝင်ပါဖို့ မလိုသေးဘူးလို့ ထင်လို့နေမှာပေါ့…”

ထိုစကားကိုကြားပြီးသည့်နောက် ကျုရန်က ခေါင်းညိတ်လိုက်‌လေ၏။ “အဲ့ဒါအမှန်ပဲ… အဲ့လိုဆိုရင် မင်း ဘာလို့ ဒီကိုရောက်လာတာလဲ…”

“နဂါးတစ်ပိုင်းမြို့ကလူတွေကို လိုချင်လို့…” ရန်ကိုင်သည် ကျုရန်အား ကြည့်ရင်းမှ ပြောလိုက်လေသည်။ “ကျုပ်က အခု ကျားဟိန်းသံမြို့လို့ခေါ်တဲ့ မြို့မှာ တာဝန်ကျနေတာ… လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကပဲ နတ်ဆိုးတွေနဲ့ တိုက်လိုက်ရသေးတယ်… ဒါပေမယ့် အဲ့တိုက်ပွဲမှာ အကျအဆုံးလေး နည်းနည်းများသွားလို့ လူပြန်ဖြည့်ဖို့လိုနေလို့… ပြဿနာက ကြယ်တာရာအစုအဝေးက အခုလောလောဆယ် လူမပေးနိုင်သေးတာပဲ… ဒါကြောင့် ပထမအကြီးအကဲသာ ကျုပ်ကို နဂါးတစ်ပိုင်းမြို့ထဲမှာရှိတဲ့လူတွေကို ခေါ်သွားခွင့်ပေးနိုင်မယ်ဆိုရင် ကျုပ်ဘက်ကအခြေအနေက တော်တော်လေးအဆင်ပြေသွားမှာ…”

ကျုရန်က ပြန်ပြောလိုက်သည်။ “အဲ့ကိစ္စကိုတော့ ဒုတိယအကြီးအကဲနဲ့ပဲ သွားပြောလိုက်တော့… ဆုံးဖြတ်ချက်က သူ့အပေါ်ပဲမူတည်တာ…”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “နဂါးတစ်ပိုင်းမြို့က ကျင့်ကြံသူတွေက နဂါးကလန်သားတွေမဟုတ်ဘူးလေ… ဒီတော့ အဲ့ကိစ္စကို ဒုတိယအကြီးအကဲနဲ့ သွားပြောစရာလိုသေးလို့လား…”

ကျုရန်က ပြုံး၍ ပြန်ပြောလိုက်လေ၏။ “အဲ့လူတွေက နဂါးကလန်သားတွေမဟုတ်ပေမယ့် တော်တော်များများက ငါတို့နဂါးကလန်ရဲ့ မျိုးဆက်တွေလေ… ဒီတော့ မင်း သူတို့ကို ခေါ်သွားချင်တိုင်းခေါ်သွားလို့ ဘယ်ရပါ့မလဲ…”

ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက် “ကောင်းပြီလေ… ဒါဆိုရင် ဒုတိယအကြီးအကဲကို လာခဲ့ဖို့ ပြောလိုက်ပါဦး…”

မူလကမူ ဒုတိယအကြီးအကဲဖုကျွင်းနှင့် မတွေ့ဘဲနှင့် နဂါးမြို့တော်ထဲမှလူများကို အမြန်ခေါ်ထုတ်သွားချင်ပါသော်ငြား ယခုအခြေအနေကိုကြည့်ရသလောက် ထိုသို့မဖြစ်နိုင်တော့သည့်ပုံပင်။

ကျုရန်မှာ ချက်ချင်းပဲ ဖုကျွင်းကိုလှမ်းခေါ်လိုက်လေသည်။ ဖုကျွင်းရောက်လာမည်ကို စောင့်နေစဉ်အတောအတွင်း ကျုရန်မှာ ရန်ရှောင်၏အခြေအနေကို မေးမြန်းကြည့်လိုက်သည်။

ထိုမေးခွန်းကိုကြားသော် ရန်ကိုင်မှာ ကျဉ်းထဲကြပ်ထဲသို့ ရောက်သွားရတော့လေ၏။ သို့ပါသော်ငြား တစ်ခဏမျှတုံ့ဆိုင်းနေပြီးသည့်နောက် အမှန်အတိုင်းပြောရန်သာ ဆုံးဖြတ်လိုက်သည်။

ရန်ကိုင်ပြောပြသည်ကိုကြားသော် ကျုရန်သည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ရင်းမှ “ရှောင်အာက ဥတုလေးမျိုးနယ်မြေထဲသို့ ချုန်းချီနဲ့ထွက်သွားတာ…”

ရန်ကိုင်မှာ အလျင်စလို ထပ်၍ ပြောလိုက်ရလေ၏။ “လျို့ယန်လည်းပါတယ်… ပထမအကြီးအကဲ သူ့ကိုတွေ့ဖူးတာပဲ… သူက ဟို ဖီးနစ်ကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးမလေးလေ… ဟိုတစ်ခေါက်တုန်းက စီနီယာသားရဲသခင်နဲ့တောင် ရောက်လာသေးတယ်လေ…”

ကျုရန်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “မင်း ဘာတွေလုပ်နေတာလဲ… မင်း ကလေးတစ်ယောက်ကိုတောင် မစောင့်ရှောက်နိုင်ဘူးလား… ဟိုခွေးကောင်ချုန်းချီနဲ့မှ ထွက်သွားခွင့် ပေးလိုက်ရတယ်လို့ကွာ… ချုန်းချီ ဘယ်လိုကောင်လဲဆိုတာကို မင်းသိလို့လား… အဲ့ကောင်က လမ်းလျှောက်နေတဲ့ကပ်ဘေးကောင်ကွ… တွေ့ကရာသားရဲတွေ လူတွေ အကုန်လုံးကို အားအားနေ အရှင်လတ်လတ် လိုက်မျိုပစ်နေတာ… မင်း… မင်း… မင်းကွာ… ငါတကယ်ကို ဒေါသထွက်လာပြီ…”

ပထမအကြီးအကဲထံမှ ထွက်လာသည့် တံတွေးများမှာ ရန်ကိုင်မျက်နှာကို လာစင်လေသည်။ သို့ပါသော်ငြား ရန်ကိုင်မှာ အတတ်နိုင်ဆုံးပြုံးထားရင်းမှ နှစ်သိမ့်ပေးလိုက်ရလေ၏။ “ပထမအကြီးအကဲ ကျေးဇူးပြုပြီး ဒေါသမထွက်စမ်းပါနဲ့ဗျာ.. စိတ်ကိုငြိမ်ငြိမ်ထားစမ်းပါ… လာ… အေးအေးဆေးဆေးထိုင်ပြီး ပြောကြရအောင်… အရမ်းကြီး စိတ်လောနေစရာမလိုဘူး…”

“စိတ်ကိုငြိမ်ငြိမ်ထားရမယ်… ငါဘယ်လိုလုပ်ပြီး စိတ်ငြိမ်နိုင်မှာလဲ… ရှောင်အာက မင်းသားမှမဟုတ်တာ… ဒီတော့ မင်းက စိတ်မပူဘူးပေါ့…”

ရန်ကိုင်က ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ “ဘာလို့ ရှောင်အာ ကျုပ်သားမဟုတ်ရမှာလဲ… သူက ကျုပ်ကို အဖေလို့ခေါ်နေမှတော့ ကျုပ်သားပေါ့… ဒါပေမယ့် အဲ့ကောင်က သူ့ဘာသာသူ ထွက်သွားတာလေ… ကျုပ်သိလိုက်ရတဲ့အချိန်မှာ သူက ဥတုလေးမျိုးနယ်မြေကိုတောင် ရောက်နေပြီ…”

“မင်းသာ သူ့ကို သေသေချာချာဂရုစိုက်လို့ရှိရင် ဘာဖြစ်လို့ သူ့ကို သေသေချာချာ မစောင့်ရှောက်တာလဲ…”

ကျုရန်မှာ ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်အား ကောင်းကောင်းပင် ဆုံးမလိုက်ချင်မိတော့သည်။

ရန်ကိုင်က ပြန်၍ ဖျောင်းဖျလိုက်ပြန်လေ၏။ “ပထမအကြီးအကဲ… ရှောင်အာက ကလေးဆိုပေမယ့် သူ့ကို သွားအထင်မသေးနဲ့နော်… အခုလိုမျိုး ရှောင်အာက ဥတုလေးမျိုးနယ်မြေထဲကို ရောက်သွားတာက သူ့အတွက် မကောင်းတဲ့ကိစ္စတစ်ရပ်တော့မဟုတ်ဘူး… ရှင်းရှင်းပြောရရင် ဒါက သူ့အတွက် အခွင့်အလမ်းတစ်ရပ်လို့တောင် ပြောလို့ရတယ်…”

ကျုရန်က လှောင်ပြုံးပြုံးရင်းမှ “ငါနားထောင်နေတယ်… ဆက်ပြော… ပြောစမ်း… ဘယ်လိုအခွင့်အရေးမျိုးလဲဆိုတာ ပြောစမ်းပါဦး…”

ရန်ကိုင်က ပြန်၍ ရှင်းပြလိုက်လေ၏။ “ကြည့်ရတာ ရှောင်အာက အချိန်တာအိုကို နားလည်သွားတဲ့ပုံပဲ..”

ထိုစကားကိုကြားသည့်အခါ ကျုရန် အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ “မင်း ငါ့ကို အရူးမှတ်နေတာလား…”

ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် အမူအယာဖြင့် “ပထမအကြီးအကဲ… ကျုပ် ပထမအကြီးအကဲစိတ်ပြေသွားအောင်လို့ ဒီတိုင်းပဲ ရောက်တတ်ရာရာ လျှောက်ပြောနေတယ်လို့ မထင်နဲ့နော်… ကျုပ် တကယ်ကိုပြောနေတာ…”

ပထမအကြီးအကဲသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အချိန်တာအိုက နားလည်ဖို့ဒီလောက်ခက်တာ… ရှောင်အာက အဲ့ဒါကို ဘယ်လိုလုပ်ပြီး နားလည်သွားရတာလဲ… ဒုတိယအကြီးအကဲနဲ့ငါ တစ်ခါမှ…” ပြောနေရင်းတန်းလန်းနှင့်မှ ကျုရန်သည် ရုတ်တရက် တစ်ခုခုအား သတိရသွားခဲ့ပြီး မျက်မှောင်ကျုံ့၍ ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေသည်။ “ငါမှတ်မိတာမှန်ရန် မင်း အချိန်တာအိုကို နည်းနည်းပါးပါး နားလည်ထားတယ်မလား…”

ရန်ကိုင်က ခေါင်းခါ၍ “ဟုတ်တယ်… ကျုပ် ဟိုးအရင်တစ်ခေါက်တုန်းက ဥတုလေးမျိုးနယ်မြေထဲကို ရောက်ပြီးတော့ အချိန်မြစ်မဟာဧကရာဇ်ရဲ့ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို နားလည်နိုင်ခဲ့တယ်လေ… ကြည့်ရတာ ကျုပ် ရှောင်အာကို ဥထဲကနေ အကောင်ပေါက်လာအောင် လုပ်နေတဲ့အတောအတွင်း သူ ကျုပ်ဆီကနေပြီးတော့ အဲ့အမွေအနှစ်ကို ရသွားတာနဲ့တူတယ်…”

ထိုစကားကိုကြားသည့်အခါ ကျုရန်၏ စိတ်ပူနေသည့်စိတ်ကလေးများ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍မေးလိုက်လေ၏။ “ရှောင်အာ အချိန်တာအိုကို နားလည်ထားတာ မင်းသေချာလား…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဟိုတစ်ခေါက်တုန်းက ကျုပ် ရှောင်အာကို ဖမ်းဆွဲဖို့လုပ်လိုက်တယ်… ဒါပေမယ့် သူ့လက်ကိုမမိဘဲနဲ့ ရုတ်တရက် ငေးကြောင်ကြောင်ကြီးဖြစ်သွားရော… ပြီးလည်းပြီးရော ရှောင်အာက ကျုပ်နဲ့ မီတာတစ်ထောင်အကွာကို ရောက်နေရော… ပြီးတော့ ကျုပ်ခံစားမိလိုက်တာက အချိန်စီးဆင်းမှု ရုတ်တရက်ကြီး နည်းနည်းနှေးသွားသလိုမျိုးပဲ… အဲ့ဒါကိုခံစားမိလိုက်တာ ကျုပ်တစ်ယောက်တည်းတင်မဟုတ်ဘူး… ချုန်းချီလည်းပါတယ်…”

ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက် ကျုရန်မှာ ပို၍စိတ်လှုပ်ရှားလာခဲ့လေသည်။ “ချုန်းချီက အချိန်မြစ်မဟာဧကရာဇ်နောက်ကို နှစ်ပေါင်း သောင်းနဲ့ချီပြီး လိုက်လာတာဆိုတော့ အချိန်နိယာမတွေကို ဒီကောင့်ထက်ပိုပြီး ခံစားမိတတ်တဲ့လူ ရှိတော့မှာမဟုတ်ဘူး… သူတောင် အဲ့လိုမျိုးခံစားရတယ်ဆိုတော့ အမှန်မလို့ပဲနေမှာ…” ကျုရန်မှာ သူ့လက်ကို အားပါးတရပွတ်ရင်းမှ ဆက်၍ပြောလိုက်လေ၏။ “ဒီတော့ မင်းပြောချင်တာက ရှောင်အာက အချိန်တာအိုကို တကယ်ကြီး နားလည်သွားတာပေါ့…”

အစောပိုင်းက သူခံစားနေရသည့် မကျေနပ်မှုများနှင့် ဒေါသအားလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ဝမ်းသာမှု၊ စိတ်လှုပ်ရှားမှုတို့က အစားထိုးဝင်ရောက်လာခဲ့လေသည်။ ရှောင်အာ မွေးရာပါချို့ယွင်းချက်နှင့် မွေးဖွားလာသည့်အပေါ် သူနှင့် ဖုကျွင်းတို့နှစ်ဦးစလုံး စိတ်ထဲ အပြစ်မကင်းသလို ခံစားခဲ့ကြရသည်။ သို့ပါသော်ငြား ရှောင်အာသာ ရန်ကိုင်ဆီမှ အချိန်တာအိုကို အမွေဆက်ခံနိုင်ခဲ့မည်ဆိုလျှင် ရှောင်အာ၏ အနာဂတ်အောင်မြင်မှုများမှာ သူ၏သွေးမျိုးဆက် မသန့်စင်သည့်တိုင် လုံးဝကို နိမ့်ကျတော့လိမ့်မည်မဟုတ်ပေ။

ရှောင်အာ၏သွေးမျိုးဆက်မှာ မသန့်စင်ခြင်းမဟုတ်ဘဲ သူကိုယ်တိုင်သည် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲနိုင်ခဲ့သည့်အကြောင်အား လိမ်ပြောခဲ့ခြင်းဖြစ်သည်ကို ကျုရန် ယခုထိတိုင် မသိသေးပေ။

နဂါးကလန်သားများမှာ မွေးရာပါအားကောင်းကြလေသည်။ ထိုသို့ဖြစ်လေရာ အချိန်တာအိုကို နားလည်ထားသော နဂါးတစ်ကောင်သည် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ စဉ်းစားနေစရာပင်မလိုတော့။

All Chapters