← Chapters

အခန်း ၃၄၁၆

Vol. 150 Ch. 3416

အခန်း ၃၄၁၆

Vol. 150 Ch. 3416

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၆)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ဆုံးအဖွဲ့ အရေအတွက်မှာ ပို၍ပင် များပေသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့် တစ်သိန်းပင် ရှိနေလေ၏။

[နဂါးတစ်ပိုင်းမြို့ထဲမှာ လူဘယ်လောက်တောင် ရှိနေတာလဲ] ရန်ကိုင်မှာ ထိုအချက်နှင့် ပတ်သက်၍ သေချာ မသိပါသော်ငြား သူ ခန့်မှန်းကြည့်ရသလောက် အများဆုံးမှ တစ်သန်း နှစ်သန်းလောက်သာ ရှိပေလိမ့်မည်။ သို့ပါသော်ငြား ထိုလူများထဲတွင် အယောက်တစ်သိန်းခန့်မှာ တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြသည်။ တစ်နည်းဆိုရသော် ဆယ်ယောက်လျှင် တစ်ယောက် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် အယောက်နှစ်ဆယ်အနက် တစ်ယောက်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။

ဤကဲ့သို့သော လူဦးရေ အချိုးအစားကို ကြယ်တာရာအစုအဝေးထဲရှိ မည်သည့်မြို့တွင်မျှ တွေ့ဖို့ရာ မဖြစ်နိုင်ပေ။ ဤကဲ့သို့သော ပုံမှန် မဟုတ်သည့် လူဦးရေ အချိုးအစားမျိုးကို နှစ်ရှည်ကြာညောင်းစွာ ငြိမ်းချမ်းမှု၏ အဖူးအပွင့်ကို ခံစားလာရသည့် နဂါးကျွန်းပေါ်တွင်သာ မြင်တွေ့နိုင်ပေသည်။

ဖုလင်၏ စကားတစ်ခွန်းကြောင့် နဂါးတစ်ပိုင်းမြို့ထဲရှိ လူဦးရေ စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်းမှာ အပြင်သို့ ထွက်လာကြလေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ အလွန်ကိုမှ ကျေနပ်နေမိလေသည်။ ရန်ကိုင် သိပ်မကျေနပ်ရသည့် အချက် တစ်ချက်ဆို၍ ဧကရာဇ်တတိယအဆင့်ပညာရှင် အရေအတွက်သာ ဖြစ်လေသည်။ ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာ နီးပါးခန့် ရှိပါသော်ငြား လက်တစ်ဆုပ်လောက်သည်သာ ဧကရာဇ်တတိယအဆင့်များ ဖြစ်ကြပြီး ကျန်လူများမှာ ဧကရာဇ်ပထမအဆင့်နှင့် ဒုတိယအဆင့်များ ဖြစ်ကြလေ၏။

ထိုသို့ ဖြစ်ရခြင်းမှာလည်း နဂါးသွေးပန်းများကြောင့်သာ ဖြစ်လေသည်။ နဂါးကျွန်းသည် နဂါးတစ်ပိုင်းမြို့ထဲတွင် နေထိုင်ကြသည့် နဂါးနွယ်ဖွားများ၏ သွေးကို အားကိုး၍ နဂါးသွေးပန်းများကို စိုက်ပျိုးကြသည်။ အထူးသဖြင့် ပိုမိုအားကောင်းလှသော နဂါးနွယ်ဖွားများပင် ဖြစ်ကြပေသည်။ သွေးအဆီအနှစ်များစွာသာ ထုတ်ယူခံရမည်ဆိုလျှင် ကျင့်ကြံသူတစ်ဦး၏ ခွန်အားမှာ လျော့ကျသွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် လက်ရှိ နဂါးတစ်ပိုင်းမြို့ထဲ ဧကရာဇ်တတိယအဆင့် ပညာရှင်များစွာ ရှိနေပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ သွားကာ အထွန့်တက်မနေခဲ့ပေ။ ဤကဲ့သို့သော မြောက်မြားလှစွာသော လူအင်အားကို စစ်ကူအဖြစ် ခေါ်ဆောင်လာနိုင်ခဲ့သည်ကပင်လျှင် လက်ရှိ ကြုံနေရသည့် စစ်ပွဲအား အတိုင်းအတာ တစ်ခုအထိ သက်ရောက်နိုင်ပေသည်။

ဖုလင်သည် လူအသွင်သို့ ပြန်ပြောင်းလိုက်ပြီး ရန်ကိုင်ဘေးတွင် ရပ်ရင်းမှ ပြောလိုက်၏။ "ခဲအို၊ အကုန်လုံး ရောက်နေပြီ"

ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "သူတို့လုပ်ရမဲ့ဟာကို ပြောပြလိုက်"

"အင်း" ဖုလင်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် လူအုပ်ကြီးအား ဝေ့ကြည့်ကာ အော်ပြောလိုက်လေသည်။ "အခု ငါပြောတာကို နားထောင်၊ အခု ငါ့ဘေးမှာ ရပ်နေတဲ့ လူက ကြယ်တာရာအစုအဝေးရဲ့ မြောက်ဘက်နယ်မြေမှာရှိတဲ့ ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင် ရန်ကိုင်ပဲ၊ ငါ့ရဲ့ ခဲအိုဆိုလည်း ဟုတ်တယ်၊ အခု ကြယ်တာရာအစုအဝေးကို နတ်ဆိုးမျိုးနွယ်စုက ကျူးကျော်နေလို့ နင်တို့ရဲ့ အကူအညီကို လိုအပ်နေတယ်၊ အခုတစ်ကြိမ် ငါ့ခဲအိုနဲ့ ငါက နင်တို့ကို နဂါးကျွန်းကနေ ခေါ်ထုတ်သွားပြီးတော့ နတ်ဆိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်ဖို့ ကြယ်တာရာအစုအဝေးဆီ ခေါ်သွားပေးမယ်၊ နဂါးကျွန်းကနေ ထွက်သွားပြီဆိုတာနဲ့ နင်တို့ ငါ့အမိန့်ကို နာခံရတော့မှာ၊ ဒီဘုရင်မ နင်တို့ဆီကနေ လိုချင်တာ တစ်ခုပဲ ရှိတယ်၊ အဲဒါက နာခံဖို့ပဲ၊ တစ်ယောက်ယောက်က ငါ့အမိန့်တွေကို မနာခံဘူးဆိုရင် ငါ့ကို ရက်စက်လို့ဆိုပြီး လာပြီး အပြစ်မတင်နဲ့၊ ငါပြောတာကို ကြားလား"

ဖုလင်မှာ ရန်ကိုင် အရှေ့တွင် မိန်းမပျက်တစ်ဦးပုံစံ ပေါက်နေလိမ့်မည် ဖြစ်ပါသော်ငြား နဂါးတစ်ပိုင်းမြို့ထဲရှိ ပညာရှင်များ အရှေ့မှောက်တွင်တော့ ကြီးကျယ်ခမ်းနားလှသည့် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ဖုလင် ပြောလို့ ပြီးသွားသည့်နောက်တွင် အောက်ဘက်ဆီမှ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပြန်ထူးသံ ထွက်ပေါ်လာခဲ့လေသည်။ "ကြားပါတယ်"

ဖုလင်မှာ ကျေကျေနပ်နပ်နှင့် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏။ "ခဲအို ပြောစရာရှိသေးလား"

ရန်ကိုင်သည် ဖုလင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ မေးလိုက်လေ၏။ "ရှိတယ်"

"ဘာရှိတာလဲ" ဖုလင်က ပြန်မေးလိုက်၏။

"နင်ကလည်း နဂါးကျွန်းကနေ ထွက်သွားမှာ၊ ငါနဲ့အတူ တစ်ခါတည်း လိုက်မှာပေါ့၊ ဟုတ်လား"

"ဟုတ်တယ်လေ" ဖုလင်မှာ ပုံမှန်ကိစ္စ တစ်ခုကို ပြောနေသည့်ပမာ ခေါင်းညိတ်ပြလိုက်လေသည်။ သူမ၏ မျက်လုံးလေးမှာတော့ ကြက်ခိုးထားသည့် မြေခွေးတစ်ကောင်ပမာ ဉာဏ်နီဉာဏ်နက် အရိပ်အယောင်တို့ဖြင့် ပြည့်နေလေသည်။

ရန်ကိုင်က ရယ်သွမ်းသွေး၍... "နင် ပထမအကြီးအကဲကို ပြောပြီးသွားပြီလား" ဖုလင်သည် သူမ၏ လုပ်ရပ်များကြောင့် နဂါးကျွန်း၏ ဝင်ပေါက်ကို နှစ်တစ်ရာတိတိ စောင့်ကြပ်ရန် အမိန့်ပေးခြင်း ခံရသည်။ သို့ပါသော်ငြား ယခုမှ ဆယ်နှစ်ကျော်လောက်သာ ရှိပေသေးသည်။ နှစ်တစ်ရာ ပြည့်ဖို့ရာဆိုလျှင် ဝေလာဝေးပေ။ ထိုအကြောင်းကြောင့် ပထမအကြီးအကဲ ကျုယန်မှာ သူမအား နဂါးကျွန်းမှ အလွယ်တကူ ထွက်သွားခွင့်ပေးလိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်မိနေလေသည်။

"မေးပြီးသွားပြီလေ" ဖုလင်ကမူ အနည်းငယ်မျှပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်ကိုပင်လျှင် မျက်စိမှိတ်ပြကာ ဆက်၍ ပြောလိုက်လေ၏။ "ခဲအို မယုံဘူးဆိုရင် ပထမအကြီးအကဲကို မေးကြည့်လိုက်လို့ရတယ်"

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "မေးရမှာပေါ့"

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ ကျုချင်းဆီ သတင်းပို့လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ ဆက်သွယ်ရေးမှော်ရတနာကို ပြန်သိမ်းကာ ဖုလင်အား မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်လေ၏။

"ယုံပြီလား" ဖုလင်ကမူ ရန်ကိုင်အား ပြုံးစိပြုံးစိ အမူအရာဖြင့် ကြည့်နေလေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဘာမျှ ထပ်၍ ပြောမနေတော့ပေ။ ဖုလင်သည် သူနှင့်အတူ နဂါးကျွန်းမှ ထွက်သွားမည်ဟု ကျုချင်းမှ ပြောလာခဲ့သည်။ ပထမအကြီးအကဲမှ ထိုကဲ့သို့ လုပ်ခိုင်းခဲ့ခြင်းလည်း ဖြစ်ပေ၏။ ထိုသို့ဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ ဖုလင်သည် သူမ လုပ်ခဲ့သည့် အပြစ်များကို အလုပ်ကောင်းကောင်း ကြိုးစားခြင်းဖြင့် ပြန်လည်ပေးဆပ်လိုပါသည်ဟု ပြောခဲ့သလို ပထမအကြီးအကဲအားလည်း ထပ်တလဲလဲ တိုက်တွန်းပူဆာခဲ့သည့် အတွက်ကြောင့်လည်း ပါပေသည်။ သို့ပါသော်ငြား သူမတွင် ပထမအကြီးအကဲ လက်သင့်ခံနိုင်လောက်သည့် အကြောင်းအရင်း တစ်ချက်လည်း ရှိပေသည်။ ထိုအကြောင်းအရင်းမှာတော့ အခြားမဟုတ်။ နဂါးတစ်ပိုင်းမြို့တော်မှ ပညာရှင်များသာ ဖြစ်ကြသည်။ ထိုပညာရှင်များသည် တစ်နှစ်ပတ်လုံး နဂါးကျွန်းပေါ်တွင်သာ နေထိုင်ခဲ့ကြပြီး အပြင်ဘက်သို့ တစ်ခါမျှ မရောက်ဖူးကြပေ။ ထိုမျှ များပြားလှသော ပညာရှင်များကိုသာ ရန်ကိုင် လက်ထဲသို့ ရုတ်တရက် အပ်လိုက်မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုပညာရှင်များကို ကောင်းကောင်းအမိန့်ပေး စေခိုင်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့ပါသော်ငြား နဂါးနွယ်ဖွားတစ်ဦးသည်သာ ရန်ကိုင်နှင့်အတူ လိုက်သွားခဲ့မည်ဆိုပါက ထိုလူများ ကျိန်းသေ ပြဿနာရှာရဲကြလိမ့်မည် မဟုတ်ပေ။

ဖုလင်၏ အဓိကတာဝန်မှာ နဂါးတစ်ပိုင်းမြို့တော်ထဲမှ ပညာရှင်များကို စောင့်ကြည့်ကွပ်ကဲရန်သာ ဖြစ်လေသည်။

ဖုလင် ကိုယ်တိုင်သည် ပထမအကြီးအကဲ၏ ခွင့်ပြုချက်ကို ရရှိထားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဘာမျှ မပြောနိုင်တော့ဘဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်လေ၏။ "အပြင်ရောက်ရင် နင် ပြဿနာမရှာနဲ့နော်၊ မဟုတ်ရင် ငါနင့်ကို ပြန်ပို့မှာ"

ဖုလင်မှာ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို အဆက်မပြတ် ညိတ်နေခဲ့လေသည်။ "ခဲအို စိတ်မပူနဲ့၊ ကျွန်မ ဘာပြဿနာမှ ရှာမှာ မဟုတ်ဘူး၊ ခဲအို ခိုင်းတာတွေ အကုန်လုံးကို ကျွန်မ လုပ်ပေးမယ်၊ လုံးဝကို အထွန့်မတက်ဘူး" သူမ ပြောသွားသည့် နောက်ဆုံးစကားထဲ အခြားသော အဓိပ္ပာယ်များပါ ပါနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ မျက်ခုံးပင့်သွားခဲ့ရ၏။

သို့ပါသော်ငြား ထိုစကားအပေါ် အာရုံစိုက်မနေတော့ဘဲ တစ်သိန်းသော ပညာရှင်များဘက်သို့ လှည့်၍သာ ပြန်ပြောလိုက်လေသည်။ "ရောင်းရင်း ကျင့်ကြံသူတို့၊ မင်းတို့ ငါ့ကို မြင်ဖူးကောင်း မြင်ဖူးနေလိမ့်မယ်၊ အချို့ဆိုရင် ငါ့ကို သိတောင်သိနေမှာ သေချာတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ငါ နဂါးတစ်ပိုင်းမြို့တော်ဆီ လာခဲ့ဖူးတယ်၊ အခု နဂါးကလန်ရဲ့ ငါးယောက်မြောက်အကြီးအကဲနဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုးသွယ်ပြီး လက်ထပ်ထားတယ်"

ထိုစကားကို ကြားပြီးသည့်နောက် လူပေါင်းများစွာ အလွန်ကိုမှ ထိတ်လန့်သွားကုန်ကြသည်။ သို့ပါသော်ငြား အတော်များများ ရန်ကိုင်အား သိနေသည်မှာလည်း အမှန်ပင် ဖြစ်လေသည်။ တကယ်တော့ ဖုချီ မင်္ဂလာဆောင်အတွက် နန်းတော်ကို ဆောက်လုပ်ရာတွင် လူပေါင်းများစွာသည် ထိုနေရာ၌ ရန်ကိုင်နှင့် တွေ့ခဲ့ဖူးသည် မဟုတ်ပေလော။

ရန်ကိုင်သည် မင်္ဂလာပွဲနေ့မှာပင် လူတိုင်း၏ ရှေ့မှောက်၌ သတို့သမီးကို ပြန်ပေးဆွဲသွားခဲ့သည်။ သို့ပါသော်ငြား ထို့နောက်တွင် မည်သည့်ကိစ္စများ ဆက်ဖြစ်သလဲဆိုသည်ကိုမူ ထိုလူများ မသိကြတော့ပေ။ ယခု ရန်ကိုင်နှင့် ငါးယောက်မြောက်အကြီးအကဲမှာ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်နေကြပြီး လက်ထပ်ထားကြောင်း ကြားသိလိုက်ရချိန်တော့ လူတိုင်းမှာ အလွန်တရာကိုမှ ထိတ်လန့်သွားကုန်ကြလေသည်။

"အခု ကြယ်တာရာအစုအဝေးက ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်၊ နဂါးကျွန်းကနေ ထွက်သွားပြီးရင် မင်းတို့ ကိုယ်တိုင် အန္တရာယ်များတဲ့ အခြေအနေတွေ အမျိုးမျိုးနဲ့ ကြုံရလိမ့်မယ်၊ ဒီတော့ ငါ မင်းတို့ဆီက တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်" ရန်ကိုင်သည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် ဆက်၍ ပြောလိုက်သည်။ "အသက်ရှင်အောင် ကြိုးစားကြ"

လူတိုင်း ထိတ်လန့်သွားကုန်ကြသည်။

"မင်းတို့မှာ မေးစရာတွေ ရှိသေးရင် အခု မေးကြပေတော့၊ မဟုတ်ရင် ငါတို့ အခုထွက်ကြမယ်"

"စီနီယာရန်ရဲ့ အမိန့်အတိုင်း လိုက်နာပါမယ်" လူအုပ်ကြီးထဲမှ အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။

ထိုအခါတွင် ကျန်လူတစ်သိန်းသည်လည်း သံပြိုင်လိုက်၍ အော်ပြောလိုက်ကြလေ၏။ "စီနီယာရန်ရဲ့ အမိန့်အတိုင်း လိုက်နာပါမယ်"

သူတို့သည် တစ်နှစ်ပတ်လုံး နဂါးကျွန်းပေါ်တွင်သာ နေနေခဲ့ကြပြီး မည်သည့် တိုက်ခိုက်မှုနှင့်မျှ ကြုံရလေ့ မရှိပေ။ ထိုအပြင် သူတို့ အားလုံးမှာ နဂါးကလန်၏ လက်အောက်ငယ်သားများ ဖြစ်ကြပြီး အားကောင်းလှသည့် နဂါးနွယ်ဖွားများဆိုလျှင် မည်သည့်အချိန် နဂါးနန်းတော်ဆီသို့ ခေါ်သွားပြီး နဂါးသွေးပန်းများအား စိုက်ပျိုးရမလဲဆိုသည့်အပေါ် ရင်တမမ ဖြစ်နေကြရသည်။ ယနေ့တွင် လူတစ်ဦးသည် သူတို့ အရှေ့၌ ရုတ်တရက် ပေါ်လာပြီး နဂါးမလေးတစ်ကောင်နှင့် လက်ထပ်ထားကြောင်း ပြောလာခဲ့သည်။ ထိုအပြင် ထိုနဂါးမလေးမှာ နဂါးကလန်၏ ငါးယောက်မြောက်အကြီးအကဲ ဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ထိုလူများမှာ ရန်ကိုင်အား အမှန်တကယ်ကိုမှ လေးစားအားကျမိနေလေ၏။

ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဖူးသည့်အခါမျိုး ဖြစ်နေသည့်တိုင် မည်သူမျှ ရန်ကိုင်အပေါ် အထွန့်တက်နေခြင်း မရှိဘဲ ရန်ကိုင်အား လေးစားအားကျစိတ်များသာ ဖြစ်ပေါ်နေကြသည်။

ရန်ကိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေ၏။ "ဘယ်သူ့မှာမှ ဘာမေးစရာမှ မရှိတော့ဘူးဆိုမှတော့ အခုထွက်ကြတာပေါ့"

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ အရှေ့တည့်တည့်သို့ ညွှန်လိုက်ရာ လောကဓာတ်လုံးထဲဆီသို့ ဦးတည်နေသော ဘဲဥပုံစံ ဟင်းလင်းပြင်အက်ကြောင်း တစ်ခု ပေါ်လာခဲ့လေသည်။

လူတစ်သိန်းစလုံး အတူတကွ လှုပ်ရှားသွားလာဖို့ရာ သိပ်၍ အဆင်မပြေလှပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိုလူများအား လောကဓာတ်လုံးထဲသို့ ခေါ်ထည့်သွားရုံသာ တတ်နိုင်တော့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်များမှာ တစ်ဦးကိုတစ်ဦး အထိတ်တလန့် အမူအရာများဖြင့် ကြည့်နေကြပါသော်ငြား မကြာမီတွင် စိတ်ပိုင်းဖြတ်လိုက်သည့်အလား ထိုဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်သွားကြလေ၏။

ဧကရာဇ်အဆင့်ပညာရှင်များမှ အရှေ့မှ ဦးဆောင်ကာ ဝင်သွားသည့်အတွက်ကြောင့် တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာလည်း တုံ့ဆိုင်းမနေကြတော့ဘဲ ဧကရာဇ်အဆင့်ပညာရှင်များ အနောက်သို့ လိုက်ဝင်သွားကြလေသည်။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် လူတစ်သိန်းစလုံးကို လောကဓာတ်လုံးထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့လေ၏။ ထို့နောက်တွင် ဖုလင်အား ခေါ်ကာ ထွက်ပေါက်ဆီသို့ အတူတကွ ပျံသန်းသွားကြလေသည်။

နဂါးကျွန်းမှ ထွက်လာပြီးသည့်နောက်တွင် ကျွန်းပေါ်၌ ရှိနေသော ဟင်းလင်းပြင်အစီအရင်မှ တစ်ဆင့် ကျားဟိန်းသံမြို့ဆီသို့ ပြန်လာခဲ့သည်။

မြို့တစ်ခုလုံးမှာတော့ သက်ဝင်စည်ကားနေခဲ့လေသည်။ ရန်ကိုင် ကျားဟိန်းသံမြို့မှ ထွက်သွားသည်မှာ သုံးရက်သာ ရှိပေသေးသည်။ ထိုအချိန်အတောအတွင်း ထက်ကောင်းကင်နန်းတော်မှ စေလွှတ်လိုက်သော စစ်ကူငါးထောင်မှာ ရောက်ရှိနေခဲ့လေပြီ။ နန်မန်တကျွင်းသည်လည်း သူ့တပည့်များနှင့်အတူ မြို့ထဲရှိ အစီအရင်ပညာရှင်များကို ကာကွယ်ရေးအစီအရင်အား မည်ကဲ့သို့ ပြန်ပြင်ရမလဲ အဆင့်မြှင့်တင် မွမ်းမံရမလဲဆိုသည်ကို စီမံညွှန်ကြားနေလေ၏။ မြို့နံရံနှင့် တာဝါတိုင်များ အထက်တွင်မူ ကျင့်ကြံသူများမှာ အဆက်မပြတ်ကို ကင်းလှည့်နေကြသည်။ မြို့တစ်ခုလုံးမှာ ပူပင်သောက စိတ်စောမှုတို့ဖြင့် ပြည့်နေလေသည်။

ဖုလင်မှာ ယခုမှသာလျှင် နဂါးကျွန်းမှ ပထမဦးဆုံးအကြိမ်အဖြစ် ထွက်လာဖူးခြင်း ဖြစ်လေရာ သူမ မြင်နေရသည့် အရာရာမှာ သူမအတွက် အသစ်အဆန်းကဲ့သို့ ဖြစ်နေလေသည်။ တစ်ခါတစ်ရံ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေရင်းမှ ရန်ကိုင် အနားမှ ပျောက်ပျောက်သွားခါနီး ဖြစ်သွားခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ သူမအား အင်္ကျီကော်လာမှ ဆွဲ၍ သွားရာနောက်သို့ တောက်လျှောက် ဆွဲခေါ်သွားခဲ့ရသည်။

ပြန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းရွှယ်ထင်း၊ လီ‌ကျောက်၊ မာယင်နှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များကို ရှာကာ အခြေအနေ အကြောင်းကို မေးမြန်းကြည့်လိုက်သည်။ ထိုအခါ နတ်ဆိုးမျိုးနွယ်စုမှာ နောက်တစ်ဖန် ထိုးစစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်းကို သိလိုက်ရလေသည်။

အဓိကခန်းမကြီးထဲဝယ် ဧကရာဇ်အဆင့်ပညာရှင်များမှာ မျက်နှာ မှုန်ကုပ်ကုပ် အမူအရာများဖြင့် ရှိနေကြလေသည်။ ကျားဟိန်းသံမြို့သည် ယခင်တစ်ကြိမ် စစ်ပွဲတွင် နတ်ဆိုးစစ်တပ်အား အပြတ်အသတ် အောင်နိုင်ခဲ့ပါသော်ငြား တစ်ခဏလေးအတွင်းမှာပင် နတ်ဆိုးမျိုးနွယ်စုသည် ပိုမို အင်အားကြီးမားလှသော စစ်တပ်ဖြင့် နောက်တစ်ကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်လာခဲ့လေပြီ။ ယခုတစ်ကြိမ် နတ်ဆိုးစစ်တပ် ပမာဏသည် တစ်သန်းဟူသော အရေအတွက်ကို ရောက်ပင်ရောက်ကောင်း ရောက်နေလောက်သည်။ ကျားဟိန်းသံမြို့တွင်မူကား ထက်ကောင်းကင်နန်းတော်မှ စေလွှတ်လိုက်သော စစ်ကူငါးထောင်အပါအဝင် တိုက်ခိုက်နိုင်သည့် လူအရေအတွက်မှာ လေးသောင်းလောက်သာ ရှိကြပြီး အများစုမှာ သွေးစတေးခြင်းပညာရပ်၏ ဘေးထွက်ဆိုးကျိုးမှ အနားယူ အားပြန်ဖြည့်နေဆဲသာ ရှိနေပေသည်။ ထိုအကြောင်းကြောင့် သူတို့၏ ခွန်အား အကုန်အစင်ကို ထုတ်သုံးနိုင်ခြင်း မရှိကြချေ။

ယခင်တစ်ကြိမ် စစ်ပွဲကို နိုင်ခဲ့ရခြင်းမှာ ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင်ကြောင့် ဖြစ်ပေသည်။ သို့ပါသော်ငြား နန်မန်တကျွင်း ရောက်လာပြီးသည့်နောက်တွင် အစီအရင်ကို အပိုင်းပိုင်း ခွဲ၍ ပြန်လည်ပြင်ဆင်နေခဲ့သည်။ သို့ပါသော်ငြား အစီအရင်ကို အပြီးသတ်ဖို့ရာ တစ်လအတွင်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအကြောင်းကြောင့် လက်ရှိ ကျားဟိန်းသံမြို့မှာ အကာအကွယ်အစီအရင်အပေါ်မှာ အားမကိုးနိုင်ဘဲ အကာအကွယ်မဲ့နေသည်ဟုပင် ပြော၍ ရလေသည်။

နတ်ဆိုးမျိုးနွယ်စုမှ ကျားဟိန်းသံမြို့အား အဆက်မပြတ် မျက်စပစ်နေသည့်အတွက်ကြောင့် ကျားဟိန်းသံမြို့ထဲရှိ မြို့သူမြို့သားများမှာ ထိတ်လန့်တုန်လှုပ်နေကြလေသည်။ ကံကောင်းစွာဖြင့် ချီကွေ့ ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှာ အခြေအနေကို စောင့်ကြပ်နေလေရာ မည်သူမျှ မြို့ထဲမှ ထွက်ပြေးရဲခြင်း မရှိကြပေ။

သို့ပါသော်ငြား လက်ရှိအခြေအနေနှင့် ပတ်သက်၍ ယခုတစ်ကြိမ် လာမည့် စစ်ပွဲအား နိုင်တော့လိမ့်မည် မဟုတ်ဟု မည်သူမဆို ယုံကြည်နေကြလေသည်။ နိုင်ဖို့ရာပင် မဆိုထားနှင့်။ အသက်ရှင်ဖို့ရာပင် မသေချာတော့ပေ။

ရန်ကိုင် ပြန်မလာခင်အထိ ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာ ကျားဟိန်းသံမြို့ထဲရှိ မြို့သူမြို့သားများအား အခြားသော မြို့တစ်မြို့ဆီသို့ ရွှေ့ပြောင်းလျှင် ကောင်းမလားဆိုသည်ကို ဆွေးနွေးနေကြခြင်း ဖြစ်လေသည်။

လီ‌ကျောက်က သက်ပြင်းချ၍ ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ ငါ အကုန်လုံးကို စိတ်ဓာတ်ကျအောင်တော့ လုပ်ချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ အခုတစ်ကြိမ် စစ်တပ်အရွယ်အစားက အရမ်းကွာလွန်းအားကြီးတယ်၊ ကျားဟိန်းသံမြို့ တောင့်ခံနိုင်လောက်မှာ မဟုတ်ဘူး၊ ဒီတော့ ငါတို့ ရွှေ့ချင်တယ်ဆိုရင် မြန်မြန်ရွှေ့မှရမယ်၊ နတ်ဆိုးမျိုးနွယ်စုက ငါတို့နဲ့ မိုင်တစ်ထောင်လောက်ပဲ ဝေးတာ၊ ဒီတော့ နာရီနည်းနည်းလောက် စစ်ချီလိုက်လာရင် မြို့ဂိတ်ပေါက်ကို ရောက်လာမှာပဲ၊ အဲဒီအချိန်ကျ ရွှေ့ဖို့က နောက်ကျသွားပြီ"

ကောင်းရွှယ်ထင်းကလည်း ဝင်ပြောလိုက်သည်။ "နင်သာ ဟင်းလင်းပြင်အစီအရင် တစ်ခုကို ခင်းကျင်းလိုက်မယ်ဆိုရင် ရွှေ့ဖို့က လွယ်သွားပြီ"

ရန်ကိုင်ကမူ ခေါင်းခါ၍ ကန့်ကွက်လိုက်လေသည်။ "ရွှေ့စရာ မလိုဘူး၊ အရင်တစ်ကြိမ်တုန်းက အဲဒီကောင်တွေကို စိစိညက်ညက်ကြေအောင် လုပ်ပြီးသွားပြီ၊ ဒီတစ်ကြိမ်လည်း အဲဒီအတိုင်းပဲ ထပ်လုပ်မှာ"

လူတိုင်းမှာ ရန်ကိုင် မည်သည့်နေရာမှ ယုံကြည်ချက် ရလာသလဲဆိုသည်ကို မသိသည့်အလျောက် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေသည်။

ကောင်းရွှယ်ထင်းမှာ မျက်လုံးလေး တဖျတ်ဖျတ်နှင့် ပြန်၍ မေးလိုက်လေ၏။ "နင်စစ်ကူတွေ ရှာတွေ့လာတာလား" စစ်ကူ ရှာတွေ့လာမှသာလျှင် ရန်ကိုင် ယခုကဲ့သို့ ပြောရဲပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်သည် မည်သည့်နေရာမှ ယုံကြည်ချက်ရလာလေသနည်း။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "စီနီယာအစ်မကောင်းက လှလည်းလှသလောက် ဉာဏ်လည်း တကယ်ပြေးတာပဲ"

"မင်း တကယ်ကြီး စစ်ကူတွေ ရှာတွေ့လာတာလား" လီ‌ကျောက်သည် ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။ "ဘယ်နေရာကနေလဲ၊ ဘယ်အချိန်လာမှာလဲ၊ မင်း လူဘယ်လောက် ရှာလာလဲ"

ရန်ကိုင်က ပြန်ပြောလိုက်၏။ "ရောင်းရင်းလီ၊ စိတ်အေးအေးထား၊ လောမနေနဲ့၊ အချိန်တန်ရင် သိလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ် နတ်ဆိုးစစ်တပ် အကြီးအကျယ် အံ့အားသင့်သွားစေရမယ်လို့ ငါ အာမခံရဲတယ်”

All Chapters