← Chapters

အခန်း ၃၄၁၈

Vol. 150 Ch. 3418

အခန်း ၃၄၁၈

Vol. 150 Ch. 3418

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၈)

ဘာသာပြန်သူ_တိမ်တိုက်

နေရာအနှံ့တွင် နတ်ဆိုးများ ရှိနေကြသည်။ ထိုအကြောင်းကြောင့် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ကိုပင်လျှင် မမြင်ရ။ နတ်ဆိုးများ ဝရုန်းသုန်းကားဖြစ်နေသည့် နေရာများကို ကြည့်ရင်းဖြင့်သာ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ တည်နေရာကို ခန့်မှန်းနေရသည်။

သို့ပါသော်ငြား ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာ တရစပ် ရွေ့လျားရင်းမှ နတ်ဆိုးများကို အဆက်မပြတ် သတ်ဖြတ်နေခဲ့ကြသည်။ သူတို့နှစ်ဦးတည်းဖြင့်ပင် တစ်သန်းခန့်ရှိသော နတ်ဆိုးစစ်တပ်ကြီးအား ရှေ့ဆက်မတက်နိုင်အောင် တားဆီးထားခဲ့လေသည်။

ရန်ကိုင်သည် ပဥ္စလက်ဆန်ဆန်ဖြစ်ရပ်တစ်ခုကို ထပ်မံဖန်တီးပြသွားခဲ့ပြန်လေသည်။ လူတိုင်း မျှော်လင့်ချက်မရှိတော့သည့်အချိန်တွင် အကုန်လုံးတို့၏မြင်ကွင်းထဲ အမှောင်ထုတို့သာ ဖုံးလွှမ်းနေချိန် ရန်ကိုင်သည် အမှောင်ထုကိုဆုတ်ဖြဲ၍ အကုန်လုံးအတွက် အလင်းဆောင်ကျဉ်းပေးခဲ့သည်။

ချက်ချင်းဆိုသလို ကျားဟိန်းသံမြို့ထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ကြလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း မာယင်မှာ သွေးများ ဆူပွက်လာခဲ့ပြီး လီကျောက်ကိုကြည့်ကာ ပြောလိုက်လေသည်။ “စီနီယာလီ… ကျွန်မ မြို့သခင်ကို သွားကူညီပေးချင်တယ်…”

လီကျောက်မှာမူ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေခဲ့ပြီး နောက်သို့ တစ်ချက်ပင် ပြန်လှည့်မကြည့်ခဲ့ဘဲ ပြန်၍ပြောလိုက်လေသည်။ “နေဦး…”

ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ နတ်ဆိုးစစ်တပ်ထဲ ရေထဲကူးခတ်နေသည့် ငါးတစ်ကောင်ပမာ လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်သကဲ့သို့ အခြားသူများသည်လည်း သူတို့နှစ်ဦးအတိုင်း လုပ်နိုင်လိမ့််မည်ဟု မဆိုလိုပေ။

ထိုနှစ်ဦးမှာ သာမန်လူများမဟုတ်ကြ။ ပြောစရာမလိုအောင်ပင် ကျောက်တုံးကိုယ်ပွားသည် မဟာဧကရာဇ်တစ်ပိုင်းနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးထက် ပိုမိုအားကောင်းပေသည်။ ရန်ကိုင်ဆိုလျှင် ပို၍ပင် ထူးခြားပေသေးသည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အလျောက် အခြေအနေမဟုန်တော့ပါက အချိန်မရွေး ပြန်ဆုတ်လာနိုင်လေ၏။

အခြားသူများသည်သာ ထိုနှစ်ဦးကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု မိမိကိုယ်ကို ထင်မှတ်နေပါက ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ လီကျောက်သည်ပင်လျှင် ထိုထဲသို့ ပြေးဝင်သွားပြီးသည့်နောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

မာယင်မှာ ရန်ကိုင်တို့ကိုကြည့်ရင်း စိတ်လှုပ်ရှားလာသည့်အတွက်ကြောင့် သွားကူညီလိုခြင်းဖြစ်လေရာ လီကျောက်အနေဖြင့် သူမ၏ မဆင်မခြင်လုပ်ရပ်ကို မည်ကဲ့သို့များ ခွင့်ပြုပေးနိုင်ပါမည်နည်း။

ရန်ကိုင်မှာ သူတို့အား အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် လှုပ်ရှားရန် ပြောထားခဲ့သည်။ သို့ပါသော်ငြား ယခုအချိန်သည် လှုပ်ရှားရမည့်အချိန်မဟုတ်သေးပေ။

မီတာပေါင်းများစွာခန့်အကွာ၌ နတ်ဆိုးစစ်တပ်ကြီးမှာ ယခုအချိန်အထိ ကသောင်းကနင်းဖြစ်နေဆဲ။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ ရောက်သွားသည့်နေရာတိုင်းတွင် ရှိနေသော နတ်ဆိုးစစ်သည်များ ကသောင်းကနင်း ဖြစ်ကုန်ရလေသည်။ ယခုဆိုလျှင် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားမှာ နတ်ဆိုးစစ်တပ်ကို တဖြည်းဖြည်း ထိုးဖောက်ရင်းမှ နတ်ဆိုးစစ်တပ်၏ အလယ်ဗဟိုဆီသို့ ဦးတည်သွားနေကြောင်းကို လီကျောက်နှင့်အခြားသူများ မြင်တွေ့နေရသည်။

နောက်ဆုံး၌ ရန်ကိုင်နှင့်ကျောက်တုံးကိုယ်ပွားတို့မှာ နတ်ဆိုးစစ်တပ်၏ အလယ်ဗဟိုသို့ ရောက်သွားခဲ့လေသည်။ ရန်သူစစ်တပ်တစ်ခုလုံး၏ ပရမ်းပတာလှုပ်ရှားမှုများမှာ ရုတ်တရက် ငြိမ်ကျသွားခဲ့ပြီး နတ်ဆိုးပေါင်းများစွာသည် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားအား အကြားအလပ်မရှိ ဘက်ပေါင်းစုံမှ ဝိုင်းရံထားလိုက်ကြလေ၏။

လက်ရှိအခိုက်အတန့်တွင် နတ်ဆိုးတိုင်းမှာ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားအား ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေကြလေသည်။ နတ်ဆိုးဘုရင်များမှာမူ အံကိုတင်းတင်းကြိတ်ရင်းမှ နတ်ဆိုးစစ်တပ်ကြီးထဲ ပုန်းအောင်းနေကြလေသည်။

ရန်ကိုင်သည် အနန္တဓါးကို ပုခုံးထက်တင်ထားရင်းမှ ကျောက်တုံးကိုယ်ပွားနှင့် ကျောချင်းယှဉ်ကပ်ကာ ရပ်၍ တိုးတိုးလေးပြောလိုက်လေ၏။ “အချိန်ကျပြီ…”

သူ့ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့်တစ်ပြိုင်နက် လက်ကိုမြှောက်ကာ လက်ဖျောက်တီးလိုက်လေသည်။

“ဝီ ဝီ…”

ထူးဆန်းသည့်တဝီဝီမြည်သံများ ဘက်ပေါင်းစုံဆီမှ ရုတ်တရက် ထွက်ပေါ်လာလေရာ နတ်ဆိုးစစ်တပ်ကြီးမှာ ထိုအသံများ မည်သည့်နေရာမှ ထွက်လာလို့ ထွက်လာမှန်း မသိသည့်အလျောက် ဇဝေဇဝါအမူအယာများဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြလေသည်။

နောက်ဆုံးတွင် အသံဗလံများ မည်သည့်နေရာမှ ထွက်ပေါ်လာသလဲဆိုသည်ကို တွေ့ရှိသွားကြလေ၏။

မြောက်မြားလှစွာသော အင်းစက်များ မြေပြင်ပေါ်မှ တပြုံတခဲ ရုတ်တရက် ထွက်ပေါ်လာခဲ့လေရာ အနက်ရောင်တိမ်တိုက်ကြီးတစ်ခု မြေပြင်ထဲမှ ထွက်ပေါ်လာသလားဟုပင် ထင်မှတ်ရလေသည်။ ထိုအင်းစက်များသည် ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အနီးတစ်ဝိုက်တွင် ရှိနေသော နတ်ဆိုးများဆီသို့ တိုက်ရိုက် ပျံသန်းသွားကြလေသည်။ နတ်ဆိုးများမှာ အစပိုင်း၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ပါသော်ငြား ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်နိုင်ကြပြီး ဘယ်ကမှန်းမသိ ချဉ်းကပ်လာခဲ့သော အင်းစက်များကို စတင်တိုက်ခိုက်ကြတော့လေသည်။ သို့ပါသော်ငြား မကြာမီတွင် ထိုအင်းစက်များနှင့်ပတ်သက်၍ ထိတ်လန့်ဖွယ်ရာအချက်တစ်ချက်ကို ရှာတွေ့သွားခဲ့ကြသည်။ သူတို့အနေဖြင့် ထိုအင်းစက်များကို လွင့်စင်ထွက်သွားအောင် လုပ်နိုင်ပါသော်ငြား သတ်ပစ်နိုင်ခဲ့ခြင်းတော့မရှိပေ။ အင်းစက်ပေါင်းများစွာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သို့ပါသော်ငြား ချက်ချင်းဆိုသလို ၎င်းတို့၏တောင်ပံများကို တဖျတ်ဖျတ်ခတ်၍ နတ်ဆိုးများဆီသို့ ထပ်မံပြေးဝင်သွားကြလေ၏။

အင်းစက်များနှင့်ထိမိသော နတ်ဆိုးများမှာမူ နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်တွင် လူးလှိမ့်ကုန်ကြလေသည်။ မြေပြင်ပေါ်၌ လူးလှိမ့်နေကြသော နတ်ဆိုးများမှာ အသက်ငင်သွားသည့်ပမာ မလှုပ်မယှက် ဖြစ်သွားကုန်ကြလေ၏။ ထူးဆန်းသည့်အချက်မှာ သေသွားသည့်နတ်ဆိုးများပေါ်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မှ ရှိမနေခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ထိုနတ်ဆိုးများ၏ ဝိဉာဉ်သည်သာ ရှင်းပစ်ခံလိုက်ရသည့် အတွက်ကြောင့်ပင်။

ဤသည်မှာ အခြားမဟုတ်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသာ ဖြစ်လေသည်။

ရန်ကိုင် ဝိဉာဉ်ဝါးမျိုအင်းစက်များကို အသုံးမပြုခဲ့သည်မှာ အလွန်ကြာနေခဲ့လေပြီ။ သို့ပါသော်ငြား လက်ရှိအခိုက်အတန့်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏စွမ်းအားကို ထုတ်ဖော်ပြသရန်အတွက် အကောင်းဆုံးသောအခွင့်အရေး ဖြစ်ပေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အမြဲတမ်းဆိုသလို ဤကဲ့သို့သောအခြေအနေမျိုးတွင် အလွန်ကိုမှ ထက်ရှသည့် ဓါးတစ်ချောင်း ဖြစ်လာလေ့ရှိပေသည်။

ရန်ကိုင်နှင့်ကျောက်တုံးကိုယ်ပွားတို့ နတ်ဆိုးစစ်တပ်ထဲသို့ တစ်ကိုယ်တော်ဝင်ရောက်သောင်းကျန်းရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းနှစ်ခု ရှိနေပေသည်။ တစ်ခုမှာ နတ်ဆိုးစစ်တပ်အား ရှေ့ဆက်မတက်နိုင်အောင် တားဆီးထားနိုင်ရန်ဖြစ်ပြီး ကျန်တစ်ခုမှာတော့ ဝိဉာဉ်ဝါးမျိုအင်းစက်များကို တိုးတိုးတိတ်တိတ်ဖြင့် လွှတ်ပေးရန်သာ ဖြစ်လေသည်။ ယခုဆိုလျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များ ထွက်ပေါ်လာခဲ့လေပြီ။ တကယ့်ရလဒ်မှာတော့ ရန်ကိုင်ထင်ထားသည်ထက်ပင်လျှင် ပိုမိုကောင်းမွန်နေပေသေးသည်။

နတ်ဆိုးစစ်တပ်တစ်ခုလုံး ဝိဉာဉ်ဝါးမျိုအင်းစက်များကြောင့် ကသောင်းကနင်းဖြစ်ကုန်ကြပြီး အားနည်းလှသည့် နတ်ဆိုးစစ်သားများ၊ နတ်ဆိုးဗိုလ်ချုပ်မှူးများမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များအား တားဆီးနိုင်ခဲ့ခြင်း မရှိကြပေ။ တစ်ဦးချင်းစီတိုင်းသည် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ဝါးမျိုခြင်း ခံရပြီး ဝိဉာဉ်များပျက်စီးကာ သေကြေကုန်ကြလေသည်။ နတ်ဆိုးဘုရင်များသည်သာ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များ၏ဒဏ်မှ လွတ်နိုင်ကြလေ၏။

မူလက အစီအစဉ်တကျရှိခဲ့သော နတ်ဆိုးစစ်တပ်ကြီးမှာ ရုတ်တရက်ဆိုသလို လုံးဝကို ကသောင်းကနင်း ဖြစ်သွားတော့လေသည်။ ရုတ်တရက်ထွက်ပေါ်လာသော ဝိဉာဉ်ဝါးမျိုအင်းစက်များကြောင့် နတ်ဆိုးစစ်တပ်၏ ငါးပုံတစ်ပုံလောက်မှာ လုံးဝကို ပရမ်းပတာဖြစ်သွားရ၏။

ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်း၍ သူ့လက်ကို မြှောက်လိုက်သည်။ ထို့နောက်တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု သူ့ဘေးနား၌ ရုတ်တရက် ထွက်ပေါ်လာကြလေ၏။

နဂါးတစ်ပိုင်းမြို့ထဲမှ ကျင့်ကြံသူများ ထွက်ပေါ်လာကြလေပြီ။

ဧကရာဇ်အဆင့်ပညာရှင်များမှာ ပထမဦးဆုံးပေါ်လာကြသည့်လူများ ဖြစ်ကြသည်။ ထို့နောက်တွင် တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ အစဉ်လိုက်‌ ပေါ်လာကြလေသည်။

ထိုလူများကို လောကဓာတ်လုံးထဲသို့ ထည့်ဖို့ရာ အတော်လေး အချိန်ယူခဲ့ရပါသော်ငြား လောကဓာတ်လုံးထဲမှ ပြန်ထုတ်ဖို့ရာမှာမူ တစ်ခဏလေးသာ အချိန်ယူခဲ့ရသည်။

နတ်ဆိုးစစ်တပ်၏ အလယ်ဗဟိုတွင် စစ်သည်တစ်သိန်းကျော်သည် ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေသော နတ်ဆိုးဘုရင်များမှာ ထိုရုတ်တရက်ပေါ်လာသည့် လူများကိုကြည့်ရင်း လုံးဝကို မင်သက်သွားကုန်ကြလေ၏။

ထို့နောက်တွင် နက်နဲဆန်းကြယ်လှသည့် မန္တန်ရွတ်ဆိုသံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အလင်းစက်ကွင်းတစ်ခုသည် ထိုလူတစ်သိန်းလုံးအား လွှမ်းခြုံသွားခဲ့လေသည်။

သွေးစတေးခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်များပင်။

ထို့နောက်တွင် ထိုလူများ၏ခန္ဓာကိုယ်များဆီမှ အနီရောင်အလင်းတို့ တောက်ပလာခဲ့ပြီးသည့်နောက် ထိုလူများ၏ အမြန်နှုန်းမှာ စတင်၍ မြန်ဆန်လာခဲ့လေသည်။

ပြင်ဆင်မှုအားလုံး ပြင်ဆင်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် အနန္တဓါးကိုမြှောက်၍ အော်ပြောလိုက်လေ၏။ “သတ်ကြ…”

ရေကာတာကျိုးပေါက်သွားသည့်နောက် ရေများ တရဟော စီးထွက်လာသည့်ပမာ ကျင့်ကြံသူအယောက်တစ်သိန်းသည် ဘက်ပေါင်းစုံသို့ ပြေးထွက်၍ နတ်ဆိုးများဆီသို့ တိုးဝင်သွားကြလေ၏။

ဝိဉာဉ်ဝါးမျိုအင်းစက်များနှင့် အလုပ်ရှုပ်နေကြသော နတ်ဆိုးစစ်တပ်မှာ ထိုရုတ်တရက် ပြေးဝင်လာသည့် ကျင့်ကြံသူများအား မည်ကဲ့သို့များ တားဆီးနိုင်ကြပါမည်နည်း။

အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့သွားသည့်နောက်တွင် နတ်ဆိုးများသည်သာ တရစပ် သေကြေကြရလေသည်။ ဧကရာဇ်အဆင့်ပညာရှင်များမှ ဦးဆောင်သော လူတစ်ထောင်တစ်ဖွဲ့ချင်းစီတိုင်းသည် နတ်ဆိုးစစ်တပ်ထဲသို့ ဝင်ကာ စိတ်ကြိုက်ကို သောင်းကျန်းနေကြတော့လေသည်။

ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့သည်လည်း လူအယောက်နှစ်ထောင်ပါသော အဖွဲ့များကို ဦးဆောင်၍ နတ်ဆိုးစစ်တပ်ထဲ ထပ်မံသောင်းကျန်းကြပြန်လေသည်။

နတ်ဆိုးစစ်တပ်မှာ အရေအတွက်အရ ပိုသာပါသော်ငြား စစ်ပွဲ၏အလှည့်အပြောင်းကို အရေအတွက်တစ်ခုတည်းက ပြောင်းလဲနိုင်ခြင်းမရှိပေ။ နဂါးတစ်ပိုင်းမြို့ထဲရှိ ဧကရာဇ်အဆင့်ပညာရှင်အရေအတွက်မှာ နတ်ဆိုးစစ်တပ်ထဲရှိ နတ်ဆိုးဘုရင်အရေအတွက်ထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပေသည်။ ထိုကွာဟချက်တစ်ခုတည်းနှင့်ပင်လျှင် သိန်းနှင့်ချီသော အဖွဲ့ဝင်အရေအတွက်ကွာခြားမှုကို ဖာထေးပေးနိုင်ပေသည်။ ထို့အပြင် နတ်ဆိုးစစ်တပ်ထဲ သောင်းကျန်းနေသည့် ဝိဉာဉ်ဝါးမျိုအင်းစက်များလည်း ရှိနေကြသေး၏။

ကျားဟိန်းသံမြို့နံရံပေါ်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ ထိုမြင်ကွင်းအား အံ့ဩတကြီးဖြင့် ကြည့်နေကြလေသည်။

လီကျောက်မှာလည်း အချိန်တန်ပြီဟု သိလိုက်သည့်နောက်တွင် အော်ပြောလိုက်လေ၏။ “ကဲ… တိုက်ခိုက်ကြပေတော့…”

ထို့နောက်တွင် လီကျောက်၊ ကောင်းရွှယ်ထင်းနှင့် အခြားသောဧကရာဇ်အဆင့်ပညာရှင်များမှ ဦးဆောင်သော သောင်းနှင့်ချီသည့် ကျင့်ကြံသူများသည် ကျားဟိန်းသံမြို့မှတစ်ဆင့် နတ်ဆိုးစစ်တပ်ဆီသို့ ပြေးဝင်သွားကြလေ၏။

လွန်ခဲ့သောတစ်နာရီခန့်က သူတို့အနေဖြင့် နောက်တစ်နေ့နေထွက်သည်ကို မြင်မှ မြင်နိုင်ပါလေဦးမလား ဆိုသည်ကို တွေးပူခဲ့ရသည်။ သူတို့၏အိပ်မက်ထဲတွင်ပင်လျှင် ယခုကဲ့သို့ နတ်ဆိုးစစ်တပ်အား လက်ဦးမှုရယူကာ ပြေးဝင်တိုက်ခိုက်ရလိမ့်မည်ဟု အိပ်မက်မက်ခဲ့ကြခြင်း မရှိပေ။

လွင်ပြင်ကျယ်ကြီးထဲဝယ် စစ်တပ်နှစ်တပ်မှာ ထိပ်တိုက်တွေ့ကြလေရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလောင်းများ တောင်နှယ်ပုံထပ်လာပြီး သွေးများမှာ မြစ်များပမာ စီးဆင်းလာကြတော့သည်။ တပ်နှစ်တပ်ကြားရှိ အင်အားကွာခြားချက်မှာ သိသာလှပါသော်ငြား တိုက်ပွဲရလဒ်မှာမူ မေးနေစရာပင်မလိုတော့ပေ။

ဖုလင်သည် မာန်သွင်းအော်ဟစ်ရင်းမှ ပြေးဝင်သွားလေ၏။ ဤတိုက်ပွဲတွင်တော့ ဖုလင်သည် နဂါးတစ်ကောင်အသွင်သို့ မပြောင်းလဲခဲ့ပေ။ သို့ပါသော်ငြား သူမ၏ နဂါးဟိန်းသံပညာရပ်မှာ ကောင်းကင်တစ်ခွင်အနှံ့ ပြန့်နှံ့သွားခဲ့ရာ မြောက်မြားလှစွာသော နတ်ဆိုးများအား သလင်းကျောက်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့လေသည်။

လက်ဖက်ရည်တစ်ခွက်ဆူစာအချိန်အတွင်းမှာပင် သိန်းနှင့်ချီသော နတ်ဆိုးများ သေကြေကုန်ကြလေသည်။ ထိုအချိန်အတောအတွင်း ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူအများစုမှာတော့ ဒေါင်ဒေါင်မြည်ရှိနေကြဆဲ။

နတ်ဆိုးစစ်တပ်၏ ပုံစံခွက်မှာ လုံးဝကို ပျက်ယွင်းနေခဲ့လေပြီ။ ထို့အပြင် အတော်များများမှာ တိုက်ခိုက်လိုစိတ် မရှိကြတော့‌။ ထိုအကြောင်းကြောင့် ပြန်ဆုတ်ရန်အမိန့်ပေးသည့်ခရာသံ ထွက်ပေါ်လာချိန် နတ်ဆိုးများမှာ ကမန်းကတန်း ထွက်ပြေးကုန်ကြလေသည်။

ကျားဟိန်းသံမြို့မှ ကျင့်ကြံသူများနှင့် နဂါးတစ်ပိုင်းမြို့မှ ကျင့်ကြံသူများမှာမူ အလျှော့မပေးဘဲ လိုက်လံတိုက်ခိုက်ကြလေသည်။

မြို့အား စောင့်ကြပ်ရန်အတွက် ကျင့်ကြံသူအချို့ကို ချန်ထားရစ်ပြီးသည့်နောက် ရန်ကိုင်ကိုယ်တိုင်သည်လည်း အခြားသောသူများကို ဦးဆောင်ကာ နတ်ဆိုးစစ်တပ်အား လိုက်လံတိုက်ခိုက်ကြသည်။

နောက်တစ်နေ့ရောက်မှသာလျှင် ကျားဟိန်းသံမြို့ဆီသို့ ပြန်လာခဲ့လေသည်။

စစ်ပွဲတစ်ပွဲပြီးသည့်နောက် အလုပ်ရှုပ်သည်မှာ သဘာဝသာဖြစ်သည်။ သို့ပါသော်ငြား ကျားဟိန်းသံမြို့မှာ လူအင်အားတစ်သိန်းကျော်အား စစ်ကူအဖြစ် ရရှိခဲ့ပြီး ထိုတစ်သိန်းကျော်အနက် နှစ်ရာနီးပါးမှာ ဧကရာဇ်အဆင့်ပညာရှင်များဖြစ်ကြရာ ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေသည်။ ယနေ့အချိန်ဝယ် အနောက်ဘက်နယ်မြေတစ်ခုလုံးတွင် ဤကဲ့သို့သော လူအင်အားများကို မဟာဧကရာဇ်တစ်ပိုင်းများမှ ကြီးကြပ်ကဲကွပ်နေသော မြို့ကြီးများတွင်သာ တွေ့ရှိနိုင်ကြပေသည်။

နေ့လည်ရောက်သော် တိုက်ပွဲရလဒ်အခြေအနေမှာ ထွက်ပေါ်လာခဲ့သည်။

ရန်သူ့ဘက်တွင် စစ်သည်အင်အားသုံးသိန်းကျော်မက သေဆုံးသွားခဲ့ရပါသော်ငြား ကျားဟိန်းသံမြို့ဘက်တွင်မူ တစ်သောင်းမရှိတတ်ရှိတတ်သာ ကျဆုံးခဲ့လေသည်။ ယခင်တစ်ကြိမ်အကျအဆုံးများနှင့်ယှဉ်လိုက်သော် အကျအဆုံးအရေအတွက်မှာ သိပ်၍မယုံကြည်နိုင်စရာကောင်းလှသည်။ သို့ပါသော်ငြား အချက်အလက်များမှာ ရှေ့တည့်တည့်တွင် ရှိနေကြလေရာ သူတို့အနေဖြင့် မယုံချင်လျှင်ပင် ယုံရပေလိမ့်မည်။

မြို့ပြင်ဘက်တွင်ရှိနေသော အလောင်းများကိုလည်း ရှင်းလင်းဖို့ရာ လိုအပ်ပေသေးသည်။ ထိုအလောင်းများကိုသာ ဤအတိုင်းပစ်ထားခဲ့မည်ဆိုလျှင် အလောင်းများမှာ ပုပ်ပွလာပြီး နံစော်လာပေလိမ့်မည်။ သို့ပါသော်ငြား ရန်ကိုင်မှာ ထိုကိစ္စများနှင့်ပတ်သက်၍ စိတ်ပူနေစရာမလို။ လီကျောက်သည် အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်၍ အလောင်းများကို သွားရောက်ရှင်းလင်းလေသည်။

ရက်အနည်းငယ်လေးအတွင်းမှာပင် ကျားဟိန်းသံမြို့သည် နတ်ဆိုးစစ်တပ်၏ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ထို့အပြင် အကြိမ်တိုင်းတွင်လည်း နတ်ဆိုးစစ်တပ်အား အပြတ်အသတ် အနိုင်ရခဲ့လေသည်။ နှစ်ကြိမ်တိုင်တိုင် အပြတ်အသတ် ရှုံးနိမ့်သွားပြီးသည့်နောက် နတ်ဆိုးစစ်တပ်မှာ အချိန်တိုအတွင်း ကျားဟိန်းသံမြို့အား လာရောက်တိုက်ခိုက်တော့လိမ့်မည်မဟုတ်ဟု ရန်ကိုင်ယုံကြည်နေပေသည်။ နတ်ဆိုးစစ်တပ်အနေဖြင့် ကျားဟိန်းသံမြို့အား တိုက်ခိုက်မည့် နတ်ဆိုးစစ်တပ်ကို သေသေချာချာ ပြန်လည်ဖွဲ့စည်းရန် လိုအပ်ပေလိမ့်မည်။ သို့ပါသော်ငြား နတ်ဆိုးစစ်တပ် တတိယအကြိမ်မြောက် တိုက်ခိုက်လာသည့်အခါတွင်တော့ ကျားဟိန်းသံမြို့အတွက် လွယ်ကူနေလောက်တော့လိမ့်မည်မဟုတ်ပေ။

ယခုတစ်ကြိမ်၌ ကျားဟိန်းသံမြို့မှာ တိုက်ပွဲအား အပြတ်အသတ် အနိုင်ရခဲ့ပါသော်ငြား ဝှက်ဖဲများကိုလည်း ထုတ်ပြခဲ့သည်။ နတ်ဆိုးစစ်တပ် တတိယအကြိမ်မြောက် ချီတက်လာသည့်အခါတွင် လက်ရှိကျားဟိန်းသံမြို့၏ လူအင်အားကို ယှဉ်နိုင်သည့် စစ်သည်အင်အားကို ကျိန်းသေ ခေါ်ဆောင်လာပေလိမ့်မည်။ စစ်တပ်ကိုဦးဆောင်လာသည့် ပညာရှင်များမှာလည်း ကျိန်းသေကို ထိပ်သီးဖြစ်နေပေလိမ့်မည်။

မြို့သခင်စံအိမ်ထဲဝယ် ရန်ကိုင်သည် ယုရုမန်၏ သွယ်လျလှပသည့် ပေါင်တံလေးများပေါ် ခေါင်းမှီရင်းမှ ညောင်စောင်းတစ်ခုထက် လှဲလျောင်းကာ အတွေးနက်နေခဲ့လေသည်။

ယုရုမန်မှာမူ ကြင်နာသိမ်မွေ့သည့် ဇနီးမယားတစ်ဦးပမာ ရန်ကိုင်၏ခေါင်းကို အသာအယာ ပွတ်သပ်ပေးနေခဲ့သည်။ ရန်ကိုင်နှင့် တစ်ခါတစ်ရံကျ သူသေကိုယ်သေတိုက်ခိုက်မည်ဟု ပြောဆိုခဲ့သော ယုရုမန်မှာ ဤကဲ့သို့သော သိမ်မွေ့သည့်ဘက်ခြမ်းမျိုးကို ထုတ်ပြသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ အခန်းတစ်ခုလုံးမှာတော့ လုံးဝကို တိတ်ဆိတ်နေခဲ့လေ၏။ ရန်ကိုင်နှင့် ယုရုမန်တို့၏ အသက်ရှူသံမှလွဲ၍ အခြားမည်သည့်အသံကိုမှ မကြားရပေ။

ရန်ကိုင်သည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး အော်ပြောလိုက်လေသည်။ “ရုမန်…”

“ဘာလဲ…” ယုရုမန်က ပြန်ထူးလိုက်သည်။

“နင် ငါ့ကို နေရာတစ်ခုဆီ ခေါ်သွားမယ်လို့ ပြောဖူးတယ်နော်… ဟုတ်တယ်မလား… အဲ့နေရာက ဘယ်နေရာလဲ ငါ့ကို ပြောပြလို့ရမလား…”

“နင် ဘာဖြစ်လို့ ငါ့ကို အဲ့ဒါကို ရုတ်တရက်ကြီး လာမေးတာလဲ…” ယုရုမန်က ပြုံးရင်းမှ ပြန်မေးလိုက်သည်။

“နင် ငါ့အပေါ်ကို နှလုံးသားစည်းတံဆိပ်ပညာရပ် အသုံးပြုခဲ့တယ်ဆိုမှတော့ နင့်မှာ အကြံတစ်ခုခုရှိနေလို့ နေမှာပေါ့… ဟုတ်တယ်မလား… ဒါပေမယ့် နင်နဲ့ နင့်နောက်ကွယ်ကအင်အားစုတွေ ဘာကြံနေသလဲဆိုတာကို ငါ စဉ်းစားနေခဲ့တာ အမြဲပဲ… သူတို့ ဘာဖြစ်လို့ အခုထိ မလှုပ်ရှားသေးတာလဲ… ရုမန်… အခု ကမ္ဘာနှစ်ခုက စစ်ဖြစ်နေပြီ… လင်းတုန်ကလည်း ငါ့ကို ဒီကျားဟိန်းသံမြို့ကို ကာကွယ်ဖို့ တာဝန်ပေးသွားတယ်… ဒီတော့ ငါ အခြားကိစ္စတွေကြောင့် အာရုံမနောက်ချင်တော့ဘူး… ဒါကြောင့် ငါတို့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားကြရင် ကောင်းလိမ့်မယ်… နင် ငါ့ကို ဘယ်နေရာဆီ ခေါ်သွားချင်တာလဲ… နင် ငါ့ကို ဘာလုပ်စေချင်တာလဲဆိုတာကို ပြောပြလို့ရမလား… ဖြစ်နိုင်လို့ရှိရင် နင်ပြောတာတွေအကုန် ငါ တတ်နိုင်သမျှ လိုက်လျောပေးမယ်…”

ယုရုမန်ကမူ ခေါင်းခါရင်းမှ ပြုံး၍ ပြန်ပြောလိုက်သည်။ “အခုက အချိန်မတန်သေးဘူး… အချိန်တန်တဲ့အခါကျ ငါနင့်ကိုပြောပြမယ်…”

ရန်ကိုင်သည် ထူးမခြားနားဟန်ပုံစံမျိုးဖြင့် မော့ကြည့်လိုက်လေသည်။

ရန်ကိုင်ပုံစံကိုကြည့်ရင်း ယုရုမန် မျက်မှောင်ကျုံ့သွားခဲ့သည်။ ဘာကြောင့်မှန်းမသိ ဤအခိုက်အတန့်ဝယ် ရန်ကိုင်နှင့်သူမမှာ အလွန်ကိုမှ အလှမ်းကွာနေသလို ခံစားလိုက်ရလေသည်။

All Chapters