← Chapters

အခန်း ၃၄၁၉

Vol. 150 Ch. 3419

အခန်း ၃၄၁၉

Vol. 150 Ch. 3419

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၄၁၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် ထင်ထားခဲ့သည့်အတိုင်းပင် နတ်ဆိုးမျိုးနွယ်စုသည် အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ကြသည်။ ကျားဟိန်းသံမြို့မှ တစ်သန်းခန့် ရှိသော နတ်ဆိုးစစ်တပ်အား ပြန်လည် တွန်းလှန်ပြီးသည့်နောက်တွင် နတ်ဆိုးစစ်တပ်မှာ နောက် တစ်လလုံးလုံး ကျားဟိန်းသံမြို့အား လာရောက် တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

တစ်လကြာပြီးသည့် နောက်တွင် ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင်မှာ အပြည့်အဝ ပြန်လည် အသက်ဝင်လာခဲ့လေသည်။ အလင်းအကာအရံ မြို့တစ်ခုလုံးအား လွှမ်းခြုံသွားသည့် အခါမှသာလျှင် မြို့ထဲ၌ ရှိနေသော ကျင့်ကြံသူများ လုံခြုံသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ အစီအရင်ကို နန်မန်တကျွင်း ကိုယ်တိုင်မှ ခင်းကျင်းထားသည့်အတွက်ကြောင့် ၎င်း၏ စွမ်းဆောင်ရည်မှာ မူလက တည်ရှိခဲ့သော အစီအရင်ထက် ပိုမို ကောင်းမွန်ပေသည်။ နတ်ဆိုးစစ်တပ် နောက်ထပ် တစ်သန်း လာရောက်တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် ကျားဟိန်းသံမြို့အနေဖြင့် အစီအရင်၏ အကူအညီဖြင့် ထိုနတ်ဆိုးစစ်တပ်အား ရင်ဆိုင်နိုင်ပေလိမ့်မည်။

ထိုမျှသာလျှင် မဟုတ်သေး။ ထက်ကောင်းကင်နန်းတော်ဆီမှလည်း သတင်းကောင်းတစ်ခု ကြားခဲ့ရသည်။ ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ဝင်သွားခဲ့သော ကျင့်ကြံသူ ပထမအသုတ် ပြန်လည် ထွက်လာပြီဟူသည့် သတင်းပင်။ ထိုကျင့်ကြံသူများအနက် ဆယ်ပုံ တစ်ပုံလောက်သည်သာ မှော်စွမ်းအားကို ရရှိခဲ့ကြပါသော်ငြား ထိုအချက်သည် ထိုနည်းလမ်းမှာ အသုံးဝင်ကြောင်းကို သက်သေပြနေခဲ့လေသည်။ ကြယ်တာရာအစုအဝေးအနေဖြင့် ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲသို့ ကျင့်ကြံသူများကို ဆက်လက် စေလွှတ်ရုံသာ လိုအပ်ပေသည်။ ထိုသို့သာဆိုပါက အနှေးနှင့် အမြန်ဆိုသလို ကြယ်တာရာအစုအဝေး၌ နတ်ဆိုးစစ်တပ်အား ရင်ဆိုင်နိုင်မည့် မှော်ဆရာ အလုံအလောက် ရှိလာပေလိမ့်မည်။

မှော်စွမ်းအားကို ကျင့်ကြံနိုင်သည့် မည်သူမဆို ယန်ယန်၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်အား ယခင်တစ်ကြိမ်က မည်သည့် အကူအညီမျှ မပေးနိုင်ခဲ့သည့်အတွက်ကြောင့် အပြစ်မကင်းသလို ခံစားရသည့်အတွက်ကြောင့်လား မသိရ။ ယန်ယန်သည် မှော်ဝိဇ္ဇာ နှစ်ဦးကို ကျားဟိန်းသံမြို့ဆီသို့ စေလွှတ်ပေးလာခဲ့လေသည်။

လက်ရှိ အခြေအနေအရ မှော်ဝိဇ္ဇာ နှစ်ဦးသည် အချိုပေါ် သကာလောင်းရုံသာ ရှိပေသည်။ သို့ပင်ဖြစ်လင့်ကစား မရှိသည်ထက်စာလျှင်တော့ ပို၍ အဆင်ပြေပေသေးသည်။ အနည်းဆုံး ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများကို မှော်ပညာရပ်များဖြင့် ကူညီပေးနိုင်ပေသေးသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ယခင်ကလောက် ဝန်ပိနေခြင်း မရှိတော့ပေ။

ကျားဟိန်းသံမြို့သည် အနောက်ဘက်နယ်မြေထဲရှိ အခြားသောမြို့များနှင့် တောက်လျှောက်ကို အဆက်အသွယ် ရှိနေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လက်ရှိ ကြယ်တာရာအစုအဝေး၏ အခြေအနေမှာ ကောင်းမွန်ခြင်း မရှိသေးမှန်း သိနေခဲ့သည်။ အလယ်အလတ်အဆင့်နှင့် မြို့ငယ်လေးများစွာတို့သည် နတ်ဆိုးစစ်တပ်၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ကြယ်တာရာအစုအဝေးမှာ အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ ကျန်ရစ်သော ကျင့်ကြံသူများမှာ အခြားသော မြို့များဆီသို့ ထွက်ပြေးကာ ထိုမြို့များနှင့် သွားရောက်ပူးပေါင်းကြလေသည်။ ကျားဟိန်းသံမြို့ဆီသို့လည်း လူအချို့ ရောက်လာကြသည်။ လူအရေအတွက်မှာ မများလှပါသော်ငြား နည်းလည်း မနည်းလှပေ။ ယခုဆိုလျှင် ကျားဟိန်းသံမြို့မှာ စစ်ဘေးဒုက္ခသည် သောင်းနှင့်ချီကို လက်ခံထားခဲ့လေရာ မြို့ထဲရှိ လူအင်အား အရေအတွက်မှာ ပိုမို၍ တောင့်တင်းလာခဲ့လေသည်။

ကမ္ဘာနှစ်ခုအကြားရှိ စစ်ပွဲ စသည့် အချိန်မှ စ၍ ကြယ်တာရာအစုအဝေးမှာ သန်းနှင့်ချီသော အကျအဆုံးများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့ပါသော်ငြား နတ်ဆိုးစစ်တပ်ဘက်မှ အကျအဆုံးမှာမူ ထိုထက်ပင် ပို၍ များနေပေသေးသည်။ သို့ပင်ဖြစ်လင့်ကစား နတ်ဆိုးစစ်တပ်မှာ စတေးခံ စစ်သားများ မရေမတွက်နိုင်အောင် ရှိနေသည့်အလား တစ်ကြိမ် စစ်ရှုံးပြီးသွားသည်နှင့် ပိုပို၍ အားကောင်းလှသော စစ်တပ်ဖြင့် ထပ်ခါတလဲလဲ စစ်ချီလာနေခဲ့သည်။ လူတိုင်းမှာ ထိုအခြေအနေနှင့် ပတ်သက်၍ ရင်ဆိုင်ရန် အတော်လေးကိုမှ အခက်တွေ့နေရသည်။

ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက် မြို့သခင်စံအိမ်ထဲ တံခါးပိတ် ကျင့်ကြံနေစဉ် ရန်ကိုင်မှာ ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး ဆက်သွယ်ရေးမှော်ရတနာကို ထုတ်လိုက်သည်။ ဆက်သွယ်ရေးမှော်ရတနာထဲ၌ ပို့လာသည့် အကြောင်းအရာကို စစ်ဆေးကြည့်ပြီးသည့်နောက် မျက်မှောင်ကြုတ်ကာ ထိုင်ရာမှ ထ၍ အပြင်သို့ ထွက်လာခဲ့လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် မြို့နံရံပေါ်၌ ပေါ်လာခဲ့လေသည်။ ရန်ကိုင် ရောက်လာသည်ကို မြင်သည့်အခါ ဧကရာဇ်အဆင့်ပညာရှင်များ တစ်ဦးပြီးတစ်ဦး ရန်ကိုင်အား အလေးပြုလိုက်ကြလေ၏။

"ဘာဖြစ်လို့လဲ" ရန်ကိုင်သည် အဝေးသို့ လှမ်းမျှော်ကြည့်ရင်းမှ မေးလိုက်၏။

လီ‌ကျောက်က ပြန်ပြောလိုက်သည်။ "နတ်ဆိုးမျိုးနွယ်စု ပြန်လာနေပြီ"

"ဘယ်လောက်များလဲ"

"များတော့ သိပ်မများဘူး သိန်းဂဏန်းလောက်ပဲ"

ချီကွေ့က လှောင်ပြုံးပြုံးလျက်... "စစ်သည်တစ်သန်းပါတဲ့ နတ်ဆိုးစစ်တပ်ကိုတောင် တွန်းလှန်ထားတာ သိန်းဂဏန်းလောက်က ဘာလုပ်နိုင်ဦးမှာလဲ" ယခင်တစ်ကြိမ်က ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင်မှာ အသက်မဝင်သေးခင် ကျားဟိန်းသံမြို့သည် တစ်သန်းခန့် ရှိသော နတ်ဆိုးစစ်တပ်ကြီးအား အပြတ်အသတ် အနိုင်ယူနိုင်ခဲ့လေသည်။ ယခု အကာအကွယ်အစီအရင်မှာ လုံးဝကို ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်လေရာ သိန်းဂဏန်းလောက်သော နတ်ဆိုးစစ်တပ်ကိုမူ ချီကွေ့မှာ လုံးဝ ဂရုစိုက်မနေတော့ပေ။

"မပေါ့နဲ့" ရန်ကိုင်က ရုတ်တရက် သတိပေးလိုက်သည်။ "နတ်ဆိုးမျိုးနွယ်စုက ဒီလောက်ကလေးနဲ့ လာရဲတယ်ဆိုမှတော့ သူတို့ အားကိုးစရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရလိမ့်မယ်"

ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ကောင်းရွှယ်ထင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ "နင်ပြောချင်တာက"

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "အဲဒီလို မဖြစ်ဖို့ မျှော်လင့်ရတာပဲ၊ မဟုတ်ရင်တော့ လွယ်တော့မှာ မဟုတ်ဘူး" ထို့နောက်တွင် မာယင်ကို ကြည့်၍ အမိန့်ပေးလိုက်လေ၏။ "လူအချို့လွှတ်ပြီးတော့ အနီးအနားမှာ အခြား နတ်ဆိုးစစ်တပ်တွေ ရှိမရှိ စစ်ဆေးကြည့်ခိုင်းလိုက်စမ်း"

မာယင်လည်း ချက်ချင်းပဲ မြို့နံရံပေါ်မှ ဆင်းကာ ရန်ကိုင် ပြောသည့်အတိုင်း သွားရောက် စစ်ဆေးကြည့်ခိုင်းစေလေသည်။

မကြာမီ ကျားဟိန်းသံမြို့ထဲမှ လူအချို့သည် ကျားဟိန်းသံမြို့ထဲမှ ထွက်၍ ဘက်ပေါင်းစုံသို့ ပြေးထွက်သွားကြလေသည်။

နာရီဝက်ခန့် ကြာပြီးသည့်နောက် မာယင်က ပြန်လည် အစီရင်ခံတင်ပြလာခဲ့လေသည်။ "မြို့သခင်၊ ကျားဟိန်းသံမြို့နဲ့ မိုင်တစ်ထောင်ဝန်းကျင် အတွင်းမှာ ဘယ်နတ်ဆိုးမှ မရှိပါဘူး၊ အခုကျွန်မတို့ အရှေ့တည့်တည့်မှာ ရှိနေတဲ့ နတ်ဆိုးစစ်တပ် တစ်ခုပဲ ရှိနေတာပါ"

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် အော်ဟစ် အမိန့်ပေးလိုက်လေ၏။ "အဲဒါဆိုရင် စစ်ပွဲအတွက် အသင့်ပြင်ကြဖို့ ကျုပ်အမိန့်ကို ထုတ်ပြန်လိုက်တော့"

ခရာမြည်သံနှင့်အတူ ကျားဟိန်းသံမြို့မှာ စတင်၍ ပြင်ဆင်တော့လေသည်။ တစ်သိန်းခန့် ရှိသော ကျင့်ကြံသူများသည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များအတိုင်း ဧကရာဇ်အဆင့်ပညာရှင် အသီးသီး၏ အမိန့်ပေးမှုအောက်တွင် မြို့နံရံပေါ်ရှိ နေရာ အသီးသီး၌ ရပ်ကာ ချီတက်လာနေသော နတ်ဆိုးစစ်တပ်ကို စောင့်ကြိုနေကြလေသည်။

နတ်ဆိုးစစ်တပ်မှာ တဖြည်းဖြည်းနှင့် ချီတက်လာနေပြီဟူသည့် အကြောင်းကို အပြင်ဘက်တွင် တာဝန်ကျနေသော ကင်းထောက်များမှ ပြန်လည် အစီရင်ခံတင်ပြလာခဲ့လေသည်။

ဧကရာဇ်အဆင့်ပညာရှင်များမှာ အလေးအနက် အမူအရာများဖြင့် အဝေးသို့ လှမ်းမျှော်၍ ကြည့်နေကြသည်။

တဖြည်းဖြည်းနှင့် နတ်ဆိုးစစ်တပ်ကြီးမှာ လူတိုင်း၏ မြင်ကွင်းထဲ ပေါ်လာခဲ့လေသည်။ သူတို့ ရထားသည့် သတင်းများအတိုင်း လက်ရှိ နတ်ဆိုးစစ်တပ်၏ အရေအတွက်မှာ တစ်သန်းပင် မပြည့်ပေ။ အကြောင်းမှာ ထိုစစ်တပ်သည် ယခင်တစ်ကြိမ်က သူတို့ လက်ချက်ကြောင့် မရှုမလှ ရှုံးနိမ့်သွားခဲ့ရသော စစ်တပ်သာ ဖြစ်သည့်အတွက်ကြောင့်ပင်။

သို့ပါသော်ငြား ယခင်နှင့် မတူသည်မှာ ထိုရှုံးနိမ့်သွားခဲ့သော စစ်တပ်သည် ယခုတစ်ကြိမ်တွင် ယုံကြည်ချက် အပြည့်ဖြင့် တစ်ဖန်ပြန်လည် စစ်ချီလာနေခဲ့ခြင်း ဖြစ်လေသည်။

အချိန်သည် တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့လေ၏။ ကျားဟိန်းသံမြို့မှ မိုင်ငါးဆယ်လောက်သာ ဝေးတော့သည့် နေရာသို့ အရောက်တွင် နတ်ဆိုးစစ်တပ်ကြီး ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် နတ်ဆိုးစစ်တပ်ကြီးမှာ နှစ်ပိုင်း ကွဲထွက်သွားခဲ့ပြီး အလယ်ကြား နေရာမှ နတ်ဆိုးမီးတောက်မြင်းကို စီးနင်းထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး အေးအေးဆေးဆေး အမူအရာဖြင့် ထွက်လာခဲ့လေသည်။

ထိုနတ်ဆိုးမီးတောက်မြင်း၏ မြင်းခွာများမှာ မီးတောက်များဖြင့် လောင်မြိုက်နေခဲ့ပြီး မြင်းကိုယ်ထည် အရွယ်အစားမှာလည်း သာမန် မြင်းများထက် ပိုမို ကြီးမားလှပေသည်။ ထိုနတ်ဆိုးမီးတောက်မြင်းကို စီးနင်းလာသည့် နတ်ဆိုးမှာတော့ အရက်မူးနေသည့်ပမာ ဘယ်ညာယိမ်းထိုးနေခဲ့လေသည်။ ၎င်း၏ စီးတော်မြင်းကို စီးနင်းရင်းမှ မျက်လုံးကို ပိတ်ကာ ကျားဟိန်းသံမြို့ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။

လူတိုင်း၏ အကြည့်သည် ထိုနတ်ဆိုးမီးတောက်မြင်းကို စီးနင်းထားသော နတ်ဆိုးဆီသို့သာ ရောက်ရှိနေခဲ့လေသည်။ မျက်မှောင်ကြုတ်၍ သေသေချာချာ စိုက်ကြည့်နေခဲ့ကြသည့်တိုင် ထိုနတ်ဆိုး၏ ခွန်အားကို မှန်းဆနိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်း တစ်ခုသာ ရှိတော့ပေသည်။ ထိုနတ်ဆိုး၏ ကျင့်ကြံခြင်းမှာ သူတို့ထက် ပိုမြင့်သည့်အတွက်ကြောင့်ပင် ဖြစ်ပေသည်။

ချပ်၊ ချပ်၊ ချပ်။

မြင်းခွာသံများသည် စီးချက်ညီညီ ထွက်ပေါ်နေခဲ့ပြီး ကျားဟိန်းသံမြို့နှင့် မလှမ်းမကမ်း အကွာသို့ ရောက်သည့်အခါမှသာလျှင် နတ်ဆိုးမီးတောက်မြင်းမှာ ရပ်တန့်သွားခဲ့သည်။ ထိုအခါမှသာလျှင် နတ်ဆိုးမီးတောက်မြင်းကို စီးနင်းလာသည့် နတ်ဆိုးသည်လည်း သမ်းဝေရင်းမှ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့လေ၏။

ချက်ချင်းဆိုသလို ထိုနတ်ဆိုး၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ တစ်ချိန်တည်း၌ ပြင်းထန်သည့် ဖိအားတစ်ရပ်မှာ ကောင်းကင်တစ်ခုလုံး ပြိုဆင်းကျလာသည့်ပမာ ဧကရာဇ်အဆင့်ပညာရှင်များ၏ ရင်အစုံအား ဖိနှိပ်လာခဲ့လေရာ ဧကရာဇ်အဆင့်ပညာရှင်များမှာ အသက်ရှူဖို့ရာပင် ခက်ခဲသွားခဲ့ကြရလေသည်။

"မဟာဧကရာဇ်တစ်ပိုင်းအဆင့်" လီ‌ကျောက်က အလန့်တကြား ထအော်လေသည်။

ကောင်းရွှယ်ထင်းနှင့် အခြားသူများ၏ အမူအရာများမှာလည်း အပြောင်းအလဲကြီး ပြောင်းလဲသွားကုန်ကြလေ၏။

ရန်ကိုင်၏ မျက်နှာမှာလည်း သုန်မှုန်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် နတ်ဆိုးစစ်တပ်မှာ ကျိန်းသေ ပြင်ဆင်ထားလိမ့်မည် ဖြစ်၍ မဟာဧကရာဇ်တစ်ပိုင်းအဆင့်ကိုပင် စေလွှတ်နိုင်လိမ့်မည်ဟု ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ပါသော်ငြား ထိုကဲ့သို့သော ပညာရှင်တစ်ဦး သူ့အရှေ့၌ တကယ်တမ်း ပေါ်လာချိန် ရန်ကိုင်မှာ ခေါင်းကိုက်ချင်သွားခဲ့လေသည်။

ကျားဟိန်းသံမြို့သည် မြို့ကြီး တစ်မြို့ မဟုတ်သလို အချက်အချာကျသည့် နေရာတွင် တည်ရှိနေသည့် မြို့တစ်မြို့လည်း မဟုတ်ပေ။ ထိုအကြောင်းကြောင့် နတ်ဆိုးမျိုးနွယ်စုမှာ ကျားဟိန်းသံမြို့အား ထိုမျှ ဂရုမစိုက်။ သို့ပါသော်ငြား နှစ်ခါတိတိ စစ်ရှုံးပြီး မရေမတွက်နိုင်သော နတ်ဆိုးများအား ဆုံးရှုံးရသည့် နောက်တွင် နတ်ဆိုးမျိုးနွယ်၏ အထက်ပိုင်းအကြီးအကဲများမှာ ကျားဟိန်းသံမြို့အား စတင်၍ အာရုံစိုက်လာကြတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျားဟိန်းသံမြို့ကို ရင်ဆိုင်ရန်အတွက် မဟာဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးကိုပင် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

"မဟာဧကရာဇ်တစ်ပိုင်း" ထိုနတ်ဆိုးသည် လီ‌ကျောက် ပြောသည်ကို ကြားသွားခဲ့လေသည်။ ထိုအခါတွင် လီ‌ကျောက်ကို ကြည့်လာ၍ ရယ်သွမ်းသွေးရင်းမှ လက်ညှိုးလေးကို ထောင်ကာ ခါယမ်းလျက် ပြောလိုက်လေ၏။ "မဟုတ်ဘူး မဟုတ်ဘူး၊ လုံးဝကို မဟုတ်ဘူး၊ မဟာဧကရာဇ်တစ်ပိုင်းဆိုတာ မင်းတို့ဘက်မှာ ခေါ်တဲ့ အခေါ်အဝေါ်၊ ငါတို့ဘက်မှာတော့ ငါ့လို ပညာရှင်တွေကို သူတော်စင်တစ်ပိုင်းလို့ ခေါ်တယ်"

မဟာဧကရာဇ်တစ်ပိုင်း ဖြစ်ပါစေ သူတော်စင်တစ်ပိုင်း ဖြစ်ပါစေ ထိုအရာများသည် အခေါ်အဝေါ်သာ ကွာခြားသွားခဲ့ခြင်း ဖြစ်ပြီး ထိုအဆင့်သို့ ရောက်နေသော ပညာရှင်များမှာ မဟာဧကရာဇ် သို့မဟုတ် နတ်ဆိုးသူတော်စင် ဖြစ်လာဖို့ ခြေတစ်လှမ်းသာ ဝေးကွာတော့သော ပညာရှင်များ ဖြစ်ကြလေသည်။ ထိုအကြောင်းကြောင့် ထိုကဲ့သို့သော လူများသည် သာမန် ဧကရာဇ်အဆင့်ပညာရှင်များ သွားရောက်ယှဉ်ပြိုင်နိုင်သည့် လူများ မဟုတ်ကြပေ။

ရန်ကိုင်မှာ အံကို တင်းတင်းကြိတ်ရင်းမှ ချုန်းချီအား စိတ်ထဲမှ အခါတစ်ရာမက ကျိန်ဆဲနေခဲ့လေသည်။ ချုန်းချီသည်သာ ရန်ရှောင်နှင့် ရန်ရွှယ့်တို့အား ဥတုလေးမျိုးနယ်မြေထဲသို့ သူသဘောနှင့်သူ မခေါ်ဆောင်သွားခဲ့ပါက ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ အဆင့်မြင့်ပညာရှင်များ မရှိဘဲ နေတော့လိမ့်မည် မဟုတ်ပေ။ ချုန်းချီနှင့် လျို့ယန်ကိုသာ အားကိုးရမည်ဆိုလျှင် သူ့အရှေ့ရှိ သူတော်စင်တစ်ပိုင်းကို ရင်ဆိုင်ဖို့ရာ ထိုမျှ မခက်တော့ပေ။

[အခု သူတို့ဘက်က သူတော်စင်တစ်ပိုင်းကို စေလွှတ်လာပြီဆိုတော့ ကျောက်တုံးကိုယ်ပွားနဲ့ ငါက အဲဒီသူတော်စင်တစ်ပိုင်းကို သွားထိန်းရတော့မယ်၊ အဲဒီလိုသာ ဖြစ်သွားမယ်ဆိုရင်တော့ ကျန်တဲ့ လူတွေနဲ့ ဒီနတ်ဆိုးစစ်တပ်ကို ရင်ဆိုင်ဖို့က တော်တော်ကို အကျအဆုံး များတော့မှာပဲ]

ထိုအပြင် ဤတိုက်ပွဲအား နိုင်မည်လား မနိုင်မည်လားဆိုသည်ကို ပြောရခက်လှပေသေးသည်။ ရန်ကိုင်တို့အနေဖြင့် ယခင်တိုက်ပွဲ နှစ်ပွဲစလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရခြင်းမှာ ရန်ကိုင်ကြောင့်ပင် ဖြစ်လေသည်။ ရန်ကိုင်သာ မရှိပါက ကျားဟိန်းသံမြို့၏ တိုက်ပွဲစွမ်းရည်မှာ သိသိသာသာကို လျော့ကျသွားပေလိမ့်မည်။

ရုတ်တရက်ဆိုသလို သူတော်စင်တစ်ပိုင်းသည် လီ‌ကျောက်အား လက်ညှိုးထိုးရင်း မောက်မာဝံ့ကြွားစွာ ရယ်မောလျက် ပြောလိုက်လေ၏။ "ခွေးအိုကြီး၊ မင်းက ဒီလောက်တောင် စကားများနေတယ်ဆိုမှတော့ မင်း အရင်ဆုံး သေဖို့သာ ပြင်ထားလိုက်ပေတော့၊ စိတ်မပူနဲ့၊ ငါမင်းကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန် သေလို့ရအောင် လုပ်ပေးမယ်"

ထိုစကားကို ကြားသည့်အခါ လီ‌ကျောက်၏ မျက်နှာ ဖြူရော်သွားခဲ့လေသည်။ [စကားလေး ပြောလိုက်လို့ သေရမယ်ပေါ့၊ ဘာကြီးလဲဟ]

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျားက တကယ်ကို မောက်မာပါလား၊ မဟာဧကရာဇ်တစ်ပိုင်းပဲဖြစ်ဖြစ် သူတော်စင်တစ်ပိုင်းပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်တို့ကို သတ်ချင်တယ်ဆိုရင်တော့ အဲဒီလို သတ်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာကို အရင် သက်သေပြဖို့ လိုလိမ့်မယ်"

ထိုစကားကို ကြားသည့်အခါ သူတော်စင်တစ်ပိုင်းသည် စူးရှသည့် အကြည့်ဖြင့် ရန်ကိုင်အား စိုက်ကြည့်လာခဲ့လေသည်။ ထို့နောက်တွင် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ "ဟိုကောင်ပြီးတာနဲ့ မင်းလည်း သေဖို့ပြင်ထား" ထို့နောက်တွင် အခြားသူများကို တစ်ယောက်ချင်းစီ လိုက်လံ လက်ညှိုးထိုး၍... "မင်းက တတိယ၊ မင်းက စတုတ္ထ"

သူတော်စင်တစ်ပိုင်းမှာ ထိုကဲ့သို့ တစ်ယောက်ချင်းစီအား လိုက်လံ လက်ညှိုးထိုးနေခဲ့လေရာ လူပေါင်းများစွာမှာ သူ့ကြောင့် ဒေါသူပုန်ထသွားခဲ့ရလေသည်။ သူတော်စင်တစ်ပိုင်း ပြောနေသည့် ပုံစံအရ သူ လက်ညှိုးထိုးလိုက်သည့် လူတိုင်းသည် ကိုယ့်ဘာသာကိုယ် အရှေ့သို့ ထွက်လာ၍ လည်စင်းပေးရမည့် ပုံစံမျိုးပင် ပေါက်နေပေသေးသည်။

ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများကို လိုက်လံ လက်ညှိုးထိုးနေရင်းမှ တစ်နေရာသို့ ရောက်သည့်အခိုက် သူတော်စင်တစ်ပိုင်း ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုတ် မျိုချရင်းမှ မြို့နံရံပေါ်ရှိ တစ်ခုသော နေရာအား မျက်လုံးမှေးစင်းကာ လှမ်း၍ ကြည့်လိုက်သည်။ ထိုသို့ လုပ်ပြီးသည့်နောက် အတန်ကြာအောင် တိတ်ဆိတ်သွားတော့လေသည်။

မြို့နံရံပေါ်ရှိ လူများမှာလည်း သူတော်စင်တစ်ပိုင်း၏ လုပ်ပုံကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး သူတော်စင်တစ်ပိုင်း မည်သည့် အရာကိုများ ကြည့်နေသလဲဆိုသည်အား သိလိုစိတ်ဖြင့် သူတော်စင်တစ်ပိုင်း ကြည့်နေသည့် အရပ်ဆီသို့ လိုက်လံ ကြည့်လိုက်ကြလေသည်။

တစ်ခဏအကြာ၌ သူတော်စင်တစ်ပိုင်းသည် သူ့လက်ကို ပြန်ချ၍ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးရင်းမှ... "အား၊ အခုမှပဲ ငါ့မှာ အရေးကြီး ကိစ္စတစ်ခု ရှိတာကို ဒီဘုရင် မှတ်မိတော့တယ်၊ ကဲ၊ ငါ အရင်သွားလိုက်ဦးမယ်"

ထိုသို့ ပြောပြီးသည့်နောက်တွင် သူ့မြင်းကို ပြန်လှည့်၍ လာရာလမ်းကြောင်းအတိုင်း ဒုန်းစိုင်းပြေးတော့လေသည်။

[ဘာကြီးလဲဟ]

ဤသူတော်စင်တစ်ပိုင်းမှာ ခေါင်းများ မကောင်းတော့လေသလားဟု တွေးရင်း လီ‌ကျောက်နှင့် အခြားသူအားလုံး မှင်တက်နေကုန်ကြသည်။ သူတော်စင်တစ်ပိုင်းသည် ဆရာကြီးတစ်ပါး ပုံစံအတိုင်း ကိန်းကြီးခန်းကြီးဖြင့် ရောက်လာခဲ့ပြီး လူတိုင်းအား သတ်ပစ်မည်ဟု မောက်မာဝံ့ကြွားစွာ ပြောဆိုခဲ့ပါသော်ငြား အဆုံးတွင်မူ မိုးသာခြိမ်းပြီး မိုးမရွာသကဲ့သို့ ဖြစ်နေလေသည်။

ဤအရူးမှာ တကယ်ကြီး သူတော်စင်တစ်ပိုင်းလေလော။ အရူးတစ်ယောက်ယောက်ကလေများ သူတော်စင်တစ်ပိုင်း အယောင်ဆောင်ထားခြင်းပေလော။ သို့ပါသော်ငြား ထိုနတ်ဆိုးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ မဟာဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။

လက်ရှိ အခြေအနေမှာ အတော်လေးကိုမှ ထူးဆန်းလွန်းလှနေသည့်အတွက်ကြောင့် လူတိုင်းမှာ မည်သို့မည်ပုံ တုံ့ပြန်လို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေလေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်ဆီသို့ လှည့်၍သာ ရန်ကိုင် ဆက်ပြောလာမည့် စကားကို စောင့်ဆိုင်းနေတော့လေ၏။

ရန်ကိုင်သည် တစ်ခဏမျှ ကြာအောင် မျက်မှောင်ကြုတ်နေပြီးသည့်နောက် တစ်ခုခုအား စဉ်းစားမိသွားပြီး စိတ်ပိုင်းဖြတ်လိုက်သည့်ပမာ ပြောလိုက်လေ၏။ "အစီအရင်ကို ဖွင့်လိုက်တော့၊ တိုက်ခိုက်ကြမယ်"

ကောင်းရွှယ်ထင်းက အလျင်စလို ဝင်ပြောလိုက်လေ၏။ "ရန်ကိုင်၊ သတိထားဦးနော်၊ ထောင်ချောက် ဖြစ်နေဦးမယ်"

သူတော်စင်တစ်ပိုင်း၏ အပြုအမူမှာ အလွန်ကိုမှ ထူးဆန်းလွန်းလှသည့်အတွက်ကြောင့် ဤသူတော်စင်တစ်ပိုင်း ခေါင်းများ မကောင်းလေသလားဟု မတွေးမိဖို့ရာ ခက်လှသည်။ သို့ပါသော်ငြား သူတော်စင်တစ်ပိုင်း လုပ်ပုံသည် လူတိုင်းအား အလွယ်တကူ ရှင်းပစ်နိုင်အောင် မြို့ထဲမှ မျှားခေါ်နေသည်နှင့်လည်း တူနေပေသေးသည်။ သူတော်စင်တစ်ပိုင်းကဲ့သို့သော ပညာရှင်တစ်ဦးအား ရင်ဆိုင်ဖို့ရာပင်လျှင် အလွန်ကိုမှ ခက်ခဲနေပြီ ဖြစ်လေရာ အကာအကွယ်အစီအရင်ကိုသာ ဖယ်ရှားလိုက်မည်ဆိုလျှင် မြို့ထဲ၌ ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်အားလုံး သူတော်စင်တစ်ပိုင်း လက်ချက်ကြောင့် ဒုက္ခရောက်သွားရနိုင်ပေသည်။

ကောင်းရွှယ်ထင်းသာလျှင် ထိုအကြောင်းကို တွေးကာ စိတ်ပူနေခြင်း မဟုတ်။ အများစုမှာလည်း ထိုကဲ့သို့ တွေးကာ စိတ်ပူနေကြလေသည်။

သို့ပါသော်ငြား ရန်ကိုင်ကမူ ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ကျုပ် ပြောတာကို ယုံလိုက်"

ကောင်းရွှယ်ထင်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အော်ပြောလိုက်လေ၏။ "အစီအရင်ကို ဖွင့်လိုက်"

ထိုအခါ တဝုန်းဝုန်း မြည်သံများနှင့်အတူ မြို့၏ အကာအကွယ်အစီအရင် ပွင့်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို မန္တန်ရွတ်ဖတ်သံတို့ ထွက်ပေါ်လာခဲ့ပြီး သွေးစတေးခြင်းပညာရပ်နဲ့ အသက်ချိန်းကြိုးပညာရပ်တို့ အသက်ဝင်လာခဲ့သည်။

All Chapters