အခန်း ၃၄၂၀
Vol. 150 Ch. 3420
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၄၂၀)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်မှာ ကျားဟိန်းသံမြို့မှ ကျင့်ကြံသူများအပေါ် သွေးစတေးခြင်းပညာရပ်နှင့် အသက်ချိန်းကြိုးပညာရပ်ကို အသုံးပြုနေခဲ့ရသည့်အတွက်ကြောင့် နောက်ကျသွားခဲ့ပါသော်ငြား တစ်ခဏလေးအတွင်းမှာပင် နတ်ဆိုးသူတော်စင်တစ်ပိုင်းအား လိုက်မီသွားခဲ့လေသည်။ ထို့နောက် လီကျောက်နှင့် အခြားသူများ၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်အောက်တွင်ပင် အနန္တဓားကို မြှောက်၍ ခုတ်ချလိုက်လေ၏။
နတ်ဆိုးသူတော်စင်မှာမူ သူ့ခေါင်း အနောက်တွင် မျက်လုံး ပေါက်နေသည့်အလား အနောက်သို့ပင် လှည့်မကြည့်လာဘဲ အနန္တဓားအား သူ့လက်ဖြင့် တောက်ထုတ်ချလိုက်လေ၏။
ထန်းခနဲ မြည်သံနှင့်အတူ အလွန်ပြင်းထန်သည့် အားတစ်ရပ် ဓားသွားတစ်လျှောက် စီးဝင်လာခဲ့လေရာ အနန္တဓားမှာ ရန်ကိုင်၏ လက်မှ လွတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ နတ်ဆိုးသူတော်စင်တစ်ပိုင်း၏ ခွန်အားကြောင့် ရန်ကိုင်မှာ ကြိတ်၍ ထိတ်လန့်သွားခဲ့ရလေသည်။ သို့ပင်ဖြစ်လင့်ကစား ချက်ချင်းဆိုသလို လေဟာနယ်နိယာမစွမ်းအားတို့ကို ထုတ်သုံး၍ နတ်ဆိုးသူတော်စင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်အား မမြင်နိုင်သည့် လှောင်အိမ် တစ်ခုပမာ ပြောင်းလဲပစ်လိုက်လေသည်။
နတ်ဆိုးမီးတောက်မြင်းမှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ မီးတောက်များနှင့် လောင်မြိုက်လာခဲ့ပြီး အသည်းအသန် ကြိုးစားရုန်းကန်တော့လေ၏။ သို့ပင်ဖြစ်လင့်ကစား လိပ်တစ်ကောင်ပမာသာ ရွေ့လျားနိုင်ခဲ့သည်။ ပတ်ဝန်းကျင်ဟင်းလင်းပြင် တစ်ခုလုံးမှာ ကျောက်စိုင်ကျောက်သားပမာ မာကျောသွားခဲ့လေရာ အားကောင်းလှသည့် နတ်ဆိုးသားရဲတစ်ကောင်သည်ပင်လျှင် ထိုကဲ့သို့သော နေရာမျိုး၌ လှုပ်ရှားဖို့ရာ အလွန်ကိုမှ အခက်တွေ့နေရလေသည်။
ထိုအခိုက်အတန့်ဝယ် ပိန်းပိန်းပိတ် နက်မှောင်သည့် လဓားသွား တစ်စင်းသည် နတ်ဆိုးသူတော်စင်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ နတ်ဆိုးသူတော်စင်သည် ထိုလဓားသွားအား သူ့လက်ဖြင့် ဖမ်းကိုင်လိုက်သည်။ သို့ပင်ဖြစ်လင့်ကစား အနည်းငယ်မျှပင် ဒဏ်ရာရသွားခဲ့ခြင်း မရှိခဲ့။ ထို့နောက်တွင် ၎င်း၏ လက်ကို ဖျစ်ချလိုက်ရာ လဓားသွားမှာ တစ်စစီ ဖြစ်သွားခဲ့ရလေသည်။ ထိုသို့ ဖြစ်သွားပြီးသည့်နောက် နတ်ဆိုးသူတော်စင်မှာ ဟင်းလင်းပြင် အချုပ်အနှောင်ကို လျစ်လျူရှုလျက် ၎င်းစီးနင်းလာသော နတ်ဆိုးမီးတောက်မြင်းပေါ်မှ လေပေါ်သို့ ခုန်တက်သွားခဲ့လေ၏။
ရန်ကိုင်သည် လက်ကွက်များကို အလျင်အမြန် ထုတ်ဖော်ရင်းမှ ရေရွတ်လိုက်သည်။ "အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်"
ထိုအခိုက်အတန့်ဝယ် အချိန်စီးဆင်းမှုသည် ယာယီမျှ ရပ်တန့်သွားသည့်ပမာ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်သည်လည်း နတ်ဆိုးသူတော်စင်တစ်ပိုင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။
ထိုအခိုက်အတန့်ဝယ် နတ်ဆိုးသူတော်စင်တစ်ပိုင်း၏ မျက်နှာအထက် အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ရုတ်တရက်ဆိုသလို နတ်ဆိုးသူတော်စင်တစ်ပိုင်း၏ ခန္ဓာကိုယ်မှာ မီးတောက်များဖြင့် လောင်မြိုက်လာခဲ့ရာ ပတ်ဝန်းကျင် အပူချိန်မှာ မိုးထိမတတ် မြင့်မားသွားတော့သည်။ အလွန်ပြင်းထန်သည့် အပူချိန်ကြောင့် ဟင်းလင်းပြင်သည်ပင်လျှင် အပူဒဏ်ကို မခံနိုင်တော့ဘဲ စတင်၍ တွန့်လိမ်လာခဲ့လေသည်။ ထို့နောက်တွင် ၎င်း၏ လက်ကို ဝှေ့ယမ်း၍ အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်ဆီသို့ မီးဘောလုံး တစ်လုံး ပစ်လွှတ်လိုက်ရာ မီးဘောလုံးနှင့် အချိန်ကုန်လွန်ခြင်း စည်းတံဆိပ်မှာ အချင်းချင်း ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပျက်ပြယ်သွားခဲ့ကြလေသည်။
အောက်ဘက်တွင် ရှိနေသော နတ်ဆိုးမီးတောက်မြင်းမှာတော့ ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအင်လှိုင်းဒဏ်ကို တောင့်ခံနိုင်ခဲ့ခြင်း မရှိဘဲ နာကျင်စွာ အော်ညည်းရင်း သေဆုံးသွားခဲ့ရလေသည်။
နတ်ဆိုးသူတော်စင်တစ်ပိုင်းမှာ အံကို တင်းတင်းကြိတ်ရင်း ဝမ်းနည်းနေသည့် အမူအရာဖြင့် သူ၏ စီးတော်မြင်းကို ငုံ့ကြည့်လိုက်သည်။
ဒေါင်။
ထိုအခိုက်အတန့်ဝယ် ကြည်လင်သာယာသည့် ခေါင်းလောင်းသံ တစ်သံ ပျံ့နှံ့လာခဲ့ပြီး တောင်နှင့်မြစ်ခေါင်းလောင်းလေးမှာ ရန်ကိုင် လက်ထဲမှ ပျံထွက်လာကာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့ပြီး ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးအား ဖိနှိပ်နိုင်သည့် စွမ်းအားမျိုးဖြင့် နတ်ဆိုးသူတော်စင်တစ်ပိုင်းအား အုပ်ချလာခဲ့လေသည်။
"မှော်ရတနာကောင်းပဲ" နတ်ဆိုးသူတော်စင်တစ်ပိုင်းက အော်ပြောလိုက်သည်။ ၎င်း၏ အကြည့်မှာလည်း ရုတ်ချည်းဆိုသလို စူးရှသွားတော့လေ၏။ တောင်နှင့်မြစ်ခေါင်းလောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုမှော်ရတနာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သတိထားမိလိုက်သည်။ ထိုအကြောင်းကြောင့် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို မီးဘောလုံးအသွင်သို့ ပြောင်းစေလျက် ဘယ်ညာ ယိမ်းထိုးရင်းမှ တောင်နှင့်မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်နေသော ဖိနှိပ်အားကို ရှောင်ရှားတော့လေသည်။
ရန်ကိုင်၏ ခန္ဓာကိုယ်သည် နတ်ဆိုးသူတော်စင်တစ်ပိုင်း အပေါ်သို့ ဗြုန်းစားကြီး ရောက်ရှိလာခဲ့ပြီး ၎င်း၏ လက်ကို နဂါးလက်သည်း အသွင်သို့ ပြောင်း၍ နတ်ဆိုးသူတော်စင်တစ်ပိုင်းအား ရုတ်တရက် ဖမ်းကိုင်လိုက်လေသည်။ သို့ပါသော်ငြား အဆုံးတွင်မူ လေကိုသာ ဖမ်းမိသွားခဲ့သည်။ နတ်ဆိုးသူတော်စင်တစ်ပိုင်းသည် မဟာဧကရာဇ်တစ်ပိုင်းနှင့် ယှဉ်ပြိုင်နိုင်သည့် ပညာရှင်တစ်ဦး ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ထိုကဲ့သို့သော ပညာရှင်တစ်ဦးနှင့် မည်ကဲ့သို့များ အလွယ်တကူ ရင်ဆိုင်နိုင်ပါမည်နည်း။
နတ်ဆိုးသူတော်စင်မှာတော့ ရန်ကိုင်၏ တရစပ် လိုက်လံတိုက်ခိုက်မှုကြောင့် အဆက်မပြတ်ကို စိတ်ညစ်လာတော့လေသည်။ ထို့နောက်တွင် နတ်ဆိုးသူတော်စင်တစ်ပိုင်းသည် တောင်နှင့်မြစ်ခေါင်းလောင်းပေါ်သို့ ရောက်လာပြီး အားမာန်အပြည့်ဖြင့် ကန်ချလိုက်ရာ တောင်နှင့်မြစ်ခေါင်းလောင်းမှာလည်း လွင့်စဥ်ထွက်သွားသည့် အဝတ်အိတ် တစ်အိတ်ပမာ မြေပြင်ပေါ်သို့ ထိုးကျသွားခဲ့ရာ မြေပြင် အထက်တွင် စွတ်ကြောင်းရာကြီး တစ်ခု ထင်ကျန်ရစ်စေခဲ့လေသည်။
ထို့နောက်တွင် နတ်ဆိုးသူတော်စင်သည် ကောင်းကင်အထက်တွင် ဝဲနေရင်းမှ ရန်ကိုင်အား ကြည့်၍ ပြောလိုက်လေ၏။ "ကောင်လေး၊ မင်း တော်သင့်နေပြီနော်၊ မင်းငါ့ကို ထပ်ပြီး လာတိုက်ခိုက်ဦးမယ်ဆိုရင် မင်းငါ့ကို မယဉ်ကျေးဘူးလို့ လာမပြောနဲ့နော်"
ရန်ကိုင်ကမူ ပြုံးဖြီးရင်းမှ ကျောက်တုံးကိုယ်ပွားကို ဆင့်ခေါ်လျက် ပြန်ပြောလိုက်လေသည်။ "ခင်ဗျား ဘာတွေကို ဒီလောက်တောင် စိတ်ပူနေတာလဲ"
နတ်ဆိုးသူတော်စင်က အော်ရယ်မောရင်းမှ... "ငါက ဘာကို စိတ်ပူရမှာလဲ၊ ငါ့မှာ လုပ်စရာလေး တစ်ခုရှိလို့ မင်းတို့နဲ့ အချိန်မဖြုန်းချင်တော့ရုံပဲ"
"ခင်ဗျားမှာ စိတ်ပူစရာ ဘာမှ မရှိဘူးဆိုရင် တိုက်ခိုက်ကြမယ်လေ" ရန်ကိုင်က အော်ပြောလိုက်လေ၏။ "နဂါးအသွင်ပြောင်းလဲခြင်း"
ကျယ်လောင်သည့် နဂါးဟိန်းသံ တစ်သံ ပျံ့လွင့်လာခဲ့ပြီးသည့်နောက် ရန်ကိုင်၏ ခန္ဓာကိုယ်ကြီး စတင်၍ အရွယ်အစား ကြီးမားလာခဲ့လေသည်။ ဦးချိုများသည် နဖူးအထက် ပေါက်လာပြီး နဂါးကြေးခွံများမှာ သူ့ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ လက်များမှာ နဂါးလက်သည်းများ အသွင်သို့ ပြောင်းသွားခဲ့ပြီး အမြီးတစ်ချောင်းမှာလည်း ရန်ကိုင်၏ အနောက်ဘက်ဆီမှ ထွက်လာခဲ့လေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်သည် မီတာသုံးရာခန့် မြင့်မားလှသော ဧရာမ လူ့ဘီလူးကြီးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားတော့လေသည်။
... များမှာ ရန်ကိုင်၏ နှာခေါင်းပေါက်ဝမှ အဆက်မပြတ် ထွက်နေခဲ့ပြီး အားကောင်းလှသည့် နဂါးအရှိန်အဝါသည် ဘေးပတ်ဝန်းကျင်အနှံ့ လွှမ်းခြုံနေခဲ့လေသည်။
နတ်ဆိုးသူတော်စင်မှာတော့ နဖူးပေါ် လက်တင်ရင်းမှ မျက်လုံးမှေးစင်းကာ မော့ကြည့်လိုက်လေသည်။ ထို့နောက် ၎င်း၏ မျက်နှာကြီး မဲ့သွားတော့သည်။
မရေမရာ ဝိုးတိုးဝါးတား နဂါးဘာသာစကားတို့ ရန်ကိုင်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရွှေရောင်ဘောလုံး တစ်လုံးမှာ နတ်ဆိုးသူတော်စင်ဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့လေသည်။ ထိုရွှေရောင်ဘောလုံးမှာ အလွန်ကိုမှ လင်းလက်တောက်ပနေခဲ့ကာ ကောင်းကင်အထက်တွင် ရှိနေသော နေကိုပင်လျှင် ကွယ်လုခါနီး ဖြစ်နေခဲ့သည်။ ... တို့ ကျသွားသည့်အခါတွင် ရွှေရောင်အလင်းလုံး၏ အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့ပြီး ၎င်း၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည့် အရာမှန်သမျှကို မျက်စိကျိန်းမတတ် လင်းထိန်သွားစေခဲ့လေသည်။
ထို့နောက်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားတော့သည်။
ရွှေရောင်အလင်း ပျောက်ကွယ်သွားချိန်တွင်တော့ မိုင်တစ်ထောင်ခန့် အချင်းရှိသော ဧရာမ တွင်းပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။ နတ်ဆိုးသူတော်စင်တစ်ပိုင်းကိုမူ မည်သည့် နေရာတွင်မျှ မတွေ့ရတော့ပေ။
ထိုအခိုက်အတန့်ဝယ် အဝေး တစ်နေရာဆီမှ အသံတစ်သံ ထွက်လာခဲ့၏။ "မှတ်ထား ကောင်လေး၊ ဒီဘုရင်ရဲ့ နာမည်က ပိုင်ကျိုးပဲ၊ နောက်တစ်နေ့ကျမှ မင်းဆီကို လာပြီးတော့ မင်းကို သင်ခန်းစာကောင်းကောင်း ပေးပစ်မယ်"
အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်၏ မျက်နှာကြီး သုန်မှုန်သွားတော့လေသည်။
[ထွက်ပြေးသွားတာပါလား] ရန်ကိုင်မှာ လုံးဝကို ကူကယ်ရာမဲ့သွားရတော့သည်။ သူ့ဘက်မှ တကယ်ကြီး တိုက်ခိုက်ချင်သည့်အတွက်ကြောင့် မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ပင် ပြောင်းလဲပစ်ခဲ့သည်။ ကျောက်တုံးကိုယ်ပွားနှင့်သာ အတူ ပူးပေါင်းလိုက်မည်ဆိုလျှင် သူ့တွင် နတ်ဆိုးသူတော်စင်တစ်ပိုင်းအား အနိုင်ယူနိုင်ခြေ ရှိပေသေးသည်။ တကယ်တော့ ရန်ကိုင် တိုက်ခိုက်နေရသည့် လူမှာ နတ်ဆိုးသူတော်စင်တစ်ပိုင်းပင် မဟုတ်လေတော့။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ဝှက်ဖဲများကို ထိမ်ချန်ထားခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား ရန်သူမှာတော့ တစ်ချက်ကလေးမျှပင် တုံ့ဆိုင်းနေခဲ့ခြင်း မရှိဘဲ ချက်ချင်း ပြန်ဆုတ်သွားခဲ့လေသည်။ ၎င်းတို့၏ သိန်းနှင့်ချီသော နတ်ဆိုးစစ်တပ်ကြီးကိုပင်လျှင် လုံးဝ လျစ်လျူရှုထားလေ၏။
ထိုနတ်ဆိုးသူတော်စင်တစ်ပိုင်း၏ လုပ်ရပ်မှာ မည်သည့်အရာကို ဆိုလိုနေသနည်း။
နတ်ဆိုးသူတော်စင်တစ်ပိုင်း၏ လုပ်ရပ်ကို ကြည့်ရင်း ရန်ကိုင်မှာလည်း သူ့ခန့်မှန်းချက် မှန်ကန်နေသည်ဟု ခံစားလိုက်ရလေသည်။
နတ်ဆိုးသူတော်စင်တစ်ပိုင်းသာ ထွက်ပြေးလိုပါက ရန်ကိုင်အနေဖြင့် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် ဘာဆိုဘာမျှ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ တိုက်ခိုက်စရာ ပစ်မှတ် မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း သိန်းနှင့်ချီသော နတ်ဆိုးစစ်တပ်ဘက်သို့သာ ဦးလှည့်ရတော့လေသည်။
နတ်ဆိုးစစ်တပ်သည် ရန်ကိုင် ယခင်တစ်ကြိမ်က ကောင်းကောင်း ဆုံးမခဲ့သော နတ်ဆိုးစစ်တပ်ကြီးသာ ဖြစ်ပေသည်။ အားကိုးစရာ ရှိသည့်အတွက်ကြောင့် ယခင်တစ်ကြိမ် ရှုံးနိမ့်ခဲ့ရသည့်အပေါ် ပြန်လည် လက်စားချေလိုသည့် အနေဖြင့် အားမာန်အပြည့်ဖြင့် ဝံ့ကြွားစွာရောက်လာခဲ့သည်။ သို့ပါသော်ငြား နတ်ဆိုးသူတော်စင်မှာ ကောင်းကောင်းပင် မတိုက်ခိုက်ရသေးခင်မှာပင် ချက်ချင်း ပြန်ဆုတ်ပြေးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤအခိုက်အတန့်ဝယ် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူ တစ်သိန်းမှာလည်း တဟုန်ထိုး ပြေးဝင်လာနေကြလေပြီ။ ထိုသို့ဖြင့် စစ်တပ် နှစ်တပ်မှာ စတင်၍ ထိပ်တိုက်တွေ့ကြတော့လေ၏။
သမိုင်းမှာ တစ်ကျော့ ပြန်လည်လာခဲ့သည်။ နတ်ဆိုးစစ်တပ်ကြီးသည် ကျားဟိန်းသံ မြို့သူမြို့သားများ၏ လက်ချက်ဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ရ၏။ ယခုတစ်ကြိမ် ပြန်လာရဲရခြင်းမှာ အားကိုးစရာ နတ်ဆိုးသူတော်စင်တစ်ပါး ရှိနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သို့ပါသော်ငြား သူတို့၏ အားကိုးရာမှာ သူတို့အား တစ်ချက်ကလေးမျှပင် ငဲ့မကြည့်နေဘဲ ထွက်ပြေးသွားခဲ့လေသည်။ ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် မည်ကဲ့သို့များ ဆက်၍ တိုက်ခိုက်နိုင်ပါတော့မည်နည်း။ စစ်တပ် နှစ်တပ် ထိပ်တိုက်တွေ့သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးစစ်တပ်မှာ အတုံးအရုံးကို သေကျေကြကုန်တော့၏။
ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာမူ တောအုပ်ထဲသို့ ရောက်သွားသည့် ကျားများ ဝံပုလွေများပမာ ရဲသွေးမာန်အပြည့်ဖြင့် ဖြစ်နေကြလေသည်။ နှစ်ရာသော ဧကရာဇ်အဆင့်ပညာရှင်များ၏ ဦးဆောင်မှုအောက်တွင် နတ်ဆိုးစစ်တပ်များအား စိစိညက်ညက်ကြေအောင် ချေမှုန်းပစ်တော့လေသည်။
ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ပါ တိုက်ပွဲထဲသို့ ဝင်လာသည့်အခါတွင် တိုက်ပွဲရလဒ်မှာ လုံးဝကို ပြောစရာ မလိုအောင်ပင် ဖြစ်သွားတော့လေသည်။
စစ်မြေပြင်အထက်ဝယ် သန်းနှင့်ချီသော လူများ ရှိနေသည့်တိုင် ရန်ကိုင်၏ မီတာသုံးရာခန့် အမြင့်ရှိသော ခန္ဓာကိုယ်ကြီးမှာ အလွန်ကိုမှ သိသာထင်ရှားလှပေသည်။ နတ်ဆိုးစစ်တပ်မှာ အဆက်မပြတ်ကို ပြန်ဆုတ်နေခဲ့ပါသော်ငြား ရန်ကိုင်ကမူ နတ်ဆိုးစစ်တပ် အနောက်သို့ တရစပ်ကို လိုက်နေခဲ့သည်။
အချိန် မည်မျှ ကြာသွားလို့ ကြာသွားမှန်း မသိသည့်နောက်တွင် စစ်မြေပြင်အထက်ရှိ အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားခဲ့လေသည်။ အသက်ရှင်ကျန်ရစ်နေသော ကျင့်ကြံသူများမှာ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ပါသော်ငြား မည်သည့် နတ်ဆိုးကိုမျှ မတွေ့ရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် လူတိုင်းဆီမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာကုန်ကြလေသည်။
ရန်ကိုင်သည်လည်း နဂါးအသွင် ပြောင်းလဲခြင်းကို ပြန်လည် ရုပ်သိမ်း၍ လူပုံစံသို့ ပြန်ပြောင်းကာ ကောင်းကင်အထက် ဝဲနေရင်းမှ ဘေးပတ်ဝန်းကျင်ကိုပါ လှည့်ပတ်ကြည့်နေခဲ့သည်။
ဘက်ပေါင်းစုံဆီမှ ရှင်းပြမရသည့် စွမ်းအင် အမျှင်တန်းလေးများသည် ရန်ကိုင်ဆီသို့ တဖြည်းဖြည်းချင်း စီးဝင်လာနေခဲ့လေသည်။ ထိုစွမ်းအင် အမျှင်တန်းလေးများမှာ အလွန်တရာကိုမှ သေးနုပ်လှပါသော်ငြား စွမ်းအင် အမျှင်တန်းပေါင်း တစ်သိန်းမှ နှစ်သိန်းခန့် ဖြစ်လာသည့်အခါတွင်တော့ ထိုစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်ကို ထုတ်လွှတ်လာတော့လေသည်။
မကြာမီတွင် ကျားဟိန်းသံ တစ်သံနှင့်အတူ ဧရာမ ကျားပုံရိပ်ကြီး တစ်ခု ရန်ကိုင်၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့လေ၏။ ထိုကျားပုံရိပ်ကြီးကို ကြည့်ရင်းမှ ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားရတော့လေသည်။
ဤကျားအား ထိတွေ့ကိုင်တွယ်၍ ရမရကို ရန်ကိုင် မသိပါသော်ငြား ဤကျား၏ စွမ်းအားကို သူ့ကိုယ်ပိုင်အတွက် အသုံးချ၍ ရသည်ဟု ခံစားနေရလေသည်။ သူသည်သာ ဤကျားအား အရေးကြီးသည့် အခိုက်အတန့်များတွင် စုပ်ယူလိုက်မည်ဆိုပါက သူ့ခွန်အားမှာ အံ့အားသင့်ဖွယ်ရာအဆင့်သို့ ကျိန်းသေ မြင့်တက်သွားပေလိမ့်မည်။
သိန်းနှင့်ချီသော လူများ၏ အကြည့်သည်လည်း ထိုကျားပုံရိပ်ကြီးဆီသို့ ရောက်နေခဲ့လေသည်။ လူပေါင်းများစွာမှာ ထိုကျားပုံရိပ် မည်ကဲ့သို့ ဖြစ်ပေါ်လာမှန်းကို နားမလည်ကြပေ။ သို့ပါသော်ငြား ထိုကျားပုံရိပ်ကြီးမှာ သူတို့နှင့် ဆက်နွှယ်နေသည်ဟု ခံစားနေကြရ၏။
"စစ်အင်အားလား" လီကျောက်မှာ အံ့အားသင့်နေခဲ့သည်။
ရန်ကိုင်သည် လီကျောက်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "စစ်အင်အားက ဘာလဲ"
လီကျောက်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်လေ၏။ "စစ်တပ် တစ်တပ်ရဲ့ စုပေါင်းအင်အားကိုဆိုလိုတာ၊ သောင်းနဲ့ချီတဲ့ စစ်သည်တော်တွေ အားလုံးရဲ့ ဆန္ဒ တစ်စုတစ်စည်းတည်း ဖြစ်သွားတဲ့ အခါမျိုးမှာပဲ အခုလိုမျိုး စစ်အင်အားဆိုတာ ဖြစ်ပေါ်လာနိုင်တာ၊ အဲဒီလို စစ်အင်အားမျိုးကို ငါ သမိုင်းကြောင်းတွေထဲမှာပဲ ဖတ်ဖူးတာ၊ အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး၊ ဒါပေမဲ့ ဒီနေ့မှာ ကိုယ်တိုင်ကိုယ်ကျ လာတွေ့နေရမယ်လို့ မထင်ထားဘူး၊ ရောင်းရင်းရန်၊ အခု စစ်အင်အားက ပေါ်လာပြီဆိုတော့ ငါတို့ ကျားဟိန်းသံမြို့ရဲ့ စစ်တပ်က လုံးဝကို တစ်စုတစ်စည်းတည်း ဖြစ်သွားပြီလို့ ပြောလို့ရတယ်"
ကောင်းရွှယ်ထင်းကလည်း ခေါင်းညိတ်၍ ဝင်ရောက်ထောက်ခံလိုက်လေသည်။ "စစ်အင်အား ပေါ်လာတယ်ဆိုတာ အရမ်းရှားတယ်၊ လူတိုင်းက သူတို့ရဲ့ ခေါင်းဆောင်အပေါ် လုံးဝကို အကြွင်းမဲ့ ယုံကြည်နေတဲ့အခါမျိုးမှာပဲ ဒီလို စစ်အင်အားမျိုးက ပေါ်လာလေ့ ရှိတာ"
ရန်ကိုင်က တွေးတွေးဆဆ အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "ကျုပ် ဒီကျားကြီးကို သုံးပြီးတော့ ကျုပ်ခွန်အားကို မြှင့်တင်လို့ရတယ်လို့ ခံစားနေရတယ်"
လီကျောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ စစ်အင်အားက ရှားတယ်ဆိုပေမဲ့ အရမ်းကိုလည်း အသုံးဝင်တယ်၊ ကြယ်တာရာအစုအဝေးက အခုလိုမျိုး စစ်ပွဲကြီးတွေကို မတိုက်ခိုက်ရတာ ကြာနေတော့ စစ်အင်အားဆိုတာလည်း ပေါ်လာလေ့ မရှိဘူးပေါ့၊ ကြည့်ရတာတော့ ကျားဟိန်းသံမြို့က စစ်အင်အား ပထမဦးဆုံး ပြန်ပေါ်လာတဲ့ နေရာနဲ့ တူတယ်"
ရန်ကိုင် ဝမ်းသာသွားတော့လေသည်။ "အဲဒါဆိုရင် သတင်းကောင်းပေါ့"
လီကျောက်က အော်ရယ်မောရင်းမှ ပြန်ပြောလိုက်လေ၏။ "ရောင်းရင်းရန် ကိုယ်တိုင်ရယ် ဒီစစ်အင်အားရယ်က ထောက်ပံ့ပေးနေမှတော့ နောက်တစ်ကြိမ်ကျရင်တော့ အဲဒီနတ်ဆိုးသူတော်စင်တစ်ပိုင်း ရောက်လာမယ်ဆိုရင်တောင် ကျားဟိန်းသံမြို့က ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး"
ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား နှစ်ဦးသားအဖွဲ့သည် အလွန်တရာကိုမှ အားကောင်းလှသည်။ ထိုနတ်ဆိုးသူတော်စင် ပိုင်ကျိုးလောက် အားကောင်းလိမ့်မည် မဟုတ်ပါသော်ငြား အလွန် အားနည်းနေလိမ့်မည်လည်း မဟုတ်ပေ။ သို့ပါသော်ငြား ဤစစ်အင်အား၏ အကူအညီသာ ရလိုက်မည်ဆိုလျှင် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား၏ အစုအဖွဲ့သည် နတ်ဆိုးသူတော်စင်တစ်ပိုင်း ဖြစ်သော ပိုင်ကျိုးထက်ပင် ပို၍ အားကောင်းသွားလောက်ပေသည်။
ကျားဟိန်းသံမြို့သည် တိုက်ပွဲ သုံးပွဲကို အနိုင်ရခဲ့သည်။ ထိုအပြင် ထိုတိုက်ပွဲ သုံးပွဲစလုံးကို အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ကျားဟိန်းသံမြို့ထဲရှိ ကျင့်ကြံသူများမှာ ရန်ကိုင်အပေါ် အကြွင်းမဲ့ ယုံကြည်လာခဲ့ကြလေကာ ယခုကဲ့သို့ စစ်အင်အား ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်လေသည်။
ယခင်တစ်ကြိမ် စစ်ပွဲတွင် ကျားဟိန်းသံမြို့သည် နတ်ဆိုးပေါင်း သုံးသိန်းခန့်ကို သတ်ပစ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သေဆုံးသွားသည့် နတ်ဆိုး အရေအတွက်မှာ ပိုလို့ပင် များနေပေသေးသည်။ အကြောင်းမှာ နတ်ဆိုး နှစ်သိန်း မရှိတတ် ရှိတတ်လောက်သာ အသက်ရှင်လျက် ထွက်ပြေးသွားနိုင်ခဲ့သည့်အတွက်ကြောင့်ပင်။
လူအချို့ကို စေလွှတ်၍ စစ်မြေပြင်အား ရှင်းလင်းရေး လုပ်ခိုင်းပြီးသည့်နောက်တွင် အကျအဆုံးများကို စတင်၍ ရေတွက်လေ၏။ ထို့နောက်တွင် အကျအဆုံးများကို သိရပြီးသည့်နောက် ရန်ကိုင်မှာ မြို့သခင်စံအိမ်ဆီသို့ ပြန်လာခဲ့လေသည်။
ယုရုမန်သည် ရန်ကိုင်အား လာရောက်နှုတ်ဆက်လေ၏။ ထို့နောက်တွင် ရန်ကိုင်အား သူမ၏ မျက်ဝန်းလှလှလေးများဖြင့် စိုက်ကြည့်ရင်းမှ မေးလိုက်လေသည်။ "နင့်မှာ နဂါးကလန်ရဲ့ သွေးမျိုးဆက် ရှိနေတာလား"
ရန်ကိုင်သည်သာ မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ မပြောင်းခဲ့လျှင် ယုရုမန်အနေဖြင့် ထိုအကြောင်းကို လုံးဝ သိခဲ့လိမ့်မည် မဟုတ်ပေ။ သို့ပါသော်ငြား ကြီးမားလှသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးမှာ စစ်မြေပြင်ထဲ လူးလွန့်လှုပ်ရှားနေခဲ့လေရာ တစ်စုံတစ်ဦးမှာ ကန်းမနေသေးသရွေ့ ရန်ကိုင်အား ကျိန်းသေ မြင်နိုင်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် ယုရုမန်သည်လည်း ရန်ကိုင်အား မြင်ခဲ့ရပေသည်။
ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးရင်းမှ ယုရုမန်၏ မေးစေ့လေးကို လက်ဖြင့် လှမ်းကိုင်၍ အပေါ်သို့ မော့ကာ မေးလိုက်လေ၏။ "ဘာဖြစ်လို့လဲ၊ နင် စိတ်ကြွလာလို့လား"
ယုရုမန်သည် ရန်ကိုင်၏ လက်ကို ကောက်ရိုက်ထုတ်၍ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။ "အိပ်မက်သာ မက်နေလိုက်"
ရန်ကိုင်ကမူ အနည်းငယ်မျှပင် ဂရုစိုက်မနေခဲ့ဘဲ ယုရုမန်အား ရုတ်တရက် မင်းသမီးလေး တစ်ပါးနှယ် ကောက်ချီမကာ အထဲသို့ ဝင်သွားလေသည်။
"နင် ဘာလုပ်ချင်နေတာလဲ" ယုရုမန်မှာ ရုန်းကန်ရင်းမှ ပြန်ပြောလေ၏။
"နင့်ယောက်ျားက တိုက်ပွဲကနေ ပြန်လာတာကို နင်က နင့်ယောက်ျားကို သန့်ရှင်းရေး လုပ်ပေးပြီး အဝတ်လဲပေးရမှာပေါ့"
ယုရုမန်မှာ ရန်ကိုင်အား မျက်စောင်းထိုးရင်းမှ ပြန်မေးလိုက်သည်။ "ဘယ်သူက ငါ့ယောက်ျားလဲ၊ နင်လား"
ရန်ကိုင်သည် ယုရုမန်ကို ကြည့်ရင်းမှ ပြန်မေးလိုက်လေ၏။ "မဟုတ်လို့လား"
ယုရုမန်ကမူ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။
ထိုအခါ ရန်ကိုင်သည် ယုရုမန်ကို ပြန်ချပေး၍ အော်ပြောလိုက်လေ၏။ "ဖုလင်"
ဖုလင်သည် ချက်ချင်းပဲ အခန်းထဲသို့ ကမူးရှူးထိုး ပြေးဝင်လာလျက် မေးလိုက်လေ၏။ "ခဲအို၊ ဘာလုပ်ပေးရမလဲ"
ယုရုမန်က အလျင်စလို ဝင်ပြောလိုက်လေ၏။ "ဘာမှမဟုတ်ဘူး၊ နင် ဒဏ်ရာ ရထားမထား သိချင်လို့"
ဖုလင်က ပြုံး၍... "စိတ်ပူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ခဲအို၊ ဒါပေမဲ့ ဖုလင် အဆင်ပြေပါတယ်"
ယုရုမန်က ခေါင်းညိတ်လိုက်၏။ "နင်အဆင်ပြေတာ ကောင်းတယ်" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏ လက်ကို ကိုင်ကာ သူ့အား အထဲသို့ ခေါ်သွားလေသည်။