အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) ချင်းရှန်းဆေးဆိုင်
လီလန်သည် ကျားသစ်ပေါက်စကို လုံကျန်းဟူ၏ အိမ်တွင် ထားခဲ့ပြီး သူ၏ အဒေါ်နှင့် အဒေါ်ကြီးကျူးတို့ကို စောင့်ကြည့်ပေးရန် တောင်းဆိုခဲ့လေသည်။
သူကိုယ်တိုင်မူ လုံကျန်းဟူနှင့် ကျန်းရှောင်ဖုန်းတို့ကို ခေါ်ဆောင်ကာ ပိုင်ရှန်းမြို့နယ်ဆီသို့ စက်ဘီးကိုယ်စီ စီး၍ ထွက်လာခဲ့ကြသည်။
ပိုင်ရှန်းမြို့နယ်သည် ဟေးရွှေမြို့နယ်နှင့် ကပ်လျက်ရှိပြီး သိပ်မဝေးလှပေ။ စက်ဘီးဖြင့်ဆိုလျှင် ကီလိုမီတာဆယ်ဂဏန်းခန့်သာ ဝေးသောကြောင့် ရွှမ်းရွှေရွာမှ ပိုင်ရှန်းမြို့နယ်သို့ သွားရသည်ထက် များစွာ ပိုနီးလေသည်။
လီလန်အနေဖြင့် ထိုလူလိမ်၏ နောက်ကွယ်ရှိ အင်အားစုအကြောင်းကို ကျန်းချင်းလုံအား မေးမြန်းရန် ပိုင်ရှန်းမြို့နယ်သို့ ဦးစွာ သွားရမည် ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက်တွင်မူ။
ပိုင်ရှန်းမြို့နယ် စားနပ်ရိက္ခာရုံသို့ ရောက်ရှိလာကြသည်။
လီလန်နှင့် အခြားနှစ်ယောက်သည် စားနပ်ရိက္ခာရုံ၏ အဝင်ဝတွင် စက်ဘီးများကို ရပ်နားလိုက်ကြ၏။
သူသည် ကျန်းရှောင်ဖုန်းနှင့် လုံကျန်းဟူဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် ကျွန်တော့်ကို ဒီနေရာကနေ စောင့်နေကြ..."
ထို့နောက် လီလန်သည် တံခါးခုံကို ကျော်ဖြတ်ကာ စားနပ်ရိက္ခာရုံအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကျန်းရှောင်ဖုန်းနှင့် လုံကျန်းဟူတို့ နှစ်ယောက်စလုံး ထူးဆန်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်နေတော့သည်။
ဤနေရာသည် စားနပ်ရိက္ခာရုံဖြစ်ရာ အဖွဲ့ခေါင်းဆောင်လီအနေဖြင့် မည်သူ့ကို လာရှာခြင်း ဖြစ်နိုင်မည်နည်း။
"လီလန် ရှာနေတဲ့ သူငယ်ချင်းဆိုတာက ဒီစားနပ်ရိက္ခာရုံထဲမှာများ ရှိနေတာလား..."
ကျန်းရှောင်ဖုန်းက သံသယပြည့်နှက်စွာ တွေးတောလိုက်သည်။
မြို့နယ်သို့ လာရာလမ်းတွင် လီလန်က သူငယ်ချင်းတစ်ယောက်ကို အရင်သွားရှာမည်ဟု သူတို့ကို ပြောပြခဲ့သည်။
"အဖွဲ့ခေါင်းဆောင်လီမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပါ... ငါတို့က နောက်ကနေ လိုက်သွားရုံပဲ..."
လုံကျန်းဟူက ခေါင်းခါရင်း ပြောလိုက်သည်။
ထိုအချိန်တွင် လီလန်သည် အနက်ရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ပြုံးရွှင်နေသော လူတစ်ယောက်အား မြို့နယ်စားနပ်ရိက္ခာရုံထဲမှ ခေါ်ဆောင်လာလေသည်။
"ရုံပိုင်ကျိုး... ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကျန်းရှောင်ဖုန်းနဲ့ တိရစ္ဆာန်ကုဆရာဝန်လုံတို့ပါ..."
"သူကတော့ စားနပ်ရိက္ခာရုံက ရုံပိုင်ကျိုးပဲ ဖြစ်တယ်..."
လီလန်က သူတို့အချင်းချင်း မိတ်ဆက်ပေးလိုက်သည်။
လီလန်သည် ချင်းလုံဂိုဏ်းသို့ တစ်ခါမျှ မရောက်ဖူးခဲ့သလို ကျန်းချင်းလုံ မည်သည့်နေရာတွင် နေထိုင်သည်ကိုလည်း မသိပေ။ သူသည် ပိုင်ရှန်းမြို့နယ်တွင် ကျိုးတာ့ဖူကိုသာ သိရှိရာ အကူအညီတောင်းရန်အတွက် ကျိုးတာ့ဖူထံသို့ တကူးတက လာရောက်ခဲ့ခြင်းဖြစ်သည်။
ကျိုးတာ့ဖူသည် စားနပ်ရိက္ခာရုံ၏ ရုံပိုင်တစ်ဦးဖြစ်ပြီး ပိုင်ရှန်းမြို့နယ်တွင် အဆက်အသွယ် ကွန်ရက်ကျယ်ဝန်းသူဖြစ်ရာ ချင်းလုံဂိုဏ်း မည်သည့်နေရာတွင် ရှိသည်ကို သဘာဝကျကျပင် သိရှိနေပေမည်။
ကျန်းရှောင်ဖုန်းနှင့် လုံကျန်းဟူတို့ နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြ၏။
အနက်ရောင် ကျုံးရှန်းဝတ်စုံနှင့် ဤရဲဘော်သည် တကယ်ပဲ ရုံပိုင်တစ်ယောက် ဖြစ်နေတာလား။
အဖွဲ့ခေါင်းဆောင်လီက မြို့နယ်စားနပ်ရိက္ခာရုံ၏ ရုံပိုင်ကဲ့သို့သော အရေးပါသည့် ပုဂ္ဂိုလ်ကြီးကို တကယ်ပဲ သိကျွမ်းနေတာလား။
ငတ်မွတ်ခေါင်းပါးသည့် ကာလများတွင် စားနပ်ရိက္ခာရုံ၏ ရုံပိုင်ရာထူးဆိုသည်မှာ လူအများ အထူးလိုလားကြသည့် နေရာတစ်ခုဖြစ်ပြီး လူအများအပြား မျက်နှာချိုသွေးရမည့်သူ ဖြစ်သည်။
စားနပ်ရိက္ခာ... စားနပ်ရိက္ခာဆိုသည်မှာ အသက်တမျှ အရေးကြီးလှသည်။ ရှင်သန်နိုင်ရေးအတွက် မျှော်လင့်ချက်ပင် ဖြစ်တော့သည်။
စားနပ်ရိက္ခာရုံ၏ ရုံပိုင်တစ်ဦးသည် ရှင်သန်ရေး မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသူဖြစ်ရာ ထိုရာထူးသည် မမြင့်မားဘူးလား။ သူသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေဘူးလား။
"မင်္ဂလာပါ ရုံပိုင်ကျိုး..."
"မင်္ဂလာပါ..."
တစ်ဖက်လူ၏ ရာထူးအဆင့်အတန်းကို သိရှိသွားသည့်အခါ သူတို့နှစ်ယောက်စလုံး မပေါ့ဆရဲကြတော့ဘဲ တက်ကြွစွာ ဦးစွာ နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါဗျာ..."
ကျိုးတာ့ဖူက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံကျန်းဟူကို ကြည့်လိုက်သည်။
"တိရစ္ဆာန်ကုဆရာဝန်လုံ... စိတ်မပူပါနဲ့... ကျေးဇူးရှင်ရဲ့ကိစ္စက ကျွန်တော့်ကိစ္စပါပဲ... ခင်ဗျားကလည်း ကျေးဇူးရှင်ရဲ့ သူငယ်ချင်းဆိုတော့ ခင်ဗျားရဲ့ ကိစ္စကလည်း ကျွန်တော့်ကိစ္စပါပဲ... ကျွန်တော်တို့အားလုံး ခင်ဗျားအတွက် တရားမျှတမှုရအောင် ကူညီပေးပါ့မယ်..."
လုံကျန်းဟူမှာ အနည်းငယ် မှင်သက်သွားပြီးနောက် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"ရုံပိုင်ကျိုး... အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ..."
လုံကျန်းဟူသည် ကျိုးတာ့ဖူ၏ လက်ကို တက်ကြွစွာ ဆွဲခါနှုတ်ဆက်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေတော့သည်။
"အားနာစရာတွေ ပြောမနေပါနဲ့ဗျာ... ဟားဟား..."
သူသည် မြို့နယ်စားနပ်ရိက္ခာရုံ၏ ရုံပိုင်တစ်ဦးဖြစ်ပြီး အရာရှိငယ်တစ်ဦး ဖြစ်သော်ငြားလည်း ကျိုးတာ့ဖူသည် မာနထောင်လွှားမှု အလျှင်းမရှိပေ။
"ရုံပိုင်ကျိုး... ခင်ဗျားကို အလုပ်ရှုပ်စေမိပြီ... ဒီကိစ္စသာ ပြီးသွားရင် တိရစ္ဆာန်ကုဆရာဝန်လုံနဲ့ ကျွန်တော် ခင်ဗျားကို ထမင်းတစ်နပ် ကျွေးပါ့မယ်..."
လီလန်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
"ကျေးဇူးရှင်ရယ်... အဲ့လောက်ထိ အားနာနေစရာ မလိုပါဘူး... ခေါင်းဆောင်ကျန်းကလည်း လောလောဆယ် ခင်ဗျားကို ရှာချင်နေတာဆိုတော့ ခင်ဗျား လာတဲ့အချိန်က အတော်ပဲ ဖြစ်သွားတာပေါ့..."
*ခေါင်းဆောင်ကျန်းတဲ့လား*
ကျန်းရှောင်ဖုန်းသည် လီလန်အား အံ့အားသင့်စွာ ကြည့်လိုက်လေသည်။
ခေါင်းဆောင်ဆိုသည်မှာ ရှင်းလင်းစွာပင် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး အင်အားစုတစ်ခု၏ သူဌေးပင် ဖြစ်သည်။
မြေအောက်လောက၏ အကြီးအကဲတစ်ဦး ဖြစ်၏။
*လီလန်က ဒေသခံဂိုဏ်းခေါင်းဆောင်ကိုပါ သိနေတာလား*
"ဒါက လီလန်ပြောတဲ့ သူငယ်ချင်းဆိုတာလား..."
ကျန်းရှောင်ဖုန်းမှာ အလွန်တရာ အံ့အားသင့်နေတော့သည်။
သူငယ်ချင်းတစ်ယောက်က ပိုင်ရှန်းမြို့နယ် စားနပ်ရိက္ခာရုံ၏ ရုံပိုင် ဖြစ်သည်။
နောက်သူငယ်ချင်းတစ်ယောက်က ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်နေပြန်သည်။
"လီလန် သိကျွမ်းတဲ့ လူတွေအကုန်လုံးက အရမ်းကို အံ့မခန်းဖြစ်နေပါလား..."
ကျန်းရှောင်ဖုန်းသည် လီလန်အား လေးစားအားကျသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
[ဒင်... ကျန်းရှောင်ဖုန်း နှစ်သက်ခြင်းအမှတ် + ၃၀၀၀]
[ဒင်... ကျန်းရှောင်ဖုန်း နှစ်သက်ခြင်းအမှတ်+ ၃၀၀၀]
လုံကျန်းဟူသည်လည်း အလွန်အံ့အားသင့်သွားသော်လည်း သူ၏မျက်နှာပေါ်တွင်မူ အရိပ်အယောင် မပြဘဲ လူအုပ်၏ ရှေ့ဆုံးတွင် ရုံပိုင်ကျိုးနှင့် ရယ်မောစကားပြောကာ လျှောက်လှမ်းသွားသော အရပ်ရှည်ရှည် ပုံရိပ်ကိုသာ ကြည့်နေလိုက်သည်။
သူ၏ မျက်လုံးများထဲတွင် လေးစားအားကျမှုနှင့် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေတော့သည်။
ကျိုးတာ့ဖူသည် လူအုပ်၏ ရှေ့ဆုံးမှ လမ်းပြကာ လီလန်နှင့် အခြားနှစ်ယောက်ကို ခေါ်ဆောင်၍ ပိုင်ရှန်းမြို့နယ်၏ လမ်းမများအတိုင်း လျှောက်လှမ်းလာခဲ့ကြသည်။
မကြာမီမှာပင် သူတို့သည် ဆိုင်ခန်းတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြ၏။
လီလန်က မော့ကြည့်လိုက်ရာ ဆေးဆိုင်တစ်ဆိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တိတိကျကျဆိုရလျှင် တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင် ဖြစ်ပေသည်။
အဝင်ဝတွင် ရပ်နေရုံမျှဖြင့်ပင် ဆေးဖက်ဝင်အပင်များ၏ ပြင်းထန်သော ရနံ့ကို ရှူရှိုက်မိနိုင်လေသည်။
"ချင်းရှန်းဆေးဆိုင်..."
"နာမည်ကောင်းလေးပဲ..."
လီလန်က သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းချင်းလုံ၏ စီးပွားရေးလုပ်ငန်းမှာ ဆေးဖက်ဝင်အပင်များ ရောင်းဝယ်ဖောက်ကားခြင်းဖြစ်ပြီး အရှေ့မြောက်ပိုင်းမှ ဆေးမြစ်များကို တောင်ပိုင်းဈေးကွက်သို့ တင်ပို့ရောင်းချခြင်း
ဖြစ်သည်။ ဤဆေးမြစ်များသည် မည်သည့်နေရာမှ ရရှိလာသနည်း။
ကျောက်ဘိုင်တောင်တန်း၊ ဝက်ဝံနက်တောင်နှင့် ချောင်တျန်းကျီတောင်တို့မှ မဟုတ်ပါလား။
၎င်းတို့အားလုံးမှာ စိမ်းလန်းသော တောင်တန်းများပင် ဖြစ်ကြသည်။
ဤအမည်သည် စီးပွားရေးလုပ်ငန်းနှင့် ကိုက်ညီရုံသာမက ထူးခြားသော အနုပညာဆန်သည့် အဓိပ္ပါယ်လည်း ပါဝင်နေလေသည်။
"ခေါင်းဆောင်ကျန်း... ဆိုင်ထဲမှာ ရှိလား..."
ကျိုးတာ့ဖူက အဝင်ဝတွင် ရပ်လျက် အတွင်းသို့ လှမ်းခေါ်လိုက်သည်။
"အိုး... ရုံပိုင်ကျိုးပါလား... ရှားရှားပါးပါး ဧည့်သည်ပါလား... ဘယ်လေနှင်လို့ ရောက်လာတာလဲ..."
"ဝင်ပါဗျာ... အထဲဝင်ပါ..."
အရပ်ရှည်ရှည်နှင့် အသားမည်းမည်း လူတစ်ယောက်သည် အတွင်းမှ အလျင်အမြန် ထွက်လာပြီး သူတို့အား နွေးထွေးစွာ နှုတ်ဆက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ အပြည့်အဝ ရှိနေလေသည်။
လီလန်က ထိုအရာကို မြင်လိုက်ရသောအခါ ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလားဟု တွေးလိုက်မိသည်။
ဤလူကို သူ အရင်က အရိုက်အနှက် သင်ခန်းစာပေးခဲ့ဖူးသည်။ ထိုသူမှာ ရွာမှ လူရမ်းကားနှင့် အနိုင်ကျင့်တတ်သူ ရှုံ့ထျဲ့အမည်ရသည့် ကျန်းချင်းလုံ၏ လက်အောက်ငယ်သားများထဲမှ တစ်ဦးပင် ဖြစ်သည်။
"ရှုံ့ထျဲ့... မင်းရဲ့ အစ်ကိုကြီးရော ဘယ်မှာလဲ..."
ဤအသားမည်းမည်းလူကို မြင်သောအခါ ကျိုးတာ့ဖူက ခပ်အေးအေးပင် မေးလိုက်သည်။
"ကျွန်တော့်အစ်ကိုကြီးက ရုံးခန်းထဲမှာ စာရင်းလုပ်နေတယ်... ရုံပိုင်ကျိုး... အရင်ဝင်ပါဦးဗျာ... ကျွန်တော် လက်ဖက်ရည် သွားဖျော်လိုက်ပါ့မယ်..."
ကျိုးတာ့ဖူက သူ့အား အေးတိအေးစက် ဆက်ဆံနေသော်ငြားလည်း ရှုံ့ထျဲ့မှာ အလွန်တက်ကြွနေဆဲဖြစ်ပြီး အနည်းငယ်မျှ မပေါ့ဆရဲပေ။
ဤလူသည် မြို့နယ်စားနပ်ရိက္ခာရုံ၏ ရုံပိုင်ဖြစ်ရာ သူ၏ အစ်ကိုကြီးပင်လျှင် မျက်နှာချိုသွေးနေရသူဖြစ်သဖြင့် သူ့အနေဖြင့် မည်သို့မျှ မစော်ကားရဲပေ။
သူ စကားပြောနေစဉ် မော့ကြည့်လိုက်ရာ ရှုံ့ထျဲ့သည် ကျန်းရှောင်ဖုန်းနှင့် အခြားနှစ်ယောက်ကို သတိပြုမိသွားလေသည်။
"ရုံပိုင်ကျိုး... ဒီလူတွေက..."
ထိုစဉ် လူသုံးယောက်၏ နောက်ကျောဘက်ရှိ လီလန်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ရုတ်တရက် ဖြူဖျော့သွားတော့သည်။
"လီ... လီ..."
ရှုံ့ထျဲ့မှာ ဆွံ့အသွားပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားကာ အသံများပင် တုန်ယင်နေတော့သည်။
"ရှောင်ရှုံ့ဇီ... မတွေ့ရတာကြာပြီပဲ..."
လီလန်သည် ရှုံ့ထျဲ့ကိုကြည့်ကာ စနောက်လိုက်သည်။
"လီ... အဖွဲ့ခေါင်းဆောင်လီ... မတွေ့ရတာ ကြာပြီ... ကြာပြီနော်..."
ရှုံ့ထျဲ့၏ ဦးရေပြားများပင် ထုံကျဉ်သွားတော့သည်။
ထိုလူကို သူ့အနေဖြင့် ပို၍ပင် မရန်စရဲတော့ပေ။
ဤသူသည် ရက်စက်ကြမ်းကြုတ်လှသော နတ်ဆိုးတစ်ပါးပင် ဖြစ်သည်။
ယခင်က သူ၏ ညီအစ်ကို ခြောက်ယောက် ခုနစ်ယောက်ခန့်မှာ ဤနတ်ဆိုး၏ လက်ဗလာဖြင့် ရိုက်နှက်မှုကို ခံခဲ့ရပြီး တစ်ယောက်စီတိုင်းမှာ ပြင်းထန်သော ဒဏ်ရာများရကာ ကုတင်ပေါ်တွင် သုံးလခန့် လဲနေခဲ့ရပြီးမှ သက်သာလာခဲ့ခြင်း ဖြစ်သည်။
ကျန်းရှောင်ဖုန်းက ဘေးမှနေ၍ ရေရွတ်လိုက်သည်။
"ဒီရှုံ့ဆိုတဲ့လူက ခန္ဓာကိုယ်ကြီးက အရမ်းကြီးပြီး ဝက်ဝံကြီးလို တောင့်တင်းနေတာကို ဘာလို့ ဒီလောက်တောင် သတ္တိကြောင်နေရတာလဲ... လီလန်ကို မြင်တာနဲ့ ကြောင်ကို မြင်တဲ့ ကြွက်လို ဖြစ်နေပါလား..."
ကျန်းရှောင်ဖုန်းမှာ နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
ဤမျှ ခန္ဓာကိုယ်ထွားကြိုင်းသော လူတစ်ယောက်သည် သူ့ထက် အရပ်ပုကာ တောင့်တင်းမှုမရှိသော သူတစ်ယောက်ကို မည်သို့လုပ် ကြောက်ရွံ့နေရသနည်း။
အကယ်၍ ရှုံ့ထျဲ့သာ ဤမိန်းကလေး၏ လက်ရှိ အတွေးများကို သိရှိပါက သူက “မင်းက သတ္တိကောင်းတယ်ဆိုရင် ပါးတစ်ချက်အရိုက်ခံရုံနဲ့ သွားသုံးချောင်း ကျွတ်ထွက်သွားပြီး လက်သီးတစ်ချက် အထိုးခံရတာနဲ့ နံရိုးတချို့ ကျိုးသွားအောင် စမ်းအထိုးခံကြည့်လိုက်လေ…”ဟု ပြောမည်မှာ သေချာပေသည်။
“သူတစ်ယောက်တည်းက ငါတို့ ခုနစ်ယောက်ကို အနိုင်ရိုက်နိုင်တယ်ဟ…”
"အဖွဲ့ခေါင်းဆောင်လီ... ဝင်ပါဗျာ... မြန်မြန် ကြွပါ..."
ရှုံ့ထျဲ့သည် အနည်းငယ်မျှပင် မပေါ့ဆရဲတော့ဘဲ ခေါင်းညိတ်ကာ ခါးညွှတ်လျက် လီလန်နှင့် သူ၏အဖွဲ့အား ဆေးဆိုင်အတွင်းသို့ တက်ကြွစွာ ကြိုဆိုလိုက်လေသည်။
လီလန်နှင့် အခြားသုံးယောက်တို့ ချင်းရှန်းဆေးဆိုင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှုံ့ထျဲ့သည် လူလေးယောက်အတွက် ကုလားထိုင်များနှင့် ရေနွေးကြမ်း ယူလာပေးရန် စာရေးတစ်ဦးကို အလျင်အမြန် ခေါ်ခိုင်းလိုက်သည်။
သူကိုယ်တိုင်မူ ဆေးဆိုင်၏ အနောက်ဘက်ရှိ ရုံးခန်းဆီသို့ ပြေးသွားကာ သူ၏ အစ်ကိုကြီး ကျန်းချင်းလုံကို သွားခေါ်လိုက်လေသည်။
"အဖွဲ့ခေါင်းဆောင်လီ... ရှားရှားပါးပါး ဧည့်သည်ပါလား... ဒီနေ့ ဘယ်လေနှင်လို့ ရောက်လာတာလဲ..."
"ကျွန်တော်က ခင်ဗျားကို ရွှမ်းရွှေရွာဆီ လာရှာဖို့ စီစဉ်နေတုန်းပဲ ရှိသေးတာ... ခင်ဗျားက ကျွန်တော်တို့ ဆေးဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ လာလည်လိမ့်မယ်လို့ မထင်ထားဘူး..."
ရွှင်လန်းတက်ကြွသော အသံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ထွားကြိုင်းသော လူကြီးတစ်ယောက်သည် အနောက်ပေါက်မှ ထွက်လာလေသည်။
ကျန်းရှောင်ဖုန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထိုလူ့ကို အလျင်အမြန် ကြည့်လိုက်သည်။
ထိုလူ၏ လက်မောင်းပေါ်တွင် အသက်ဝင်နေသော အပြာရောင်နဂါးတစ်ကောင်ကို ထိုးနှံထားလေသည်။