← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း (၂၉၆) ချင်းလုံဂိုဏ်းက ပိုင်ဟူဂိုဏ်းအပေါ် လွှမ်းမိုးသွားခြင်း

"ဝုန်း..."

နားစည်ကွဲမတတ် ကျယ်လောင်သော အသံနှင့်အတူ တံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။

ဖုန်မှုန့်များ လေထဲတွင် လွင့်ပျံသွား၏။

အသားစားရင်း အရက်သောက်နေကြသော လူသုံးယောက်မှာ ထိုဆူညံသံကြောင့် လန့်ဖျပ်သွားကြသည်။

"ကုံဇီ... ဘာတွေဖြစ်နေတာလဲ... မင်းတို့ကို သေချာစောင့်ကြည့်နေဖို့ ငါပြောထားတယ်မဟုတ်ဘူးလား..."

ဒုတိယခေါင်းဆောင်ပိုင်သည် စားပွဲပေါ်သို့ တူကို ရိုက်ချလိုက်ပြီး ဒေါသတကြီး မျက်နှာထားဖြင့် ပြောလိုက်သည်။

သို့သော် အလွန်လျင်မြန်စွာပင် ဝင်လာသောသူ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။

"အိုး... တော်တော်လေး အရသာခံနေကြတာပဲ... ညီအစ်ကိုတို့ အသားစား အရက်သောက်တာကို ငါ့ကို ဘာလို့ မခေါ်ကြတာလဲ..."

ကျန်းချင်းလုံသည် ဦးဆောင်ကာ မသေမျိုးရှစ်ပါးစားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ပိုင်ညီအစ်ကိုများကို အထင်အမြင်သေးသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

ကျန်းချင်းလုံ၏ အနောက်တွင်တော့ လီလန်၊ ကျန်းရှောင်ဖုန်းနှင့် အခြားသူများ လိုက်ပါလာကြသည်။

"မင်း... မင်းတို့ ဘယ်လိုလုပ်ပြီး..."

အုပ်စု၏ အနောက်ဆုံးတွင်ရှိနေသော လုံကျန်းဟူကို မြင်လိုက်ရသည့်အခါ ဝူပိုင်ရှန်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး လုံကျန်းဟူကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

"မင်းကို ဘယ်သူက ဝင်ခွင့်ပေးလိုက်တာလဲ..."

"ဒီနေရာက မင်းလာလို့ရတဲ့ နေရာများ မှတ်နေသလား..."

"ထွက်သွားစမ်း..."

"ဖြန်း..."

ပိုင်ဟူဂိုဏ်း၏ ခံတပ်ငယ်လေးအတွင်း၌ ပြတ်သားသော ပါးရိုက်သံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားလေသည်။

"ငါ ကျန်းချင်းလုံရဲ့ သူငယ်ချင်းကို ဒီလိုလေသံမျိုးနဲ့ ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ..."

"ပိုင်ဟူဂိုဏ်းကလူတွေ အကုန်သေကုန်ကြပြီလား... အသုံးမကျတဲ့ မင်းလိုကောင်က လက်ညှိုးလာထိုးနေရအောင်လို့..."

ကျန်းချင်းလုံသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခေါင်းဆောင်ပိုင်ကို ကောက်ကျစ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

ခေါင်းဆောင်ပိုင်၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေသည်။ လူတစ်ယောက်ကို မျက်နှာဖြတ်မရိုက်သင့်ပေ။ သူနှင့် သူ၏ညီဖြစ်သူ ရှေ့တွင်ပင် ကျန်းချင်းလုံက သူတို့ဂိုဏ်း၏ တတိယခေါင်းဆောင်ကို ပါးရိုက်လိုက်ခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူတို့ညီအစ်ကိုကို အရေးမစိုက်ခြင်းပင် ဖြစ်၏။

"ဒီကျန်းချင်းလုံက ဘာဖြစ်နေတာလဲ... ဘာအကြောင်းမှမရှိဘဲ ငါတို့ ပိုင်ဟူဂိုဏ်းကို ဘာလို့ လာရတာလဲ..."

ခေါင်းဆောင်ပိုင်က တီးတိုးရေရွတ်လိုက်သည်။

သူတို့၏ ပိုင်ဟူဂိုဏ်းသည် ဟေးရွှေမြို့နယ်ကို လွှမ်းမိုးထားနိုင်သော်လည်း ၎င်းမှာ ဟေးရွှေမြို့နယ် ဧရိယာအတွင်း၌သာ ကန့်သတ်ထားခြင်းဖြစ်သည်။

ကျန်းချင်းလုံ၏ အနောက်တွင်ရှိသော ချင်းလုံဂိုဏ်းမှာ ပိုင်ရှန်းမြို့နယ်မှဖြစ်၏။

မြို့နယ်နှစ်ခုမှာ ကီလိုမီတာ ဆယ်ကျော်ကွာဝေးပြီး အမြဲတမ်း မိမိတို့ဘာသာသာ သီးသန့်နေထိုင်ခဲ့ကြသည်။

ယနေ့တွင် ဤကျန်းချင်းလုံက မည်သည့် မကောင်းဆိုးဝါး ပူးကပ်သွား၍ လူအနည်းငယ်ကို ခေါ်ဆောင်ကာ သူတို့၏ ပိုင်ဟူဂိုဏ်းသို့ ပြဿနာလာရှာရသနည်း။

ခေါင်းဆောင်ပိုင်သည် ဒေါသထွက်နေသော်လည်း မြိုသိပ်ထားလိုက်သည်။

နှစ်ခုစလုံးမှာ ဂိုဏ်းများဖြစ်ကြသော်လည်း လွှမ်းမိုးနိုင်မှုအရ ကျန်းချင်းလုံ၏ နောက်ကွယ်ရှိ ချင်းလုံဂိုဏ်းမှာ သူ၏ ပိုင်ဟူဂိုဏ်းထက် သာလွန်နေလေသည်။

လူအင်အားအရဆိုလျှင် ချင်းလုံဂိုဏ်းတွင် အဖွဲ့ဝင် တစ်ရာကျော်ရှိပြီး သူတို့၏ ပိုင်ဟူဂိုဏ်းတွင်မူ ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်သာ ရှိသည်။

စီးပွားရေးလုပ်ငန်းအနေဖြင့် သူတို့၏ ပိုင်ဟူဂိုဏ်းမှာ နှိုင်းယှဉ်၍မရနိုင်ပေ။ ချင်းလုံဂိုဏ်းသည် ဆေးဖက်ဝင်အပင်များ စီးပွားရေးကို အရှေ့ပိုင်းပြည်နယ်သုံးခုမှသည် တောင်ပိုင်းဈေးကွက်အထိပင် တိုးချဲ့ထားပြီး ဖြစ်၏။

ဤအကြောင်းပြချက်တစ်ခုတည်းနှင့်ပင် ခေါင်းဆောင်ပိုင်သည် ကျန်းချင်းလုံကို မရန်စရဲခဲ့ပေ။

အခြားရွေးချယ်စရာ မရှိချေ။ ဆင်းရဲသားများမှာ ဒေါသထွက်လွယ်ကြပြီး ဂိုဏ်းခေါင်းဆောင်များပင်လျှင် ချွင်းချက်မရှိပေ။

ဂိုဏ်းများတွင် အရွယ်အစား ကွာခြားမှုများရှိသည်။ သူ၏ ချင်းလုံဂိုဏ်းသည် ကျယ်ပြောလှသော အရှေ့ပိုင်းပြည်နယ်သုံးခုမှနေ၍ တိုးချဲ့နိုင်ခြင်းမှာ အမှန်တကယ် စွမ်းဆောင်နိုင်ရည်ပင် ဖြစ်၏။

စွမ်းဆောင်နိုင်ရည်ရှိသူများသည် သန်မာကြပြီး မည်သည့်နေရာတွင်မဆို လေးစားခံရမြဲပင်။

ကျန်းချင်းလုံမှာ ထိုကဲ့သို့ သန်မာသူတစ်ဦးဖြစ်သောကြောင့် ခေါင်းဆောင်ပိုင်သည် သဘာဝကျစွာပင် ပြဿနာကို တက်တက်ကြွကြွ မရှာရဲခဲ့ပေ။

"ဖယ်စမ်း..."

ကျန်းချင်းလုံသည် ဝူရှန်းလီကို တစ်ချက်ကြည့်လိုက်သည်။

ဝူရှန်းလီ၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူသည် ဤချင်းလုံဂိုဏ်းခေါင်းဆောင်ကို မရန်စရဲသဖြင့် မတ်တပ်ရပ်ကာ နေရာဖယ်ပေးရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ကျန်းချင်းလုံသည် ဝင်ထိုင်လိုက်ပြီး သူ၏ ခြေထောက်ကို ကုလားထိုင်ပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ထားလိုက်ရာ သူ၏ ကိုယ်ဟန်အမူအရာမှာ အလွန် လွတ်လပ်ပေါ့ပါးနေလေသည်။

"ခွက်အသန့်တစ်ခု ယူခဲ့စမ်း... ငါက မင်းတို့ ပိုင်ဟူဂိုဏ်းခေါင်းဆောင် နှစ်ယောက်နဲ့ အရက် နည်းနည်းလောက် သောက်ချင်လို့..."

ကျန်းချင်းလုံက အေးစက်စွာ ပြောလိုက်သည်။

ဝူပိုင်ရှန်းသည် အချိန်မဆွဲရဲဘဲ ကျန်းချင်းလုံအတွက် ခွက်အသန့်တစ်ခုကို အမြန်ပြေးယူလိုက်သည်။

ခွက်ကို အမြန်ယူလာပြီး ဝူပိုင်ရှန်းသည် ၎င်းကို ကျန်းချင်းလုံ၏ ရှေ့ရှိ စားပွဲပေါ်သို့ သတိထားကာ ချထားလိုက်၏။

"အရက်ငဲ့လေ... မင်းမျက်လုံးတွေက ဘာလုပ်ဖို့လဲ..."

ကျန်းချင်းလုံသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်နှာကို တည့်တည့်မတ်မတ် ပါးရိုက်ချလိုက်သည်။

ဤပါးရိုက်ချက်ကြောင့် ဝူပိုင်ရှန်းမှာ ကြယ်များပင် မြင်သွားရပြီး နားများ အူသွားတော့သည်။

"တော်လောက်ပြီ..."

ခေါင်းဆောင်ပိုင်က စားပွဲကို ရိုက်ကာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

"ကျန်းချင်းလုံ... မင်းက ဘာသဘောလဲ..."

ခေါင်းဆောင်ပိုင်သည် သူ၏ ဒေါသကို ခဲယဉ်းစွာ မြိုသိပ်ထားရင်း ပြောလိုက်သည်။

"မင်းက မင်းရဲ့ ချင်းလုံဂိုဏ်းမှာမနေဘဲ ငါ့နယ်မြေကို ဘာလို့လာရတာလဲ..."

"ငါတို့ ပိုင်ဟူဂိုဏ်းနဲ့ မင်းရဲ့ ချင်းလုံဂိုဏ်းက မကြာသေးခင်က ဘာရန်ငြိုးမှ မရှိပါဘူးနော်... ငါတို့က အမြဲတမ်း ကိုယ့်ဘာသာ သီးသန့်နေခဲ့ကြတာပဲ... မင်းက ဘာလုပ်နေတာလဲ..."

"မင်းက ငါ့ရဲ့ ပိုင်ဟူဂိုဏ်းကို ပြဿနာလာရှာဖို့ သက်သက် လူတွေ ခေါ်လာတာလား..."

ဤစကားများကို ကြားလိုက်ရသည့်အခါ ကျန်းချင်းလုံသည် လှောင်ပြောင်လိုက်သည်။

"ကိုယ့်ဘာသာ သီးသန့်နေတယ်ဆိုပါလား..."

"ငါ ကျန်းချင်းလုံရဲ့ ညီအစ်ကိုကို မင်းတို့ ပိုင်ဟူဂိုဏ်းက လူတွေက အနိုင်ကျင့်ပြီး ရိုက်တောင် ရိုက်နှက်လိုက်သေးတယ်... သူ့အတွက် ငါက လက်စားချေပေးသင့်တယ်လို့ မင်း မထင်ဘူးလား..."

ညီအစ်ကိုလား။

ကျန်းချင်းလုံ၏ ညီအစ်ကိုကို ငါတို့ ပိုင်ဟူဂိုဏ်းဝင်တွေက အနိုင်ကျင့်ခဲ့တယ်ပေါ့လေ။

ပိုင်ညီအစ်ကို နှစ်ယောက်စလုံး မှင်သက်သွားကြသည်။

"ဘယ်သူက ဒီလောက် သတ္တိကောင်းနေတာလဲ... ခေါင်းဆောင်ကျန်းရဲ့ ညီအစ်ကိုကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ..."

"အဲ့လူက ငါတို့ ပိုင်ဟူဂိုဏ်းကသာ အမှန်တကယ် ဖြစ်နေမယ်ဆိုရင် ခေါင်းဆောင်ကျန်း မင်း ဘာမှ ပြောစရာမလိုဘူး... ငါက သူ့ကို အရင်ဆုံး ရှင်းလင်းပေးမယ်..."

ခေါင်းဆောင်ပိုင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ဂိုဏ်းနှစ်ခုမှာ အမြဲတမ်း ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ပဋိပက္ခများ ဖြစ်ပွားလေ့ မရှိပေ။

ခေါင်းဆောင်ပိုင်သည် သူ၏ လက်အောက်ငယ်သားများကို ချင်းလုံဂိုဏ်းဝင်များနှင့် ရှောင်ရှားရန် သတိပေးလေ့ရှိပြီး အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက သူကိုယ်တိုင် ဖြေရှင်းနိုင်ရန် ချက်ချင်း ပြန်လည်သတင်းပို့ရန် မှာကြားထား၏။

ကျန်းချင်းလုံသည် သူ၏ ဆေးဖက်ဝင်အပင်များ စီးပွားရေးကို တောင်ပိုင်းသို့ တိုးချဲ့ခဲ့သဖြင့် အဓိက ဖောက်သည်ကြီးတစ်ဦး ဖြစ်လာသည်။ သူတို့၏ ပိုင်ဟူဂိုဏ်းမှာ အရှေ့ပိုင်းပြည်နယ်သုံးခုရှိ ဆေးဖက်ဝင်အပင်များ စီးပွားရေးတွင် ပါဝင်ပတ်သက်လိုသဖြင့် အနာဂတ်တွင် ချင်းလုံဂိုဏ်းအပေါ် များစွာမှီခိုအားထားရမည် ဖြစ်သည်။

သဘာဝကျစွာပင် သူတို့၏ ပိုင်ဟူဂိုဏ်းသည် ချင်းလုံဂိုဏ်းကို လုံးဝ မရန်စလိုပေ။

ဝူပိုင်ရှန်းသည် ဘေးဘက်တွင် ရပ်နေကာ ခေါင်းငုံ့ထားပြီး မျက်နှာမှာ ဖြူလျော့နေကာ အသက်ပင် ပြင်းပြင်း မရှူရဲချေ။

ဤလူက ဘယ်သူဖြစ်နိုင်မလဲ။ စဉ်းစားနေစရာပင် မလိုပေ။ သူ ဝူပိုင်ရှန်းပဲ မဟုတ်ပါလား။

ဤအချိန်တွင် ဝူပိုင်ရှန်းသည် သူ၏ ညီမဝမ်းကွဲ ယန်တုံ့ပင်း၏ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး သူမကို ချက်ချင်းခေါ်ကာ ပါးအကြိမ်ကြိမ် ရိုက်ပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်နေတော့သည်။

*တခြားသူတွေကို မရန်စဘဲ ချင်းလုံဂိုဏ်းကိုမှ ဘာလို့ ရန်စရတာလဲ*

*ချင်းလုံဂိုဏ်းဆိုတာ မင်း ရန်စလို့ရတဲ့ သူတွေလား... သူတို့ရဲ့ ခေါင်းဆောင်တောင် သူတို့ကို မြင်ရင် လမ်းလွှဲသွားရတာလေ…*

ထို့အပြင် "ခေါင်းဆောင်ကျန်း" ဟု ယဉ်ကျေးစွာပင် နှုတ်ဆက်ရသေးသည်။

ဝူပိုင်ရှန်းက သက်ပြင်းချလိုက်သည်။ သူ၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်၏။

လုံကျန်းဟူ အမည်ရှိသော ဤတိရစ္ဆာန်ကုဆရာဝန်လေးက အရေးကြီးပုဂ္ဂိုလ်များကို အမှန်တကယ် သိကျွမ်းနေခဲ့သည်။

"ဒုက္ခပါပဲ..."

"ဒီတိရစ္ဆာန်ကုဆရာဝန်လေးက ချင်းလုံဂိုဏ်းက ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး..."

ဝူပိုင်ရှန်းမှာ ငိုချင်စိတ်ပင် ပေါက်လာသည်။

*မင်းသာ ချင်းလုံဂိုဏ်းကဆိုရင် ဘာလို့ စောစောကတည်းက မပြောရတာလဲ... ငါက တင်တောင်းစရိတ် ယွမ်တစ်ရာကျော်ကို ပြန်ပေးနိုင်ရုံသာမက ငါ့ရဲ့ ညီမဝမ်းကွဲကိုပါ မင်းကို ခေါင်းငုံ့ပြီး တောင်းပန်ခိုင်းလိုက်မှာပေါ့…*

ဝူပိုင်ရှန်း၏ ခေါင်းများ မူးနောက်လာသည်။ ယခုတော့ တကယ့်ကို ဒုက္ခရောက်နေပြီ ဖြစ်၏။

"ဟဲဟဲ... မင်းတို့ ပိုင်ဟူဂိုဏ်းရဲ့ တတိယခေါင်းဆောင်မှလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ..."

ကျန်းချင်းလုံက လှောင်ပြောင်လိုက်ပြီး သူ၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများက ဝူပိုင်ရှန်းဆီသို့ ကျရောက်သွားသည်။

"ဘာ... လောင်ဝူလား..."

ခေါင်းဆောင်ပိုင်က လန့်ဖျပ်သွားသည်။

ဒုတိယခေါင်းဆောင်ပိုင်သည်လည်း မျက်မှောင်ကြုတ်ကာ ဝူပိုင်ရှန်းကို ကြည့်လိုက်၏။

သူက အေးစက်စွာ ပြောလိုက်သည်။

"ဝူပိုင်ရှန်း... မင်း ငါ့ကို ရှင်းပြတာ ပိုကောင်းမယ်..."

ဤစကားကို ကြားလိုက်ရသည့်အခါ ဝူပိုင်ရှန်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး အမြန် ရှင်းပြလိုက်သည်။

"အစ်ကိုကြီး... ဒုတိယအစ်ကို... အဲဒါ... အဲဒါက စောစောက ကျွန်တော် ပြောပြခဲ့တဲ့ ကိစ္စလေ..."

"ကျွန်တော့်... ကျွန်တော့်ရဲ့ ညီမဝမ်းကွဲ..."

"ဘုရားရေ..."

"သူက လုံကျန်းဟူဆိုတဲ့ တိရစ္ဆာန်ကုဆရာဝန်လေးလေ..."

ဝူပိုင်ရှန်းက လက်လှမ်းကာ အုပ်စု၏ အနောက်ဆုံးတွင်ရှိသော အရပ်ရှည်ရှည် လူငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။

"ဘာ... သူက တိရစ္ဆာန်ကုဆရာဝန်လေးလား..."

"မင်းရဲ့ ညီမဝမ်းကွဲဆီကနေ အိမ်ထောင်ပြုဖို့နဲ့ တင်တောင်းစရိတ်တွေ လိမ်ခံလိုက်ရတဲ့ ကောင်လေးလား..."

ခေါင်းဆောင်ပိုင်နှင့် ဒုတိယခေါင်းဆောင်ပိုင်တို့ တစ်ပြိုင်နက်တည်း အံ့သြတုန်လှုပ်သွားကြသည်။

သူတို့သုံးယောက်သည် အရက်ဝိုင်းတွင် ဤအကြောင်းကို ပြောဆိုနေခဲ့ကြခြင်းဖြစ်သည်။ ဒုတိယခေါင်းဆောင်ပိုင်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ထိုတိရစ္ဆာန်ကုဆရာဝန်လေးက ဝူပိုင်ရှန်းကို ပြဿနာလာရှာရန် လူတွေခေါ်လာလျှင်တောင်မှ စိုးရိမ်စရာမလိုကြောင်းနှင့် အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုက သူ့ကို ကာကွယ်ပေးမည်ဖြစ်ကြောင်း အာမခံထားခဲ့သည်။

သို့သော် ရလဒ်မှာမူ…

ဤကောင်လေးက အမှန်တကယ်ပင် သူတို့၏ တံခါးဝအထိ လူများကို ခေါ်ဆောင်လာခဲ့သည်။

ထို့အပြင် သူခေါ်လာသည့်သူမှာ... သူတို့ ပိုင်ဟူဂိုဏ်းက မရန်စရဲသည့် သူပင် ဖြစ်နေတော့၏။

All Chapters