← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း (၂၉၇) ကျားရေခြုံ၍ အလံလွှင့်ထူခြင်း

စောစောက ထမင်းစားပွဲ၌ ပိုင်ညီအစ်ကိုနှစ်ယောက်သည် ရင်ဘတ်ကိုပုတ်ကာ အာမခံခဲ့ကြလေသည်။

"လောင်ဝူ၊ မင်း ညီမကိစ္စကို ငါတို့ဂိုဏ်းက ရှင်းပေးပြီးပြီမို့ စိတ်မပူနဲ့တော့..."

သို့သော်လည်း အရက်သုံးခွက်ခန့် သောက်ပြီးချိန်တွင် ငွေလိမ်ခံလိုက်ရသော တိရစ္ဆာန်ကုဆရာဝန်လေးသည် ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်နှင့်အတူ ပေါ်လာခဲ့တော့သည်။

ပိုင်ညီအစ်ကိုနှစ်ယောက်မှာ ချက်ချင်းပင် အရှက်ကွဲသွားတော့၏။

သူတို့ ကြွားလုံးထုတ်ခဲ့သမျှမှာ မိမိတို့ မျက်နှာကို ပြန်ရိုက်နေသကဲ့သို့ ဖြစ်သွားလေသည်။

ချင်းလုံဂိုဏ်းမှ ကျန်းချင်းလုံကို သူတို့ မည်သို့မျှ ရန်မစရဲကြပေ။

ပိုင်ဟူဂိုဏ်းအနေဖြင့် ချင်းလုံဂိုဏ်းကို မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သူတို့မှာ သိသိသာသာပင် ဖိနှိပ်ခံနေရခြင်း ဖြစ်သည်။

လေထုထဲရှိ အခြေအနေမှာ တစ်ခဏမျှ လေးလံသွားတော့၏။

အခြေအနေကို ကောင်းစွာ ကိုင်တွယ်တတ်သော ဒုတိယခေါင်းဆောင်ပိုင်က အလျင်အမြန်ပင် တက်ကြွစွာ ပြောလိုက်သည်။

"ခေါင်းဆောင်ကျန်း..ထိုင်ပါဦး... ထိုင်ပါဦး..."

"ဝူပိုင်ရှန်း မင်း ဘာရပ်လုပ်နေတာလဲ... ငါ သိမ်းထားတဲ့ ဖန်းကျိုအရက်ကို သွားယူချေ... ဒီနေ့ မင်းအစ်ကိုကြီးနဲ့ ငါက ခေါင်းဆောင်ကျန်းနဲ့အတူ အရက်ကောင်းကောင်းလေး သောက်ချင်လို့..."

ဒုတိယခေါင်းဆောင်ပိုင်သည် ဝူပိုင်ရှန်းအား အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်လေသည်။

ဝူပိုင်ရှန်းသည် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်ပြီး မသေမျိုးရှစ်ပါးစားပွဲမှ ထ၍ အရက်ယူရန် ဘေးနားရှိ အိပ်ခန်းဆီသို့ သွားရန် ပြင်လိုက်တော့သည်။

"မင်းကို သွားဖို့ ငါ ပြောလို့လား..."

ကြည်လင်ပြီး အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ထို့နောက် ဝူပိုင်ရှန်းမှာ အား ဟူသော စူးရှစွာ အော်ဟစ်သံနှင့်အတူ လူတစ်ယောက်ရှေ့တွင် တိုက်ရိုက် ဒူးထောက်ကျသွားလေသည်။

ပိုင်ညီအစ်ကိုနှစ်ယောက်သည် ဝူပိုင်ရှန်းဆီသို့ ကြည့်လိုက်ကြသည်။

အရပ်ရှည်ရှည် လူငယ်တစ်ယောက်သည် ဝူပိုင်ရှန်း၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်ကို မြင်လိုက်ရ၏။ အနည်းငယ် ညှစ်လိုက်သည်နှင့် ဝူပိုင်ရှန်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ချွေးများ ရွှဲနစ်လာကာ ပြင်းထန်သော နာကျင်မှုကို မခံစားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခြင်း ဖြစ်သည်။

ဤလူငယ်မှာ မျက်နှာစိမ်းတစ်ယောက် ဖြစ်လေသည်။

"ဒီလူက ခွန်အားတော်တော်ကြီးတာပဲ..."

ခေါင်းဆောင်ပိုင်က အံ့ဩစွာ ပြောလိုက်သည်။

သူပင်လျှင် ဝူပိုင်ရှန်း၏ လက်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ နာကျင်စွာ ဒူးထောက်၍ အသနားခံလာစေရန် မလုပ်နိုင်ပေ။

ဝူပိုင်ရှန်းမှာ လူဝကြီးတစ်ယောက်ဖြစ်ပြီး သူ၏ လက်ကောက်ဝတ်များမှာ သဘာဝအတိုင်း တုတ်ခိုင်ကာ အဆီများဖြင့် ဖုံးလွှမ်းနေလေသည်။

ထို့အပြင် ဝူပိုင်ရှန်းမှာ သိုင်းပညာ အနည်းငယ် တတ်ကျွမ်းပြီး သူတို့ ပိုင်ဟူဂိုဏ်း၏ တတိယအဆင့်ရှိသူလည်း ဖြစ်သည်။

သို့သော်လည်း တစ်ကြိမ်တည်းသော ရင်ဆိုင်မှုမှာပင် သူ အလွယ်တကူ အရှုံးပေးလိုက်ရ၏။

"ဒီလူက မျက်နှာစိမ်းပဲ... အရင်က တစ်ခါမှ မမြင်ဖူးဘူး..."

"ကျန်းချင်းလုံရဲ့ လက်ပါးစေသစ်များလား..."

ဒုတိယခေါင်းဆောင်ပိုင်နှင့် ခေါင်းဆောင်ပိုင်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး အနည်းငယ် အံ့ဩသွားကြသည်။

ကျန်းချင်းလုံ၏ ချင်းလုံဂိုဏ်းမှာ အစွမ်းထက်ပြီးဖြစ်ရာ ယခုအခါတွင် ဤကဲ့သို့ အရည်အချင်းရှိသူကိုပါ ထပ်မံရရှိထားလေပြီ။ နောင်တွင် ဖူဆုန့်ခရိုင်တစ်ခုလုံးကို သူတို့ ကြီးစိုးသွားတော့မည်မှာ သေချာလှသည်။

ကျန်းချင်းလုံသည်လည်း အလွန်အံ့ဩသွားပြီး လီလန်အား အလျင်အမြန် ကြည့်လိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်လီ... မင်း သိုင်းပညာ လေ့ကျင့်ထားတာလား..."

ကျန်းချင်းလုံမှာ ချင်းလုံဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ ဤကဲ့သို့ ရာထူးနေရာကို ယူထားနိုင်သူတစ်ယောက်အနေဖြင့် မည်သို့လျှင် အကဲခတ်နိုင်စွမ်းမရှိဘဲ နေမည်နည်း။

ဂိုဏ်းများတွင် ပါဝင်သူများမှာ အလုပ်ကိစ္စများကို ကောင်းစွာ ကိုင်တွယ်နိုင်ရုံသာမက တိုက်ခိုက်ရေးတွင်လည်း ကျွမ်းကျင်ရပေမည်။

အကယ်၍ သူတို့သာ မတိုက်ခိုက်နိုင်ပါက ဂိုဏ်း၏ လက်အောက်ငယ်သားများကို မည်သို့လျှင် နာခံစေနိုင်မည်နည်း။

တိုက်ခိုက်နိုင်ခြင်း၊ ဉာဏ်ရည်ရှိခြင်းနှင့် သင့်တင့်လျောက်ပတ်သော ခေါင်းဆောင်မှုစွမ်းရည်များ ရှိခြင်းတို့မှာ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အတွက် အခြေခံ လိုအပ်ချက်များပင် ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင်လီ..."

ကျန်းချင်းလုံ၏ ခေါ်ဝေါ်လိုက်သော အသံကို ကြားလိုက်ရသည့်အခါ ခေါင်းဆောင်ပိုင်မှာ အံ့ဩမှင်တက်သွားတော့သည်။

အဖွဲ့ခေါင်းဆောင်ဟူသော ခေါ်ဝေါ်မှုမှာ ဂိုဏ်းလောက၏ အသုံးအနှုန်း မဟုတ်ပေ။

ခေါင်းဆောင်ပိုင်နှင့် ဒုတိယခေါင်းဆောင်ပိုင်တို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။

ဤ အဖွဲ့ခေါင်းဆောင်လီဆိုသူမှာ တရားဥပဒေလမ်းကြောင်းဘက်မှ လူတစ်ယောက်များ ဖြစ်နေမည်လား။

ခေါင်းဆောင်ပိုင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။

အကယ်၍ အဖွဲ့ခေါင်းဆောင်လီသာ တရားဥပဒေလမ်းကြောင်းဘက်မှ ဖြစ်နေပါက ပြည်သူ့လုံခြုံရေးဗျူရိုက သူတို့ ပိုင်ဟူဂိုဏ်းကို အာရုံစိုက်လာပြီဟု ဆိုလိုရာ မရောက်ပေဘူးလား။

ထို့ပြင် သူက အမှုအား စုံစမ်းစစ်ဆေးရန်အတွက် နစ်နာသူနှင့်အတူ ဤနေရာသို့ လာရောက်ခြင်းများလား။

"တောက်... လောင်ဝူ... ဒီခွေးကောင်က ငါ့အတွက် အမြဲတမ်း ပြဿနာရှာနေတာပဲ..."

ခေါင်းဆောင်ပိုင်သည် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်သည်။

ယန်တုံ့ပင်းမှာ ဝူပိုင်ရှန်း၏ ဝမ်းကွဲညီမ ဖြစ်သောကြောင့် ဤအကြွေးကို ဝူပိုင်ရှန်း၏ ခေါင်းပေါ်သို့ သဘာဝကျကျပင် ပုံချရတော့မည် ဖြစ်သည်။

"နည်းနည်းပါးပါး လေ့ကျင့်ထားတာပါ..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

သူသည် ဝူပိုင်ရှန်း၏ လက်ကို လွှတ်ပေးလိုက်ပြီး ကျောကို ခြေထောက်တစ်ဖက်ဖြင့် ကန်ချလိုက်လေသည်။

သူသည် လုံကျန်းဟူဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"တိရစ္ဆာန်ကုဆရာဝန်လုံ... သူပဲလား..."

လုံကျန်းဟူ၏ မျက်နှာမှာ ဖြူရော်နေပြီး အတိတ်က ခံခဲ့ရသော အရှက်ကွဲမှုများကို ပြန်လည်သတိရလာကာ ခေါင်းညိတ်ပြလိုက်၏။

"သူပဲ... သူက ယန်တုံ့ပင်းရဲ့ ဝမ်းကွဲအစ်ကို ဝူပိုင်ရှန်းပဲ..."

"ဒါဆိုရင်တော့ ပြီးတာပဲ... လူမှားမရှာမိဘူးပေါ့..."

လီလန်သည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝူပိုင်ရှန်း၏ ဝက်ကဲ့သို့သော မျက်နှာကို သူ၏ လက်ဝါးဖြင့် အကြိမ်အနည်းငယ် ပုတ်လိုက်လေသည်။

"ဝူပိုင်ရှန်း... ငါတို့ မင်းကို ဘာလို့ လာရှာလဲဆိုတာ မင်းသိလား..."

မိမိ၏ ခေါင်းဆောင်ရှေ့မှာပင် ဝူပိုင်ရှန်းမှာ လူငယ်လေးတစ်ယောက်၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။ ဝူပိုင်ရှန်းသည် ချက်ချင်းပင် အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ့မျက်နှာကို ရိုက်ခြင်းမှာ ပိုင်ဟူဂိုဏ်း၏ မျက်နှာကို ရိုက်ခြင်းပင် ဖြစ်သည်။

ဝူပိုင်ရှန်းက ကျိန်ဆဲလိုက်သည်။

"မင်းက ဘယ်သူလဲ... မင်းနဲ့ ဘာဆိုင်လို့လဲ... ဘာလို့ အဲ့ဒီလောက် အလကားနေ ဆရာလုပ်ချင်နေရတာလဲ..."

“ဖြန်း…”

ဝူပိုင်ရှန်း၏ ဝက်ကဲ့သို့သော မျက်နှာပေါ်သို့ ပြင်းထန်သော ပါးရိုက်သံတစ်ခု ကျရောက်သွားလေသည်။

"အခုရော ဘယ်လိုလဲ..."

လီလန်သည် မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး နှုတ်ခမ်းစွန်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။

"အခုကြတော့လည်း ဘာလို့ ခွေးတစ်ကောင်လို ဖြစ်နေရတာလဲ... မင်း တိရစ္ဆာန်ကုဆရာဝန်လုံကို အနိုင်ကျင့်ဖို့ လူအုပ်ကြီး ခေါ်လာတုန်းက အချိုးတွေ ဘယ်ရောက်သွားပြီလဲ..."

"ဝူပိုင်ရှန်း... မင်းက အသုံးမကျဘူးပဲ..."

လီလန်က လှောင်အပြုံးဖြင့် ပြုံးလိုက်လေသည်။

ဝူပိုင်ရှန်း၏ မျက်နှာပေါ်သို့ နောက်ထပ် ပါးရိုက်သံတစ်ခု ကျရောက်သွားပြန်၏။

ဤပါးရိုက်ချက်မှာ ပြင်းထန်လှသဖြင့် ဝူပိုင်ရှန်း၏ မျက်နှာမှာ နာကျင်စွာ ပူထူသွားပြီး မျက်လုံးထဲတွင် ကြယ်များလွင့်ကာ နားများပင် အူသွားတော့သည်။

မကြာမီမှာပင် သူ၏ ဝက်ကဲ့သို့သော မျက်နှာပေါ်တွင် နောက်ထပ် ပါးရိုက်ရာတစ်ခု ထပ်မံထင်ကျန်ရစ်လေသည်။

ကျန်းချင်းလုံသည် မေးစေ့ကို ပွတ်သပ်ရင်း ထိုမြင်ကွင်းကို စိတ်ဝင်တစား ထိုင်ကြည့်နေလေသည်။

သူသည် လီလန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ချီးကျူးမှုနှင့် အံ့ဩမှုများ ပြည့်နှက်နေ၏။

ဤအဖွဲ့ခေါင်းဆောင်လီမှာ အရည်အချင်းရှိပြီး သူ၏ လှုပ်ရှားမှုများမှာ ပြတ်သားကာ ရက်စက်တတ်သူတစ်ယောက်ပင် ဖြစ်သည်။

ကျေနပ်စရာကောင်းလိုက်တာ...။

ကျေနပ်စရာကောင်းလိုက်တာ...။

ကျန်းချင်းလုံသည် ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်လေသည်။

ပိုင်ညီအစ်ကိုနှစ်ယောက်သည် ထိုင်ခုံများပေါ်တွင်ထိုင်ရင်း သူတို့၏ တတိယခေါင်းဆောင်မှာ လူငယ်လေးတစ်ယောက်၏ လူပုံအလယ် ပါးရိုက်ခြင်းခံနေရသည်ကို အဝေးမှ ကြည့်နေကြသည်။ သူတို့မှာ တိတ်တဆိတ် ဒေါသထွက်နေကြသော်လည်း ပေါက်ကွဲရန်မူ မဝံ့ရဲကြပေ။

သူတို့ လုပ်နိုင်စွမ်းရှိသည့် အရာဟူ၍ ဘာမျှမရှိပေ။ ကျန်းချင်းလုံက သူတို့ကို စောင့်ကြည့်နေလေသည်။

ရိုက်ရသည်ကို ပင်ပန်းသွားသည် ထင်၏။ လီလန်သည် သူ၏ လက်ကို ပြန်ရုပ်လိုက်လေသည်။

"တိရစ္ဆာန်ကုဆရာဝန်လုံ... ခင်ဗျား လာခဲ့..."

"အရင်တုန်းက သူ ခင်ဗျားကို ဘယ်လို ဆက်ဆံခဲ့သလဲ... အဲ့ဒီအတိုင်း ပြန်လုပ်လိုက်... လက်မတွန့်နေနဲ့..."

လီလန်သည် လုံကျန်းဟူကို ကြည့်ကာ ဩရှရှအသံဖြင့် ပြောလိုက်သည်။

လုံကျန်းဟူသည် လက်သီးများကို ဆုပ်ထားရင်း အံကြိတ်ကာ ပြောလိုက်၏။

"ကောင်းပြီ..."

ထို့နောက် သူသည် ဝူပိုင်ရှန်းရှေ့သို့ ရောက်လာပြီး ဤကာလအတွင်း သူ ခံစားခဲ့ရသမျှ အရှက်ကွဲမှုများနှင့် ဒေါသများအားလုံးကို ဝူပိုင်ရှန်း၏ ဝက်ကဲ့သို့ ဝဖြိုးနေသော ခန္ဓာကိုယ်ပေါ်သို့ ပုံချပစ်လိုက်တော့သည်။

လက်သီးဖြင့် ထိုးလိုက်၊ ခြေထောက်ဖြင့် ကန်လိုက် လုပ်နေလေသည်။

ကျေနပ်မှု မရှိသေးပုံရကာ လုံကျန်းဟူသည် စားပွဲပေါ်ရှိ အရက်ပုလင်းတစ်လုံးကိုပင် ယူ၍ ဝူပိုင်ရှန်း၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်သည်။

"မင်းကများ ငါ့ကို အနိုင်ကျင့်တယ်ပေါ့လေ..."

"မင်း ညီမက ငါ့ခံစားချက်တွေကို လှည့်စားပြီး ငါ့ပိုက်ဆံတွေကို ခိုးတယ်ပေါ့လေ..."

"မင်းတို့ ခွေးကောင်တွေ..."

တိရစ္ဆာန်ကုဆရာဝန်လုံသည် ဒေါသများကို ဖွင့်ထုတ်ရင်း ကျိန်ဆဲနေတော့သည်။

ယခု တိရစ္ဆာန်ကုဆရာဝန်လုံမှာ ယခင် သူ ရောဂါထစဉ်ကထက်ပင် ပို၍ ရူးသွပ်နေပုံပေါ်လေသည်။

လီလန်သည် ဝူပိုင်ရှန်းကို သနားစဖွယ် ကြည့်လိုက်၏။

*ဟဲဟဲ... ရန်စစရာ လူတွေ အများကြီးရှိတဲ့အထဲ သူကမှ တိရစ္ဆာန်ကုဆရာဝန်လုံကို သွားပြီး ရန်စမိရတယ်လို့*

ထို့နောက် သူသည် ခေါင်းခါလိုက်ပြီး မသေမျိုးရှစ်ပါးစားပွဲဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

ခေါင်းဆောင်ပိုင်၏ မျက်နှာချင်းဆိုင်တွင် သူ ထိုင်ချလိုက်လေသည်။

ပိုင်ဟူဂိုဏ်းမှ ညီအစ်ကိုနှစ်ယောက်မှာ အလွန်ပင် အံ့ဩသွားကြတော့၏။

ကျန်းချင်းလုံနှင့်အတူ ထိုင်နိုင်ခြင်းမှာ ဤလူငယ်လေးသည် သူ၏ လက်အောက်ငယ်သား မဟုတ်ကြောင်းနှင့် လမ်းဘေးလူမိုက်တစ်ယောက်လည်း လုံးဝ မဟုတ်ကြောင်းကို ဆိုလိုနေခြင်းပင် ဖြစ်သည်။

သူတို့ အကဲခတ် မှားသွားခဲ့လေပြီ။

ကျန်းချင်းလုံသည် လီလန်၏ လုပ်ဆောင်ပုံများကို အလွန်ပင် ကျေနပ်နေလေသည်။

သူက တဟီးဟီး ရယ်မောလိုက်ပြီး ခေါင်းဆောင်ပိုင်နှင့် ဒုတိယခေါင်းဆောင်ပိုင်တို့အား တက်ကြွစွာ မိတ်ဆက်ပေးလိုက်သည်။

"ဒါက အဖွဲ့ခေါင်းဆောင်လီလေ... သူက ကျုပ်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ပဲ..."

ပိုင်ညီအစ်ကိုနှစ်ယောက်မှာ လန့်ဖျပ်သွားကြ၏။

ဤလူငယ်လေးမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိပုံပေါ်သော်လည်း သူက ချင်းလုံဂိုဏ်း၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်နေပြီလား။

ကျန်းချင်းလုံကို ကြည့်ရသည်မှာလည်း သူ့အပေါ် အတော်လေး အထင်ကြီးနေပုံပေါ်သည် မဟုတ်ပါလော။

"အဖွဲ့ခေါင်းဆောင်လီ... တွေ့ရတာ ဂုဏ်ယူပါတယ်..."

ခေါင်းဆောင်ပိုင်နှင့် ဒုတိယခေါင်းဆောင်ပိုင်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး အလျင်အမြန်ပင် လက်အုပ်ချီကာ နှုတ်ဆက်လိုက်ကြသည်။

"အဖွဲ့ခေါင်းဆောင်လီ... ဒီကိစ္စက ကျွန်တော်တို့ ပိုင်ဟူဂိုဏ်းရဲ့ အမှားဆိုတာ အမှန်ပါပဲ... စိတ်ချပါ၊ ကျွန်တော် ဒုတိယခေါင်းဆောင်ပိုင်က ခင်ဗျားကို သေချာပေါက် ရှင်းပြပါ့မယ်..."

ဒုတိယခေါင်းဆောင်ပိုင်မှာ လူကဲခတ် ကျွမ်းကျင်သူဖြစ်ပြီး အလျင်အမြန်ပင် အခွင့်အရေးယူ၍ ပြောလိုက်ခြင်း ဖြစ်သည်။

"တစ်ယောက်ယောက် အဖွဲ့ခေါင်းဆောင်လီအတွက် ခွက်တစ်ခွက် ယူလာခဲ့စမ်း... ငါ့ကိုယ်ငါ အရက်သုံးခွက်သောက်ပြီး အပြစ်ပေးတဲ့အနေနဲ့ အဖွဲ့ခေါင်းဆောင်လီကို တောင်းပန်ပါရစေ..."

ဒုတိယခေါင်းဆောင်ပိုင်သည် တံခါးစောင့်နေသော လက်အောက်ငယ်သားအား အော်ပြောလိုက်လေသည်။

"မလိုပါဘူး..."

လီလန်က ခေါင်းခါလိုက်၏။

"ကျွန်တော့်ကို တောင်းပန်ဖို့ မလိုပါဘူး... ကျွန်တော့် သူငယ်ချင်း တိရစ္ဆာန်ကုဆရာဝန်လုံကိုသာ တောင်းပန်လိုက်ပါ..."

ပိုင်ဟူဂိုဏ်း၏ အပြစ်ကို ဝန်ခံတတ်သော သဘောထားမှာ အတော်လေး ကောင်းမွန်ပြီး ဤဂိုဏ်းခေါင်းဆောင်နှစ်ယောက်မှာလည်း အကျိုးအကြောင်း သင့်မြတ်သူများ ဖြစ်ကြသည်။

စောစောက သူ ဝူပိုင်ရှန်းကို ရိုက်နှက်နေစဉ်က ထိုလူနှစ်ယောက်ကို သူ သေချာပေါက် အကဲခတ် ကြည့်ရှုခဲ့လေသည်။

အကယ်၍ ဤလူနှစ်ယောက်သာ ဝင်ပါပြီး ဝူပိုင်ရှန်းကို ကာကွယ်ရန် ကြိုးစားလာပါက သူတို့ကိုပါ ထပ်ရိုက်ရမည်ကို သူ ဝင်လေးနေမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ကျန်းချင်းလုံ ရှိနေသရွေ့ ချင်းလုံဂိုဏ်း၏ အမည်ကို အသုံးပြုပြီး ကျားရေခြုံ၍ အလံလွှင့်ထူကာ ပိုင်ဟူဂိုဏ်းမှ ဤလူနှစ်ယောက်ကို သူ ကောင်းစွာ ခြောက်လှန့်နိုင်လေသည်။

All Chapters