အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁)
ဇီယင်း၏ တရားမျှတမှုကွန်ရက်နှင့် အိုးထဲကလိပ်
ဟိုင်ကျိုးရှိ ဖန်းဟန်၏ ယာယီဌာနချုပ်အတွင်း၌ ဖြစ်လေသည်။
သူသည် နန်ကုန်းယွင်ရှုနှင့်အတူ ပင်လယ်ကူးရေယာဉ်စုအတွက် အနာဂတ်အစီအစဉ်များကို ဆွေးနွေးတိုင်ပင် နေစဉ်မှာပင် အစောင့်တစ်ဦးက တံခါးခေါက်ကာ ဝင်ရောက်လာပြီး ဘာသာပြန်ဆိုထားသည့် ကြေးနန်းစာတစ် စောင်ကို ကမ်းပေးလိုက်လေ၏။
ထိုကြေးနန်းစာမှာ အလွန်တိုတောင်းလှပြီး စကားလုံးအနည်းငယ်သာ ပါဝင်လေသည်။
၎င်းကို ဖတ်ရှုပြီးနောက် ဖန်းဟန်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
"ကွန်ရက်ကို ရုပ်သိမ်းရမယ့် အချိန်ရောက်ပြီပဲ..."
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်အနီးတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး အရိပ်များထဲတွင် ပျော်ဝင်နေသကဲ့သို့ ရှိသော အနက်ရောင်ပုံရိပ်တစ်ခုက စာကြည့်ခန်းအတွင်းသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့လေသည်။
ထိုသူမှာ ဇီယင်းပင် ဖြစ်ပေသည်။
သူမသည် သူမ၏ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အနက်ရောင်ကိုယ် ကျပ်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မျက်နှာပေါ်တွင် ငွေရောင်မျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားကာ ကြယ် ရောင်ကဲ့သို့ အေးစက်နေသော မျက်ဝန်းတစ်စုံကိုသာ ဖော်ပြထားခဲ့လေ၏။
"သခင်..."
သူမသည် ဒူးတစ်ဖက်ထောက်လိုက်ပြီးနောက် ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်လေသည်။
"အခြေအနေ ဘယ်လိုရှိလဲ..." ဖန်းဟန်က မေးလိုက်၏။
"ကျွန်မ တာဝန်ကျေပွန်ခဲ့ပါပြီ..."
ဇီယင်းက ခေါင်းမော့လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် သားကောင်ကို ပစ်မှတ်ထားနေသော မုဆိုးတစ်ဦး၏ ယုံကြည်မှုနှင့် ရက်စက်မှုတို့က ထင်ဟပ်နေလေတော့သည်။
"အကြံပေး ပေးပို့လာတဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်မတို့ရဲ့ တစ်လကြာ စောင့်ကြည့်ထိုးဖောက်မှုတွေ အရ မဟာကျင်းမင်းဆက်အတွင်းမှာရှိတဲ့ အဆုံးမဲ့သံသရာ အဖွဲ့အစည်းရဲ့ နောက်ဆုံးနဲ့ အကြီးမားဆုံး လျှို့ဝှက် စခန်းဟာ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ချွမ်ကျိုးက သဲကန္တာရရိုမန်းစ် ကုန်သည်ကြီးများအသင်း ဖြစ်တယ်ဆိုတာကို ရာခိုင်နှုန်းပြည့် အတည်ပြုနိုင်ပါပြီ..."
"အပေါ်ယံကြည့်မယ်ဆိုရင် ဒီကုန်သည်ကြီးများအသင်းက အနောက်ဘက်ဒေသက ထွက်ကုန်တွေနဲ့ လက်ဝတ် ရတနာတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ တရားဝင်လုပ်ငန်းတစ်ခုပါပဲ... သူတို့ရဲ့ ဂိုဏ်းချုပ်ဖြစ်သူ အစ်ဘင် ဆိုတဲ့ သူက ဒေသတွင်းမှာ နာမည်ကောင်းရှိပြီး ဒေသခံအစိုးရနဲ့လည်း ဆက်ဆံရေးကောင်းမွန်ပါတယ်... ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဂိုဏ်းချုပ်ကနေစပြီး ဝန်ထမ်းတွေအထိ ကုန်သည်ကြီးများအသင်းတစ်ခုလုံးဟာ အဆုံးမဲ့သံသရာ အဖွဲ့အစည်းရဲ့ သဲကန္တာရဗိမ္မာန် ဌာနခွဲက အဓိကအဖွဲ့ဝင်တွေချည်းပါပဲ..."
"ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်တွေဆိုတဲ့ အဆင့်အတန်းကို အသုံးပြုပြီး သူတို့က ပင်လယ်ရပ်ခြားစခန်း တွေကနေ လူတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို နိုင်ငံအတွင်း ခိုးသွင်းဖို့ တာဝန်ယူထားကြပါတယ်... နောက် တစ်ဖက်မှာလည်း မင်းဆက်သစ်ကို မကျေနပ်ကြတဲ့ အုပ်ချုပ်မှုဟောင်းက အကြွင်းအကျန်တွေကို လျှို့ဝှက် ဆက်သွယ် ထောက်ပံ့ပေးပြီး ပရမ်းပတာဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေကြပါတယ်..."
ဇီယင်း၏ အစီရင်ခံစာမှာ မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ဘဲ စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျပြီး အသေးစိတ်ကျ လှပေသည်။
"သူတို့ကတော့ အလွန်ရှေးကျတဲ့ စာပို့ခိုတွေ၊ လျှို့ဝှက်စာတိုက်ပုံးတွေကိုသာ အသုံးပြုပြီး ဆက်သွယ်နေကြလို့ သူတို့ကိုယ်သူတို့ အရမ်းကို လုံခြုံအောင် ပုန်းကွယ်ထားနိုင်တယ်လို့ ထင်နေကြတာပါ... သူတို့ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်၊ ဆန်ဘယ်လောက် ဝယ်တယ်ဆိုတာကအစ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းက ကျွန်မတို့ရဲ့ စောင့်ကြည့်မှု အောက်မှာ ရှိနေတယ်ဆိုတာကို သူတို့ လုံးဝ မသိကြပါဘူး..."
ဇီယင်း၏ နှုတ်ခမ်းထောင့်များက သရော်လိုသော အပြုံးရေးရေးတစ်ခုအဖြစ် ကွေးတက်သွားခဲ့လေ၏။
တစ္ဆေအစွယ်၏ ထောက်လှမ်းရေးအေးဂျင့်များသည် ချွမ်ကျိုး၏ နေရာအနှံ့အပြားသို့ ထိုးဖောက်ဝင်ရောက် နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်လေသည်။
ကုန်သည်ကြီးများအသင်းသို့ ဟင်းသီးဟင်းရွက် ရောင်းချသူများမှာလည်း သူတို့၏ လူများသာဖြစ်ပြီး အမှိုက် သိမ်းရန် တာဝန်ယူထားသော အထမ်းသမားများမှာလည်း သူတို့၏ လူများပင် ဖြစ်ကြပေသည်။ ကုန်သည်ကြီး များအသင်း၏ မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်မှ ပုံပြင်ပြောသူပင်လျှင် ထိပ်တန်း စောင့်ကြည့်ရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်ချေသည်။
ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ကြေးနန်းကွန်ရက်က ဇီယင်းအား မြို့တော်တွင် ထိုင်နေရင်းဖြင့် ချွမ်ကျိုးရှိ အေးဂျင့် များကို အချိန်နှင့်တစ်ပြေးညီ လှုပ်ရှားစေကာ အမိန့်ပေးနိုင်စေခဲ့သည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
မည်မျှပင် သေးငယ်သော လှုပ်ရှားမှုမျိုးဖြစ်စေကာမူ သူမထံသို့ နာရီဝက်အတွင်း သတင်းပို့နိုင်လေသည်။
ဤကဲ့သို့ အံ့ဖွယ်ကောင်းသော နည်းလမ်းများနှင့် နှိုင်းယှဉ်လိုက်ပါက အဆုံးမဲ့သံသရာ၏ ရှေးဟောင်း စာပို့ခိုများ နှင့် လျှို့ဝှက်စာတိုက်ပုံးများမှာ ကလေးများ အိမ်ဆော့တမ်း ကစားနေသကဲ့သို့ ရယ်စရာကောင်းလှပေသည်။
သူတို့၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော လျှို့ဝှက်ချက်များမှာ တစ္ဆေအစွယ် ကွန်ရက်အောက်တွင်မူ ပွင့်လင်းမြင်သာနေသော ဟာသတစ်ခုမျှသာ ဖြစ်လေတော့သည်။
"ကျွန်မ သူတို့ကို မသိစေခဲ့ပါဘူး..."
ဇီယင်းက ဆက်လက်ပြောကြားခဲ့လေသည်။
"သခင် ညွှန်ကြားထားတဲ့အတိုင်း အဓိကအဖွဲ့ဝင်တွေ အားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လှုပ်ရှားမှုပုံစံ တွေကို အတည်ပြုပြီးတဲ့နောက် ချွမ်ကျိုးမှာ တပ်စွဲထားတဲ့ နဂါးအစွယ်တပ်မတော်က ခြေလျင်တပ်ရင်းတစ်ရင်း နဲ့ တောင်ပိုင်းမှာရှိတဲ့ တစ္ဆေအစွယ်ရဲ့ စစ်ဆင်ရေးအဖွဲ့တွေ အားလုံးကို စုဆောင်းလိုက်ပါတယ်... စုစုပေါင်း အင်အား ရှစ်ရာ ပါ... မနေ့ည သန်းခေါင်ယံအချိန်မှာတော့ သဲကန္တာရရိုမန်းစ် ကုန်သည်ကြီးများအသင်းနဲ့ ပတ်ဝန်းကျင်လမ်းတွေ အားလုံးကို လျှို့ဝှက်ပိတ်ဆို့မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်..."
"ကျွန်မတို့ တပ်ဖွဲ့တွေကို ရေလမ်း၊ ကုန်းလမ်းနဲ့ မြို့ရဲ့ မြေအောက်ရေမြောင်းတွေမှာပါ ချထားပြီးပါပြီ... ဒီအချိန် မှာတော့ သဲကန္တာရရိုမန်းစ် ကုန်သည်ကြီးများအသင်းဟာ အထီးကျန်ကျွန်းတစ်ခုလို ဖြစ်နေပါပြီ... ယင်ကောင် တစ်ကောင်တောင် အပြင်ကို ထွက်လို့ရမှာ မဟုတ်ပါဘူး..."
ဖန်းဟန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။
သူသည် မတ်တတ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြာလဲ့နေသော ပင်လယ်ပြင်ကြီးကို လှမ်းကြည့်လိုက်လေသည်။
"အရမ်းကောင်းတယ်... ရေမြောင်းထဲမှာ ပုန်းအောင်းနေတဲ့ ဒီကြွက်တွေကို နေရောင်ခြည် ပြရမယ့်အချိန် ရောက်ပြီပဲ..."
ဖန်းဟန်သည် လှည့်ကြည့်လိုက်ပြီး ဇီယင်းကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရေခဲကဲ့သို့ အေးစက်လှသော သတ်ဖြတ်လိုစိတ်များက လင်းလက်သွားခဲ့လေ၏။
"ငါ့အမိန့်ကို ဆင့်ဆိုလိုက်ပါ..."
သူ၏အသံမှာ မကျယ်လောင်သော်လည်း ငြင်းဆန်၍မရနိုင်သော အေးစက်မှုတို့ ပါဝင်နေပေသည်။
"သူတို့ကို အရှင်ဖမ်းပါ... ဒါပေမဲ့ ခုခံတဲ့သူ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်ပါ..."
"ဟုတ်ကဲ့ပါ သခင်..."
ဇီယင်း၏ မျက်ဝန်းများထဲတွင်လည်း သွေးဆာနေသော စိတ်လှုပ်ရှားမှုတစ်ခု လင်းလက်သွားခဲ့လေ၏။
သူမသည် ဤအချိန်လေးကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်နေပြီပင် ဖြစ်လေသည်။
သူမသည် မတ်တတ်ရပ်လိုက်ပြီးနောက် သူမ၏ ပုံရိပ်မှာ အရိပ်များထဲသို့ ပြန်လည်၍ တိုးဝင် ပျောက်ကွယ် သွားခဲ့တော့လေသည်။