အခန်း ၃၃၂
Vol. 34 Ch. 332
အခန်း (၃၃၂) မျိုးရိုးဗီဇပြောင်းလဲခြင်းနှင့် နိုးထလာခြင်း
ဟွမ်ကျိဟွေး၏ စကားကို ကြားလိုက်ရသည့် ခဏ၌ ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့လေ၏။ သူမက မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
ဟွမ်ကျိဟွေးက အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
"ရှင်းပြဖို့ အချိန်မရှိတော့ဘူး... အစ်မယောင်ရန်... မြန်မြန်... အခု ဆေးကုသဆောင်ကို သွားမှဖြစ် မယ်..."
သူမ၏ အလောတကြီး ဖြစ်နေပုံကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် သူမ၏ အခန်းတံခါးကို ပိတ်လိုက်ပြီး ပြောလိုက်လေ၏။
"သွားကြစို့..."
သူတို့နှစ်ဦးသည် ဆေးကုသဆောင်ဆီသို့ အပြေးအလွှား သွားခဲ့ကြလေသည်။ ဆေးကုသဆောင်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ဆူညံသံများကို အဝေးမှပင် ကြားနေရပေ၏။
"သူ့ကို ဖိထားကြစမ်း..."
လီထျန်းယုက စစ်သည်တစ်ဦးကို မြေပြင်ပေါ်သို့ ဖိထားရင်း အော်ဟစ်လိုက်သည်။
"တပ်ကြပ်လီ... သတိထားဦး..."
နောက်ထပ် စစ်သည်တစ်ဦးက သူရှိရာသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် အခြားစစ်သည် တစ်ဦးက လီထျန်းယုကို သတိပေးလိုက်လေသည်။
ယောင်ရန် ရောက်ရှိလာသည့်အခါတွင်မူ လုံယုနှင့် လီထျန်းယုတို့သည် မျက်လုံးများ နီရဲကာ ရူးသွပ် နေသည့် စစ်သည်နှစ်ဦးကို ထိန်းချုပ်နေကြပြီး ကျန်လူများက ထိုသူများကို ကြိုးများဖြင့် တုပ်နှောင်နေ ကြသည်ကို တွေ့လိုက်ရလေသည်။
သူမကို မြင်လိုက်သည့်အခါ လုံယု၏ မျက်ဝန်းများ ဝင်းလက်သွားပြီး အလောတကြီးပြော လိုက်လေ၏။
"ရန်ရန်... မြန်မြန်... သူတို့ကို တစ်ချက်လောက် ကြည့်ပေးပါဦး..."
အခြေအနေ အရေးကြီးကြောင်း နားလည်လိုက်သည့်အတွက် ယောင်ရန်သည် ထိုရူးသွပ်နေသော စစ်သည်နှစ်ဦးထံသို့ အပြေးအလွှား သွားလိုက်တော့သည်။
သူမသည် စစ်သည်တစ်ဦး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ စစ်ဆေးကြည့်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ မည်းနက်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာအမူအ ရာမှာ ပိုမိုတည်ကြည်သွားခဲ့ရပေသည်။
ယောင်ရန်သည် ကျန်လူများကို ကြည့်ကာ ပြောလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်း ဘီလူးတွေက သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာပဲ... အဲဒါကြောင့် သူ့ခန္ဓာကိုယ် ထဲမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ မြန်ဆန်လာတာ... မျိုးရိုးဗီဇ ထပ်ပြီး မပြောင်းလဲအောင်လို့ ဒဏ်ရာ တွေကို ချက်ချင်း သန့်ရှင်းရေးလုပ်ဖို့ လိုအပ်တယ်... သူတို့ကို ကုတင်ပေါ်တင်ပြီး တုပ်ထားလိုက်ကြ..."
သူမ၏ စကားကြောင့် ကျန်ရှိနေသည့် ဒဏ်ရာရစစ်သည်များ၏ မျက်နှာများမှာ ညှိုးငယ်သွားခဲ့ကြတော့ ပေသည်။
ထိုသူများ ရပ်နေသည်ကို မြင်သောအခါ လုံယုက မာန်မဲလိုက်လေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ... သူတို့ကို လူနာဆောင်ထဲ သယ်သွားဖို့ ကူညီပေးကြဦးလေ..."
ထိုအခါမှသာ အားလုံး သတိပြန်ဝင်လာကြပြီး စစ်သည်နှစ်ဦးကို ဆေးကုသဆောင်အတွင်းရှိ အခန်း တစ်ခုထဲသို့ အမြန်သယ်ဆောင်သွားကြတော့၏။
စစ်သည်များကို လုံခြုံစွာ တုပ်နှောင်ပြီးသည့်အခါ ယောင်ရန်က ပြောလိုက်လေသည်။
"အားလုံး အပြင်ကို ခဏလောက် ထွက်ပေးကြပါ..."
ဆရာဝန်များ အလုပ်လုပ်ရန် ငြိမ်သက်မှု လိုအပ်ကြောင်း သိကြသဖြင့် လုံယုမှလွဲ၍ ကျန်လူအားလုံး အခန်းထဲမှ ထွက်ခွာသွားကြလေတော့သည်။ တံခါးပိတ်သွားပြီးနောက် ယောင်ရန်သည် သူမ၏ နေရာ လွတ်ထဲမှ ရေကန်ကရေ တစ်ပုလင်းကို ထုတ်ယူကာ စစ်သည်နှစ်ဦးကို တိုက်လိုက်လေသည်။ သူတို့ နှစ်ငုံ ခန့် သောက်ပြီးသည့်အခါ သူမ၏ လက်များနှင့် ခွဲစိတ်ကိရိယာများကို အယ်လ်ကိုဟောဖြင့် ပိုးသတ် လိုက်လေသည်။
သူမသည် ခွဲစိတ်နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်လိုက်ပြီး ခွဲစိတ်ဓားငယ်ဖြင့် ဒဏ်ရာများမှ ပုပ်ပွနေသော အသားများကို ဂရုတစိုက် လှီးထုတ်လိုက်၏။ ထို့နောက် မည်းနက်နေသော အရည်များကို ညှစ်ထုတ်ကာ ဒဏ်ရာများကို အယ်လ်ကိုဟောဖြင့် သန့်စင်ပြီးနောက် ရေကန်ကရေဖြင့် ထပ်မံဆေး ကြောပေးလိုက်လေသည်။
ရေကန်ကရေသည် ဒဏ်ရာများနှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ကျန်ရှိနေသော ပုပ်ပွနေသည့် အသားစများမှာ ကွာကျသွားပြီး ဒဏ်ရာများမှ စိမ့်ထွက်နေသည့် အမည်းရောင်အရည်များမှာလည်း နီရဲသော သွေးများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေတော့သည်။
ဆယ်စက္ကန့်အတွင်းမှာပင် အသားအသစ်များ၊ ကြွက်သားများနှင့် အရေပြားများ စတင်ဖြစ်ပေါ်လာပြီး ဒဏ်ရာများမှာ မျက်စိရှေ့တွင်ပင် သိသိသာသာ ကျက်သွားခဲ့လေတော့သည်။
မိနစ်အနည်းငယ် ကြာသောအခါ စစ်သည်များ၏ ဒဏ်ရာများမှာ လုံးဝဥဿုံ ပျောက်ကင်းသွားခဲ့လေ သည်။ သူတို့၏ နီမြန်းနေသော မျက်နှာများကို မြင်လိုက်ရသည့်အခါ ယောင်ရန်သည် ဆေးသေတ္တာထဲမှ အပူချိန်တိုင်းကိရိယာကို ထုတ်ယူကာ သူတို့၏ ကိုယ်အပူချိန်ကို တိုင်းတာကြည့်လိုက်လေ၏။
ရလဒ်ကို မြင်လိုက်ရသည့်အခါ သူမသည် လုံယုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"သူတို့ ကိုယ်ပူနေတယ်... ဒါဟာ သူတို့ရဲ့ စွမ်းအားတွေ နိုးထလာဖို့ ပြင်ဆင်နေတဲ့ ဖြစ်စဉ် ဖြစ်နိုင် တယ်..."
ထိုစကားကို ကြားသောအခါ လုံယုသည် သတိလစ်နေသော စစ်သည်များကို ကြည့်ကာ မေးလိုက်လေ သည်။
"ခုနက သူတို့ ဘာဖြစ်တာလဲ..."
ယောင်ရန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်၊
"အာယု... ဒါကို တခြားသူတွေနဲ့အတူ ဆွေးနွေးကြတာပေါ့..."
သူမ၏ မျက်ဝန်းများထဲမှ စိုးရိမ်မှုကို သတိပြုမိလိုက်သဖြင့် လုံယုက ခေါင်းငြိမ့်ပြလိုက်၏။
"ကောင်းပြီလေ..."
သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာသည့်အခါ ကျန်လူများက စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရပေသည်။ ယောင်ရန်နှင့် လုံယုတို့ကို မြင်သည်နှင့် သူတို့သည် အနားသို့ အပြေးအလွှား ရောက်လာကြလေတော့သည်။
"သူတို့ အခြေအနေ ဘယ်လိုရှိလဲ..."
လီထျန်းယုက စိုးရိမ်တကြီး စတင် မေးမြန်းလိုက်လေသည်။
"အခု သူတို့ရဲ့ စွမ်းအားတွေ နိုးထလာနေပြီ..."
ယောင်ရန်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်လေသည်။
သူမ၏ စကားကြောင့် အားလုံးမှာ မှင်သက်သွားကြတော့၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ချန်က အံ့အားသင့်စွာ မေးလိုက်လေသည်။
"ဒါဆို သူတို့ရဲ့ စွမ်းအားတွေ နိုးထလာလို့ ရူးနေသလို ဖြစ်နေတာပေါ့... ဒါပေမဲ့ ခင်ဗျားတို့ စွမ်းအားတွေ နိုးထတုန်းကကျတော့ ဘာလို့ အဲဒီလိုမျိုး မဖြစ်ခဲ့တာလဲ..."
ယောင်ရန်က ခေါင်းခါပြရင်း ရှင်းပြလိုက်လေသည်။
"သူတို့ အဲဒီလို ရူးသွပ်သွားတာက စွမ်းအားတွေ နိုးထလာလို့ မဟုတ်ဘူး... မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ကြောင့်ပဲ... အခု သူတို့ ကိုယ်ပူနေတာကတော့ စွမ်းအားတွေ နိုးထလာတဲ့ ဖြစ်စဉ် ကြောင့် ဖြစ်တာပါ... သူတို့ သတိပြန်ရလာဖို့အတွက် နာရီပေါင်းများစွာ ဒါမှမဟုတ် ရက်ပေါင်းများစွာ ကြာနိုင်တယ်..."
သူတို့ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ သူမက ဆက်လက်ပြောဆိုလေသည်။
"သူတို့ရဲ့ ခန္ဓာကိုယ်မှာ မျိုးရိုးဗီဇပြောင်း ဘီလူးတွေကြောင့် ဖြစ်ပေါ်လာတဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေကို ကျွန်မ တွေ့ခဲ့တယ်... ဒဏ်ရာတွေ ဘေးပတ်ပတ်လည်က အသားတွေက ပုပ်ပွနေပြီး သွေးတွေကလည်း စေးကပ်နေတဲ့ အမည်းရောင် အရည်တွေ ဖြစ်နေခဲ့တာ..."
ထိုစကားကို ကြားရသည့်အခါ ရှီရွှမ်း၏ မျက်နှာအမူအရာမှာ ပို၍ တည်ကြည်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"မင်းပြောချင်တာက... သူတို့ဟာ ဒဏ်ရာတွေကြောင့် မျိုးရိုးဗီဇပြောင်း ဘီလူးတွေအဖြစ် ပြောင်းလဲ သွားတော့မှာလား..."
ယောင်ရန်က ပြန်ဖြေလိုက်၏။
"အဲဒါက တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်... ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး..."
"ဘာကို ဆိုလိုတာလဲ..."
ကျားရှန်းက မေးလိုက်လေသည်။
ယောင်ရန်က သူတို့ကို ကြည့်ကာ၊
"ကျွန်မ သိထားသလောက်ဆိုရင် မျိုးရိုးဗီဇပြောင်း ဘီလူးတွေ ဖြစ်လာနိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိတယ် ... ပထမတစ်ခုကတော့ လူသားတွေဟာ နျူကလီးယား ရေဒီယိုသတ္တိကြွမှုကို ခံစားရပြီး သူတို့ရဲ့ ခန္ဓာ ကိုယ်တွေက ဘီလူးတွေအဖြစ် မျိုးရိုးဗီဇပြောင်းလဲသွားတာပဲ... ဒုတိယတစ်ခုကတော့ ရေဒီယိုသတ္တိကြွ အညစ်အကြေးတွေ စုပုံလာရာကနေ ဘီလူးတွေ မွေးဖွားလာတာပဲ..."
"ဒီနေ့ ကျွန်မကို တိုက်ခိုက်တဲ့ မျိုးရိုးဗီဇပြောင်း ဘီလူးတွေက ဒုတိယအမျိုးအစားထဲမှာ ပါဝင်တယ်... သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဒီယိုသတ္တိကြွမှု အဆင့်အတန်း မြင့်မားစွာ ပါဝင်နေပြီး သူတို့ရဲ့ ခန္ဓာကိုယ် အရည်တွေ ဒါမှမဟုတ် အသားစတွေက ဒဏ်ရာတွေကတစ်ဆင့် သက်ရှိတွေရဲ့ မျိုးရိုးဗီဇနဲ့ ထိတွေ့မိတဲ့ အခါ တခြားသူတွေဆီကို ကူးစက်သွားနိုင်တယ်..."
ကျန်လူများ၏ လေးနက်နေသော မျက်နှာများကို မြင်ရသည့်အခါ သူမက ခေတ္တမျှ ရပ်လိုက်ပြီးမှ ဆက် ပြောလေသည်။
"အတွင်းထဲက စစ်သည်နှစ်ဦးမှာ ဖြစ်ပျက်ခဲ့တာကတော့ ဒုတိယအမျိုးအစား ဘီလူးတွေကြောင့်ပဲ... ဘီလူးတွေက သူတို့ကို ဒဏ်ရာရအောင် လုပ်လိုက်တော့ သူတို့ရဲ့ မျိုးရိုးဗီဇတွေက အခု ပြောင်းလဲနေ ပြီ..."
သူမ၏ ရှင်းပြချက်ကို အသေအချာ နားထောင်ပြီးနောက် လီထျန်းယုသည် နက်နက်ရှိုင်းရှိုင်း စဉ်းစား နေမိလေသည်။
ထို့နောက် သူက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဒါဆိုရင် သူတို့က မျိုးရိုးဗီဇပြောင်း ဘီလူးတွေအဖြစ် မပြောင်းလဲဘဲ ဘာကြောင့် ရုတ်တရက် စွမ်းအား တွေ နိုးထလာရတာလဲ..."
ယောင်ရန်က ရှင်းပြလိုက်လေ၏။
"ကျွန်မ သူတို့ကို မျိုးရိုးဗီဇပြောင်းလဲမှု ပျောက်ကင်းစေတဲ့ဆေး တိုက်လိုက်လို့ပါ... ကံကောင်းထောက် မစွာနဲ့ နောက်မကျသေးဘူးပေါ့... မျိုးရိုးဗီဇပြောင်းလဲမှု ပျောက်ကင်းသွားတဲ့နောက်မှာ သူတို့ ကိုယ်ပူ လာတယ်... အဲဒါကတော့ စွမ်းအားတွေ နိုးထလာမယ့် ကနဦး လက္ခဏာပဲ..."
သူမက သက်ပြင်းချလိုက်ပြီး၊
"အခုတော့ စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်... သူတို့ သတိပြန်ရမရဆိုတာကတော့ သူတို့ရဲ့ စိတ်ဓာတ် ခိုင်မာမှုအပေါ်မှာပဲ မူတည်လိမ့်မယ်... ကျွန်မဘက်ကတော့ ဆေးတိုက်ုထားပြီးတော့ လုပ်ပေးနိုင်တာ အကုန်လုပ်ပေးပြီးပြီ... ကျန်တာကတော့ သူတို့ရဲ့ စွမ်းအားတွေ နိုးထလာတဲ့ ဖြစ်စဉ်ကို သူတို့ဘာသာ ကျော်ဖြတ်နိုင်ဖို့ပဲ လိုတော့တယ်..."
ထိုစကားကို ကြားသောအခါ လီထျန်းယုသည် ကျန်ရှိနေသည့် စစ်သည်များကို သတိရသွားပြီး မေးလိုက်လေသည်။
"မစ္စယောင်... ကျွန်တော့်ရဲ့ တခြား ညီအစ်ကိုတွေကိုလည်း တစ်ချက်လောက် စစ်ဆေးပေးလို့ ရမလား ..."