အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း (၃၃၃) ကံကောင်းခြင်း
လီထျန်းယု၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေ၏။
"ရတာပေါ့... ဒဏ်ရာရထားတဲ့သူတွေ အားလုံး ကျွန်မနောက်ကနေ ကုသဆောင်ကို လိုက်ခဲ့ကြပါ..."
သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင်မူ မည်သူမျှ သာမန်ဒဏ်ရာလေးကိုပင် ပေါ့ပေါ့တန်တန် မထားဝံ့ကြတော့ပေ။ လူတိုင်းသည် ယောင်ရန်နောက်မှ လိုက်၍ ကုသဆောင်သို့ သွားခဲ့ကြပြီး သူမ သည် လူတိုင်း၏ ဒဏ်ရာများကို နှစ်နာရီနီးပါးကြာအောင် စစ်ဆေးကုသပေးခဲ့လေသည်။
နောက်ဆုံးစစ်သည်၏ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက် ယောင်ရန်က ပြောလိုက်လေ၏။
"အားလုံးအတွက် အာဟာရဖြစ်မယ့် အစားအစာတွေ ပြင်ဆင်ပေးဖို့ အန်တီဟန်နဲ့ အန်တီစီမာတို့ကို ကျွန်မ ပြောပေးပါ့မယ်..."
လီထျန်းယုက ခေါင်းငြိမ့်လိုက်ပြီး မေးမြန်းလိုက်လေသည်။
"မစ္စယောင်... မျိုးရိုးဗီဇပြောင်းလဲမှု ပျောက်ကင်းစေတဲ့ဆေးနဲ့ တခြားဆေးဝါးတွေအတွက် ကျွန်တော် တို့ ဘယ်လောက် ပေးချေရမလဲခင်ဗျာ..."
သူ၏ မေးခွန်းကို ကြားသောအခါ ယောင်ရန်က ပြုံးလိုက်လေ၏။
"ကျွန်မတို့ရဲ့ ကမ်းလှမ်းချက်ကို ရှင်တို့ သေချာစဉ်းစားပြီးမှပဲ စျေးနှုန်းကို ပြောပြပါ့မယ်..."
သူမသည် သူမ၏ အဖွဲ့ထဲသို့ ပါဝင်ရန် ကမ်းလှမ်းမှုကို ဆိုလိုခြင်းဖြစ်ကြောင်း လီထျန်းယု သိလိုက်သ ဖြင့် "ကျွန်တော်တို့ မထွက်ခွာခင်မှာ အဖြေပေးပါ့မယ်..." ဟုသာ ပြန်လည်ပြောဆိုနိုင်တော့သည်။
သူ၏ အဖြေကို ကျေနပ်သွားသည့်အတွက် ယောင်ရန်က ပြောလိုက်လေ၏။
"အခုတော့ နောက်ကျနေပြီ... အားလုံး ပြန်ပြီး အနားယူကြပါတော့... ဒဏ်ရာတွေကို ရေမစိုအောင် သတိထားကြနော်... မဟုတ်ရင် ပိုးဝင်သွားနိုင်လို့ပါ..."
သူမ၏ စကားကို လီထျန်းယုနှင့် စစ်သည်များက ခေါင်းငြိမ့်ပြကြရင်း ပြန်ဖြေလိုက်ကြလေသည်။
"ဟုတ်ကဲ့ပါ မစ္စယောင်..."
လူတိုင်း ထွက်သွားပြီးနောက် လုံယုသည် ယောင်ရန်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ လက ကို ဆုပ်ကိုင်ရင်း ငြင်သာစွာ မေးလိုက်လေသည်။
"ပင်ပန်းနေပြီလား ရန်ရန်..."
ယောင်ရန်က သူ့ကို ပြုံးပြရင်း ၊
"အဆင်ပြေပါတယ်... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို ကံကောင်းခြင်းတွေပဲ..."
လုံယုက မျက်မှောင် အနည်းငယ်ကြုတ်ကာ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်လေ၏။
"အင်း... အဲဒီစစ်သည်နှစ်ယောက်သာ မရှိရင် မျိုးရိုးဗီဇပြောင်း ဘီလူးတွေက သူတို့ရဲ့ အသားစတွေနဲ့ ခန္ဓာကိုယ်အရည်တွေကတစ်ဆင့် လူတွေကို ကူးစက်စေနိုင်တယ်ဆိုတာကို ကို တို့ သိလိုက်ရမှာ မဟုတ် ဘူးနော်..."
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ထပ်လောင်းပြောဆိုလိုက်လေသည်။
"ရှင်သန်ကျန်ရစ်သူတွေအနေနဲ့ မျိုးရိုးဗီဇပြောင်း ဘီလူးတွေကို တိုက်ခိုက်တဲ့အခါ သတိထားနိုင်အောင် ဒီအကြောင်းကို အများပြည်သူသိအောင် အသိပေးသင့်တယ်လို့ ကိုတော့ ထင်တယ်..."
ယောင်ရန်က သဘောတူလိုက်လေ၏။
"ရှင်ပြောတာ မှန်တယ်... ဒါကို အသိပညာပေးရုံတင်မကဘဲ အများပြည်သူဆီကို ရေကန်ကရေတွေကို လည်း ဖြန့်ဝေပေးသင့်တယ်လို့ ကျွန်မ ထင်တယ်..."
"ရေကန်ကရေကို သောက်သုံးတဲ့သူ ပိုများလာခဲံရင် သူတို့တွေ မျိုးရိုးဗီဇပြောင်း ဘီလူးတွေအဖြစ် ပြောင်းလဲသွားနိုင်ခြေ နည်းသွားလိမ့်မယ်... စွမ်းအားရှင် အရေအတွက်လည်း တိုးလာလိမ့်မယ်... အဲဒါမှ လူသားတွေအတွက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ခြေ ပိုများလာမှာပေါ့..."
ထိုစကားကို ကြားသောအခါ လုံယုက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
"အကယ်၍ လူတွေက ရေကန်ကရေရဲ့ အရင်းအမြစ်ကို သိသွားရင် မင်းအတွက် အန္တရာယ် မရှိနိုင်ဘူး လား..."
ယောင်ရန်က သူ၏ လက်ကို အသာအယာ ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
"မစိုးရိမ်ပါနဲ့... ကျွန်မက အများပြည်သူဆီကို ရိုးရိုးရေနဲ့ ရောထားတဲ့ ရေကန်ကရေကိုပဲ ဖြန့်ဝေမှာပါ... သန့်စင်တဲ့ ရေကန်ကရေလောက် အာနိသင် မရှိပေမဲ့ အဲဒါကို နည်းနည်း ပိုသောက်လိုက်ရင် မျိုးရိုးဗီဇ ပြောင်းလဲတာကို ပျောက်ကင်းစေနိုင်တုန်းပါပဲ..."
လုံယု ခဏမျှ စဉ်းစားလိုက်ပြီးမှ သက်ပြင်းချလိုက်လေ၏။
"ကောင်းပြီလေ... မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ကို ထောက်ခံပါတယ်..."
ယောင်ရန်က သူ့ကို ဖက်လိုက်ရင်း ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အာယု..."
စစ်သည်နှစ်ဦးမှာ သတိမရသေးသောကြောင့် လီထျန်းယုသည် ကျွင်းချန် စစ်အခြေစိုက်စခန်း သို့ မထွက်ခွာမီ သူတို့ သတိရလာသည်အထိ စောင့်ဆိုင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
နှစ်ရက်အကြာ နံနက်ပိုင်းတွင် ယောင်ရန်သည် စစ်သည်များကို သွားရောက်စစ်ဆေးခဲ့လေသည်။ သူမ သည် လူနာဆောင် တံခါးကို တွန်းဖွင့်လိုက်သည့်အခါ စစ်သည်များမှာ သတိရနေပြီး ကုတင်ပေါ်တွင် ဇဝေဇဝါဖြင့် ထိုင်နေကြသည်ကို တွေ့လိုက်ရလေ၏။
"ဘယ်လို နေလဲ..."
သူမက အခန်းထဲသို့ ဝင်လိုက်ရင်း မေးလိုက်လေသည်။
စစ်သည်များသည် သူမဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ထိုအထဲမှ တစ်ဦးက မေးလာလေသည်။
"မစ္စ... ကျွန်တော်တို့ ဘာဖြစ်ခဲ့တာလဲ..."
ယောင်ရန်သည် မှန်ဗီရိုပေါ်ရှိ ဆေးသေတ္တာထဲမှ နားကြပ်ကို ထုတ်ယူလိုက်ရင်း မေးလိုက်လေသည်။
"နောက်ဆုံး မှတ်မိနေတာ ဘာလဲ..."
စစ်သည်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ခေါင်းက အရမ်း ကိုက်နေခဲ့တာ... အဲဒီနောက်ပိုင်းတော့ ဘာမှ မမှတ်မိတော့ဘူး..."
သူ၏ အဖြေကို ကြားရသည့်အခါ ယောင်ရန်သည် သူ၏ သွေးခုန်နှုန်းနှင့် သွေးဖိအားများကို စတင် စစ်ဆေးကြည့်လိုက်လေသည်။
သူ၏ အခြေအနေမှာ ပုံမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမက ရှင်းပြလိုက်လေ၏။
"ရဲဘော်... ရှင်တို့ဟာ မျိုးရိုးဗီဇပြောင်း ဘီလူးတွေကြောင့် ဒဏ်ရာရခဲ့ပြီး ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့မယ့် အခြေအနေမှာ ရှိနေခဲ့တာပဲ... မျိုးရိုးဗီဇပြောင်းလဲမှု မပြီးဆုံးခင်မှာ ကျွန်မ တို့ဆီမှာ အဆင်သင့်ရှိနေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု ပျောက်ကင်းစေတဲ့ဆေးနဲ့ ကုသပေးလိုက်နိုင်လို့ တော်သေးတာပေါ့..."
သူမ၏ စကားကြောင့် စစ်သည်များမှာ မှင်သက်သွားကြလေသည်။ သူတို့ အံ့အားသင့်နေသည်ကို မြင်သောအခါ ယောင်ရန်က တည်ငြိမ်စွာ မေးလိုက်လေ၏။
"သတိရလာပြီးနောက်မှာ ထူးခြားတာမျိုး ခံစားရတာ ရှိလား..."
ဒုတိယစစ်သည်သည် သူ၏ လက်ဖဝါးကို ဖြန့်ပြလိုက်ရင်း ၊
"ဘာကြောင့်လဲတော့ မသိဘူး... ကျွန်တော့်ရဲ့ လက်ဖဝါးက ဘယ်နှစ်ခါပဲ သုတ်သုတ် အမြဲတမ်း စိုထိုင်း နေတာပဲ..."
ယောင်ရန်က ပထမစစ်သည်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်လေသည်။
"ရှင်ကော... ထူးခြားတာမျိုး ခံစားရလား..."
စစ်သည်က တုံ့ဆိုင်းနေပြီးမှ ခေါင်းခါပြလိုက်ပြီး နောက်တွင်မူ ခေါင်းငြိမ့်ပြလိုက်လေသည်။
သူမ၏ မျက်ခုံးပင့်လိုက်သည်ကို မြင်သောအခါ သူက ခေါင်းကို ကုတ်လိုက်ရင်း ဇဝေဇဝါဖြင့်ဖြေလေ ၏။
"ဘာဖြစ်နေတာလဲဆိုတာတော့ သေချာ မသိဘူး... ဒါပေမဲ့ ကျွန်တော့်ရဲ့ အမြင်အာရုံက အရင်ကထက် ပိုပြီးတော့ ကြည်လင်နေတယ်... လေထဲက အမှုန်အမွှားတွေကိုတောင် ထင်ထင်ရှားရှား မြင်နေရ တယ်..."
ယောင်ရန်က သူတို့နှစ်ဦးကို ကြည့်၍ ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ဂုဏ်ယူပါတယ်... ရှင်တို့နှစ်ယောက်လုံးရဲ့ စွမ်းအားတွေ နိုးထလာခဲ့ပြီ..."
သူမ ထိုသို့ ပြောလိုက်သည့်အခါ စစ်သည်များမှာ အလွန်ပင် အံ့အားသင့်သွားကြတော့သည်။
ယောင်ရန်က ပထမစစ်သည်ကို ကြည့်ကာ ၊
"ရဲဘော်... ရှင်ကတော့ အမြင်အာရုံ ထူးကဲသောစွမ်းအား နိုးထလာတာ ဖြစ်ပါတယ်..."
ထို့နောက် ဒုတိယစစ်သည်ဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်ပြန်သည်။
"ရှင်ကတော့ ရေစွမ်းအင် နိုးထလာတာပါ... စွမ်းအားတွေ စပြီး နိုးထလာတဲ့အချိန်မှာ ထိန်းချုပ်ရ ခက်ခဲတာက ပုံမှန်ပါပဲ... လေ့ကျင့်မှု အနည်းငယ် လုပ်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ..."
သူမ၏ စွမ်းအားများနှင့်ပတ်သက်သော ဗဟုသုတကို သဘောကျသွားသဖြင့် စစ်သည်များသည် တစ်ဦး ကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အံ့ဩတကြီး မေးလိုက်လေသည်။
"မစ္စက သိပ္ပံပညာရှင် တစ်ယောက်လား..."
ယောင်ရန်က ခဏမျှ ရပ်တန့်သွားပြီးမှ နားကြပ်ကို ဆက်လက် သိမ်းဆည်းလိုက်ရင်း ၊
"ကျွန်မက သာမန် ရှင်သန်ကျန်ရစ်သူ တစ်ယောက်ပါပဲ..."
သူမက ဆက်လက်၍ မှာကြားလိုက်လေသည်။
"ရှင်တို့နှစ်ယောက် သတိရလာပြီဆိုတော့ ထမင်းစားခန်းကိုသွားပြီး တစ်ခုခု စားလိုက်ကြပါ... ရှင်တို့ ကိုယ်ပူနေတာ နှစ်ရက်ရှိပြီဆိုတော့ အာဟာရ ချို့တဲ့ပြီး အင်အားတွေ ချည့်နဲ့နေဦးမှာပဲ... အာဟာရရှိတဲ့ အစားအစာတွေ ပြင်ဆင်ထားပေးဖို့ အန်တီတို့ကို ကျွန်မ ပြောထားပြီးပြီ... အင်အားတွေ အမြန်ဆုံး ပြန်ပြည့်လာအောင် သေချာ စားလိုက်ကြနော်..."
သူမသည် စွမ်းအားများနှင့် ပတ်သက်၍ ထပ်မံ၍ အသေးစိတ် မပြောလိုတော့ကြောင်း ရိပ်မိလိုက်သဖြင့် စစ်သည်များသည် ကုတင်ပေါ်မှ ဆင်းလိုက်ကြပြီး၊
"ကျေးဇူးတင်ပါတယ် မစ္စ..."
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"တပ်ကြပ်လီကတော့ လေ့ကျင့်ရေးခန်းမထဲမှာ ရှိပါတယ်... စားပြီးရင် သူ့ဆီကို သွားရှာလိုက်လို့ ရ တယ်..."
စစ်သည်များကလည်း "ဟုတ်ကဲ့ပါ..." ဟု တညီတညွတ်တည်း ပြန်ဖြေကြလေသည်။
သူတို့ ဆေးကုသဆောင်မှ ထွက်သွားပြီးနောက် ယောင်ရန်သည် လက်ဆေးကာ ဆေးသေတ္တာကို မှန်ဗီရိုထဲသို့ ပြန်ထည့်လိုက်ပြီး နံနက်စာ စားရန်အတွက် ထမင်းစားခန်းသို့ ဦးတည်ထွက်ခွာလာခဲ့ လေသည်။
ယခုအခါ စစ်သည်များ သတိရလာပြီ ဖြစ်သောကြောင့် လီထျန်းယုသည် အဆင်သင့်ဖြစ်သည်နှင့် ကျွင်းချန် စစ်အခြေစိုက်စခန်း သို့ ထွက်ခွာတော့မည်မှာ သေချာပေသည်။ သူမသည်လည်း သူတို့နှင့်အ တူ လိုက်သွားမည်ဖြစ်သဖြင့် သူမကိုယ်တိုင်လည်း ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေပေတော့သည်။