အခန်း ၃၃၈
Vol. 34 Ch. 338
အခန်း (၃၃၈) သူတို့ကိုသာ စောင့်ကြည့်ခိုင်းထားလိုက်ပါ
လုံယုသည် ရင်းနှီးနေသော ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်လေ၏။
"မင်း ပြောတာ မှန်တယ်... ဒါ လင်းယိနဲ့ သူ့လူတွေ နေတဲ့နေရာပဲ..."
ရှီရွှမ်းသည် သူတို့၏ စကားကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားပြီး ပြောလိုက်လေသည်။
"လင်းယိရဲ့ စီးပွားရေးက တကယ်ကို အဆင်ပြေပုံရတယ်... ဒီဗီလာဧရိယာက အရမ်းစျေးကြီးပြီး ရမှတ် တွေနဲ့ ဝယ်လို့မရဘူး... ရိက္ခာတွေနဲ့ပဲ ဝယ်လို့ရတယ်လို့ ကျွန်တော် ကြားဖူးတယ်..."
ယောင်ရန်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"နောက်ဆုံး ကျွန်မ ကြားထားသလောက်ဆိုရင်တော့ လင်းယိဟာ ကျွင်းချန် စစ်အခြေစိုက်စခန်း ရဲ့ နံပါတ်တစ် မှောင်ခိုစျေးကွက် ကုန်သည် ဖြစ်နေပြီ... သူဟာ တခြား အခြေစိုက်စခန်းတွေက ချမ်းသာ ကြွယ်ဝပြီး သြဇာအာဏာရှိတဲ့ လူတွေနဲ့တောင် အဆက်အသွယ် ရှိလိမ့်မယ်လို့ ကျွန်မ ထင်တယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှီရွှမ်းက လျှာသပ်လိုက်ပြီး မှတ်ချက်ပေးလိုက်၏။
"လူကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတာ တကယ်ပဲနော်..."
သူတို့ စကားပြောနေစဉ်မှာပင် ဝူလျန်သည် သုံးထပ်ဗီလာ တစ်လုံး၏ ရှေ့၌ ကားကို ရပ်လိုက်လေသည်။ သူတို့ ကားပေါ်မှ ဆင်းလာပြီးနောက် သူက ပြောလိုက်လေသည်။
"မစ္စယောင်... ဒီဗီလာကို တပ်ကြပ်ရွှီက မစ္စအတွက် ပြင်ဆင်ပေးထားတာပါ..."
ယောင်ရန်သည် ဇိမ်ခံဗီလာကို ကြည့်လိုက်ရာ ၎င်းမှာ မကြာသေးမီက တည်ဆောက်ထားခြင်း မဟုတ် ဘဲ ကမ္ဘာမပျက်ခင်ခေတ်က ကျန်ရှိနေသည့် အဆောက်အအုံဖြစ်ကြောင်း သိလိုက်ရ၏။
သူမက ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်မ တကယ် သဘောကျပါတယ်... ဦးလေးရွှီကို ကျွန်မကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ ဦး..."
ဝူလျန်က တဟားဟား ရယ်မောလိုက်ပြီး လမ်းတစ်ဖက်တစ်ချက်ရှိ ဗီလာကို ညွှန်ပြလိုက်၏။
"တပ်ကြပ်ရွှီနဲ့ သူ့မိသားစုက ဟိုမှာ နေတာပါ... နောက်မှ ဦးလေးကို ကိုယ်တိုင်ပဲ သွားပြီး ကျေးဇူးတင် လိုက်ပါတော့..."
ယောင်ရန်သည် ဝူလျန် ညွှန်ပြရာသို့ လှည့်ကြည့်လိုက်ရာ သူမအား ပေးထားသော ဗီလာထက် ပိုမို ကြီးကျယ်ခမ်းနားသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်ခုံးများကို အသာအယာ ပင့်လိုက်မိပြီး ပြောလိုက်လေသည်။
"ဦးလေးရွှီက တကယ့်ကို ဂရုတစိုက် ရှိတာပဲ..."
သူမအား ဗီလာသို့ ပို့ဆောင်ပြီးနောက် ဝူလျန်က ၊
"မစ္စယောင်... ကျွန်တော့်မှာ လုပ်စရာ တာဝန်အချို့ ကျန်သေးလို့ပါ... ဒီမှာပဲ အနားယူလိုက်ကြပါဦး... တစ်ခုခု လိုအပ်ရင်တော့ ပထမတပ်မတော် စစ်တန်းလျား မှာ ကျွန်တော့်ကို လာရှာလို့ ရပါတယ်..."
ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် တပ်ကြပ်ဝူ..."
ဝူလျန်က ပြုံးပြလိုက်ပြီး ထပ်လောင်းပြောဆိုလိုက်၏။
"တပ်ကြပ်လုံ၊ အစ်ကိုရွှမ်း... ကျွန်တော် နောက်မှ လာတွေ့ပါ့မယ်..."
ဝူလျန် ထွက်သွားပြီးနောက် လုံယုသည် ဗီလာကို ကြည့်ကာ ပြောလိုက်လေသည်။
"တပ်ကြပ်ရွှီက ဒီလို စီစဉ်ပေးထားတယ်ဆိုရင် သူ မင်းဆီက တစ်ခုခု လိုချင်နေပုံပဲ..."
ယောင်ရန်က တဟားဟား ရယ်မောလိုက်ပြီး၊
"ဟားဟား…ဦးလေးရွှီ ဘာလိုချင်လဲဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့... အခုတော့ အထဲဝင်ပြီး သန့်ရှင်းရေး အရင်လုပ်ကြရအောင်... တစ်ကိုယ်လုံးမှာ ဖုန်တွေနဲ့ဆိုတော့ နေလို့ တကယ် မကောင်းဘူး ..."
ထိုသို့ပြောရင်းဗီလာအတွင်းသို့ လျှောက်လှမ်းသွားခဲ့လေတော့သည်။
ဗီလာတံခါးဝတွင် ရပ်နေသော ရှီရွှမ်းသည် လမ်းတစ်ဖက်ရှိ ဗီလာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"တပ်ကြပ်... တစ်ယောက်ယောက်က ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်..."
လုံယု၏ မျက်နှာအမူအရာမှာ တည်ကြည်သွားခဲ့ပြီး လမ်းတစ်ဖက်ရှိ ဗီလာ၏ ဒုတိယထပ် ပြတင်း ပေါက်များကို စိုက်ကြည့်လိုက်လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။
"သူတို့ကိုသာ စောင့်ကြည့်ခိုင်းထားလိုက်ပါ... တကယ်လို့ သူတို့ တစ်ခုခု လုပ်ဖို့ ကြိုးစားလာရင်တော့ ငါတို့က အတိုးနဲ့ ပြန်ဆပ်ပေးရမှာပေါ့ကွာ..."
ထိုစကားကို ပြောပြီးနောက် လုံယုနှင့် ရှီရွှမ်းတို့သည် ဗီလာအတွင်းသို့ ဝင်သွားခဲ့ကြလေသည်။
ထိုအတောအတွင်း လမ်းတစ်ဖက်ရှိ ဗီလာ၏ ဒုတိယထပ်တွင် ရွှီရူဟန်သည် ကြမ်းပြင်မှ မျက်နှာကြက် အထိ အမြင့်ရှိသော မှန်ပြတင်းပေါက်များအနားတွင် ရပ်နေပြီး ယောင်ရန်တို့ အဖွဲ့ ဝင်ရောက်သွားသော ဗီလာကို စိုက်ကြည့်နေခဲ့လေသည်။
သူငယ်ချင်းဖြစ်သူ စိတ်မကြည်မလင် ဖြစ်နေသည်ကို သတိပြုမိသွားသဖြင့် မူရှီးချန်သည် သူ၏ လက်ပ် တော့ပ်မှ ခေါင်းမော့ကြည့်လိုက်လေသည်။ သူသည် စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကပ်လာကာ မေး လိုက်လေသည်။
"မင်း ဘာကို စိုက်ကြည့်နေတာလဲ..."
ရွှီရူဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ငါ သိတဲ့လူတစ်ယောက် လမ်းတစ်ဖက်က ဗီလာကို အခုပဲ ပြောင်းလာလို့ပါ..."
မူရှီးချန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်ဝင်စားသွားခဲ့လေ၏။ သူသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း မေးလိုက်လေသည်။
"မင်းက တစ်စုံတစ်ယောက်ကို ဂရုစိုက်ဖို့ဆိုတာ ရှားပါတယ်... အဲဒါ အမျိုးသမီး တစ်ယောက်လား..."
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရွှီရူဟန်က "အင်း..." ဟုသာ ပြန်ဖြေလိုက်၏။
မူရှီးချန်က မျက်ခုံးပင့်လိုက်ပြီး သူ၏ အေးစက်သော မျက်ဝန်းများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင် များ ဖြတ်ပြေးသွားခဲ့လေသည်။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်ပြန်လေသည်။
"ဒါဆို ဘာလို့ သွားပြီး နှုတ်မဆက်တာလဲ..."
ရွှီရူဟန်က မျက်မှောင်ကြုတ်ကာ ခေါင်းခါပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
"မသွားပါဘူး..."
"ဘာလို့လဲ..." မူရှီးချန်က စူးစမ်းလိုစိတ်ဖြင့် ထပ်မံ၍ မေးလိုက်ပြန်သည်။
ရွှီရူဟန်က သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်။
"မင်းရဲ့ အလုပ်တွေ ပြီးပြီလား..."
ရွှီရူဟန်သည် ထိုအမျိုးသမီး အကြောင်းကို မပြောလိုတော့ကြောင်း မူရှီးချန် သိလိုက်သဖြင့် ထို အကြောင်းကို ဆက်မပြောတော့ဘဲ သူ၏ လက်ပ်တော့ပ်ဆီသို့ ပြန်သွားခဲ့လေသည်။
သို့သော်လည်း သူ အလုပ်လုပ်နေစဉ်မှာပင် ဗီလာကိုသာ အာရုံစိုက်နေသော ရွှီရူဟန်ကို ရံဖန်ရံခါ လှမ်း ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးတောနေမိတော့သည်။
*စိတ်ဝင်စားဖို့ ကောင်းတာပဲ... သူ ဘယ်သူလဲဆိုတာကို ငါ သိအောင် လုပ်ရမယ်...*
မူရှီးချန်နှင့် ရွှီရူဟန်တို့၏ အတွေးများကို မသိရှာသော ယောင်ရန်နှင့် အခြားသူများသည် သူတို့၏ အိပ်ခန်းများကို အသီးသီး ရွေးချယ်ပြီးစီးသွားခဲ့ကြလေသည်။
မီးဖိုချောင်ရှိ ရေဘုံဘိုင်မှ ရေထွက်နေသည်ကို သတိပြုမိလိုက်သဖြင့် ယောင်ရန်က ပြောလိုက်လေ သည်။
"ကျွန်မ ခေါင်မိုးပေါ်က ရေတိုင်ကီကို သွားဖြည့်လိုက်ဦးမယ်... ရှင်တို့နှစ်ယောက် အရင် ရေချိုးလိုက်ကြ နော်..."
လုံယုနှင့် ရှီရွှမ်းတို့က ခေါင်းငြိမ့်ပြကြပြီး သူတို့၏ အခန်းများသို့ အသီးသီး သွားခဲ့ကြလေတော့သည်။ ယောင်ရန်သည် ခေါင်မိုးပေါ်သို့ တက်လိုက်ရာ ရေလီတာ သုံးထောင်ခန့် ဆံ့သော ရေတိုင်ကီ တစ်လုံးကို တွေ့လိုက်ရလေသည်။ သူမသည် လှေကားပေါ်သို့ တက်လိုက်ပြီး အဖုံးကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရေအနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရလေ၏။
ခဏမျှ တည်းခိုရမည်ဖြစ်ကြောင်း တွေးတောကာ ရေတိုင်ကီအတွင်း ကျန်ရှိနေသော နောက်ကျိနေ သည့် ရေများကို ဖောက်ထုတ်လိုက်ပြီး သေချာစွာ သန့်ရှင်းရေး လုပ်လိုက်လေသည်။ ထို့နောက် သူမ၏ ရေစွမ်းအင်ကို အသုံးပြု၍ ရေဖြည့်တင်းခြင်းကို စတင်လိုက်လေတော့သည်။
မိနစ်သုံးဆယ်ခန့် ကြာသောအခါ ရေတိုင်ကီမှာ ပြည့်သွားခဲ့လေပြီ။ ယောင်ရန်သည် ရေကန်ကရေ အစက်အနည်းငယ် ထည့်သွင်းလိုက်ပြီးမှ အဖုံးကို ပြန်ပိတ်လိုက်၏။ သူမ ပြန်ဆင်းလာသည့်အခါ လုံယုနှင့် ရှီရွှမ်းတို့မှာ ရေချိုးပြီးစီးနေကြပြီ ဖြစ်သည်။
သူမကို မြင်လိုက်ရသည့်အခါ လုံယုက ပြောလိုက်လေသည်။
"ရန်ရန်... မင်းအတွက် ရေနွေး ပြင်ပေးထားတယ်... အခု သွားပြီး ရေချိုးလိုက်တော့နော်..."
ယောင်ရန်က ပြုံးလျက် ပြန်ဖြေကာ သူမ၏ အခန်းသို့ ဦးတည်သွားခဲ့လေသည်။
"ကျေးဇူးပဲ အာယု..."
ယောင်ရန် ရေချိုးပြီး အဝတ်အစား လဲလှယ်ပြီးနောက်တွင်မူ ၊
"အာယု၊ ရှီရွှမ်း... အတူတူ ထမင်းစားကြရအောင်..." ဟု ခေါ်လိုက်လေသည်။
ထို့နောက် သူမသည် ထမင်းစားခန်းသို့ သွားကာ သူမ၏ နေရာလွတ် အတွင်းမှ အစားအစာများကို ထုတ်ယူလိုက်လေ၏။
ရှီရွှမ်းသည် ထမင်းစားပွဲပေါ်ရှိ ပူပူနွေးနွေး အစားအစာများကို မြင်လိုက်ရသည့်အခါ ပြုံးလိုက်ပြီး၊
"နေရာလွတ် စွမ်းအား ရှိတာ တကယ်ကို ကောင်းတာပဲ... ကျွန်တော့်ရဲ့ စွမ်းအားက ပစ္စည်းတွေ သိုလှောင်လို့ မရတာ တကယ် နှမြောဖို့ ကောင်းတယ်..."
ထမင်းစားပွဲတွင် ထိုင်နေကြစဉ် ယောင်ရန်က မေးလိုက်လေ၏။
"ရှင့်ရဲ့ လေ့ကျင့်မှုတွေ ဘယ်လိုရှိလဲ... နေရာလွတ် စွမ်းအားကို တခြား ဘယ်လို နည်းလမ်းတွေနဲ့ အသုံးပြုလို့ ရသေးလဲဆိုတာ တွေ့ပြီလား..."
ရှီရွှမ်းက ပြောင်းဖူးဆန်ပြုတ်ကို ပန်းကန်ထဲသို့ ထည့်ရင်းပြန်ဖြေလိုက်လေသည်။
"မတွေ့သေးဘူး... ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော်တော့ တစ်နေရာကနေ တစ်နေရာကို ပို့ဆောင် နိုင်နေပြီ.. အကွာအဝေးကတော့ မီတာနှစ်ဆယ်လောက်ပဲ ရှိသေးတယ်... ဒါပေမဲ့ ပိတ်ထားတဲ့ နေရာ တွေကို ခိုးဝင်ဖို့အတွက်တော့ ဒါက အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပဲလို့ ကျွန်တော် ထင်တယ်..."
လုံယုနှင့် ယောင်ရန်တို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။
နေရာလွတ် စွမ်းအားရှင်များသည် ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်နိုင်ကြောင်း သူတို့ သိထားကြသော်လည်း မိမိကိုယ်ကိုယ် ပို့ဆောင်နိုင်သည်ဟု ကြားဖူးခြင်းမှာ ဤသည်မှာ ပထမဆုံး အကြိမ် ဖြစ်ပေသည်။ အကယ်၍ သူသာ သေချာ ဂရုမစိုက်ပါက မိမိကိုယ်ကိုယ် တစ်နေရာမှ တစ်နေရာ သို့ ပို့ဆောင်စဉ်မှာပင် ဒဏ်ရာရရှိသွားနိုင်ပေသည်။