အခန်း ၂၈၀
Vol. 20 Ch. 280
အပိုင်း(၂၈၀) ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ခြင်း၊ တင်းမာမှုများ မြင့်တက်လာခြင်း
လောကတွင် အရှက်ရဆုံးကိစ္စမှာ ပြောင်မြောက်သော အကြံဉာဏ်တစ်ခုကိုတွေးမိပြီး လက်တွေ့ အကောင်အထည် ဖော်လိုက်သောအခါတွင် ဆပ်ကပ်ပွဲတစ်ခုထဲမှ ဟူလာကွင်းကို လျှောက်ဖြတ်နေသော အဝတ်မပါသည့် မျောက်တစ်ကောင်သာသာ ဖြစ်နေကြောင်းကို သဘောပေါက်လိုက်ရသောအချိန်ပင်။
"နောက်တာပါ။ အတည်မယူပါနဲ့။"
ကျိဝူရွှမ်က နှုတ်ခမ်း အနည်းငယ် တွန့်ကွေးသွားပြီး ခြောက်ကပ်ကပ်ရယ်ကာ လက်ဝှေ့ယမ်းလိုက်သည်။
လူတိုင်းကို အရှေ့မှကွယ်ကားပေးသော မုန့်ချင်ကျိုးသည် ထိုမြင်ကွင်းကို စိတ်ကူးယဉ်ကာ တိတ်ဆိတ်စွာ နားထောင်ရင်း မရယ်ဘဲမနေနိုင်ခဲ့ပေ။
ကျိဝူရွှမ်က အကဲဖြတ်မှားသွားခြင်း မဟုတ်ပေ။ အချိန်-နေရာလွတ် ဓားသူတော်စင်ကို တိုင်းပြည်ရေး တရားမျှတမှုစိတ်ဓာတ် ပြင်းထန်ပြီး မတရားမှုများကို ဆန့်ကျင်ပြောဆိုရဲသော သူရဲကောင်းဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဟု သူ ထင်ထားခဲ့ခြင်းပင်။
တောရိုင်းမြေတွင် ကြုံတွေ့ခဲ့ရသောနှစ်ကြိမ်က တစ်ကြိမ်မှာ အဝေးက စစ်တုရင်ကစားခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်က တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ အပေါ်ယံကြည့်လျှင် အချိန်-နေရာလွတ် ဓားသူတော်စင်က အောင်ပွဲခံပြီး ပြန်လာလျှင်ပင် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်သည့်အတွက် သူ့ကို ကိုယ်ကျိုးစွန့်ပြီး သူရဲကောင်းဆန်သော စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြီးပြည့်စုံစေသည်။
ထို့အပြင်…
သူက မဟာကျင်းကို ထောက်ခံပြီး ကောင်းကင်ပြည်နယ်၏ ရန်သူဖြစ်လာရန် ကံကြမ္မာ ပါလာသူပင်။
မင်းက မိသားစုကြီး(၅)ခုရဲ့ ပါရမီရှင်တွေကို သတ်တာက ငါနဲ့ဘာဆိုင်လို့လဲ။
ဒီလူက ငါ့ကိုရှာဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေတာလား။ ရူးချင်စရာပဲ။
ချဲ့ကားလွန်းတယ်...
မိနစ်အနည်းငယ်ကြာပြီးနောက်၊ အခြေအနေက တည်ငြိမ်သွားလေသည်။
ချင်လွမ်ထျန်း၏ နက်ရှိုင်းသောနေရာမှ ပုံရိပ်အချို့ ထွက်ပေါ်လာသည်။ ထိုအုပ်စုတွင် လူ(၃)ဦး ပါဝင်သည်။ ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ဗလာဖြစ်နေသော လီရွှမ်ကျင်း၊ လူငယ်တစ်ဦး၏ တက်ကြွမှုများ ထွက်ပေါ်နေသော ချူရှီရန်နှင့် သံတူကိုထမ်းထားသော ဖရိုဖရဲအသွင်အပြင် ရှိသည့် အမျိုးသား တစ်ဦးတို့ ဖြစ်သည်။
"မိသားစု(၅)ခုလုံး ရောက်လာကြပြီဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်လို့ရပါပြီ။"
လီရွှမ်ကျင်း၏ အမူအရာမှာ မပြောင်းလဲဘဲ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း တစ်ခုမှ မပေါ်လွင်ပေ။ သို့သော် သူသည် ကျိဝူရွှမ်ကို ကြည့်လိုက်သောအခါ မျက်လုံးများတွင် အလင်းရောင်တစ်ခု လက်သွားပြီး ကွဲပြားသော စိတ်ခံစားမှုတစ်ခု ချက်ချင်း ပျောက်ကွယ်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"သူရဲဘောကြောင်တဲ့ အဘိုးကြီး။" ကျိဝူရွှမ်က သွေးမအေးသေးသော မြေကြီးပေါ်ရှိ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီ နှုတ်ခမ်းများပေါ် အပြုံးတစ်ခုပေါ်လာကာ အထင်သေးမှုကို မဖုံးကွယ်ထားပေ။
ရုတ်တရက်။
သံတူကိုထမ်းထားသော ဖရိုဖရဲ အမျိုးသားက သူ၏ ငိုက်ကျနေသောခေါင်းကို မော့လိုက်ကာ သူ၏ အေးစက်သော မျက်လုံးများကို နဖူးပေါ်ရှိ ရှုပ်ပွနေသောဆံပင်များကြားတွင် ဖုံးကွယ်ထားပြီး ရှေ့မှလူကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့လူတွေကို သတ်တဲ့အတွက် တစ်နေ့ မင်း ပေးဆပ်ရမယ်။"
စကားပြောနေရင်း ထိုဖရိုဖရဲအမျိုးသားသည် လီရွှမ်ကျင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာလည်း တူညီစွာ အေးစက်ပြီး အလျှော့မပေးသော အသွင်ရှိလေသည်။
စုချင်ချိုးသည် ကောင်းကင်ထောက်တိုင် ဘိုးဘေးများ၏ အမူအရာ အပြောင်းအလဲများ အပါအဝင် ဤအသေးစိတ် အချက်အလက်များကို မုန့်ချင်ကျိုးထံသို့ စိတ်ချင်းဆက်သွယ်၍ တိတ်တဆိတ် ပေးပို့နေပြီး သူ အကဲဖြတ်မှားခြင်းမရှိစေရန် သေချာစွာစောင့်ကြည့်ကာ အမှန်အတိုင်း ပြောပြနေလေသည်။
"စိတ်ဝင်စားစရာပဲ။"
"လီမိသားစုရဲ့ သြဇာလွှမ်းမိုးမှုက နက်ရှိုင်းတာပဲ။"
မုန့်ချင်ကျိုးက မေးစေ့ကိုပွတ်သပ်ကာ စဉ်းစားနေပြီး သူ၏ကြွက်သားမှတ်ဉာဏ်ကြောင့် ခေါင်းကို အလိုအလျောက်လှည့်ကာ ဗလာကျင်းနေသော မျက်လုံးများဖြင့် လီမိသားစုရွာဘက်သို့ လှမ်းကြည့်လိုက်မိသည်။
လီကျိရှန်းလို့ခေါ်တဲ့ ကလေးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ငါ မှတ်မိနေတုန်းပဲ။
ကွင်းပြင်ထဲတွင်။
ကျိဝူရွှမ်က ပြုံးလျက် မေးလိုက်သည်။
"လီယဲ့... မိသားစု(၅)ခုကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် မင်းကိုယ်မင်း ကိုယ်စားပြုပြီး အဲဒီနောက်မှာ သူသေကိုယ်သေ တိုက်ခိုက်မယ်လို့ ဆိုလိုတာလား။"
ဖရိုဖရဲအမျိုးသားမှာ အခြားသူမဟုတ်၊ လီမိသားစု၏ ဒုတိယဘိုးဘေး လီယဲ့ပင်။
"မှန်းကြည့်လေ။" ထိုဖရိုဖရဲအမျိုးသား၏အသံမှာ အက်ရှနေပြီး သူ၏နှုတ်ခမ်းထောင့်များမှာ နားရွက်များဆီသို့ ကွဲအက်သွားမတတ် ထူးဆန်းသော အကွေးတစ်ခု ဖြစ်ပေါ်သွားကာ ဝါကြန့်နေသော သွားနှစ်တန်းကို ပေါ်လွင်စေသည်။
"အဟက်"
ကျိဝူရွှမ်က လျစ်လျူရှုကာ ပြုံးလိုက်ပြီး အာရုံနောက်ခံရန် ပျင်းရိနေလေသည်။
ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ အများအပြား ယွမ်ယန်နယ်ပယ် အတွင်းသို့ ဝင်ရောက်၍ သွားသည်နှင့်အမျှ လီမိသားစု၏အဆင့်မြင့်အရာရှိများကလည်း နောက်မှ အနီးကပ် လိုက်ဝင်သွားကြသည်။
၎င်းတို့ထဲတွင် လီတိုင်ယွမ် ပါဝင်ပြီး မုန့်ချင်ကျိုးနှင့် စုချင်ချိုးတို့ကလည်း သူ၏နောက်လိုက်များအဖြစ် ဟန်ဆောင်ကာ နောက်မှလိုက်ပါသွားကြသည်။
လမ်းတွင်။
လီတိုင်ယွမ်က ကျိဝူရွှမ်၏ ထွက်ခွာသွားသောပုံရိပ်ကို ငေးကြည့်ရင်း အတွေးနက်နေပြီး သူ ယွမ်ယန်နယ်ပယ်ထဲသို့ အရင်ဝင်သွားသည်ကို စောင့်ကြည့်ကာ နောက်လှည့်၍ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်။ မျိုးနွယ်စု(၅)ခုရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အရမ်းကို အရေးကြီးတယ်။ တကယ်လို့ ရှင် အဲဒါကို ဖျက်ဆီးရဲရင် ကျွန်မ ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ နှစ်ဦးနှစ်ဖက် ပျက်စီးရမယ်ဆိုရင်တောင် ရှင် လွတ်မြောက်မှာ မဟုတ်ဘူး။"
ကျိဝူရွှမ်၏ အလှတရားနှင့် အခြားမိသားစု(၄)ခုကို ခြိမ်းခြောက်နိုင်စွမ်းကို မျက်မြင်တွေ့ရှိပြီးကတည်းက လီတိုင်ယွမ်၏ စိတ်သည် ကျိဝူရွှမ်ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်သွားခဲ့သည်။
အကြောင်းရင်းနှင့် အကျိုးဆက်များကို ပြန်အမှတ်ရကာ အရာအားလုံးကို ထည့်သွင်းစဉ်းစားကြည့်ရာ ကျိဝူရွှမ်က လူသားဧကရာဇ်၏ ရွေးချယ်ခံရသူဖြစ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထား အများအပြား ရှိနေသည်။ ဥပမာ သူ မှတ်ဉာဏ် မပျောက်ဆုံးခင် ချန်ရစ်ခဲ့သော စာလိပ်၊ ကောင်းကင်ပြည်နယ်၏ အငြင်းပွားဖွယ်မရှိသော အရှင်သခင်အဖြစ် သူ၏ အဆင့်အတန်း၊ သူ၏ခွန်အား၊ သူ၏အရည်အချင်း စသည်တို့ ဖြစ်သည်။
ယွမ်ကရော ဘယ်မှာလဲ။
သူ့မှာ ဘာရှိလို့လဲ။
ရှင်းပြလို့မရတဲ့ တစ်ခုတည်းသောအရာက အဲဒီနတ်ဘုရားမီးပွားပဲ။
အဲဒီလိုမှမဟုတ်ရင် ဘယ်သူက ကျိဝူရွှမ်နဲ့ ယှဉ်နိုင်မှာလဲ။
ထို့ကြောင့် လီတိုင်ယွမ်သည် မျိုးနွယ်စု(၅)ခု၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးစေရန် တွန်းအားပေးပြီး ကောင်းကင်ပြည်နယ် ပေါင်းစည်းရေးတွင် ကျိဝူရွှမ်ကိုကူညီရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
"ရှင်က ဒီလိုစကားမျိုးပြောတာ တော်တော်လေး ကရုဏာကင်းမဲ့လွန်းတယ်။ သခင်လေးက ရှင့်ကို ထောက်ခံဖို့ အများကြီးကြိုးစားခဲ့ပြီးတော့ မိသားစုထဲက သစ္စာမရှိတဲ့ အဖွဲ့ဝင်တွေကို နှိမ်နင်းဖို့အတွက် ရှင့်ကို ကူညီပေးခဲ့တာလေ။ ကျေးဇူးတင်စိတ် နည်းနည်းလေးတောင် မရှိဘူးလား။" စုချင်ချိုးက ပြန်ချေပလိုက်သည်။
လီတိုင်ယွမ်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။
"နင်ပြောတာ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။"
စုချင်ချိုး မျက်တောင်ခတ်လိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားလေသည်။
ဟုတ်တာပဲ။ ဧကရာဇ်က လီတိုင်ယွမ်ကို အမြဲတမ်း ထိခိုက်နစ်နာအောင် လုပ်နေခဲ့ပြီးတော့ သူ့ကို အရာအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာပဲ။
လီတိုင်ယွမ်က ဧကရာဇ်အပေါ် ဓားမထုတ်ဘဲ ထိန်းထားနိုင်ခြင်းက အံ့မခန်းသည်းခံနိုင်စွမ်းကို ပြသနေပြီး အရှက်ကွဲမှုနှင့် အခက်အခဲများကို သည်းခံနေသည်ဟုပင် ပြော၍ရပေသည်။
"သခင်လေး... သခင်လေးပဲ လုပ်လိုက်ပါ။ ကျွန်မ သူနဲ့ မငြင်းနိုင်တော့ဘူး။" စုချင်ချိုး၏ လှပသော မျက်နှာလေး ညှိုးကျသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
"ရှင်းပြနေစရာ မလိုပါဘူး။ တရားမျှတမှုက လူတွေရဲ့ နှလုံးသားထဲမှာ ရှိပါတယ်။"
မုန့်ချင်ကျိုးက ခေါင်းကို ၄၅ဒီဂရီ နောက်သို့စောင်းလိုက်ပြီး ကောင်းကင်ကိုကြည့်ကာ သူ၏ နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံနှင့်အတူ ဗလာကျင်းနေပြီး အသက်ကင်းမဲ့နေသော မျက်လုံးများက ဘဝ၏အတက်အကျများကို ခံစားရစေကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "လောကကြီးက ငါ့ကို နားမလည်နိုင်ပေမယ့်၊ အချိန်က ငါမှန်တယ် ဆိုတာကို သက်သေပြလိမ့်မယ်။"
"သခင်မလေးတိုင်ယွမ်... စိတ်မပူပါနဲ့။ ငါက မင်းရဲ့ရန်သူ မဟုတ်ပါဘူး။"
ဟုတ်တယ်။ လီတိုင်ယွမ်က ငါ့ရဲ့ရန်သူ မဟုတ်ဘူး။ ငါ့ရဲ့ ရန်သူက မင်းရဲ့ခန္ဓာကိုယ်ထဲက ဝိညာဉ်၊ ကောင်းကင်ကြည့်ဆောင်က နန်းဆောင်သခင်ပဲ။ ငါ မုန့်က ဘယ်တော့မှ မလိမ်ဘူး။
"ရှင် ပြဿနာမရှာဖို့ပဲ ကျွန်မ ဆုတောင်းပါ့မယ်။" လီတိုင်ယွမ်က အလွန်ကူကယ်ရာမဲ့စွာ ခံစားရင်း ရေရွတ်လိုက်သည်။
သူ၏ဘိုးဘေးသည် ကောင်းကင်ကြည့်ဆောင်အတွက် သူလျှိုတစ်ယောက် ဖြစ်သည်သာ မဟုတ်ပါက သူ ဤမျှလောက် ဒုက္ခခံရမည် မဟုတ်ပေ။ သူ နားမလည်နိုင်သောအရာမှာ ဘိုးလေးသည် သရုပ်မှန်ကို လုံးဝ မဖော်ပြဘဲ ကောင်းကင်ပြည်နယ်တွင် နှစ်(၁၀၀၀)ကျော် ပုန်းအောင်းနေခဲ့သည်ကို ယွမ်က တစ်ချက်ကြည့်ရုံဖြင့် သူ၏ရုပ်ဖျက်ထားမှုကို မည်သို့ ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်း ဆိုတာပင်။
...
...
ယွမ်ယန်နယ်ပယ်။
စကြဝဠာကြီးတစ်ခုလုံးကို လွှမ်းခြုံထားပြီး စကြဝဠာတစ်ခုလုံးနီးပါးကို နေရာယူထားသော ဧရာမ ထိုင်ခုံကြီး(၅)ခုသည် ကြယ်တာရာစကြဝဠာကြီးထဲတွင် မတ်မတ်ရပ်နေကာ ကျယ်ပြောပြီးအဆုံးမရှိ ဖြစ်နေ၏။
ယခုအခါ။
ထိုင်ခုံ(၅)ခု တစ်ခုစီတိုင်းတွင် ပုံရိပ်ယောင်တစ်ခုစီ ထိုင်နေကြပြီး အားလုံးမှာ ကြီးမားသော သဘာဝလွန် စွမ်းအားများ၏ သရုပ်ဖော်မှုများ ဖြစ်ကြသည်။
အလယ်တွင် ကျိဝူရွှမ်၊ သူ၏ဘယ်ဘက်တွင် လီရွှမ်ကျင်း၊ ညာဘက်တွင် ချူရှီရန်တို့ ရှိနေပြီး၊ အနောက်ဆုံးတွင် လင်းမိသားစု၏ ခေါင်းဆောင်နှင့် လုံမိသားစု၏မိခင်ကြီးတို့ ရှိနေကြသည်။
မိသားစု(၅)ခု စုရုံးနေကြခြင်းမှာ နှစ်တစ်ထောင်အတွင်း တွေ့မြင်ရခဲသော မြင်ကွင်းတစ်ခုပင်။
လီရွှမ်ကျင်းက ကျိဝူရွှမ်ကို ကြည့်လိုက်ရာ မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ကြည့်နေပြီး ယွမ်ယန်နယ်ပယ် အတွင်းသို့ ဝင်ရောက်လာသော လူငယ်မျိုးဆက် ကျင့်ကြံသူများကို တစ်ခါတစ်ရံ တိတ်ဆိတ်စွာ စောင့်ကြည့်ကာ သူ၏မျက်လုံးများတွင် စူးစမ်းလိုသော အရိပ်အယောင်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။
"အဟမ်း။"
"ငါ့ကိုပြောပါဦး၊ ကျိမိသားစုက ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင်နေရာကို သိမ်းပိုက်ချင်နေတယ်။ ဒါပေမဲ့ သွေးထွက်သံယိုမဖြစ်စေဘဲ ကောင်းကင်ပြည်နယ်ရဲ့ စစ်အင်အားကို တတ်နိုင်သမျှ ထိန်းထားချင်တယ်။ အဲဒါက အနာဂတ်မှာ တောရိုင်းမြေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့အတွက် စီစဉ်ဖို့ပဲ။ အနာဂတ် အကျိုးအမြတ်တွေက ကြီးမားတယ်ဆိုတာ ထင်ရှားတယ်။ ဒါဆိုရင် မိသားစု(၄)ခုကို လိုလိုလားလား အညံ့ခံလာအောင်လုပ်ဖို့အတွက် ကျိမိသားစုက ဘယ်လိုအခြေအနေတွေပေးဖို့ ပြင်ဆင်ထားလဲ။"
ထိုစကားကို ကြားသောအခါ...
ကျိဝူရွှမ်က အံ့သြဟန်ဆောင်ကာ ပြောလိုက်သည်။
"ဘယ်လို အခြေအနေတွေလဲ။"
"တောင်းပန်ပါတယ်။ အဲဒါကို ငါ တကယ် မစဉ်းစားမိဘူး။ မင်းတို့လေးယောက် ဆွေးနွေးပြီးတော့ မင်းတို့ရဲ့တန်ဖိုးတွေကို သတ်မှတ်လိုက်ပါလား။ အဲဒီတော့မှ ငါ ဆုံးဖြတ်မယ်လေ။”
…