အခန်း ၂၈၂
Vol. 20 Ch. 282
အပိုင်း(၂၈၂) စိတ်ပိုင်းဆိုင်ရာပြိုလဲခြင်း၊ သရုပ်မှန်ဖော်ထုတ်ခံရခြင်း
"ဟေ့... မင်း ဘာဖြစ်နေတာလဲ လူငယ်လေး။"
"မင်းပဲ ငါ့ကို စကားပြောခိုင်းပြီးတော့ အခု ငါ့ကို ပါးစပ်ပိတ်ထားလို့ ပြောပြန်တယ်။ မင်းမှာ စိတ်ဝေဒနာ ရှိနေတာများလား။"
မုန့်ချင်ကျိုးက နဖူးကိုအုပ်ကာ အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ဒီခေတ်ကြီးမှာ အမှန်တရားကိုပြောရင် အပြစ်တင်ခံရတာပဲ။ ကောင်းပြီလေ... ကောင်းပါပြီ။"
"ဒါဆို ဘာမှ ဆက်မပြောတော့ဘူး။ ကျေးဇူးပြုပြီး ဆက်ပြောကြပါ။"
မိသားစု(၄)ခုမှ အဖွဲ့ဝင်များအားလုံးက အနက်ရောင်ဝတ်လူငယ်ကို လေးစားမှု၊ အံ့သြမှုနှင့် သဘောတူညီမှုများဖြင့် စိုက်ကြည့်နေကြသည်။
သူတို့ထဲမှ အများစုက မိသားစု၏ ထူးချွန်သောလူငယ်မျိုးဆက်များ ဖြစ်ကြပြီး၊ ထူးခြားသော ပါရမီများ ရှိသော်လည်း သူတို့၏ စိတ်နေသဘောထားများမှာ ပြေပြစ်အောင် မသွန်သင်ရသေးပေ။ သူတို့သည် ခွန်အား၊ တက်ကြွမှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။
သူတို့၏ ယခင်ရွယ်တူများ၊ တစ်ချိန်က တူညီသော စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ဘက်များက ယခုအခါ သူတို့ထက် အများကြီး ရှေ့ရောက်နေပြီး နှင်းလုံးလေး တစ်လုံးလို တဖြည်းဖြည်း ကြီးမားလာကာ မိသားစု(၄)ခုကိုသိမ်းပိုက်ပြီး ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းတော့မည့် အခြေအနေကို ရင်ဆိုင်ရသောအခါ သူတို့က ၎င်းကို မည်သို့ လက်ခံနိုင်မည်နည်း။
ထို့အပြင်...
ကျိဝူရွှမ်၏ အခြေအနေများမှာ အမှန်တကယ်ပင် ပြင်းထန်ပြီး နောက်ဆုံးတွင် သူတို့၏ ဘိုးဘေးများက တွန့်ဆုတ်ကာ အလျှော့ပေးသွားမည်ကို သူတို့ အမှန်တကယ်ကို ကြောက်ရွံ့နေကြသည်။
မုန့်ချင်ကျိုး၏ စကားများသည်လည်း အလွန်နက်ရှိုင်းပြီး ပြဿနာ၏အဓိကအချက်ကို တူးဖော်ကာ ရက်စက်သော နည်းလမ်းဖြင့် လူတိုင်းရှေ့တွင် တင်ပြခဲ့သည်။ သူ၏စကားပြောစွမ်းရည်နှင့် သတ္တိမှာ ထိပ်တန်းအဆင့်ပင်။
၎င်းသည် မျိုးနွယ်စု(၄)ခုမှ လူငယ်မျိုးဆက်အားလုံး၏ လေးစားမှုကို အလိုလို ရရှိစေခဲ့သည်။
မျက်လုံးထောင့်တွင် မှဲ့လေးတစ်ခုရှိသော လုံ မိသားစုမှ အမြွှာညီအစ်မနှစ်ဦးအနက် တစ်ဦးက ချိုသာစွာ ပြုံးပြီးပြောလိုက်သည်။
"အစ်မ... ဒီလူက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ယောက္ခမက အစ်မကို အိမ်ထောင်ပြုဖို့ ပါရမီရှင် လူငယ်လေးတစ်ယောက်ရှာဖို့ အမြဲတမ်း တိုက်တွန်းနေတာ မဟုတ်ဘူးလား။ သူက အံကိုက်ပဲလို့ ထင်တယ်။"
"နင်က ငါ့ကို အိမ်ထောင်ပြုဖို့ ဖိအားပေးနေတာပဲ။ ဒါပေမဲ့ မမေ့နဲ့ဦး။ ငါတို့ရဲ့ နှလုံးသားနဲ့ ဝိညာဉ်က တစ်သားတည်းပဲ။ တကယ်လို့ ငါ အိမ်ထောင်ပြုရင် နင်က ငါ့ရဲ့ လက်ဖွဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ငါနဲ့အတူ လိုက်ခဲ့ရမယ်။ သဘောတူလား။" လုံမြောင်ယင်က ပြောလိုက်သည်။
လုံမြောင်ဟွာက သိပ်မထင်ရှားသော သူ၏ရင်ဘတ်ကို ကော့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အစ်မ သဘောတူရင်၊ ညီမက သေချာပေါက် အစ်မကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုမှာပေါ့။"
"လုပ်မနေပါနဲ့။ နင်က ငါ့ကို နောက်နေတာပဲ။" လုံမြောင်ယင်က သူ့ကို ဂရုစိုက်ရန် ပျင်းရိစွာ တခစ်ခစ် ရယ်မောလိုက်သည်။
သူက ညီမ၏စရိုက်ကို ကောင်းကောင်း သိသည်။ သူက သရော်တတ်သယောင် ထင်ရသော်လည်း တကယ်တမ်းတွင် အထက်တန်းစားမိန်းကလေးတစ်ယောက်ထက် ပို၍ ရှေးရိုးစွဲဆန်ပြီး တာအိုဝါဒကို မြှုပ်နှံထားကာ လောကရှိ အမြင့်ဆုံးစွမ်းအားကို ရှာဖွေနေသူ ဖြစ်သည်။ အိမ်ထောင်ပြုရန် ရည်ရွယ်ချက် လုံးဝမရှိပေ။
သူက ညီမဖြစ်သူကို စနောက်ရန်အတွက်သာ ထိုစကားများကို ပြောခဲ့ခြင်းပင်။
...
ချူမိသားစုမှ သူရဲကောင်း (၃)ဦးသည် အနက်ရောင်ဝတ်လူငယ်ကို စောင့်ကြည့်ပြီး သူတို့အချင်းချင်း တိတ်ဆိတ်စွာ ဆွေးနွေးကြသည်။
"သူက ထူးချွန်တဲ့ လူတစ်ယောက်ပဲ။ ငါ သူ့ကို သိတယ်။ လွန်ခဲ့တဲ့ (၁၀)ရက်က ကြယ်တာရာ ကောင်းကင်ယံတိုက်ပွဲမှာ အဆင့်ပိုမြင့်တဲ့ လီကျောက်ကို အနိုင်ယူခဲ့ပြီးတော့ လီရှစ်ကိုလည်း မရှုံးခဲ့ဘူးလို့ ပြောကြတယ်။"
"ကံဆိုးချင်တော့ သူရဲ့အဆင့်အတန်း နိမ့်ကျလို့ လီတိုင်ယွမ်ရဲ့ နောက်လိုက်အဖြစ် အမှုထမ်းဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီလိုနဲ့ သူ့ရဲ့ ပြိုင်ဖက်ကင်းစိတ်ဓာတ်ကို ဆုံးရှုံးခဲ့ရပြီးတော့ အနာဂတ် မျှော်လင့်ချက်တွေက ကန့်သတ်ခံရဖို့ ကံကြမ္မာပါလာခဲ့တယ်။"
"မိတ်ဆွေဖွဲ့ဖို့ မသင့်တော်ဘူး။"
မိသားစု(၄)ခု၏ လူငယ်မျိုးဆက်များက မုန့်ချင်ကျိုးကို အားလုံး စောင့်ကြည့်နေကြသော်လည်း၊ သူတို့သည် ထူးဆန်းစွာ သဘောတူညီမှုတစ်ခု ရရှိခဲ့ကြသည်။
သူက လေးစားထိုက်သော်လည်း မိတ်ဆွေဖွဲ့ရန် မသင့်တော်ပေ။
သူ၏အဆင့်အတန်း နိမ့်ကျမှုကြောင့် သူတို့က လောကမတူကြပေ။
...
...
"အားလုံးပဲ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့..." ကျိဝူရွှမ်က အခြေအနေကို ကယ်တင်ရန် ကြိုးစားရင်း ခြောက်ကပ်ကပ် ရယ်မောကာ ပြောလိုက်သည်။
သို့သော်လည်း။
ချူရှီရန်က သူ့ကို တိုက်ရိုက် နှောင့်ယှက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ငြင်းခွင့်ပြုပါ။ အဲဒီ လူငယ်လေး ပြောသလိုပဲ။ ကျိမိသားစုက ကောင်းကင်ကြည့်ဆောင်ကို တိတ်တဆိတ် ကူညီနေပြီးတော့ ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းဖို့ စိတ်အားထက်သန်နေတယ်။ သူတို့က တကယ်ပဲ လူသားဧကရာဇ်အဖြစ် ထီးနန်းတက်ဖို့ ရည်ရွယ်ချက် ရှိနေတယ်လို့ ငါ စိုးရိမ်တယ်။"
"ကျိမိသားစုက ကံကြမ္မာနဲ့အာဏာ တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ညှိနှိုင်းဖို့ နေရာမရှိဘူး။"
လုံမိသားစု၏ မိခင်ကြီးနှင့် လင်းမိသားစု၏ ခေါင်းဆောင်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်သည်။ "လုံမိသားစု (လင်းမိသားစု)က ဒီအဆိုပြုချက်ကို ထောက်ခံတယ်။"
မိသားစုခေါင်းဆောင်(၃)ဦးက သူတို့၏အမြင်များကို ပြောဆိုပြီးနောက် လီရွှမ်ကျင်း တိတ်ဆိတ်နေ၏။
"သခင်ကြီးလီ... မင်းကရော ဘယ်လိုလဲ။" ချူရှီရန်က နောက်သို့ လှည့်ကာ မေးလိုက်သည်။
လီရွှမ်ကျင်းက မျက်လုံးကို မော့ကာ လူတိုင်း၏ အမူအရာများကို တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။
ရုတ်တရက်။
ရင်းနှီးသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
"ငါတို့ လီမိသားစုရဲ့ခေါင်းဆောင်က ပညာရှိတွေရဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို နက်နက်ရှိုင်းရှိုင်း ခံထားရပြီးတော့ တခြားသူတွေထက် သေချာပေါက် ပိုပြီးရှင်းလင်းတဲ့ ဦးနှောက်မျိုး ရှိတယ်။ မေးနေစရာ လိုသေးလို့လား။ သေချာပေါက် သူက သဘောတူမှာပေါ့။"
"တကယ်လို့ သူက ဒါကို သဘောမတူဘူးဆိုရင် ကောင်းကင်ကြည့်ဆောင်ထဲက သူလျှိုတစ်ယောက်ပဲ ဖြစ်ရမယ်။"
လီရွှမ်ကျင်းက ထွက်လာတော့မည့် စကားလုံးများကို ပြန်မျိုချလိုက်သည်။ အသံလာရာသို့ ကြည့်လိုက်ရာ မုန့်ချင်ကျိုးက ကျယ်လောင်စွာ အော်ပြောနေသည်ကို မြင်လိုက်ရပြီး သူ၏နောက်တွင် လီတိုင်ယွမ်က ငိုယိုကာ ထိုဘိုးဘေးကြီးကို ပါးစပ်ပိတ်ထာရန်နှင့် အဓိပ္ပာယ်မရှိသည်များကို ဆက်မပြောရန် တောင်းပန်နေလေသည်။ သို့သော် မုန့်ချင်ကျိုးက သစ္စာရှိသော လက်အောက်ခံတစ်ဦးကဲ့သို့ပင် တုံ့ဆိုင်းမနေဘဲ မတ်တတ်ရပ်ကာ စိတ်ပိုင်းဖြတ်ထားပုံရသည်။
"ငါ..."
သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လီရွှမ်ကျင်းသည် ခြိမ်းခြောက်ခံရသည်ဟု ခံစားလိုက်ရသည်။ နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားပြီး မုန့်ချင်ကျိုးကို သေအောင်ရိုက်သတ်ချင်စိတ်အား ဖိနှိပ်ထားကာ အက်ရှသော အသံဖြင့် ပြောလိုက်သည်။
"မိသားစုခေါင်းဆောင်ချူ ပြောတာကို နားထောင်ပါ့မယ်..."
အလယ်အလတ်တန်းစား စကြဝဠာတစ်ခုလုံးတွင် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်မှုက နက်ရှိုင်းနေလေသည်။ လူတိုင်းက အနက်ရောင်ဝတ်လူငယ်ကို လေးစားအားကျမှုဖြင့် မဟုတ်တော့ဘဲ ကြောက်ရွံ့လေးစားမှုဖြင့် စိုက်ကြည့်နေကြသည်။
မိသားစု(၄)ခု၏ လူငယ်မျိုးဆက်များမှာ မလေးစားဘဲ မနေနိုင်ခဲ့ပေ။
ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။
သူက ကျိဝူရွှမ်ကို ဝေဖန်၇ဲတဲ့အပြင် သူ့ရဲ့ဘိုးဘေးကိုတောင် ဝေဖန်ရဲသေးတယ်။ သူက ညှိနှိုင်းရေး စားပွဲမှာ ရန်သူနဲ့မိတ်ဆွေကို မခွဲခြားဘဲနဲ့ မြင်တဲ့သူတိုင်းကို ထိုးနှက်တတ်တဲ့ ဓားသွားနှစ်ဖက်နဲ့ ဓားတစ်လက်လို သတ်ဖြတ်ရေးနတ်ဘုရားတစ်ပါးပဲ။
"အရူးပဲ…" လုံမြောင်ဟွာက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီကောင်က ဒီလိုခုန်ပေါက်နေတာ။ လီမိသားစုရဲ့ အဆင့်မြင့်အရာရှိတွေက သူ့ကို မတားဆီးကြဘူး။ အဲဒါက သူတို့ဘိုးဘေးကို မဆင်မခြင် အပြုအမူ မလုပ်စေချင်လို့။ ပြီးတော့ သူ့ကို ဝင်ရောက်စွက်ဖက်ခွင့် ပေးလိုက်တာကို ကျေနပ်နေကြလို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘိုးဘေး လီရွှမ်ကျင်းက ဘာလို့ သူ့ကို အလိုရှိသလို လုပ်ခွင့်ပေးထားရတာလဲ။ ယုတ္တိတန်တန် တွေးကြည့်ရင် ဒီလိုအခြေအနေမျိုးမှာ ရိုင်းရိုင်းစိုင်းစိုင်း ဟောင်ရဲတဲ့ သာမန်နောက်လိုက်တစ်ယောက်ကို နေရာမှာတင် သတ်ပစ်သင့်တာ။" လုံမြောင်ယင်က နားမလည်ဘဲ ပြောလိုက်သည်။
လုံမြောင်ဟွာက သွေးရဲနေသော မျက်လုံးများကို အနည်းငယ် မှေးစင်းကာ အနက်ရောင်ဝတ လူငယ်ကို စူးစိုက်ကြည့်ပြီး တွေးတောစွာ ပြောလိုက်သည်။
"သူ့ရဲ့သရုပ်မှန်က ရိုးရှင်းမှာမဟုတ်ဘူးလို့ ထင်တယ်။ အစ်မ... ကြည့်၊ အနက်ရောင်ဝတ်လူငယ်ရဲ့ အင်္ကျီကို ဆွဲပြီးတော့ မျက်ရည်တွေကျနေတဲ့ အဲဒီကောင်မလေးက လီမိသားစုရဲ့ အနာဂတ်ဆက်ခံသူ လီတိုင်ယွမ်လေ။"
"သူတို့နှစ်ယောက်က သခင်နဲ့အစေခံနဲ့ တူတယ်လို့ အစ်မ ထင်လား။ ပြီးတော့ ဘိုးဘေးလီရွှမ်ကျင်းရဲ့ သဘောထားကလည်း ဒီလူက မရိုးရှင်းဘူးဆိုတာကို ညွှန်ပြနေတယ်။"
ထိုစကားကို ကြားသောအခါ...
လုံမြောင်ယင်က သူ့ကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နင့်ရဲ့ ခံစားချက်က မှန်တယ်။ ပြဿနာ တစ်ခုခု ရှိနေတယ်။"
"အစ်မ... မိခင်ကြီးကို ပြောသင့်လား။" လုံမြောင်ဟွာက မေးလိုက်သည်။
လုံမြောင်ယင်က ခေါင်းခါပြီး ပြုံးလိုက်သည်။
"မလိုပါဘူး။ တခြားသူတွေ သတိမထားမိဘူးလို့ ထင်နေတာလား။ ငါတို့နှစ်ယောက်က နောက်ဆုံးမှ သဘောပေါက်တဲ့သူတွေ ဖြစ်နိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင် ဘာလို့ ဘယ်သူကမှ မဆူပူကြတာလဲ ။ဒါမှမဟုတ် မတားဆီးကြတာလဲ။ လူတိုင်းက သဲလွန်စတွေကို သတိထားမိကြတယ်။"
"သဘောပေါက်ပြီ။"
...
...
မိသားစု(၄)ခု ထပ်မံ ပူးပေါင်းသွားပြီး "တိုက်ချင်ရင် တိုက်လေ။ ဘယ်သူက ကြောက်နေလို့လဲ။ ငှက်တွေက ပျံရင်းနဲ့သေတယ်။ လူတွေလည်း ကြိုးစားရင်း သေတာပဲ။ သတ္တိကြောင်စရာ ဘာရှိလို့လဲ" ဆိုသော သဘောထားကို ပြသလိုက်သည်ကို မြင်သောအခါ၊ ကျိဝူရွှမ်က ခေါင်းထဲတွင် တဆစ်ဆစ် နာကျင်လာသည်ကို ခံစားလိုက်ရပြီး ပပြောလိုက်သည်။
"မင်းတို့ကို အာဏာနဲ့ကံကြမ္မာ ပေးလို့ရပါတယ်။"
"ဒါပေမဲ့ အာမခံချက်တစ်ခုအနေနဲ့ တောရိုင်းမြေရဲ့ ကံကြမ္မာနဲ့အာဏာကိုပဲ ခွင့်ပြုနိုင်တယ်။ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကိုတော့ ကျိမိသားစုက လုံးဝစုစည်းရမယ်။ ဒါက နောက်ဆုံးအလျှော့ပေးမှုပဲ။"
ဟီးဟီး…
ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို ဝါးမျိုပြီးတာနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ နောက်ပြီး နှောင်းပိုင်းအဆင့်ကိုတောင် ရောက်နိုင်ချေရှိတယ်။ အဲဒီအချိန် အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားပြီး အခု ငါတို့ သဘောတူထားတဲ့စာချုပ်ကို အချိန်မရွေး ဆုတ်ဖြဲပစ်လို့ ရပြီ။
ကံကြမ္မာရဲ့စွမ်းအားက ဒီလောက် အားကောင်းတဲ့အကျိုးသက်ရောက်မှု ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါ့ကို ကောင်းကင်ကြည့်ဆောငက ကျောထောက်နောက်ခံ ပေးမထားဘူးဆိုရင် ငါလည်း သိနိုင်မှာ မဟုတ်ဘူး။ ပထမဆုံးလူသားဧကရာဇ်နဲ့ သူ့ရဲ့ လူယုံဖြစ်တဲ့ ကောင်းကင်ကြည့်ဆောင်ကသာ ဒီလိုအဓိကလျှို့ဝှက်ချက်ကို သိခွင့်ရှိတာ။
သူက သတင်းအချက်အလက် ကွာဟချက်ကို အခွင့်ကောင်း ယူနေခြင်းပင်။
"ဒါက...."
"အစ်ကိုလီ... ဘယ်လိုထင်လဲ။" ချူရှီရန်က မျက်မှောင်ကြုတ်လိုက်ပြီး ကျိဝူရွှမ်က အမှန်တကယ် နောက်ဆုတ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် တွန့်ဆုတ်နေလေသည်။
လီရွှမ်ကျင်းက ခေါင်းညိတ်ရန် ပြင်လိုက်သည်။
ထိုအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာတွေကို စုစည်းလိုက်တာနဲ့ အဲဒါကို စွမ်းအားအဖြစ် ပြောင်းလဲနိုင်ပြီး နတ်ဘုရားတွေရဲ့စွမ်းအားထက် အများကြီး ပိုအားကောင်းတယ်လို့ ကျွန်တော် ကြားဖူးတယ်။ သခင်လေးကျိရဲ့ ပါရမီက အရမ်းထူးချွန်လွန်းလို့ ကောင်းကင်ပြည်နယ်ကံကြမ္မာကို စုပ်ယူလိုက်ရင် ကောင်းကင်ထောက်တိုင် နယ်ပယ်ရဲ့ အလယ်အလတ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်ကိုတောင် ရောက်သွားနိုင်တယ်။"
"ကျွန်တော် အရမ်းကို မနာလိုဖြစ်မိတယ်။ ကြိုတင်ပြီးတော့ ဂုဏ်ပြုချင်ပါတယ်။"
စကားပြောရင်းနှင့်ပင် အနက်ရောင်ဝတ်လူငယ်သည် နှုတ်ဆက်သည့်အနေဖြင့် သူ၏လက်များကို အနည်းငယ် ဆုပ်ထားလိုက်သည်။
သူ၏အနောက်တွင် လီတိုင်ယွမ်က ရှိုက်ငိုရင်း လက်မောင်းကိုနောက်သို့ဆွဲကာ တောင်းပန်လိုက်သည်။
"ဘိုးဘေး... ကျေးဇူးပြုပြီး စကားမပြောပါနဲ့တော့။ ကျွန်မ တောင်းပန်ပါတယ်။"
"ဟေး။"
မုန့်ချင်ကျိုးက လက်မောင်းကို ရွံရှာစွာ ရုန်းဖယ်လိုက်ပြီး ဆဲဆိုလိုက်သည်။ "မင်းလို စွာတေးလန်က တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတာပဲ။ သခင်လေးကျိကို ငါ့ရဲ့ လေးစားမှုကို ဖော်ပြနေတာ။ အဲဒါ ဘာမှားနေလို့လဲ။ မင်းက ဘာလို့ ငါ့ကို အမြဲတမ်းတားနေရတာလဲ။"
ထိုစကားကိုကြားရာ လီရွှမ်ကျင်းက ပညာရှိစွာ ပါးစပ်ပိတ်ထားလိုက်ပြီး မိသားစုခေါင်းဆောင်များ၏ အမူအရာများကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အမှန်တကယ်ပင်။
ချူနှင့် လုံမိသားစုများ၏ ခေါင်းဆောင်များက ချက်ချင်းပင် မျက်နှာများ ပြာနှမ်းသွားကြသည်။
ဒုက္ခပဲ။ ဒါဆို ကျိဝူရွှမ်က တစ်ချိန်လုံး ထောင်ချောက်ဆင်နေခဲ့တာပေါ့။ သူက မိသားစု(၄)ခုလုံးကို ရှင်းလင်းပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား။။
"ချီးပဲ။"
"ငါ သိပြီ။ မင်းက မုန့်ချင်ကျိုး မဟုတ်လား။"
ကျိဝူရွှမ်က စားပွဲကို လက်သီးဖြင့်ထုကာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။ ဖြစ်ဖူးသကဲ့သို့ ခံစားချက်တစ်ခုက အနက်ရောင်ဝတ်လူငယ်က မည်သူနှင့်တူနေကြာင်း နောက်ဆုံးတွင် သူ့ကို သတိရသွားစေ၏။
…