အခန်း ၂၈၉
Vol. 20 Ch. 289
အပိုင်း(၂၈၉) ယွမ်ယန်နယ်ပယ် ပျက်စီးသွားခြင်း၊ နန်းဆောင်သခင်ကို ဓားဖြင့်သတ်ပစ်ခြင်း
"လီရွှမ်ကျင်း၊ ခင်ဗျားရဲ့ ဓားကို ခဏငှားပါဦး။"
"ရော့။"
မုန့်ချင်ကျိုက ပစ်ပေးလိုက်သော ဧကရာဇ်အဆင့် နတ်ဘုရားဓားကို တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။ သူက လက်ချောင်းနှစ်ချောင်းကို စုကာ ဓားသွားကို ပွတ်သပ်လိုက်ပြီး ရေရွတ်လိုက်၏။ "ကောင်းလိုက်တဲ့ဓား။"
"ကောင်းကင်နယ်ပယ်ရဲ့ အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ မိသားစုဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူတို့ရဲ့ ဧကရာဇ်အဆင့် အရည်အသွေးတွေက တားဆီးလို့ မရနိုင်ဘူး။"
သူက ဓားရိုးကိုဆုပ်ကိုင်လိုက်ပြီး စိတ်ကို ဓားဝိညာဉ်နှင့်ဆက်သွယ်ခွင့်ပြုကာ လက်နက်ကို ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင်ဖြင့် ချိတ်ဆက်လိုက်၏။
ဧကရာဇ်-အရည်အသွေးရှိ နတ်ဘုရားဓားတွင် ကိုယ်ပိုင်အသိစိတ် ရှိသည်။ ၎င်းသည် ကိုင်ဆောင်သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အဆုံးမဲ့ဓားအသိ၊ ကမ္ဘာမြေကို တုန်လှုပ်စေသော ကြီးမားလှသည့် မြစ်ကြီး၏ ရိုက်ခတ်သံများနှင့် အချိန်-နေရာလွတ်တာအို၏ ပျံ့နှံ့ထွက်ပေါ်လာမှုများကို အာရုံခံနိုင်သည်။
မရေမတွက်နိုင်သော အကြည့်များက အနက်ရောင်ဝတ်လူငယ်ထံသို့ စုစည်းသွားကြသည်။
ဒုတ်။ ဒုတ် ဒုတ်။...
အနက်ရောင်ဝတ်လူငယ်က မျက်လုံးများကိုမှိတ်ကာ သူ၏ဓားရှည်ကို အရှေ့တွင် မတ်မတ်ကိုင်ထားပြီး ဓားသွားကို လက်ချောင်း နှစ်ချောင်းဖြင့်ညှပ်ကာ အောက်ခြေမှနေ၍ အပေါ်သို့ ဖြည်းညှင်းစွာ ဆွဲတင်လိုက်သည်။ သူ၏လက်ချောင်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဓားသွားသည် ပွင့်လင်းမြင်သာမှု ရှိသွားသည်အထိ သန့်စင်သွားလေသည်။
အမည်မသိ အချိန်-နေရာလွတ် နိယာမတစ်ခုသည် ချင်လွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမများဖြင့် ဖုံးလွှမ်းထားသော ယွမ်ယန်နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ပင်လယ်ထဲသို့ စီးဝင်လာသော မြစ်များကဲ့သို့ သူ၏သွေးကြောများနှင့်ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဝင်လာလေသည်။
သူ၏နှလုံးသားက ဗုံတစ်လုံးလို ခုန်ပေါက်နေပြီးနောက် တစ်ချက်ခုန်တိုင်း ယွမ်ယန်နယ်ပယ် တစ်ခုလုံး တုန်ခါသွားလေသည်။
ဓားသွားက တစ်ဝက်ခန့် သန့်စင်သွားပြီ ဖြစ်သည်။
မုန့်ချင်ကျိုးသည် ငှားရမ်းထားသော စွမ်းအားအကုန်ကို ဓားထဲသို့ လမ်းကြောင်းလွှဲပေးလိုက်သော်လည်း အတုအယောင်ခန္ဓာကိုယ်က အားနည်းလွန်းနေပြီး အချိန်အနည်းငယ် လိုအပ်လေသည်။
"အန္တိမဓားတာအို..."
"မဖြစ်ဘူး။ သူ ဒီဓားကို သုံးခွင့်ပေးလို့ လုံးဝမဖြစ်ဘူး။ မဟုတ်ရင် ငါ့အသက် အန္တရာယ်ရှိလာလိမ့်မယ်။"
နဝမမြောက်နန်းဆောင်သခင်က နိမိတ်ဆိုးတစ်ခုကို ရှင်းပြ၍မရအောင် ခံစားလိုက်ရပြီး ဤဓားကို ထုတ်လွှတ်လိုက်သည်နှင့် အကျိုးဆက်များမှာ မှန်းဆ၍မရနိုင်လောက်အောင် ဆိုးရွားလိမ့်မည်ဟု ကြိုတင် ခံစားသိရှိမှု တစ်ခုက သူ့ကို သတိပေးနေလေသည်။
[အမြန်နှုန်း စွမ်းအား - ချက်ချင်း]
[အရိပ် စွမ်းအား- အရိပ်]
[ပြောင်းပြန်စွမ်းအား- ထိခိုက်မှုလွှဲပြောင်းခြင်း]
စွမ်းအားသုံးခု ထုတ်လွှတ်လိုက်သည်နှင့်အမျှ နဝမမြောက် နန်းဆောင်သခင်၏ ခန္ဓာကိုယ်သည် အမှောင်ထုထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး အလွန် မြန်ဆန်သွားလေသည်။ ၎င်းတင် မကသေးပေ။ ဘိုးဘေး(၃)ဦး၏ မဆင်မခြင် တိုက်ခိုက်မှုများကိုပင် [ပြောင်းပြန်စွမ်းအား]ဖြင့် လုံးဝ ဖယ်ရှားပစ်လိုက်လေသည်။
"သူ့ကိုတား။"
"အဘိုးကြီးလီ... အရန်အစီအစဉ်တွေ ရှိသေးလား။ အန္တမတိုက်ကွက်ကို ငါ ထုတ်သုံးလိုက်ပြီ။ ဒါကို မတားနိုင်တော့ဘူး..."
ချူရှီရန်၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။ သူက တားဆီးချင်ခဲ့သော်လည်း ခြေတစ်လှမ်း လှမ်းပြီးနောက်၊ [သေစေနိုင်တဲ့အားနည်းချက်ကိုထိုးထွင်းသိမြင်ခြင်း]၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဝင်လာပြီး အဆက်မပြတ် စီးဆင်းနေသော စွမ်းအားများက ဒီရေလို နောက်ဆုတ်သွားလေသည်။
ဖွတ်…
"သူ မသေဘူး။ ကြည့်ရတာ သူကံစမ်းတာ နိုင်သွားတဲ့ပုံပဲ။" ချူရှီရန်က သွေးများအန်ကာ မြေကြီးပေါ်တွင် ဒူးတစ်ဖက် ထောက်ထားပြီး ခါးသီးစွာ ရယ်မောလိုက်သည်။
လက်ရှိအချိန်တွင်။
လီယဲ့သည် ဒဏ်ရာများ အပြင်းအထန်ရရှိထားပြီး လေဟာနယ် နေရာလွတ်ထဲတွင် လွင့်မျောကာ သတိလစ်သွားလေသည်။ ချူရှီရန်၏ အန္တမတိုက်ကွက် ပြီးဆုံးသွားသဖြင့် ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
မျက်လုံးများကို စတေးထားသော်လည်း တကယ်တမ်း သူသေကိုယ်သေ မတိုက်ခိုက်ခဲ့သော လီရွှမ်ကျင်း တစ်ဦးတည်းသာ ခွန်အားကျန်ရှိနေတော့သည်။
"မင်းတို့ လုပ်တာ လုံလောက်ပါပြီ။"
"ကျန်တာကို ငါနဲ့ အချိန်-နေရာလွတ် ဓားသူတော်စင် လုပ်လိုက်မယ်။"
လီရွှမ်ကျင်း၏လက်များ ဗလာဖြစ်နေသည်။ ဓားကျင့်ကြံသူ တစ်ဦးအနေဖြင့် သူ၏ လက်ထဲတွင် ဓားမရှိတော့ပေ။ သူ၏ မျက်လုံးအိမ်အခွံနှစ်ခုမှ သွေးများနှင့် မျက်ရည်များ စီးကျနေပြီး နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
[ချင်လွမ်ဓမ္မပုံရိပ်..]
ဝီ…
ချင်လွမ်ဘိုးဘေး၏ နတ်ဘုရားပုံရိပ်တစ်ခု လေထဲမှ ပေါ်ထွက်လာပြီး ကျက်သရေရှိပြီး ယဉ်ကျေး သိမ်မွေ့ကာ လွင့်ဝဲနေသော ဝတ်ရုံများနှင့်အတူ ပေတစ်သန်းမြင့်မားသော ခန္ဓာကိုယ်ကြီး ရှိလေသည်။
လီရွှမ်ကျင်းက သူ၏နှလုံးကို ဖောက်ကာ သွေးကိုယူ၍ ချင်လွမ်ဓမ္မပုံရိပ်၏ နဖူးပေါ်တွင် သင်္ကေတများ ရေးဆွဲရန် လမ်းညွှန်အဖြစ် အသုံးပြုလိုက်သည်။ တစ်ခဏချင်းမှာပင် သွေးရောင်သင်္ကေတ တစ်ကြောင်း အခြေချသွားလေသည်။
"ဒီသားမိုက်ရဲ့အသက်နဲ့အတူ ဘိုးဘေးကို ပြန်ရှင်လာဖို့ ရိုသေစွာ တောင်းဆိုပါတယ်။"
သူက ထိုစကားများကို ပြောပြီးနောက် အသက်ကင်းမဲ့နေသော ချင်လွမ်ဓမ္မပုံရိပ်၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် တဖြည်းဖြည်း ပေါ်လာလေသည်။
ယွမ်ယန်နယ်ပယ်၏ ကြယ်တာရာကောင်းကင်ယံတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ လောကဓံကို ဖြတ်သန်းခဲ့ရသော မျက်လုံးများနှင့်အတူ ချောမောသော ကလေးငယ်တစ်ဦးပင်။ သူက လီရွှမ်ကျင်းကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"မင်း သေချာ စဉ်းစားပြီးပြီလား။"
"ဟုတ်ကဲ့။"
လီရွှမ်ကျင်းက တည်ငြိမ်စွာ ပြုံးပြီးပြောလိုက်သည်။
"ကောင်းကင်စောင့်ကြည့်သူကြောင့် တိုင်ယွမ်ရဲ့ ဝမ်းနည်းစရာ သေဆုံးမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဘိုးဘေး တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့တာဝန်ကို ရှောင်လွှဲလို့ မရဘူး။ ပြီးတော့ ခေတ်ကြီးက နီးကပ်လာပြီဆိုတော့ မိသားစု(၅)ခုက ပြိုင်ဘက်ကင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"ကောင်းကင်အောက်ကလူတိုင်းက မြစ်ကိုဖြတ်ကူးဖို့ ရုန်းကန်နေရချိန် ဘာလို့ ကောင်းကင်ကြည့်ဆောင် တစ်ခုတည်းက ဘေးဖယ်နေရမှာလဲ။"
"ကျွန်တော် လက်မခံနိုင်ဘူး။ ကောင်းကင်ကြည့်ဆောင်က တစ်ချိန်တည်းမှာ လူသားဧကရာဇ်နောက်ကို လိုက်ပြီး လူသားမျိုးနွယ်အတွက် ရွှေခေတ်တစ်ခုကို ဖန်တီးပေးခဲ့တယ်။ နဂါးသတ်သမားက... အခုတော့ ကြမ်းကြုတ်တဲ့ နဂါးတစ်ကောင် ဖြစ်သွားပြီ။ မျိုးနွယ်စု(၄)ခု တည်ရှိရခြင်းရဲ့ အဓိပ္ပာယ်ဟာ အရင်းအမြစ်တွေကို သိမ်းပိုက်ပြီး ထာဝရတည်တံ့မယ့် မိသားစုတစ်ခု ဖြစ်လာဖို့ မဟုတ်ဘဲ လူ့လောကကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကောင်းကင်ကြီး ပြိုကျတော့မယ့်အချိန်မှာ ထောက်ခံထားဖို့ဆိုတဲ့ ဘိုးဘေးတွေရဲ့ သွန်သင်ချက်ကို ကျွန်တော် အမြဲတမ်း မှတ်မိနေပါတယ်။"
"ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ဘူး။ ဒါပေမဲ့ တာဝန်ကို ထမ်းဆောင်ဖို့ တွေးနေတယ်။ ဒီနဝမမြောက် နန်းဆောင်သခင်ကို ဖမ်းဆီးပြီးတော့ ရှေ့တန်းကို ခေါ်လာနိုင်သရွေ့တော့ တစ်ဝက်တစ်ပျက် အိပ်မောကျနေတဲ့ ကောင်းကင်တာအိုက ကောင်းကင်ကြည့်ဆောင်ကို အလိုအလျောက် ပစ်မှတ်ထားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့တွေ ပါဝင်ပတ်သက်ရတော့မှာပဲ။"
"ဒါက ကျွန်တော် အမြဲတမ်း လုပ်ချင်ခဲ့တဲ့အရာပဲ။"
ကလေးငယ်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ လက်ညှိုး ထိုးပြလိုက်သည်။
ပြည်နှင်ဒဏ်ခံရသော နတ်ဘုရားတစ်ပါး ပြန်လည်ရှင်သန်လာသကဲ့သို့ ချင်လွမ်၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပသော ကောင်းကင်အလင်းရောင်များဖြင့် တောက်လောင်သွားလေသည်။ ၎င်းသည် ခေါင်းကို ရုတ်တရက်လှည့်ကာ ဗလာကျင်းနေသော ဧရိယာတစ်ခုကို မျက်ဆံများဖြင့် ချိန်ရွယ်လိုက်ပြီး စကားလုံး တစ်လုံးကို ရေရွတ်လိုက်သည်။
"ထွက်လာခဲ့စမ်း။"
ဘုန်း…
နေရွာတ် ပျက်စီးသွားပြီး နဝမမြောက် နန်းဆောင်သခင်ကို ထွက်လာရန် ဖိအားပေးလိုက်သည်။ သူ၏ အရိပ်စွမ်းအား မှေးမှိန်သွားပြီး ပြောင်းပြန်စွမ်းအားက ထိခိုက်မှုခံနိုင်ရည်တွင် ၎င်း၏အကန့်အသတ်သို့ ရောက်ရှိသွားလေသည်။ သူ၏ အမြန်နှုန်းစွမ်းအားသာ ကျန်ရှိတော့သည်။
"ယဇ်ပူဇော်ဓလေ့။"
"ချင်လွမ်ဓမ္မပုံရိပ်ကို ပြန်အသက်သွင်းပြီး မူလတိုက်ခိုက်ရေးဗီဇကို နိုးထစေပြီးတော့၊ ကောင်းကင်ကို ဖီဆန်တဲ့ တားမြစ်ပညာရပ်မျိုးကို ထုတ်လွှတ်နိုင်တာပဲ။ လီရွှမ်ကျင်း... မင်းတော့ သွားပြီ။"
နဝမမြောက်နန်းဆောင်သခင်က လှောင်ပြောင်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ ကန့်သတ်ချက် စွမ်းအားများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။
[ကန့်သတ်ခြင်းစွမ်းအား- တားမြစ်ချက်]
[နှေးကွေးခြင်းစွမ်းအား- နှေးကွေးခြင်း]
[အလေးချိန်စွမ်းအား- အလေးချိန်]
နောက်ထပ် စွမ်းအားသုံးခုကို အသုံးချလိုက်သည်နှင့်အမျှ ချင်လွမ်ဓမ္မပုံရိပ်မှာ များစွာထိခိုက်သွားပြီး စကြဝဠာတစ်ခုလုံးကို ကျောပိုးထားရသကဲ့သို့ စိမ့်မြေထဲတွင် ပိတ်မိနေကာ လှုပ်ရှားရန် ပို၍ခက်ခဲလာပြီး သူ လှမ်းလိုက်သော ခြေလှမ်းတိုင်း လေးလံနေသကဲ့သို့ ခံစားရလေသည်။
"ကံဆိုးချင်တော့ မင်းက အားနည်းလွန်းတယ်။ ဒီချင်လွမ်ဓမ္မပုံရိပ်က ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။"
"ဒါက ချင်လွမ်ရဲ့တိုက်ခိုက်ရေးဗီဇကို ပြန်လည်ရယူတာလောက်ပဲ ရှိတယ်။ တကယ် ပြန်ရှင်လာတာ မဟုတ်ဘူး။ အဲဒီလိုမှမဟုတ်ရင် ငါ တကယ် နည်းနည်းကြောက်မိမှာပဲ။"
နဝမမြောက်နန်းဆောင်သခင်က လှောင်ပြောင်လိုက်ပြီး သူ့ကိုလျစ်လျူရှုကာ လှည့်၍ အနက်ရောင်ဝတ် လူငယ်ဆီသို့ ဦးတည်သွားလေသည်။
ဇာတ်လမ်းက ရှည်သော်လည်း တကယ်တမ်းတွင် တစ်မိနစ် နှစ်မိနစ်လောက်သာ ကြာခဲ့သည်။
ထိုအချိန်တွင်။
မုန့်ချင်ကျိုး၏ ဓားသန့်စင်ခြင်း လုပ်ငန်းစဉ်မှာ ၉၀% ပြီးစီးနေပြီ ဖြစ်သည်။ သူက ဓားသွားကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ထားပြီး ဓားထိပ်ဖျားသို့ ရောက်လုနီးပါး ဖြစ်နေကာ သူ၏အရှိန်အဝါမှာ ပိုမို ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းလာလေသည်။
၎င်းက အဆုံးမရှိသော အချိန်-နေရာလွတ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်၏ ထူးခြားသော ဖိအားနှင့် အချိန်-နေရာလွတ် မဟာတာအို၏ အမြင့်မြတ်ဆုံး တာအိုအနှစ်သာရတို့ ပေါင်းစပ်လိုက်ခြင်းက လူတိုင်းကို အသက်ရှူကျပ်သွားစေသည်။
မိသားစု(၄)ခု၏ အဖွဲ့ဝင်များ အားလုံးက ၎င်းကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
"ဒါက အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ တကယ့်စွမ်းအားလား။။"
"သူက ဓားတစ်ချက်တည်းနဲ့ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို သတ်ပစ်နိုင်မယ့်ပုံပဲ။ ဧကန္တ... သူ ကောင်းကင်နယ်ပယ်ကို ရောက်သွားတာလား။ အဲဒီလိုမှမဟုတ်ရင် ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့ စွမ်းအားမျိုး သူ ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။"
"ဒါဆိုရင် သူက တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုမှာ ကျိဝူရွှမ်ကို တကယ်ပဲ အနိုင်ယူခဲ့တာပေါ့..."
လုံမြောင်ယင်နှင့် လုံမြောင်ဟွာ ညီအစ်မ နှစ်ဦးစလုံးက ပါးစပ်ကိုအုပ်ထားပြီး သူတို့၏ လှပသော မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေလေသည်။
ချွမ်။
ဝီ...
"သေစမ်း... နောက်ကျသွားပြီ။"
[အမှတ်စဉ်(၁၀၈)စွမ်းအား - အင်အားစွမ်းအား]
[အင်အားက နိယာမ အားလုံးကို ကျော်လွှားနိုင်တယ်]
နဝမမြောက် နန်းဆောင်သခင်က စွမ်းအားအကုန်၊ နတ်ဘုရား ခွန်အားအကုန်လုံးကို လက်သီး တစ်ချက်တည်းတွင် စုစည်းပြီ၊ "သေစမ်း…"ဟု ဟိန်းဟောက်ရင်း တားဆီး၍ မရနိုင်သော အင်အားဖြင့် အနက်ရောင်ဝတ်လူငယ်ကို ထိုးနှက်လိုက်လေသည်။
ထိုအချိန်တွင်ပင်။
အနက်ရောင်ဝတ်လူငယ်က နောက်ဆုံးတွင် ဓားကို ဆွဲထုတ်ပြီးသွားလေသည်။ သူ၏မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ငရဲမင်းကဲ့သို့ ရက်စက်သော မျက်နှာထား ရှိနေသည်။ သူက ဓားကို သူ၏ညာဘက်နားနှင့် ကပ်ထားကာ လေထဲတွင် ဘေးစောင်းလွင့်မျောနေပြီး ဓားသွားကို ချဉ်းကပ်လာသော နဝမမြောက် နန်းဆောင်သခင်ဆီသို့ ချိန်ရွယ်ထားကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ချင်ချိုး... ဓားအဆောင်ကို ချေမွလိုက်တော့။ မင်း အရင်သွား။"
"ဒီဓားချက်ကို ငါ တားနိုင်မှာ မဟုတ်ဘူး။"
စုချင်ချိုးက မဆိုင်းမတွ ခေါင်းညိတ်လိုက်ပြီး ဓားအဆောင်ကို ပြတ်သားစွာ ချေမွလိုက်သည်။ ထို့နောက် သူက အချိန်-နေရာလွတ် မြစ်တစ်ခုက သယ်ဆောင်သွားခြင်းကို ခံလိုက်ရလေသည်။
သူ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင်။
ယွမ်ယန်နယ်မြေ တစ်ခုလုံးက ဓားအလင်းတန်းတစ်ခုဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး ကောင်းကင်ရှိ ကြယ်များ အားလုံး ပြိုကျပျက်စီးသွားကာ ချင်လွမ်ဘိုးဘေး၏ အဓိကတာအိုနိယာမ၏ ကိုယ်ပွားဖြစ်သော "လီကျိရှန်း"က ထွက်ခွာသွားလေသည်။ တစ်ချိန်တည်းမှာပင် စကြဝဠာကြီးက ဤဓားဖြင့် လုံးဝ နှစ်ပိုင်းကွဲသွားလေသည်။
ဖွတ်...
ဓားအစွန်းက မှေးမှိန်သွားပြီး ဓားသွားက အသားကိုထိုးဖောက်သွားသော အသံကိုသာ ကြားလိုက်ရ၏။
စကြဝဠာကို ချေမှုန်းပစ်သည့် မုန်တိုင်းကြားတွင် လူငယ်လေး၏ အနက်ရောင် ဝတ်ရုံသည် ပြင်းထန်စွာ လွင့်ဝဲနေပြီး လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ နဝမမြောက် နန်းဆောင်သခင်၏ ရင်ဘတ်ကို ထိုးဖောက်ထားပြီး ဓားသွားပေါ်မှ သွေးများ စီးကျနေလေသည်။
"မင်း..."
"ငါ..."
နဝမမြောက်နန်းဆောင်သခင်က ရင်ဘတ်ကို မယုံနိုင်စွာစိုက်ကြည့်ကာ အနက်ရောင်ဝတ်လူငယ်ကို ကြည့်ကာ ခက်ခက်ခဲခဲ စကားပြောလိုက်သည်။
"ငါက မင်းကို ဘယ်လိုလုပ်ပြီးတော့ ရှုံးနိုင်မှာလဲ…”
…