အခန်း (၂၅၄၁-၂၅၄၂)
Vol. 255 Ch. 2541-2542
အခန်း (၂၅၄၁) - မင်း အခု ဒါတွေကို ဘာလို့ မေးနေတာလဲ
“ဖန့်ချန် မိတ်ဆွေ…… ငါတို့ တကယ့်ကို ဝေဝေဝါးဝါး ဖြစ်သွားပြီ၊ မင်းက ဟော်ဆွေ့ကောင်းကင်အရှင်ကို တကယ်ပဲ အရှုံးနဲ့ ရင်ဆိုင်စေခဲ့တာလား။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူက ကောင်းကင်အရှင် တစ်ပါးလေ……”
ဖန်ရွှေက ရှေ့သို့ တိုးကပ်လာပြီး သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော စူးစမ်းလိုစိတ် မီးတောက်များ တောက်လောင်နေသကဲ့သို့ ရှိနေသည်။
“ရှန်းဟုန်မျိုးနွယ် ဆိုတာ ဘာလဲ”
“လူသားမျိုးနွယ်မှာ ဟော်ဆွေ့မျိုးနွယ် တစ်ခုတည်း ရှိတာ မဟုတ်ဘူးလား”
“ရှန်းဟုန်ရဲ့ အရှင်သခင်…… ဖန့်မျိုးနွယ်က ဒီလူက ကောင်းကင်အရှင် လူဝင်စားလာတာတော့ မဟုတ်ပါဘူးနော်။”
အမျိုးမျိုးသော တွေးထင်ထင်ကြေးမှုများက သူတို့၏ စိတ်အာရုံထဲတွင် ရိုက်ခတ် လှိုင်းထလာကြသည်။
လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှ ကောင်းကင်အရှင်သခင် ဆက်ခံသူ အနည်းငယ်မှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပိုမိုစွန်းထင်လာခဲ့သည်။
သို့သော်လည်း သူတို့သည် ချက်ချင်းပင် သတိပြန်ဝင်လာကြပြီး ကောင်းကင်အရှင် လူဝင်စားလာလျှင်ပင် ဘာမှဖြစ်မည်မဟုတ်ဟု မိမိကိုယ်ကို ပြန်လည်နှစ်သိမ့်လိုက်ကြသည်။ လူဝင်စားလာပြီ ဖြစ်၍ ယခုအခါ ကောင်းကင်အရှင် မဟုတ်တော့ချေ။ လင်ယောင်တွင် ကောင်းကင်အရှင်များစွာ ရှိနေသဖြင့် သူ့တစ်ယောက်တည်းကို ကြောက်ရွံ့နေစရာ အကြောင်းမရှိပေ။
“ဟော်ဆွေ့ဘိုးဘေးကို အရှုံးနဲ့ ရင်ဆိုင်စေခဲ့တာ ငါမဟုတ်ပါဘူး၊ ငါ့မှာ အဲဒီလို စွမ်းရည်မျိုး မရှိပါဘူး”
ဖန့်ချန်သည် ဖူယာယာတို့ လူစုကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်ကာ အသံလွှင့်၍ ပြောလိုက်သည်။
“ငါ့အိမ်က လူကြီးမိဘတွေပါ”
အိမ်က လူကြီးမိဘတွေ ဟုတ်လား။
ထို ကောင်းကင်အရှင်သခင် ဆက်ခံသူများ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ဖန့်ချန်၏ လူကြီးမိဘများက ဘယ်သူများလဲ။ ချင်းမင်နယ်မြေထဲက တစ်စုံတစ်ယောက်သော ကောင်းကင်အရှင်များ ဖြစ်နေမလား။
သို့သော်လည်း အခြေအနေက မမှန်ကန်ချေ၊ လူသားမျိုးနွယ်တွင် ယခုအခါ ဟော်ဆွေ့ တစ်ပါးတည်းသာ ကောင်းကင်အရှင်အဖြစ် ရှိနေသည် မဟုတ်ပါလား။
ဤအချိန်တွင် ဖန့်ကျစ်ရွှယ်၊ ဖန့်ရှောင်ပန်းနှင့် ဖန့်ရှောင်ထျန်း သုံးဦးစလုံးမှာ တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီ ဖြစ်သည်။ သူတို့ သုံးဦးစလုံး၏ မျက်လုံးများထဲတွင်မူ အံ့ဩတုန်လှုပ်မှုများနှင့် သံသယများဖြင့် ပြည့်နှက်နေသည်။
လူသားမျိုးနွယ် တစ်ဦးအနေဖြင့် ငယ်စဥ်ကတည်းကပင် သူတို့သည် ရှန်းဟုန်််််််််မျိုးနွယ် နှင့် ပတ်သက်သော ကိစ္စရပ်များကို ရိုက်သွင်းခံခဲ့ရဖူးသည်။ ရှန်းဟုန်သည် လူသားမျိုးနွယ်၏ သစ္စာဖောက်၊ အဓိကရန်သူကြီး ဖြစ်ပြီး သေချာပေါက် အမြစ်ပြတ်ချေမှုန်းရမည့် တည်ရှိမှု ဖြစ်သည်ဟု သိထားခဲ့ကြသည်။
နှစ်ပေါင်းများစွာတိုင်အောင် လူသားမျိုးနွယ်သည် အရပ်မျက်နှာအသီးသီးရှိ ခြကောင်အသိုက်အမြုံများသို့ စစ်ချီကာ ရှန်းဟုန်အနွယ်အဆက်များ၏ အကြွင်းအကျန် အစအနများကို ရှာဖွေနှိမ်နင်းခဲ့ကြသည်။ ဤအချက်ကို သူတို့ အသိဆုံး ဖြစ်သည်၊ အကြောင်းမှာ ချင်းရှောင်နတ်ဘုရားနယ်မြေမှ ရှေးဟောင်းမျိုးနွယ်စု ဖန့်မိသားစုသည်လည်း ထိုစစ်တပ်များနှင့်အတူ လိုက်ပါပြီး ရှန်းဟုန်အနွယ်အဆက်များကို လိုက်လံသုတ်သင် ရှင်းလင်းခဲ့ဖူးသောကြောင့် ဖြစ်သည်။
“ဖန့်အစ်ကိုကြီး…… အစ်ကိုကြီး နောက်နေတာမလား။ ယွီအစ်မ…… ဖန့်အစ်ကိုကြီးက နောက်နေတာမလားဟင်။ အစ်မတို့က ဘယ်လိုလုပ် ရှန်းဟုန်ရဲ့ သစ္စာဖောက်အကြွင်းအကျန်တွေ ဖြစ်နိုင်မှာလဲ၊ အစ်မတို့က လူသားမျိုးနွယ်ကို မျိုးတုံးအောင် လုပ်ဖို့ ဘယ်တော့မှ တွေးမှာမဟုတ်ပါဘူး…… အစ်မတို့က အဲဒီလိုလူမျိုးတွေ မဟုတ်ပါဘူး”
ဖန့်ကျစ်ရွှယ်၏ မျက်နှာပေါ်တွင် အတင်းအဓမ္မ လုပ်ယူထားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ဖန့်ရှောင်ပန်းနှင့် ဖန့်ရှောင်ထျန်းတို့သည်လည်း အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြသည်။
နတ်မိမယ်ယွီ၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ဖန့်ချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“မျိုးဆက်ဆက်ခံသူ…… ဒါတွေအကုန်လုံး ပြောပြပြီးပြီပဲ၊ သူတို့ကို အကုန်အစင်သာ ပြောပြလိုက်ပါတော့၊ ရင်ထဲမှာ အောင့်ထားရတာလည်း မွန်းကျပ်ဖို့ကောင်းတယ်၊ ဘာပဲဖြစ်ဖြစ် အပြင်ရောက်ရင် အားလုံးက မေ့သွားကြမှာပဲကို”
“ဟုတ်ပါတယ် ဖန့်ချန် ကျောင်းတော်သား၊ မင်းပဲ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတော့”
ဆွေ့ထျန်းဟွမ်ကလည်း ထောက်ခံပြောဆိုလာသည်။
“ကျွန်မနဲ့ ယာယာအစ်မလည်း နားထောင်ချင်ပါတယ်”
လဲ့လဲ့က ခေါင်းညိတ်ပြလိုက်သည်။
ဖန့်ချန်သည် ဖန့်ကျစ်ရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ရှန်းဟုန်မျိုးနွယ်က လူသားမျိုးနွယ်ကို မျိုးတုံးဖျက်ဆီးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး၊ ဒါက ဟော်ဆွေ့မျိုးနွယ်က ပေးခဲ့တဲ့ အမည်းစက် သမိုင်းညစ်တစ်ခုပဲ”
“ဖန့်အစ်ကိုကြီး…… အစ်ကိုကြီးက တကယ်ပဲ ရှန်းဟုန်ရဲ့…… အရှင်သခင် လား”
ဖန့်ကျစ်ရွှယ်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း အရိပ်အယောင်များ ထွက်ပေါ်လာသည်။ တစ်ဖက်တွင်မူ သူမသည် ဤဖန့်အစ်ကိုကြီးကို ပထမဆုံးအကြိမ် တွေ့ဖူးကတည်းက ရင်းနှီးကျွမ်းဝင်မှုကို ခံစားခဲ့ရပြီး ရွှေဟွေးကျောင်းတော်တွင်လည်း အဆင်ပြေပြေ ဖြတ်သန်းခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ တစ်ဖက်လူက လူသားမျိုးနွယ်၏ နံပါတ်တစ် ရန်သူကြီး ဖြစ်နေကြောင်း ရုတ်တရက် သိလိုက်ရသည်။ ထိုအခြေအနေက ဟုန်ဟိုင်မျိုးနွယ်စု သို့မဟုတ် ပေါင်ရှန့်မျိုးနွယ်စုတို့ထက်ပင် ပိုမိုအရေးကြီးလှရာ ၎င်းက သူမကို မည်သို့ ဆက်ဆံရမည်မသိအောင် ဝေခွဲမရ ဖြစ်သွားစေသည်။
“မင်း…… ပြီးတော့ ရှောင်ပန်းနဲ့ ရှောင်ထျန်း၊ မင်းတို့ သုံးယောက်စလုံးက လူမဝင်စားခင်တုန်းက ငါ့ရဲ့ ညီမအရင်း ညီအရင်းတွေပဲ၊ မင်းတို့ကလည်း ရှန်းဟုန်အနွယ်အဆက်တွေပဲ”
ဖန့်ချန်က ပြောလိုက်သည်။
“……”
ဖန်ရွှေနှင့် အခြားသူများမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြီး အံ့ဩတုန်လှုပ်စွာဖြင့် ဖန့်ကျစ်ရွှယ်တို့ သုံးဦးကို လှမ်းကြည့်လိုက်ကြသည်။ ဖန့်ကျစ်ရွှယ်တို့ သုံးဦးမှာမူ ထိုစကားကြောင့် လုံးဝကို မှင်တက်သွားရတော့သည်။ ရင်ထဲတွင် ဖြစ်ပေါ်နေသော မျှော်လင့်ချက်မဲ့မှုများမှာ ချက်ချင်းပင် လွင့်ပြယ်သွားပြီး ကြီးမားသော သံသယ မေးခွန်းထုတ်မှုများသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
“နေပါဦး…… မင်းတို့ ရှန်းဟုန်မျိုနွယ်က ဘယ်လိုဖြစ်တာလဲ။ ဖန့်ချန် တစ်ယောက်၊ နတ်မိမယ်ယွီ တစ်ယောက်၊ ပြီးတော့ မင်းတို့ သုံးယောက်စလုံးက မွေးရာပါ အထွတ်အထိပ်တာအိုအဆင့် အတွင်းကမ္ဘာတွေနဲ့……”
“မင်းတို့က လူသားမျိုးနွယ်စုထဲက မျိုးနွယ်တစ်ခုပဲလို့ မပြောနဲ့ဦး၊ အခု အထွန်းတောက်ဆုံး ဖြစ်နေတဲ့ ဟော်ဆွေ့မျိုးနွယ်တောင် အဲဒီလိုမျိုး မရှိဘူး”
“ဒါတင်မကဘူး…… ငါတို့လို ဂုဏ်သရေရှိ အသိုင်းအဝိုင်းကြီးတွေမှာတောင် အဲဒီလို မရှိဘူးကွ”
ရင်တန့်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ထိုနေရာတွင် ရှိနေကြသော ကောင်းကင်အရှင်သခင် ဆက်ခံသူများသည် သူ၏ သတိပေးချက်ကြောင့် သေချာစွာ ပြန်လည်တွေးတောကြည့်လိုက်ကြရာ ချက်ချင်းပင် တစ်ကိုယ်လုံး တုန်လှုပ်သွားကြရပြီး ဖန့်ချန်တို့ လူစုကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိကြတော့သည်။ ဤအချိန်တွင် သူတို့၌ တွေးတောစရာ တစ်ခုတည်းသာ ရှိတော့သည်။ ရှန်းဟုန်မျိုးနွယ်က တကယ်တော့ ဘယ်လိုနောက်ခံသမိုင်းကြောင်းမျိုးလဲ။
“ဖန့်…… ဖန့်အစ်ကိုကြီး…… ကျွန်မ အခုနက သေချာမကြားလိုက်လို့၊ အစ်ကိုကြီးက ကျွန်မတို့ကို ဘယ်သူလို့ ပြောလိုက်တာလဲ……”
ဖန့်ကျစ်ရွှယ်က စကားများ ထစ်ငေါ့ကာ မေးလိုက်သည်။
နတ်မိမယ်ယွီက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
“မှန်တယ်၊ မင်းတို့က မျိုးဆက်ဆက်ခံသူရဲ့ ညီမအရင်း ညီအရင်းတွေပဲ၊ ပြီးတော့ မျိုးဆက်ဆက်ခံသူ ပြောတာကတော့ သူ့အဖေနဲ့ အမေက အပြင်မှာ တခြားညီငယ် ညီမငယ် အများကြီး ထပ်မွေးထားသေးတယ်တဲ့၊ နောင်ကျရင် အားလုံးက မင်းတို့လိုပဲ ပါရမီထူးချွန်တဲ့သူတွေ ဖြစ်လာကြမှာပဲ။ အခုအခါမှာတော့ အားလုံးက ချင်းမင်နယ်မြေထဲကို လူဝင်စားလာခဲ့ကြပြီ၊ နောင်ကျရင် အားလုံး မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ပြန်လည်ဆုံတွေ့ကြရမှာပဲ”
ဖန့်ကျစ်ရွှယ် : “……”
ဖန့်ရှောင်ပန်း : “……”
ဖန့်ရှောင်ထျန်း : “……”
ဖန်ရွှေ : “……”
“ဒါဆိုရင် ဖန့်အစ်ကိုကြီးက ကျွန်မရဲ့ အစ်ကိုအရင်း ဖြစ်ခဲ့တာပေါ့။ ကျွန်မက ရှန်းဟုန်ရဲ့ သစ္စာဖောက်အကြွင်းအကျန်…… မဟုတ်ဘူး၊ ကျွန်မက ရှန်းဟုန်အနွယ်အဆက်ရဲ့ လူဝင်စား ဖြစ်နေတာပေါ့။ ကျွန်မရယ်၊ ရှောင်ပန်းရယ်၊ ရှောင်ထျန်းရယ်က အရင်တုန်းက မိဘတစ်ဦးတည်းက မွေးတဲ့ မောင်နှမအရင်းတွေပေါ့ ဟုတ်လား”
ဖန့်ကျစ်ရွှယ်က တွေးတောရင်း မေးလိုက်သည်။
ဖန့်ချန်နှင့် နတ်မိမယ်ယွီတို့က တပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။
ဖန့်ရှောင်ထျန်းကမူ စူးစမ်းလိုစိတ်များဖြင့်
“အစ်ကိုကြီး…… ဒါဆိုရင် အဲဒီတုန်းက ကိစ္စက တကယ်တော့ ဘယ်လိုဖြစ်ခဲ့တာလဲဟင်”
“ဟုတ်ပ အစ်ကိုကြီး…… အဲဒီတုန်းက ကိစ္စက ဘယ်လိုဖြစ်ခဲ့တာလဲ”
ဖန့်ကျစ်ရွှယ်နှင့် ဖန့်ရှောင်ပန်းတို့ကလည်း တပြိုင်နက်တည်း မေးလိုက်ကြသည်။
“နေပါဦး…… မင်းတို့က သူညာနေတာကို မကြောက်ဘူးလား”
ရင်တန့်က ဝေခွဲမရသော အမူအရာဖြင့် မေးလိုက်သည်။
“အစ်ကိုကြီးက ကျွန်မတို့ကို ညာရမယ့် အကြောင်းပြချက်က ဘာရှိလို့လဲ”
ဖန့်ကျစ်ရွှယ်က မျက်မှောင်ကုတ်ကာ ပြန်မေးလိုက်သည်။
“တကယ်ပဲ ညာရမယ့် အကြောင်းပြချက် မရှိသလိုပါပဲ……”
ရင်တန့်က တီးတိုးရေရွတ်လိုက်သည်။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ သာယာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကဲ…… ငါ အဖြစ်အပျက်ကို တစ်ခေါက် ပြန်ပြောပြမယ်၊ မင်းတို့ သေချာနားထောင်ကြ”
ထို့နောက်တွင် သူသည် ရှန်းဟုန်မျိုးနွယ်က သေခြင်းတရားမှ တဆင့် မည်သို့ ပြန်လည်ရှင်သန်ခြင်း လမ်းစကို ရှာဖွေခဲ့ရကြောင်း ဖြစ်စဥ်တစ်ခုလုံးကို အသေးစိတ် ပြောပြလိုက်သည်။
ဆွေ့ထျန်းဟွမ်က လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။
“ဟုတ်ပြီ…… အဲဒီကိစ္စပဲ၊ အရင်တုန်းက အိမ်ကလူတွေ ပြောတာ ကြားဖူးသလိုရှိတယ်၊ ဒါပေမဲ့ စိတ်မဝင်စားလို့ အသေးစိတ် မမေးဖြစ်ခဲ့ဘူး”
“အံ့ဩစရာပဲ…… တကယ့်ကို အံ့ဩစရာကောင်းလှတယ်၊ သေခြင်းတရားကနေ ပြန်လည်ရှင်သန်ခြင်းကို ရှာဖွေနိုင်ခဲ့တယ်ဆိုတော့ မင်းတို့ ရှန်းဟုန်မျိုးနွယ်က ဝိညာဥ်မျိုးနွယ်စုထဲမှာလည်း လမ်းကြောင်းရှိနေတာပဲ”
ဖန်ရွှေ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
“ဟော်ဆွေ့ကောင်းကင်အရှင်က မင်းတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ အခုတော့ မင်းတို့က ချင်းမင်နယ်မြေထဲကို လူဝင်စားအဖြစ် ပြန်ရောက်လာကြပြီ ဟားဟား”
“ဖန့်ချန် မိတ်ဆွေ…… ဒီအထဲမှာ အဓိကသော့ချက် တစ်ခုရှိတယ်၊ နင်ကတော့ လူမဝင်စားခဲ့ဘူး ထင်တယ်”
ဖူယာယာက ရုတ်တရက် မေးလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် စကားနည်းလှသော ဖူယာယာပင်လျှင် ယခုအခါ စိတ်ဝင်တစားဖြင့် မေးမြန်းလာသည်ကို တွေ့လိုက်ရသဖြင့် ဤအဖြစ်အပျက်အပေါ် စိတ်ဝင်စားသွားကြမှန်း သိလိုက်ရသည်။
“ငါ လူမဝင်စားခဲ့ဘူး”
ဖန့်ချန်က ပြောလိုက်သည်။
“ဒါဆို မင်း ရွှေဟွေးကျောင်းတော်ကို ဘယ်လိုရောက်လာတာလဲ”
ဆွေ့ထျန်းဟွမ်က မသိစိတ်အရ မေးမိလိုက်သည်။
“ဝတ်စုံဖြူဝတ်ဆင်ထားတဲ့ စီနီယာတစ်ယောက်က ငါ့ကို ပို့ပေးခဲ့တာ၊ သူက အထွတ်အထိပ်တာအိုအဆင့် သူတော်စင်တစ်ပါး ဖြစ်လိမ့်မယ်လို့ ငါထင်တယ်၊ ငါတို့ ရှန်းဟုန်မျိုးနွယ်ရဲ့ လူကြီးမိဘတွေနဲ့ သိကျွမ်းတဲ့ မိတ်ဟောင်းဆွေဟောင်း ဖြစ်နိုင်ပါတယ်”
ဖန့်ချန်က ပြောလိုက်သည်။
“အော်…… အဲဒီလိုလား၊ အထွတ်အထိပ်တာအိုအဆင့် သူတော်စင်ဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ”
ဆွေ့ထျန်းဟွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ မင်းမှာ အထွတ်ထိပ်အရိုး မရှိတော့ဘူးမလား။ မင်းရဲ့ အတွင်းကမ္ဘာကို ဘယ်လိုလုပ်ပြီး တည်ဆောက်နိုင်ခဲ့တာလဲ”
ဖန်ရွှေက စူးစမ်းလိုစိတ်များဖြင့် မေးလိုက်သည်။
ယခုအခါ ဖန့်ကျစ်ရွှယ်တို့ သုံးဦးအပါအဝင် အားလုံးက အလွန်ပင် စိတ်ဝင်စားနေကြပြီ ဖြစ်သည်။
“ဒါကတော့ ပြောဖို့ အဆင်မပြေဘူး”
ဖန့်ချန်က လက်ခါပြလိုက်ပြီး ဆက်ပြောသည်။
“ငါ မင်းတို့ကို တစ်ခုလောက် မေးချင်တယ်၊ အကယ်၍ နောင်တစ်ချိန်မှာ ငါ အပြင်လောကမှာ ဟော်ဆွေ့မျိုးနွယ် နဲ့ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်ရတဲ့အခါ……
မင်းတို့အားလုံးက ဘယ်လို သဘောထားမျိုး ရှိကြမလဲ။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး ရှန်းဟုန်မျိုးနွယ်ကို ကူညီထောက်ပံ့ပေးဖို့ ဆန္ဒရှိကြမလား။ ရပါတယ်…… ရင်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အပြင်ရောက်ရင် အားလုံးက မေ့သွားကြမှာပဲကို”
ခင်မင်ရင်းနှီးမှုလား။ ဘယ်လို ခင်မင်ရင်းနှီးမှုမျိုးလဲ။
ကောင်းကင်အရှင်သခင် ဆက်ခံသူ အများအပြားက စိတ်ထဲတွင် တီးတိုးရေရွတ်မိကြသည်။
ဖန်ရွှေက ခတ္တမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“ငါတို့က တခြားမျိုးနွယ်စုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒါက မင်းဖြစ်နေမယ်ဆိုရင်တော့ ငါ မင်းကို ကူညီထောက်ပံ့ပေးမှာပါ၊ ဒါပေမဲ့ ငါတို့ကလည်း အာဏာပါဝါ မရှိသေးတော့ စကားက သိပ်မလေးနက်လှဘူးပေါ့”
“မင်း ကောင်းကင်အရှင်အဆင့်ကို တက်လှမ်းနိုင်တဲ့နေ့ကျမှ အဲဒီကိစ္စကို ပွင့်ပွင့်လင်းလင်း လုပ်လိမ့်မယ်လို့ ငါထင်တယ်၊ အဲဒီအချိန်ကျရင် ငါတို့ ကူညီတာ မကူညီတာကလည်း သိပ်ပြီး အရေးမကြီးတော့ပါဘူး။ ဟော်ဆွေ့ကောင်းကင်အရှင်က မင်းကို ဘယ်လိုမှ နိုင်မှာမဟုတ်တော့ဘူး၊ မင်းက သူ့ကို အပြတ်အသတ် သတ်ပစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ ပြောနိုင်တာကတော့ ငါ မင်းကို ထောက်ခံကူညီမှာပါ”
ဆွေ့ထျန်းဟွမ်က သူ၏ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ကောင်းကင်အရှင်သခင် ဆက်ခံသူ အတော်များများကလည်း ထိုအချိန်တွင် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုလာကြပြီး သူတို့ အာဏာရလာသည့်အခါ ရှန်းဟုန်မျိုးနွယ်ကို သေချာပေါက် ကူညီထောက်ပံ့ပေးမည်ဟု ဆိုကြသည်။
ရှန်းရှိုယွမ် တစ်ယောက်တည်းသာ သက်ပြင်းအသာချလျက် မေးခွန်းထုတ်လာခဲ့သည်။
“မင်း အခု ဒါတွေကို ဘာလို့ မေးနေတာလဲ။ အပြင်ရောက်သွားရင် မင်းကော ဒီကိစ္စတွေကို မှတ်မိနေဦးမှာမို့လို့လား”
“ဟမ်……”
အကြည့်ပေါင်းများစွာက ဖန့်ချန်၏ ခန္ဓာကိုယ်ထက်သို့ တပြိုင်နက်တည်း ကျရောက်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် သံသယစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
အခန်း (၂၅၄၂) - ညီအစ်ကိုတို့ ဘယ်လိုဖြစ်ကြတာလဲ
ရှန်းရှိုယွမ်၏ သတိပေးချက်ကြောင့် ကောင်းကင်အရှင်သခင် ဆက်ခံသူ အားလုံးက တစ်ခုခု မမှန်ကန်ကြောင်း ခံစားလိုက်ကြရသည်။
ယခုတင် ဖန့်ချန် မေးမြန်းလိုက်သော စကားများမှာ ထင်ရှားစွာပင် ရည်ရွယ်ချက် အလွန်ကြီးမားလွန်းနေသည်။ သို့သော်လည်း အကယ်၍ အပြင်သို့ ရောက်ရှိသွားချိန်တွင် ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို အကုန်မေ့လျော့သွားကြမည် ဆိုပါက ဤကဲ့သို့ မေးမြန်းနေခြင်းက ဘာအဓိပ္ပာယ် ရှိပါတော့မည်နည်း။
“ငါက သာမန်ကာလျှံကာပဲ မေးကြည့်တာပါ၊ မင်းတို့ထဲက တချို့က သဘောထား မထုတ်ဖော်ချင်လည်း ကိစ္စမရှိပါဘူး၊ ဘာမှမဖြစ်ပါဘူး”
ဖန့်ချန်က သာယာစွာ ပြုံး၍ ပြောလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် ဖန့်ချန်က ထိုမေးခွန်းကို ရှောင်လွှဲသွားသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာအမူအရာများမှာ အနည်းငယ် ထူးဆန်းသွားကြသည်။
ရင်တန့်က ချက်ချင်းပင်
“အင်း…… အကယ်၍ မင်းသာ လူသားမျိုးနွယ်ရဲ့ ဟော်ဆွေ့မျိုးနွယ်နဲ့ ရန်သူဖြစ်မယ်ဆိုရင် သီအိုရီအရ ငါလည်း မင်းဘက်က သေချာပေါက် ရပ်တည်မှာပါ၊ မင်း စိတ်ချရပါတယ်”
ဟု ဆိုလာသည်။
ရှန်းရှိုယွမ်နှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သဘောထားများကို ဆက်တိုက် ထုတ်ဖော်ပြောဆိုလာကြသည်။ တန်ခယ်ရွှမ် နှင့် လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့မှ အခြားသော ကောင်းကင်အရှင်သခင် ဆက်ခံသူ အနည်းငယ်ပင်လျှင် ဖန့်ချန်၏ ဘက်မှ ရပ်တည်မည်ဟု ဆိုကြသည်။
‘သူတို့က ငါ့ကို ဒီမှတ်ဉာဏ်တွေကို သယ်ဆောင်ပြီး အပြင်လောကကို ထွက်သွားနိုင်လိမ့်မယ်လို့ တွေးထင်သွားကြပြီ ထင်တယ်’
ဖန့်ချန်က စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိသည်။
“ဒါနဲ့…… အခုနက မျိုးဆက်ဆက်ခံသူ ရှင်တို့ကို ပြောခဲ့တဲ့ စင်ကြယ်သော ဗောဓိသီး ကိစ္စကိုကော မင်းတို့ ဘာပြောချင်လဲ။ အကယ်၍ စင်မြင့်တိုက်ပွဲမှာ အနိုင်ရခဲ့ရင် သူတို့ပြောတဲ့ အခြေခံတည်ဆောက်ခြင်းအသီး ဆယ်လုံးကို ဆုလာဘ်အနေနဲ့ ရမှာလေ။ ရှင်တို့လည်း သုံးလို့ရမှာမဟုတ်ဘူးဆိုတော့ မျိုးဆက်ဆက်ခံသူကို ခေတ္တငှားပေးလိုက်ပါလား။ မျိုးဆက်ဆက်ခံသူက အိမ်ထောင်စုကြီးပြီး စောင့်ရှောက်ရမယ့်သူတွေ အများကြီးရှိတာ၊ စင်ကြယ်သော ဗောဓိသီးက လုံးဝကို မလောက်ငှဘူးဖြစ်နေတာ”
နတ်မိမယ်ယွီက တွေးတောရင်း ပြောလိုက်သည်။
ထိုစကား ထွက်လာသည်နှင့်အမျှ ဆွေ့ထျန်းဟွမ်နှင့် အခြားသူများမှာ တစ်ဖန် ပြန်လည်၍ တိတ်ဆိတ်သွားကြရပြန်သည်။
“အကယ်၍ ဖန့်ချန်ကို မငှားဘူးဆိုရင် ဖန့်ချန်က အပြင်ရောက်တဲ့အခါ ငါတို့ကို ရင်ထဲမှာ အငြိုးအတေး ထားနေမလားမသိဘူး”
နတ်ဆေးစာမျိုးနွယ်စုမှ လဲ့လဲ့က မျက်နှာထက်တွင် ဝေခွဲမရသော အမူအရာဖြင့် တီးတိုးပြောလိုက်သည်။
ဖူယာယာက တည်ငြိမ်စွာဖြင့်
“ဖန့်ချန် မိတ်ဆွေက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ ငါတို့နဲ့ သူနဲ့က မူလကတည်းက ဘာရန်ငြိုးမှ မရှိကြဘူးဆိုတော့ အငြိုးအတေး ထားတယ်ဆိုတာ မရှိနိုင်ပါဘူး” ဟု ဆိုသည်။
ထိုစကားကြောင့် စီီကုပေ့ အသေအလဲ အရိုက်ခံလိုက်ရသော မြင်ကွင်းက သူတို့၏ ဦးနှောက်ထဲတွင် ရုတ်တရက် ဖြတ်ခနဲ ထွက်ပေါ်လာခဲ့သည်။
ရှန်းရှိုယွမ်က တွေးတောပြီးနောက်
“စင်ကြယ်သော ဗောဓိသီးက လက်ရှိအချိန်မှာ ငါတို့အတွက် တကယ်ပဲ သိပ်ပြီး အသုံးမဝင်တော့ပါဘူး။ ငါတို့ရဲ့ မိသားစုတွေထဲမှာလည်း စင်ကြယ်သော ဗောဓိသီးကို စောင့်မျှော်နေတဲ့ မျိုးဆက်သစ်လူငယ်တွေ အများကြီး ရှိနေသေးပေမဲ့၊ ဒါတင်မကဘဲ ဒီအရာက ငါတို့အတွက် အသုံးဝင်တဲ့ အတွင်းကမ္ဘာ ရတနာအချို့နဲ့တောင် လဲလှယ်လို့ ရနိုင်သေးတယ်။ ဒါပေမဲ့ ငါသာ ဒီစင်မြင့်တိုက်ပွဲမှာ နိုင်လို့ ဆုလာဘ်ရခဲ့ရင် ဖန့်ချန် မိတ်ဆွေကို ငှားပေးပါ့မယ်၊ အိမ်ထောင်စုကြီးတာက တကယ့်ကို မလွယ်ကူတဲ့ ကိစ္စပဲလေ”
ဟု ဆိုလာသည်။
ဖူယွမ်ဖေးကလည်း အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဘေးမှ ထောက်ခံပြောဆိုသည်။
“အခုနက ဖန့်ချန် မိတ်ဆွေ ပြောပြချက်အရဆိုရင် လူဝင်စားလာကြတဲ့ ရှန်းဟုန်မျိုးနွယ်ဝင် အများအပြားကို စောင့်ရှောက်ဖို့ လိုအပ်နေတာဆိုတော့ တကယ်ပဲ စင်ကြယ်သာ ဗောဓိသီး အများကြီး လိုအပ်မှာပါ။ အရင်နှစ်တွေတုန်းက ဖန့်ချန် မိတ်ဆွေက နေမင်းခုနှစ်ပါး ခန်းမမှာ အဲဒီလောက်အထိ ကြိုးစားအားထုတ်ခဲ့တာကို ကြည့်ရင် စင်ကြယ်သော ဗောဓိသီး အတော်များများကို ရှန်းဟုန်မျိုးနွယ်ဝင်တွေဆီ ပေးလိုက်ရလို့ ဖြစ်ပါလိမ့်မယ်”
ဖန့်ကျစ်ရွှယ်၏ စိတ်အာရုံက လှုပ်ရှားသွားခဲ့ရပြီး အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်မိလိုက်သည်။
“ဝမ်ချုံစန်း တို့ လူစုက……”
“အင်း…… ဝမ်အိုကြီးတို့ အားလုံးကလည်း ရှန်းဟုန်မျိုးနွယ်တွေပဲ၊ သူတို့ လူဝင်စားလာပြီးတဲ့နောက်မှာ ငါ အခွင့်အရေးရှာပြီး ကရုဏာတောင်တန်းဆီ အကုန်ခေါ်လာခဲ့တာ၊ နောင်ကျရင် အခွင့်အရေးရတဲ့အခါ ဟော်ဆွေ့မျိုးနွယ်ကို အကွက်ကြီးကြီးတစ်ခု ပြန်ချပြရမယ်”
ဖန့်ချန်က ပြောလိုက်သည်။
ဖန့်ကျစ်ရွှယ်၏ မျက်လုံးများထဲတွင် ချက်ချင်းပင် လေးနက်သော ခံစားချက် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး စိတ်ထဲတွင် ဟော်ဆွေ့မျိုးနွယ်စုသည် သူတို့၏ အသိုက်အမြုံကြီးကို တစ်ပါးသူက လာရောက်မွှေနှောက်နေသည်ကိုပင် အနည်းငယ်မျှပင် ရိပ်မိခြင်း မရှိကြသေးပါလားဟု တီးတိုးတွေးတောမိကြသည်။
ထို့နောက်တွင် အဓိက ကောင်းကင်အရှင်သခင် ဆက်ခံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သဘောထားများကို ဆက်တိုက် ထုတ်ဖော်ပြောဆိုလာကြပြီး စင်မြင့်တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ဖန့်ချန်ကို စင်ကြယ်သောဗောဓိသီး ငှားရမ်းပေးရန် သဘောတူလိုက်ကြသည်။ လင်ယောင်မှ ထိုသူများပင်လျှင် စကားတင်းမာစွာ ငြင်းဆန်ခြင်း မပြုကြချေ။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ သဘာဝကျစွာပင် တစ်ဦးချင်းစီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
စင်မြင့်ထက်တွင် ဂိုဏ်းသားများက တစ်ယောက်ပြီးတစ်ယောက် မိမိအလိုအလျောက် သော်လည်းကောင်း၊ အတင်းအဓမ္မ စေလွှတ်ခြင်း ခံရ၍သော်လည်းကောင်း စင်ပေါ်သို့ တက်ရောက်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့ထဲတွင် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိသူမှာ အလွန်ပင် ရှားပါးလှသည်။
ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ၏ အရေအတွက်မှာလည်း အဆက်မပြတ် လျော့နည်းလာခဲ့သည်။ သူတို့ ကနဦး စတင်ရောက်ရှိလာစဥ်ကထက်စာလျှင် သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံခန့်အထိ သိသိသာသာ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ငါးပါးမှ ကောင်းကင်အရှင်သခင် ဆက်ခံသူများထဲတွင်လည်း ကံဆိုးသူအချို့ ထွက်ပေါ်လာခဲ့ပြီး စင်မြင့်ထက်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်း ခံလိုက်ရကာ တစ်ပွဲမျှပင် အနိုင်မရရှိဘဲ ပြိုင်ပွဲမှ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ ဤအခြေအနေက ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ စိတ်နှလုံးကို အလွန်ပင် လေးလံဆိုးရွားသွားစေခဲ့သည်။
ဖန့်ချန်၏ စွမ်းဆောင်ရည်၊ နတ်မိမယ်ယွီ၏ စွမ်းဆောင်ရည်နှင့် ထိုဂိုဏ်းသားများ၏ ဆန်းပြားလှသော နည်းဗျူဟာ စွမ်းရည်များကို ပြန်လည်တွေးတောကြည့်လိုက်မိသည့်အခါ သူတို့၏ စိတ်ထဲတွင် ဖော်ပြရန် ခက်ခဲလှသော စိတ်ပျက်အားလျော့မှု ဝေဒနာတစ်ရပ်က တဖြည်းဖြည်း မွေးဖွားကြီးထွားလာခဲ့သည်။
ကောင်းကင်အရှင်သခင် ဆက်ခံသူများ ဖြစ်သည့်အားလျော်စွာ သူတို့ လျှောက်လှမ်းခဲ့သော ခရီးလမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ချီးမွမ်းထောက်ခံမှုများနှင့် လေးစားအားကျသော အကြည့်များကိုသာ ရရှိခဲ့ဖူးကြသည်။ ရံဖန်ရံခါတွင် မိမိတို့ထက် သန်မာလွန်း၍ မနိုင်နိုင်သော ရန်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ထိုသူမှာ အမှန်တကယ်ပင် အဆင့်အတန်း ကွာခြားလွန်းလှသဖြင့်သာ ဖြစ်သည်။ ကောင်းကင်ငါးပါးတစ်ခုလုံးတွင်ပင် ထိုကဲ့သို့သော ထိပ်တန်း ကောင်းကင်အရှင်သခင် ဆက်ခံသူ အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လုနီးပါး နည်းပါးလှသည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ မိမိတို့ကိုယ်မိမိ ဤမျှသာ တတ်နိုင်ပါတော့သည်ဟူသော ဆိုးရွားလှသည့် စိတ်ပျက်အားလျော့မှု ဝေဒနာကို အပြည့်အဝ ခံစားနေကြရပြီ ဖြစ်သည်။
“ဖန်ရွှေ…… မင်း နောက်ထပ်တစ်ခေါက် သွားပြီး စုံစမ်းကြည့်ပါဦး၊ သူတို့က တကယ်တော့ ဘယ်နေရာကလဲဆိုတာကို။ ဒါပေမဲ့ သတိထားဦး၊ ငါတို့ရဲ့ နောက်ခံအကြောင်းအရာတွေကို အများကြီး ပေါက်ကြားလို့မဖြစ်ဘူး။ ဒီကောင်တွေက အပြင်ရောက်သွားရင် ဒီနေရာက ကိစ္စတွေကို မေ့ချင်မှ မေ့ကြမှာ၊ ငါတို့နဲ့ သူတို့က လမ်းကြောင်းတစ်ခုတည်းက မဟုတ်ဘူးဆိုတာကို သူတို့ မသိစေနဲ့”
ရှန်းရှိုယွမ်က အသံလွှင့်၍ ပြောလိုက်သည်။
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများ၏ အကြည့်များကလည်း ဖန်ရွှေ၏ ခန္ဓာကိုယ်ထက်သို့ တပြိုင်နက်တည်း ကျရောက်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် တိုက်တွန်းအားပေးသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ဖန်ရွှေ၏ မျက်နှာက ပျက်ယွင်းသွားပြီး အေးစက်စက် လှောင်ပြောင်လိုက်သည်။
“မင်း သွားခိုင်းတိုင်း ငါက သွားရမှာလား။ ငါက မင်းတို့ထက် သက်တမ်း အများကြီး ပိုရင့်ကျက်တယ်ဆိုတာ မမေ့နဲ့ဦး၊ တကယ်လို့ တိုက်ခိုက်ကြမယ်ဆိုရင် မင်းနဲ့ငါကြားမှာ ဘယ်သူက ရှုံးပြီး ဘယ်သူက နိုင်မလဲဆိုတာ မသေချာသေးဘူး။ ဒါတင်မကဘူး၊ အပြင်ရောက်ရင်လည်း မေ့သွားကြမှာပဲကို၊ သွားပြီး မမေးတာကမှ ပိုကောင်းဦးမယ်၊ ကိုယ့်ကိုယ်ကိုယ် အခြေအနေ ပေါက်ကြားသွားတာမျိုး မဖြစ်အောင်လို့ပေါ့”
“သွားပါ…… သွားပြီး စုံစမ်းကြည့်လိုက်တာက ငါတို့အားလုံးအတွက် ကောင်းကျိုးရှိစေနိုင်ပါတယ်၊ ဒီလိုမျိုး မသိရသေးတဲ့ ရန်သူတွေရဲ့ နောက်ခံသမိုင်းကြောင်းကို တကယ်လို့ ရှင်းရှင်းလင်းလင်း မသိရဘူးဆိုရင် ကောင်းကင်ငါးပါးအတွက် အန္တရာယ် ကြီးမားနိုင်တယ်”
ဖန့်ချန်က ဝင်ရောက်ပြောဆိုလိုက်သည်။
“ဒါဆိုရင်တော့ ငါ သွားမေးကြည့်လိုက်ပါ့မယ်”
ဖန်ရွှေသည် ချက်ချင်းပင် ဂိုဏ်းသားတစ်ဦးရှိရာ အရပ်ဘက်သို့ အမူအရာ ပြောင်းလဲကာ လှမ်းလျှောက်သွားတော့သည်။
ရှန်းရှိုယွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာမူ အလွန်ပင် ရှုပ်ထွေးသွားကြရသည်။ ဂုဏ်သရေရှိလှသော လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု၏ ကောင်းကင်အရှင်သခင် ဆက်ခံသူတစ်ဦး ဖြစ်ပါလျက်၊ သွေးရွာခန်းမ၏ စစ်ပွဲပြီးကတည်းက ဖန့်ချန်၏ ရှေ့မှောက်တွင် သူ၏ မာန်မာနများ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။
သူတို့သည် ယခုအခါတွင်မူ ထိုစဥ်က ကြောက်မက်ဖွယ်ကောင်းသော ‘ဝူရှီ’ ဆိုသည့် တည်ရှိမှုမှာ သူတို့၏ ရှေ့မှောက်တွင်ရှိသော ဖန့်ချန်ပင် ဖြစ်ကြောင်း အပြည့်အဝ အတည်ပြုနိုင်ခဲ့ကြပြီ ဖြစ်သည်။ ဖန်ရွှေ၏ တွေးထင်ခန့်မှန်းချက်မှာ အမြဲတမ်း မှန်ကန်ခဲ့သဖြင့် ထိုအချိန်ကတည်းကပင် သူသည် ဖန့်ချန်နှင့် ရင်ဆိုင်ရသည့် အခါတိုင်း၌ သူ၏ သဘောထားကို အလွန်ပင် ရိုသေကိုင်းညွတ်စွာ ထားရှိခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဖန်ရွှေသည် ထိုဂိုဏ်းသားတစ်ဦးနှင့် စတင်၍ စကားစမြည် ပြောဆိုနေခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူသည် ဖန့်ချန်နှင့် နတ်မိမယ်ယွီတို့၏ မျက်နှာကို ထောက်ထားသဖြင့် ဖန်ရွှေအပေါ် ထားရှိသော သဘောထားမှာ အတော်အတန် နွေးထွေးပျူငှာမှု ရှိလှသည်။
“အစ်ကိုကြီး…… မင်းတို့က ဘယ်ဂိုဏ်းကလဲဟင်။ ကြည့်ရတာ တစ်ချက်တည်းနဲ့တင် နယ်မြေကြီးတစ်ခုရဲ့ ထိပ်တန်းဂိုဏ်းသားတွေဆိုတာ သိသာပါတယ်၊ ငါ့ကိုတော့ နယ်မြေစောင့်ရှောက်တဲ့ ထိပ်တန်းဂိုဏ်းသားတွေပါလို့ မပြောနဲ့ဦးနော်”
ဖန်ရွှေက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
သူ၏ မေးခွန်းကြောင့် ထိုဂိုဏ်းသားမှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိပြီး ဘေးနားရှိ အခြားသော ဂိုဏ်းတူညီအစ်ကို အနည်းငယ်ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း ဤကောင်လေးက စကားအပြောအဆို အလွန်ပင် ချိုသာလှသည်ဟု တွေးတောမိကြသည်။
“အဲဒီလောက်အထိတော့ နယ်မြေစောင့်ရှောက်တဲ့ ဂိုဏ်းသားတွေ မဟုတ်ကြပါဘူးဗျာ၊ ငါတို့က နယ်မြေငယ်လေးတစ်ခုရဲ့ ‘ယွီဟိန်ဂိုဏ်း’ က ဂိုဏ်းသားတွေပါ”
“ယွီဟိန်ဂိုဏ်း ဟုတ်လား။ အရင်တုန်းက ငါ့ရဲ့ ယဲ့ထျန်းကူ အစ်ကိုကြီး ပြောတာ ကြားဖူးသလိုပဲ၊ ဒီယွီဟိန်ဂိုဏ်းက တကယ့်ကို အစွမ်းထက်ပြီး နယ်မြေကြီးတစ်ခုရဲ့ အရှိန်အဝါမျိုး ရှိတယ်တဲ့ဗျာ”
ဖန်ရွှေက တစ်ကိုယ်လုံး လှုပ်ရှားသွားဟန်ဖြင့် အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။
“ဟုတ်လို့လားဗျာ……”
ယွီဟိန်ဂိုဏ်းသား အနည်းငယ်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း မသိစိတ်အရ ဖန့်ချန်တို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ဖန့်ချန်သည် ထိုအခြေအနေကို မြင်သောအခါ သာယာစွာ ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အကြည့်များထဲတွင် ကြင်နာသနားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
“လင်ယောင်ဂိုဏ်းက ညီအစ်ကိုတွေက ငါတို့ ယွီဟိန်ဂိုဏ်းကို ဒီလောက်အထိ အထင်ကြီးလေးစားနေကြလိမ့်မယ်လို့ မထင်ထားမိဘူး၊ အရင်တုန်းက ငါတို့ဘက်က ယဉ်ကျေးမှု မရှိသလို ဖြစ်သွားခဲ့ရတယ်၊ အခုနကတင် မင်းတို့ဂိုဏ်းကိုလည်း အနည်းငယ် စော်ကားမော်ကား ဆဲဆိုမိခဲ့သေးတယ်၊ မင်းတို့ဂိုဏ်းအနေနဲ့ စိတ်ထဲမှာ အပြစ်မယူဖို့ မျှော်လင့်ပါတယ်ဗျာ”
ယွီဟိန်ဂိုဏ်းသား အနည်းငယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း လေးနက်တည်ကြည်စွာဖြင့် အရိုအသေ ပြုလိုက်ကြသည်။
ဖန်ရွှေသည် ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန်ပင် လက်ခါပြလိုက်သည်။
“အားနာစရာကြီးဗျာ…… အားနာစရာကြီးပဲ”
ထို့နောက်တွင် သူသည် အခွင့်အရေးကို အသုံးချကာ တစ်ဖက်လူနှင့် ခတ္တမျှ ထပ်မံ၍ အာလာပသလာပ စကားများ ပြောဆိုပြီးနောက် သာမန်ကာလျှံကာ ပုံစံမျိုးဖြင့် မေးမြန်းလိုက်သည်။
“ညီအစ်ကိုတို့…… မင်းတို့ ‘ပထျန်းဂိုဏ်း’ က ဘယ်နေရာမှာ ရှိလဲဆိုတာကို သိကြလားဟင်”
“ပထျန်းဂိုဏ်း ဟုတ်လား……”
“နေဦး……”
မူလက ထိုယွီဟိန်ဂိုဏ်းသားသည် ဖန်ရွှေ၏ မေးခွန်းကို ပြန်လည်ဖြေကြားရန် ပြင်ဆင်လိုက်သော်လည်း ဘေးနားရှိ အခြားသော ယွီဟိန်ဂိုဏ်းသားတစ်ဦးက သူ့ကို ချက်ချင်းပင် တားဆီးလိုက်သည်။
သူသည် ဖန်ရွှေကို ပြုံးရွှင်စွာဖြင့် စိုက်ကြည့်ကာ လက်အုပ်ချီ၍ မေးမြန်းလိုက်သည်။
“မင်းတို့ လင်ယောင်ဂိုဏ်းက တကယ်တော့ ‘ထျန်းယွမ်ဒေသ’ ရဲ့ အပြင်ဘက်မှာ ရှိနေတာ မဟုတ်လား”
ဖန်ရွှေသည် ခတ္တမျှ မှင်တက်သွားရပြီး စိတ်အာရုံထဲတွင် အတွေးများစွာ ကူးလူးဖြတ်သန်းသွားခဲ့ကာ နောက်ဆုံးတွင်မူ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ပါတယ်…… မိတ်ဆွေက ဘယ်လိုလုပ်ပြီး သိနေတာလဲဟင်”
ခဏချင်းမှာပင် ထိုနေရာတစ်ခုလုံး၏ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယွီဟိန်ဂိုဏ်းသားများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် အေးစက်ခက်ထန်သွားကြရသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်မှ သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသော အခြားသော ဂိုဏ်းသားများ၏ မျက်နှာများမှာလည်း အလွန်ပင် မည်းမှောင်သွားကြရသည်။ ဖန်ရွှေ၊ ဖန့်ချန်နှင့် အခြားသူများကို ကြည့်သည့် အကြည့်များထဲတွင် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။
“ကိစ္စတစ်ခုခု ဖြစ်ပျက်သွားပြီ”
ဖန့်ချန်က အသံလွှင့်၍ သတိပေးလိုက်သည်။
“အခြေအနေကို ငြိမ်ပြီး စောင့်ကြည့်ကြ”
ဆွေ့ထျန်းဟွမ်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြရင်း မျက်နှာအမူအရာများမှာ အလွန်ပင် လေးနက်တည်ကြည်သွားကြရသည်။
ဖန်ရွှေသည် တစ်ခုခု မမှန်ကန်ကြောင်း ရိပ်မိလိုက်သဖြင့် အတင်းအဓမ္မ ပြုံးလိုက်ရင်း မေးလိုက်သည်။
“ညီအစ်ကိုတို့ ဘယ်လိုဖြစ်ကြတာလဲဗျာ။ ငါ စကားတစ်ခွန်းခု မှားပြောမိလို့လားဟင်”